Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Sunday, February 17, 2008

အသံဗလံ

ကျွန်တော့်၏ နားရွက်တံခါးများ စွင့်ထားသည့်အခါ ကြားနေရပါသည်။

- အလွမ်းလေရူးများ၏ နွေဦးဂီတသံ၊

- ပျင်းရိလေးတွဲစွာ သမ်းဝေလိုက်သော ပင်လယ်၏ အထီးကျန်အော်သံ၊

- ရေတံခွန်၏ ဒေါသတကြီးစီးဆင်းသံ၊

- သစ်ရွက်တို့၏ တလှပ်လှပ် လှုပ်ခတ်ရီမောသံ၊

- အကိုင်းအခက်တို့၏ ရမ္မက်ပြင်းပြင်း ပွတ်တိုက်ပျော်မြူးသံ၊

- တောအုပ်ပုစဉ်းများ၏ ရင်ကွဲသံ၊

- ဆည်းဆာလုံမေပျိုများ၏ နရီချို သီချင်းဆို ရေခပ်သံ၊

- သံသရာလှည်းဝင်ရိုးတို့၏ တအီအီ လည်ပတ်သံ၊

- သေမင်းစေတမန်၏ ရေအိုးရိုက်ခွဲသံ၊

- ဝတ်ကျောင်းအိုတစ်ဆောင်၏ သာယာနာပျော်ဖွယ် ဓမ္မတေးရွတ်ဆိုသံနှင့် ခေါင်းလောင်းထိုးသံ၊

- မီးပြတိုက်၏ တည်ငြိမ်သော အသက်ရှုသံ၊

- မုန်တိုင်း၏ စူးစူးဝါဝါး အော်ဟစ်သံများ၊

- ဒီရေလှိုင်းတံပိုးများ၏ ဟီလာတိုက်သံများ၊

- အတ္တနှင့်ပရ၊ သိစိတ်နှင့် မသိစိတ်တို့၏ စစ်ခရာမှုတ်သံများ၊

- မြို့ပြ၏ တနင်္လာနံ ညည်းညူသံများ၊

- လူ့အန္ဓ (သို့) ဦးနှောက်မဲ့သက်ရှိစက်ရုပ်များ၏ ခိုညည်းသံ၊

- သိုးရေခြုံ ပဋိသန္ဓာရ စကားသံများ၊

- တဖျစ်ဖျစ် နေမင်းတွန်သံ၊

- ဥသြတစ်ကောင်၏ အပယ်ခံငိုကြွေးသံ၊

- အစိမ်းရောင်လူရိုင်းများ၏ လူယဉ်ကျေးယဇ်ပူဇော်ပွဲ အရိုးခေါင်းဗုံတီးသံများ၊

- မိစ္ဆာတို့၏ လိပ်ပြာဝါးမြိုသံများ၊

- နာတာလူးပွဲတော်ရင်ခွင်မှ ဂျစ်ပဆီတို့၏ တချွင်ချွင် ကခုန်သံများ၊

- ဖန်ခွက်ငယ်နှစ်ခု မိန်းမောစွာ တွေ့…ထိ…နမ်း…ရှုပ်သံများ၊

- ဇက်လွတ်သွားသော ကာမဂုဏ်ထရိုဂျန်များ၏ ခွာပေါက်သံ၊ နှာမှုတ်သံများ၊

- ဇာတ်တူသားစားသူတို့၏ အမဲလိုက်တောခြောက်သံများ၊

- သားပျောက်အမေအိုတစ်ယောက်၏ အော်ဟစ်မြည်တမ်းသံ၊

- ကျောမွဲလမ်းမတို့၏ နာကျည်းတောက်ခေါက်သံ၊

- ပန်းချီကားတစ်ချပ်၏ ခြောက်ကပ်ကပ်ရင်ဖွင့်သံ၊

- နိုင်ငံအချင်းချင်း စစ်တုရင်ကစားပွဲများကြား မနုဿမျိုးဖြုတ်သံ၊

- အင်္ဂါဂြိုဟ်၏ သန်းခေါင်ယံ အိပ်စက်သံ စသည်ဖြင့်

လောကပြပွဲတွင် တိုးလျှိုပေါက်ခင်းကျင်းထားသော အသံဗလံများ ကျွန်တော့်နားရွက်တံခါးများစွင့်ထားသည့်အခါ ကြားနေရပါသည်။

Saturday, June 30, 2007

သုဘရာဇာနှင့်သေခြင်း

ဒီနာမည်ကြားတာနဲ့ လူတွေအားလုံးတွန့်သွားပါလိမ့်မယ်.... မတွန့်လည်းခံနိုင်ရိုးလား...သူကလူတွေရဲ့နောက်ဆုံး ခရီးကို အလှပဆုံး အချောမွေ့ဆုံးဖြစ်အောင် တာဝန်ယူပေးရသူတွေလေ....
ဒါပေမယ့် ဘာကြောင့်မှန်းမသိဘူး လူတွေကသူတို့ကို နှာခေါင်းရှုံ့ တတ်ကြတယ်....သူတို့အလုပ်ကတစ်ကယ်ကို မွန်မြတ်ပါတယ်... သေလူ အတွက် လုံလုံခြုံခြုံဖြစ်အောင် အခေါင်းလုပ်ပေးတယ်။ င်္သချိုင်းမြေမှာ နေ့ရော ညရောနေပြီး လူသေတွေကို စောင့်ရှောက်ပေးတယ်။ သတ္တိလည်းရှိတယ်လို့ပြောရမယ်...တော်ရုံတန်ရုံလူ ဆိုသွေးပျက်သွားနိုင်တယ်....

လူတွေတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်တယ်ပြောပြော သေတဲ့အခါကြ ဘယ်သူမှ (၇) ရက်ထက်ပိုမထားဘူး။ ကျွန်တော့်ဆရာ တစ်ခါပြောဘူးတယ်...

သားအမိနှစ်ယောက်ရှိတယ်တဲ့။ သားက မြို့မှာ အလုပ်လုပ်နေတယ်။ အမေက ရွာမှာနေတယ်။ ဒီလိုနဲ့ဗြုန်းဆို မိခင်က ကောက်ကာငင်ကာ ဆုံးသွားပါလေရော။ သားဖြစ်သူကလည်း ချက်ချင်းပြန်မလာနိုင်ဘူး။ အမေတစ်ခုသားတစ်ခု ဆိုတော့ရပ်ရွာကလည်း သားဖြစ်သူပြန်ရောက်တဲ့ အထိအလောင်းပြင်ထားပြီး စောင့်နေတာပေါ။ သူ့အလုပ်က ခွင့်ရရချင်း သူလည်း ပြန်လာပါတယ်။ ဒါပေမယ့် (၇)ရက်မြောက်နေ့ကို ရောက်နေပြီ။ ရွာလူကြီးတွေကလည်း အလောင်းကဆက်ထားလို့ မရသင့်တော့လို့ မြေမြုပ်မလို့လုပ်နေတုန်း သားဖြစ်သူကရောက်လာတာပါ။ သူကလည်း ခရီးရောက်မဆိုက် သူ့ကိုမစောင့်ရကောင်းလားဆိုပြီး ဒေါသဖြစ်၊ အမေသေလို့စိတ်ကညစ် နဲ့သောကရောက်နေတာပေါ့။ ပြီးတော့သူကတောင်းဆိုတယ် သူ့အမေအလောင်းကို နောက်ဆုံးအကြိမ်ဖက်ပြီးငိုပါရစေတဲ့။ မြေမမြုပ်ပါနဲ့ဦးဆိုပြီးတောင်းဆိုတယ်။ ရွာလူကြီးတွေလည်း သူ့ကို နားချပါသေးတယ်။ ဘယ်လိုမှမသင့်တော်တော့ဘူးပေါ့။ အညာနေအပူရှိန်ကြောင့် ရိုက်ထားတဲ့ ပျဉ်ပြားတွေတောင်ဖောင်းကားနေပြီ။ ရုပ်လည်းပျက်နေပြီလို့ နားချရှာတယ်။ ဒါပေမယ့် မရဘူး။ သူက ဇွတ်တောင်းဆိုတယ်။ ဒါနဲ့ရွာလူကြီးတွေလည်း မနေသာ အခေါင်းအဖုံးကိုခဲရာခဲဆစ်ဖွင့်ပေးလိုက်တယ်။ အဖုံးဟတာနဲ့တင် အနံ့ကထောင်းကနဲပြီးတော့မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် သူ့ခဗျာ ငိုဖို့နေနေသာသာ သတိလစ်သွားလို့မနည်း နှာနှပ်ယူပေးလိုက်ရတယ်။ သူသတိရမှ အသုဘအစီအစဉ်ကိုဆက်လုပ်ရတာပေါ့။ သူ့ကိုရွာလူကြီးတွေက ထပ်ကြည့်ချင်သေးလားလို့မေးတော့ သူလဲမကြည့်ရဲတော့ပါဘူးတဲ့။ ကျွန်တော်ပြောချင်တာက အဲဒီလို သားအမိအချစ်တောင် သေတဲ့အခါ မှာအလောင်းကိုမကြည့်ရဲကြပါဘူး။ ဒါတွေကိုဘယ်သူက တာဝန်ယူပေးရလဲ။ သုဘရာဇာတွေပါပဲ......

ကျွန်တော်ငယ်ငယ်တည်းက အသုဘပို့သွားတိုင်း လူသေကို သေသေချာချာ ကြည့်တတ်တယ်... လူသေဆိုတာဘာလည်းဆိုတာသိချင်လို့။ ဒါပေမယ့်ကျွန်တော်တွေ့လိုက်တဲ့ အလောင်းတိုင်းက သပ်သပ်ရပ်ရပ်လှလှပပလေးတွေ ရုတ်တရက်ကြည့်လိုက်ရင် အလှဆုံးပြင်ပြီးအိပ်နေသလိုပါပဲ...ကျွန်တော့်စိတ်ထဲမှာ တထင့်ထင့်နဲ့ နိုးများနိုးလာမလား ဆိုပြီးစောင့်ကြည့်မိသေးတယ်... နောက်ပြီးဘယ်သူတွေကများ အဲဒီလိုပြင်ပေးထားလဲအမြဲတမ်းတွေးမိတယ်။
ဒါကသေချာပြင်တဲ့အလောင်းမို့ပါ...တစ်ချို့ ရုပ်ပျက်ဆင်းပျက်အလောင်းတွေဆိုဘယ်လိုလုပ်မလဲ။ ကောင်းကောင်းဆိုးဆိုး သုဘရာဇာတွေကပဲ ကောင်းကောင်းမွန်မွန်ဖြစ်အောင် စီမံဆောင်ရွက်ပေးရတာပါ...စိတ်ထားတတ်ရင် ကုသိုလ်တောင် အပုံကြီးရပါသေးတယ်....သေချာတယ် ပိုက်ဆံပုံပေးပြီးလုပ်ခိုင်း ဘယ်သူမှအဲဒီအလုပ်လုပ်ရဲမှာ မဟုတ်ဘူး။

လူတွေမှာလည်း သေပြီးသားလူဆီက အုတ်ဂူဖောက်ပြီး ပစ္စည်းယူတဲ့လူတောင်ရှိသေးတာပဲ.... သုဘရာဇာမှာလည်း မကောင်းတဲ့လူပါတတ်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် မကောင်းတဲ့ သူဠေးတစ်ယောက်ကြောင့် သူဠေးတိုင်းကို မကောင်းဘူးလို့ပြောလို့မရသလို ငါးခုံးမသုဘရဇာ တစ်ယောက်ကြောင့် သုဘရာဇာ တစ်မျိုးလုံးကို မကောင်းဘူးလို့ပြောလို့မရပါဘူး။ တစ်ချို့သုဘရာဇာဆို ပိုင်ရှင်မရှိတဲ့ အလောင်းတို့၊ မတရားအသတ်ခံ ရတဲ့အလောင်းတို့အတွက် ရန်ပုံငွေတောင်ရှာပေးပါသေးတယ်။

ဒါပေမယ့် ကျွန်တော်တွေ့ဘူးတဲ့ လူတွေကတော့ သုဘရာဇာလို့ပြောတာနဲ့ ဘာကိုကြောက်မှန်းမသိပါဘူး။ ဧကန္က သေရမှာကြောက်တတ်တာ ဖြစ်မှာပါ။ သုဘရာဇာနဲ့သေခြင်း ကိုတွဲပြီးမြင်တတ်ကြလို့ပါပဲ။
အမှန်တော့သေခြင်းကတစ်ခြား သုဘရာဇာကတစ်ခြားပါ။ အဲဒီလူတွေသာ မရှိကြည့် မြေမြုပ်သူမရှိ မီးသဂြိုဟ်ဖို့လူမရှိနဲ့ င်္သချိုင်းတွေမှာလူသေအလောင်းတွေပုံပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်မှာမဟုတ်ပါဘူး။ အဲဒီလိုလူ့ဘဝရဲ့ နောက်ဆုံးအချိန်အထိ အကျိုးပြုနေသူတွေကိုတော့ လေးစားသင့်ပါကြောင်း.....

Sunday, June 24, 2007

ကုဋေရှစ်ဆယ်သူဠေးသားနဲ့ ကျွန်တော်

ဒေါင်းယောင်ဆောင်တဲ့ ကျီးကိုဝိုင်းပြီးလက်ညှိုးထိုးသလိုပဲ

လူတွေက ကိုယ်နဲ့မတူတဲ့လူကို ဝိုင်းပြီးလက်ညှိုးထိုးတတ်ကြတယ်….

သင်ကောဘယ်နှစ်ခါထိုးပြီးပြီလဲ?

ဒီလိုပါဘဲ ကျွန်တော်လည်း ကုဋေရှစ်ဆယ်သူဠေးသားကို သူများလိုပဲ လက်ညိုးထိုးဘူးပါတယ်။ သေချာပြန်တွေးကြည့်မှ ကုဋေရှစ်ဆယ်သူဠေးသားမှာ အပြစ်မရှိတာကိုတွေ့လိုက်ရပါတယ်။

သူ့မှာဘာအမှားရှိလို့လဲ။ ငယ်ငယ်တုန်းက မိဘကလိုလေသေးမရှိ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်အောင် ထားခဲ့။

အတန်းပညာတောင်မှ သားငယ်ပင်ပန်းမှာစိုးလို့ ပညာအမွေမပေးခဲ့။ ဒီလိုနဲ့သူဠေးသားက ယောင်နနနဲ့ လောကကြီးမှာ ကြီးပြင်းလာခဲ့။ ပညာမတတ်တော့မှ သိုထားမတတ်အရပ်အရပ်၌ ဆိုသလို ရှိသမျှအမွေတွေကို အပေါင်းအသင်းဘော်ဒါတွေနဲ့ သုန်းဖြုန်းပေတေခဲ့။ ဒီအပြင် များစွာကျွန်ပေါင်းမကောင်းခိုးယူ ဆိုသလို ရှိသမျှအမွေကို ဘတ်ကီးရိုက်တဲ့သူကလည်း ရှိသေးတယ်။ အိမ်ကိုရောင်း၊ ရှိသမျှထုခွဲရောင်းချ ဒီလိုနဲ့နေလာလိုက်တာ ကုဋေရှစ်ဆယ် အကုန် ပုစွန်တောင်မီးလောင် တက်တက်ပြောင်ရော။ ဒါတောင်သူက ခိုးဆိုးလုယက် ဓားပြတိုက်မစားဘူး။ ခွက်ဆွဲပြီးတောင်းစားတယ်။ ဘယ်မှာလဲ သူ့အပေါင်းအသင်းတွေ၊ ဆွေမျိုးတွေ၊ သူကောင်းစားတုန်းက ကြတော့အိမ်ပေါ်တက် ရှိသမျှအကုန် ယူငင်ပြီး သူ့မှာတစ်ပြားမှ မရှိတော့အဖက်လုပ်ဖို့ မပြောနဲ့

ထောင်းထောင်းကြေလျှက် ခွက်လက်ဆွဲကာတောင်းစားပါလည်း

သင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ

ရွာမှထွက်လေ တောမှာသေသည်

ကောင်သေလင်းတကြ၏တည်း။

သူ့ကို ရိုက်ပုတ်ပြီး ရွာကနှင်ထုတ် သူ့ခမျာ တောမှာအသေဆိုးနဲ့သေရရှာတယ်။ ကဲ ဘယ်သူ့ကို လက်ညိုးထိုးမလဲ?

ပညာအမွေမပေးခဲ့တဲ့ သူ့မိဘကိုပဲလား?

ဒါမှမဟုတ် နုံလွန်းအလွန်းတဲ့ သူဠေးသားကိုပဲလား?

သူ့ရှိနှိုက်စား ကိုယ့်ရှိဖွက်ထားတဲ့ ပတ်ဝန်းကျင်ပဲလား?

သူဠေးသားမှာ မိတ်ဆွေကောင်းမရှိလို့ပဲလား?

ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့မလား?

ဆားတောင်ဆရာတော် စဉ်းစားစေချင်တာဘာလဲ?

ပညာမတတ်လို့ ဒုက္ခရောက်တတ်ကြောင်းထောက်ပြချင်တာလား? ဒါပေမယ့် ပညာမတတ်တဲ့ မီလျံနာတွေ ဒုနဲ့ဒေး။

ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး မိတ်ဆွေကောင်းအမှန်တကယ် လိုအပ်တာကိုပြောချင်တာလား? ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးတဲ့။

သေချာစဉ်းစားကြည့်ရင် မေးခွန်းတွေအများကြီးရပါတယ်။ စောဒကတက်စရာ တွေလည်းအမျာကြီး ရှိပါတယ်။

ဒါပေမယ့် သေချာတာကတော့ ငယ်ငယ်တုန်းက ကျွန်တော်လည်းသူများလက်ညိုးထိုးတိုင်း အလွတ်ကျက်ပြီး လိုက်ထိုးခဲ့ဘူးပါတယ်။