Tuesday, July 31, 2007

ညီတစ်ယောက် ကောက်ရခြင်း

သူမှာ စူးရဲတောက်ပ ပြီးအရာရာကို စူးစမ်းလိုတဲ့ မျက်လုံးတစ်စုံရှိတယ်။

သူ့မှာ ရှည်လျားနက်မှောင်တဲ့ အမြီးရယ်။ အဖြူ၊အနက် ကွက်တဲ့အရောင်လည်းရှိတယ်။

သူက မြေပြင်ပေါ်မှာ လေးဘက်ထောက်သွားရတာကို ကြိုက်တယ်။

သူ့အသံ ကသေးသေးလေး (ငယ်ငယ်တုန်းက အအေးမိလွန်လို့နဲ့တူရဲ့)

သူက သူ့သဘာဝနဲ့ဆန်ကျင် ရေတွေနဲ့ဆော့ကစားရတာကိုလည်း ပျော်မြူးတယ်။

သူက စားချိန်တန်ရင်စားတယ် (တစ်ခါတစ်လေ အမေကအလိုလိုက်ပြီးတောင် ထမင်းချိုင့်ကို ကုတင်ပေါ်အထိ ပို့ပေးရတယ်)

သူ ကစားချိန်တန်ရင် တစ်အိမ်လုံးကို ဗြောင်းဆန်လို့။

သူရောက်ကာစက ကျွန်တော်နဲ့အတူတူအိပ်တယ်။

နောက်ကျတော့ ခဏအိပ်ဖို့တောင် မနည်းခေါ်ယူရတယ်။

သူမှာ ချစ်ရမယ့်သူလည်း ရှိရင်ရှိမှာပါ။

သူအကိုက်ခံရရင်၊ အနိုင်ကျင့်ခံရရင်လည်း လျှောက်လည်ရာကနေ အိမ်ကိုပြန်ပြေးလာတတ်တယ်။

သူငယ်ငယ်က အလည်လွန်ပြီး ခဏခဏ ပျောက်တတ်တယ်။

အဲလိုအချိန်ဆို ကျွန်တော်တို့မိသားစုတင်မကဘူး အိမ်နီးချင်းတွေပါ အငြိမ်မနေရ။ အားလုံးသူ့ကိုလိုက်ရှာကြတယ်။

ဒါပေမယ့် ဘဝတူတွေနဲ့ယှဉ်ရင် သူကံကောင်းပါတယ်။

ကျွန်တော့်မိသားစုနဲ့စတွေ့နဲ့ နေ့ကစပြီး သူအရင်က အရမ်းငတ်တဲ့ မေတ္တာဓာတ်တွေ လွှမ်းခြုံခံလိုက်ရလို့ပေါ့။

ဒါပေမယ့် သူ့အမေကရော သူ့ကိုလွမ်းနေမလား မသိ။

သူ့အစ်ကိုတွေ အစ်မတွေကရော?

ကျွန်တော်နဲ့စတွေ့တုန်းကတော့ သူတစ်ယောက်တည်းလေ။

မချုပ်ချယ်ထားသလို သူ့အတွက်ဆို တံခါးလည်းအမြဲဖွင့်ထားတာပေါ့။

သေချာပါတယ် သူကျွန်တော်တို့အိမ်မှာ ပျော်သလောက်နေမှာပါ။

သင်ပုန်းချေစို့

Intro: (C, D, E)2 C, D, G

V1: ပေးဆပ်မှုတဲ့လား

ဒါရယူပိုင်ဆိုင်ခြင်းလား

အရာရာ ပြီးဆုံးပြီမို့

ဒါတွေ သင်ပုန်းချေစို့

V2: စွန့်လွှတ်ခဲ့ရခြင်းများ

ပြန်ရခဲ့တဲ့ အမုန်းတရား

အရာရာ ပြီးဆုံးပြီမို့

ဒါတွေ သင်ပုန်းချေစို့

CHO: အရာအားလုံးရဲ့နောက်ဆုံး

ဘယ်သူက အနိုင်အရှုံး

ဒါတွေ သင်ပုန်းချေစို့

V3: ဘဝတစ်သက်စာအတွက်

ရည်ရွယ်သူဟာ အမှားပဲ

အရာရာအားလုံး ပျောက်ဆုံး

ဒါတွေ သင်ပုန်းချေစို့

CHO; (C, D, E)2

Fade Out


Monday, July 30, 2007

အမြဲစိမ်းတော၌ ပူဇော်ခြင်း

ဟိုးဝေးဝေးမှာ

မီးပုံဖွဲ့လို့ သူတို့ပျော်နေကြလေရဲ့

အတ္တကို ချကျွေးဖို့ပြင်ဆင်နေလိုက်တာများ

စားဖိုမှုးရှုံးတယ်။


ယဇ်တိုင်မှာလွှင့်ထားတာက အလံနီ

သေချာကြည့်တော့….

ငါ သေချာကြည့်လိုက်တော့…

အော်….


လိပ်ပြာ

နွမ်းချိန်ရောက်နေပြီ

သူတို့ပျော်လို့ကောင်းတုန်း

သံရည်ပူတွေသောက်ပြီး

ကခုန်ကြ…ပျော်မြူးကြ…

သဘက်ဆိုင်းသံတွေ ဘဝဂ်လျှံလို့ပေါ့။


လက်ခမောင်းခတ်နေတဲ့ကောင်တွေ

ဒါ……တောကြောင်တဲ့လား

ငါမြင်တာက လူသားစားတဲ့လူ

ကြည့်…….ပါးစပ်မှာ သွေးစွန်းနေတယ်…

တောမီးလည်း ဒီကောင်တွေလက်ချက်ပဲ။


မီးဖိုပေါ်ကအိုးထဲမှာ လူတွေ…လူတွေ

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…….

တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း…….

တစ်သန်း၊ နှစ်သန်း၊ သုံးသန်း……

အား


ဟိုမှာ….နတ်ဆရာ… တောင်ဝှေးတစ်ချောင်းနဲ့

မြေပေါ်ကိုခေါက်လိုက်

ကောင်းကင်ပေါ်ကိုညွှန်းလိုက်နဲ့

ပါးစပ်က တတွတ်တွတ်ရွတ်တဲ့ဂါထာက

အရွယ်ရောက်ပြီးသားမိန်းကလေးတွေကို

ကိန်းဂဏန်းတွေနောက်ကိုလိုက်ခိုင်း ပြီးမှ….

အမှောင်ထဲပို့ ကျားတိုက်ပြီး သတ်စေ

ဒါပေမယ့်…

သူ့အမျိုးတွေ မပါစေနဲ့တဲ့….


ဟိုး…….ပုလ္လင်ထက်က မိန့်မိန့်ကြီးနဲ့ဘုရင်

သူရဲ့….

သစ်ရွက်ဝတ်ရုံက စိမ်း

စိတ်ဓာတ်က သူစိမ်း

စားတော့လည်း အစိမ်း

အမြဲစိမ်းတောရဲ့ လူသားကောင်တွေ

ယဇ်ပူဇော်ခံတာကိုကြည့်ရင်း

သရေစိမ်းတွေကျ

အစိမ်းရောင် မိဖုရားတွေကသုတ်ပေးလို့

စိမ်းကားနေလိုက်ကြတာ

အမြဲစိမ်းတောကြီးရဲ့ ပူဇော်ခြင်းနံပါတ်(၁)တဲ့။

Wednesday, July 18, 2007

မြို့ပြနဲ့ကျွန်တော်

တေးရေး - အရိုး

တေးဆို- အဲလက်စ်


V1. ဒီနေ့တစ်ရက်အားလို့ သီချင်းရေးမလားစဉ်းစား

နားအေးပါးအေး တံခါးလေးသော့ခတ်ထား

စာအုပ်ဟောင်းတစ်အုပ် ရှေ့မှာအသာအယာချ

ဂစ်တာကြိုးတပ်ပြီး အသံစမ်းတော့မှ

ဟိုဘက်ခန်းက အုတ်နံရံသံရိုက်သွင်းသံကြား


V2. ကန်ထရိုက်တိုက်မို့ ဒီလောက်တော့အေးဆေးပါ

၁၅ မိနစ်လောက်အထိ စောင့်ကြည့်လိုက်တဲ့အခါ

ငြိမ်သက်သွားလို့ အသစ်ကတစ်ခါပြန်စ

အာရုံရတဲ့တစ်ပိုဒ် ထပ်ရေးတော့မှ

ငါ့နဖူးတည့်တည့်ကို လာမှန်တာသတင်းစာ


Cho: တော်ပါပြီ စိတ်ကုန်တယ်

တောထဲက သစ်ပင်ပေါ်ငါသွားနေမယ်

ကျားကြီးပဲကိုက်သေသေ ငါကျေနပ်တယ်

အားလုံး အားလုံး အေးဆေး


V3. ငါထွက်သမျှဒေါသ တစ်ဖြေးဖြေးစိတ်လျှော့ချ

ငါရသလောက်လေးပဲ အတင်းရေးဖို့ကြိုးစား

ဒီလိုအလိုက်မသိတတ်တဲ့ လူတွေကြား

အာရုံအတင်းဖမ်းပြီး ဈာန်သွင်းတုန်းမှာ

လင်မယားထချလို့ ပန်းကန်တွေကွဲသံကြား


V4. ဒီမြို့ပြစရိုက်နဲ့ ကျုပ်နဲ့မကိုက်တော့ပါ

ကန်ထရိုက်တိုက်ကြီးလည်း ရောင်းပစ်မလားစဉ်းစား

သေချာဆုံးဖြတ်ကြည့်တော့ ကြည်လင်သွား

ငါနောက်ဆုံးတစ်ပိုဒ်အဖြစ် ထပ်ရေးတုန်းမှာ

ဟိုဘက်လမ်းထိပ်ဘက်က လော်စပီကာစက်သံကြား


Cho: (တော်ပါပြီ စိတ်ကုန်တယ်

တောထဲက သစ်ပင်ပေါ်ငါသွားနေမယ်

ကျားကြီးပဲကိုက်သေသေ ငါကျေနပ်တယ်

အားလုံး အားလုံး အေးဆေး)


(အားလုံးအားလုံး အေးဆေး)

နားသောတဆင်ရန်


Tuesday, July 17, 2007

ကြားနေရသောသတင်းများ

အခုတလောကြားရတာ စိတ်မကောင်းစရာတွေချည်းပဲ။ အခုလည်း လူပွဲစားတွေအကြောင်းကြားရပြန်ပြီ။

ပွဲစားမှာလည်းကောင်းတဲ့ ပွဲစားရှိသလို ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ပွဲစားတွေလည်း အများကြီး။

ကောင်မလေးတစ်ယောက် သူကရွာက။ ဘွဲ့လည်းရပြီးပါပြီ။ ဒီက Nursing Home မှာလာပြီးအလုပ်လုပ်ချင်လို့ ရန်ကုန်မှာပွဲစားနဲ့အပ်တော့ ပွဲစားကသိန်း(၃၀) လောက်ယူ။ ပထမတော့ ပွဲစားကရန်ကုန်မှာ အင်္ဂလိပ်စာသင်တန်းတွေဘာတွေတက်ခိုင်း (၂)လလောက်ကြာတော့မှ ဒီကိုပို့လိုက်။ ဒီလည်းရောက်ရော အိမ်ဖော်လုပ်ရပါလေရောဗျာ။ သူ့မှာ ရွာကလယ်ကိုရောင်းပြီးတက်လာတော့ ပြန်လို့ကလည်းမဖြစ်။ အိမ်ကိုလည်းစိတ်ပူမှာစိုးလို့ အကြောင်းမကြားရဲ။ ရေငုံနှုတ်ပိတ်ပြီး အားလုံးကိုအေးဆေးပါပဲလို့ မိဘတွေကိုညာပြော။ ပွဲစားရှိတဲ့ရန်ကုန်လိပ်စာကို သူငယ်ချင်းကိုစုံစမ်းခိုင်းတော့လည်း ပြောင်းသွားပြီတဲ့။ ကိုယ်ချင်းသာစာကြည့်ကြပါတော့ဗျာ။ ဘယ်လောက်စိတ်ညစ်လိုက်မလဲလို့။

နောက်တော့ စင်္ကာပူလူမျိုးတစ်ယောက်ရဲ့အိမ်မှာလုပ်ရတယ် တစ်နှစ်လောက်။ နောက်တော့ မြန်မာအိမ်ကိုရောက်သွားတယ်။ အဲဒီမှာမှ ပိုဆိုးတာပဲတဲ့ဗျို့။ ပထမအိမ်တုန်းကမှ လခအပြင်မုန့်ဖိုးတွေဘာတွေပေး၊ အပြင်တွေဘာတွေလျှောက်လည်ခိုင်းသေးတယ်တဲ့ဗျာ။ ဖုန်းလည်းသူတို့အလုပ်သွားတဲ့အချိန်မှာဆက်လို့ရတယ်တဲ့။ ဗမာအိမ်ကျမှ လခကိုနှိမ်၊ လွတ်လပ်ခွင့်တွေအကုန်ပိတ်ပင်တဲ့အပြင် တစ်ခါလေးအပြင်ထွက်ခွင့်ရလို့ အပြင်ထွက်ပါမယ်ဆိုမှ

ဇက်ကြောတက်တယ်ဆိုပြီး အိမ်ပြန်လာပြီးနှိပ်ခိုင်းတယ်တဲ့ဗျာ။ အဲဒါနဲ့ လမ်းတစ်ဝက်ကနေ လှည့်ပြန်သွားရသတဲ့။ အပြင်ထွက်တယ်ဆိုတာလည်း ကျောင်းကိစ္စစုံစမ်းချင်လို့ အင်တာနက်သုံးဖို့ထွက်တာတဲ့။ အိမ်မှာဆိုရင် အင်တာနက်ဆိုတာ ဝေလာဝေး ဆိုပဲ။

ကဲ ကိုယ်ရွှေဗမာတို့… သူများလူမျိုးက ကိုယ့်လူမျိုးကိုနှိမ်ရင်တောင် ရှေ့ကနေမားမားမတ်မတ်ရပ်ရမယ့်အစား ကိုယ့်အချင်းချင်းပြန်နှိမ်နေကြပါလား။ နိုင်ငံခြားရောက်တယ်ဆိုပြီး ဘဝင်မြင့်နေတာလား။ ခင်ဗျားတို့ကိုယ်တိုင် ဘာလူမျိုးလဲဆိုတာမေ့နေကြပြီလား။

ဒီမှာလည်း နိုင်ငံခြားသား အိမ်မှာ အိမ်ဖော်လာလုပ်ရင်း ဘဝဖျက်ခံရတဲ့ မိန်းကလေးတွေ လည်းရှိတယ်။ ကိုယ့်လူမျိုးအချင်းချင်းမှ မကူညီရင် သူများတွေကဘယ်လေးစားတော့မှာလဲဗျာ။ နွားကွဲရင်ကျားဆွဲပြီပေါ့။

နောက်ရန်ကုန်ကနေဒီမှာလာပြီး အလုပ်လုပ်ကြမယ့်သူတွေလည်း သေသေချာချာစုံစမ်းပြီးမှလာစေချင်ပါတယ်….ဒီနည်းပညာခေတ်ကြီးမှာ အနည်းဆုံးတော့ကိုယ်အလုပ်လုပ်ရမယ့် နေရာကိုတိတိကျကျသိရအောင်လုပ်ကြပါဗျာ။ ပွဲစားတွေပြောသမျှလည်း စွတ်မယုံပါနဲ့။ ဟုတ်လားမဟုတ်လား ဆန်းစစ်ပါဗျာ။

ရန်ကုန်မှာလည်း အင်တာနက်ကဖီးတွေရှိပါတယ်။ အင်တာနက်သုံးရတာလဲ နွားစာစဉ်းသလောက်မခက်ပါဘူး။ လုပ်နည်းမသိရင်လည်း အင်တာနက်ကဖီးမှာရှိတဲ့ သိတဲ့လူကိုမေးပါဗျာ။ သေချာရှင်းပြပါလိမ့်မယ်။ မလုပ်တတ်လို့မရှက်ကြပါနဲ့။ မကြောက်ကြပါနဲ့။

နောက်တစ်ခုသေချာအောင် ကိုယ်ဘာ ပါမစ်နဲ့အလုပ်လုပ်ရမှာလဲဆိုတာ ရှင်းအောင်မေးကြပါ။

ဒီမှာက ရိုးရိုးအလုပ်လုပ်ခွင့်ပါမစ် (Work Permit- Foreign Worker) ရယ်၊ အိမ်တွင်းအလုပ်လုပ်ခွင့်ပါမစ် (Work Permit-Foreign Domestic Worker) ရယ်ဆိုပြီးရှိပါတယ်။ များသောအားဖြင့် အိမ်တွင်းအလုပ်လုပ်ခွင့်ပါမစ်က အိမ်ဖော်လို၊ ကာရာအိုကေမှာလို လုပ်ရတာပါ။ အစိုးရကိုလည်း တစ်လ စင်္ကာပူဒေါ်လာ (၃၀၀)လောက် ကိုယ်က ပြန်ပေးရတယ်လို့လည်းကြားရပါတယ်။ ကိုယ့်ပါမစ်ကဘာလဲ နောက်ပြီး ကုမ္ပဏီနာမည်ကဘာလဲ၊ ဘာအလုပ်လုပ်တာလဲ မေးကြပါဗျာ။ ကိုယ့်အနာဂတ်ကို လက်လွတ်စပယ်မလုပ်ကြပါနဲ့။

ဆိုးတဲ့ပွဲစားရှိသလို၊ အမှန်အကန်လုပ်စားနေတဲ့လူတွေလည်းရှိပါတယ်။ ကျွန်တော်ဒီမှာ အမှန်အကန်လုပ်တဲ့လူတွေကို မဆိုလိုပါဘူး။ ကျန်တာကတော့ကိုယ်ပိုင်ဥာဏ်နဲ့ သေသေချာချာချင့်ချိန်ပြီးမှ လုပ်သင့် မလုပ်သင့် စဉ်းစားစေချင်ပါတယ်။ ပိုက်ဆံကိုလည်း အရင်မပေးကြပါနဲ့။ အားလုံးသေချာပြီ ကိုယ်လည်းဒီရောက်လို့ အလုပ်အဆင်ပြေပြီ ဆိုမှပေးတာကတော့အကောင်းဆုံးပါပဲ။ ဈေးသက်သာတယ် ဆိုတိုင်းလည်း မယုံကြပါနဲ့။

ကိုယ့်ပတ်ဝန်းကျင်မှာ ဒုက္ခရောက်နေတဲ့ဗမာတွေကိုလည်း ကူညီကြပါဗျာ။ လျစ်လျူမရှု့ကြပါနဲ့။ ပင်နင်စူးလားပလာဇာ ၅ ထပ်မှာလည်း မြန်မာအသင်းရှိပါတယ်။ ကိုယ်အနိုင်ကျင့်ခံရရင် ဒုက္ခရောက်ရင်ဖြစ်ဖြစ် အကူအညီတောင်းခံနိုင်တယ်လို့သိရပါတယ်ဗျာ။

ကျွန်တော့်အသုံးအနှုန်းတွေရိုင်းနေရင် ခွင့်လွှတ်ပါ။

ကျွန်တော်ကြားရတာတော်တော်များနေပြီ။

အသုံးဝင်မယ့် လင့်ခ်များ

www.mom.gov.sg (စင်္ကာပူ အလုပ်သမားဝန်ကြီးဌာန)

www.ica.gov.sg (စင်္ကာပူ လူဝင်မှုကြီးကြပ်ရေး)

www.gov.sg (စင်္ကာပူ အစိုးရ၊ ဝန်ကြီးဌာနဆိုင်ရာ လင့်ခ်များ)

http://statutes.agc.gov.sg/ (စင်္ကာပူ ဥပဒေဆိုင်ရာ)

Monday, July 16, 2007

ရင်နှင့်သာရင်း

အမျိုးသားတို့ နိုးကြားစို့

ကြိုးစားဖို့ အချိန်ရောက်ပြီ

မြန်မာကို ကမ္ဘာသိစေဖို့

တစ်မျိုးသားလုံး ညီဖို့လိုပြီ။


ရိုးဂုဏ်အင် မလျှော့ဇွဲတွေနှင့်

အမျိုးဂုဏ်ရှိန်

အစဉ်တင့်အောင်သာပ

ရင်နှင့်သာရင်း။ ။


အာဇာနည်နေ့ အထိမ်းအမှတ်

Friday, July 13, 2007

ဒွေးနဲ့ကျွန်တော် (သို့) ဟင်းလင်းပြင်အခန်းငယ်ရဲ့ရင်ခုန်သံပုံရိပ်ပြပွဲ

တကယ်တမ်းတော့ ကျွန်တော်နဲ့ဒွေးဘာမှမဆိုင်ပါဘူး။ သူက မင်းသား ကျွန်တော်ကပရိတ်သတ်။

မတူတူတာညှိရင်တော့ သူလည်းစမ်းချောင်းသား၊ ကျွန်တော်လည်းစမ်းချောင်းသား။ သူလည်း စနေနေ့မှာမွေးတယ် ကျွန်တော်လည်း စနေနေ့မှာမွေးတယ်။ ဒီလောက်ပါပဲ။ ကျွန်တော်ပြောချင်တာက သူ့ရဲ့သရုပ်ဆောင်မှုအပိုင်းပါ။ သူ့ဇာတ်ကား ပထမဦးဆုံးကြည့်ရတာ ကျော်ဟိန်းရယ်၊ ဒွေးရယ်၊ ပိုးဒါလီသိန်းတန် ရယ်။ ကျွန်တော်ငယ်ငယ်တုန်းကပါ။ ဇာတ်ကားနာမည်လည်းမမှတ်မိတော့ပါဘူး။ အဲဒီတုန်းက မင်းသားသစ်ဆိုပေမယ့် သူသရုပ်ဆောင်သွားတာ သဘာဝကျပါတယ်။

နောက်ပိုင်း ကျွန်တော်မှတ်မိသမျှ ဒုက္ခကိုအရောင်ဆိုးထားတယ်၊ ဘယ်ပန်းချီရေးလို့မမှီ၊ သူအကယ်ဒမီရသွားတဲ့ အမေ့ခြေရာ၊ ပြုံးနေရင်သတိထား၊ ကျွန်တော်ရန်ကုန်ပြန်တုန်း သူငယ်ချင်းတွေနဲ့ အကြောင်းကြောင်းကြောင့် တစ်ရက်တည်း နှစ်ရုံခွဲပြီးနှစ်ခါပြန်ကြည့်လိုက်ရတဲ့ ကက်ကင်း။ နောက်ဆုံးဟိုနေ့ကမှကြည့်လိုက်ရတဲ့ အနီရောင်မျက်စောင်း။ ရုပ်ရှင်၊ ဗီဒီယိုပေါင်းများစွာရိုက်ပြီး လောကဇာတ်ခုံမှာ ကပြခဲ့ပါတယ်။ ဇာတ်ကားတိုင်းမှာသူ့ရဲ့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်တတ်ပါတယ်။ အရူးဆိုလည်းအရူးနေရာ၊ သူခိုးဆိုလည်းသူခိုး၊ ဟာသဆိုလည်းဟာသ၊ အကြမ်းဆိုရင်အကြမ်း၊ အလွမ်းဆိုရင်လည်းအလွမ်း သူ့အိုက်တင်တွေက အပိုအလိုမရှိ ကိုယ်ပိုင်ဟန်နဲ့ပေါ့။
နောက်ပြီးသူကိုယ်တိုင် သီချင်းတွေလည်းဆိုခဲ့ပါသေးတယ်။

လူတစ်ကိုယ်အကြိုက်တစ်မျိုးပေါ့။ ကျွန်တော်အကြိုက်ဆုံးဒွေးရဲ့ ဗီဒီယိုက ဒါရိုက်တာလူမင်းခေါင်ရိုက်တဲ့ ဟင်းလင်းပြင်အခန်းငယ်ရဲ့ရင်ခုန်သံပုံရိပ်ပြပွဲပါ။ သူကမိဘမဲ့။ သူ့မွေးစားအဖေဇင်ဝိုင်းက သူ့ကိုဗဟန်းမိဘမဲ့ကလေးထိန်းကျောင်းကနေ ခေါ်ယူမွေးစားခဲ့။ သူအရွယ်ရောက်လာတော့ သူချစ်တဲ့ကောင်မလေး အိန္ဒြာကျော်ဇင်ကတော့ပြန်ချစ်ပါရဲ့ သူမအဖေက မွေးစားသားမို့သဘောမတူ။ မိဘမဲ့ကလေးကျောင်းကကျောင်းနေဖက် သူ့သူငယ်ချင်း မျိုးစန္ဒီကျော်က သူ့ကိုအားပေး။ သူကသီချင်းရေးသူဆိုတော့ ခံစားလွယ်။ နောက်ဆုံးစိတ်တ္တဇလိုဖြစ်ပြီး လုံးပါးပါးသွားတဲ့ဇာတ်ကားပါ။

အဲဒီဗီဒီယိုစကြည့်တုန်းက ကျွန်တော်ကလည်း (၁၀)တန်းပြီးခါစ ဆိုင်ကယ်တစ်စီးနဲ့လမ်းသလားလို့ကောင်းတုန်း။ ဇာတ်ကားထဲက ဒွေးရဲ့ဆိုင်ကယ်စီးလက်အိတ်နဲ့ ဆိုင်ကယ်ဦးထုပ်မှာ ပိုင်းလော့ခ်မျက်မှန်တပ်ထားတာကို ရူးပြီး ကျွန်တော်အိပ်မက်တောင်မက်ခဲ့ဘူးပါတယ်။ နောက်ပြီးဇာတ်ကားထဲက တစ်ချို့ဇာတ်ဝင်သီချင်းတွေကအရမ်းကောင်းလွန်းလို့ ကျွန်တော်အခုထိအမြဲနားထောင်ပါတယ်။ အဲဒီဗီဒီယိုအခွေကို လည်း စမ်းချောင်းထဲကအခွေဆိုင်ကနေ တောင်းတောင်းပန်ပန်နဲ့ ကျွန်တော်ဝယ်ပြီး ဒီအထိသယ်လာပါတယ်။ ကျွန်တော်ပျင်းရင်လည်း ခဏခဏပြန်ကြည့်ဖြစ်ပါတယ်။ သီချင်းတွေကလည်းကောင်း ဒါရိုက်တာလူမင်းခေါင်ရဲ့ ရိုက်ကွင်းရိုက်ကွက်တွေကလည်းကောင်း ဒွေးရဲ့အိုက်တင်ကလည်းမိဆိုတော့ အဲဒီဇာတ်ကားကကျွန်တော့်အတွက် မရိုးနိုင်ပါဘူး။ သူငယ်ချင်းတစ်ယောက်အဲဒီအခွေငှားကြည့်ပြီး ဖျောက်ပစ်လိုက်မှ ကျွန်တော်မကြည့်ရတော့ပါဘူး။

အဲဒီသီချင်းတွေကတော့ အခုထိနားထောင်ဆဲပါ။

နှလုံးသားကိုရင်းပြီး အလုပ်လုပ်ရတဲ့အနုပညာရှင်တွေမှာ နှလုံးရောဂါပဲအဖြစ်များတတ်ပါတယ်။ အခုလည်းကိုသားကြီးတစ်ယောက် သူ့မိသားစု၊ သူ့ပရိတ်သတ်တွေကို အနိုင်နဲ့ပိုင်းပြီး သူ့ဇနီးရဲ့ မွေးနေ့နောက်တစ်နေ့ (၁၁.၀၇.၂၀၀၇)မှာ ဒီလောကကိုကျောခိုင်းသွာပါပြီ။

သူချစ်တဲ့ သူ့ကိုချစ်တဲ့ပရိတ်သတ်တွေအားလုံးကတော့ သူ့အတွက်ဆုတောင်းပြီး တသသဖြစ်နေမှာတော့ မြေကြီးလက်ခတ်မလွဲပါဘူး။

ဒွေး၏ဈာပနဓာတ်ပုံများနဲ့ သေဆုံးခြင်းအသေးစိတ်ကိုဖတ်ရန်

ဟင်းလင်းပြင်အခန်းငယ်ရဲ့ရင်ခုန်သံပုံရိပ်ပြပွဲသီချင်းများနားထောင်ရန်