Showing posts with label ပေါက်ကွဲသံစဉ်. Show all posts
Showing posts with label ပေါက်ကွဲသံစဉ်. Show all posts

Thursday, February 19, 2009

၂၁ရာစု ပေါက်ကွဲသံစဉ်

ဒီလိုနဲ့ ကျွန်တော်ဟာ
မနက်ခင်းအသစ်တွေမှာ မျက်နှာသေစက်ရုပ်တွေနဲ့အတူ
ကြွက်တစ်ကောင်လို မြေအောက်ကနေသွားလာတတ်လာတယ်..
ဘာသာစကားမတူတာတွေနဲ့အတူ နေ့လည်စာစားသုံး
လေအေးစက်တပ်ထားတဲ့အခန်းထဲမှာ လူတစ်ယောက်ကို နွားတစ်ကောင်လိုခိုင်းတာခံရင်း..
မှားနေတာကိုထောက်ပြရင် အရှိကိုအရှိအတိုင်းပြန်ပြောရင် ခွေးတစ်ကောင်လိုအူတယ် အထင်ခံရတယ်..
အသိပညာရဖို့အချိန်နဲ့ ပျော်ရွှင်မှုအချိန် မိသားစုနဲ့နေဖို့အချိန်က တဖြည်းဖြည်းနဲ့ ကြမ်းပိုးတစ်ကောင်လို သေးငယ်လာတယ်..
ညစာကို နောက်ကျမှ ၀က်တစ်ကောင်လိုစားရင်း နဂါးတစ်ကောင်လိုငိုက်မြည်းတတ်လာတယ်..
အဲဒီလိုနဲ့ ကျန်းမာရေးက တစ်နေ့တစ်ခြား ကျားနာတစ်ကောင်လိုချူချာလာတယ်..

မြို့တဲ့..
သားရဲသံတွေကြား၊ အမ်အာရ်တီတံခါးဖွင့်ပိတ်သံတွေကြား၊
တယ်လီဖုန်းမြည်သံတွေကြား၊ မိုးထိတိုက်တွေကြားမှာ
နောက်ကျောကိုဓားနဲ့ထိုးနေလိုက်ကြတာများ
သူတို့အတွက်တော့ ထမင်းစားရေသောက်သလိုပါပဲ

မြို့တဲ့..
တစ်ပြားကနေ နှစ်ပြားခွာနေလိုက်တာများ
လက်သည်းခွံတွေတောင် ကွဲအက်နေကြပြီ
ဒါတောင် ခွာလို့ကောင်းတုန်း

မြို့တဲ့..
လူတစ်ယောက်ကို ကျွန်လိုခိုင်းစေ
မြေရှင်ပဒေသရာဇ်စနစ်ကို LV လက်ကိုင်အိတ်တပ်ပေးရင်း
အပုပ်နံကို Victoria Secretနဲ့ မလုံ့တလုံ့ ဆင်သေကို ဆိတ်ရေနဲ့ဖုံးရင်း
ခြေသည်းမည်းမည်းတွေကို Gucci ဒေါက်ဖိနပ်ဝတ်ပေးနေကြတယ်
ပေသီးခေါက်သူကို ပန်းသီးကွန်ပြူတာတပ်ပေး
အသားမည်းမည်း ဗိုက်ရွှဲထိပ်ပြောင် ချစ်တီးကို Fair & Lovely ပေးနေသလိုပါပဲ…

မြို့တဲ့..
အသားစိုင်တွေကို လှိုင်အောင်ဖော်ပြရင်း
ဂျီကြိုးနဲ့ အတွင်းခံအရောင်တင် လေလံပွဲတွေခေတ်ထ
ဖန်ခွက်ခြင်းထိကြ၊ မီးရောင်စုံတွေနဲ့ထိကြ
အမှောင်ထဲမှာအတွေ့တွေနဲ့ထိကြနဲ့
ရာဂသားကောင်တွေအသက်သွင်း ကျောက်ခေတ်သို့ပြန်လည်ဆောင်ကြဉ်းနေကြတယ်….

နောက်ဆုံးတော့..အဲဒီမြို့ရဲ့
မြစ်ကမ်းဘေးမှာ ဘီယာသောက်
ဘီတယ်သီချင်းဆိုရင်း ဘဲလ်ဘောင်းဘီဝတ်
ဘူနေသမျှအရာအားလုံးကို
အသံတိတ်စိတ်ထဲကအော်ဆဲလိုက်တယ်
“ကျန်းမာရွှင်လန်းကြပါစေရယ်လို့…..”