Tuesday, February 19, 2008

နေ့သစ်များသို့….


နောက်ကျောမှာဖွက်ထားတဲ့ဓားသွားအပြုံးတုတွေ

ငါ့ မနက်ခင်းတွေကို ခုတ်ထွင်းသွားကြ

ဒီမှာ..သူငယ်ချင်း

ငါ့ဖြူစင်ခြင်းမှာ

မင်းဓားဦးလည်း နှစ်ပိုင်းကျိုးသွားခဲ့ပေါ့…


အကုန်လွှတ်ချထားတဲ့လူအတွက်

အဆီပြန်ဟင်းတစ်ခွက်

မလိုအပ်ဘူး..

ပါးလှပ်လှပ်ပေါင်မုန့်တစ်ချပ်ဆို

ငါ့တစ်ဘဝစာ လုံလောက်တယ်..


အကျိုးလိုလို့်ရေလောင်းတဲ့လူအတွက်

င့ါညောင်ပင်ကြီးလည်း အအေးမိတော့မယ်

ရေမလောင်းလည်း သစ်ပင်ဆိုတာ

သူ့ခန္ဓာကိုယ်ကို…ကိုင်း…ဆန့်…အုပ်….မိုးနေဆဲ

အရိပ်နေပြီး အခက်အလက်တွေကိုလည်း

ပျော်သလို ချိုးခဲ့ပေါ့..

သူက မင်းကို…ပြုံးပြနေလိမ့်မယ်…


လူဆိုတဲ့ အတ္တတွေနဲ့

လိမ်းကျံကပ်ငြိခြင်းမရှိ

သူတတ်နိုင်သမျှ ပတ်ဝန်းကျင်ကို

ပေးဆပ်ချင်သူတွေဟာ

သစ်ပင်တွေဆိုလည်းဟုတ်ရဲ့

နေမင်းဆိုရင်လည်းဟုတ်ရဲ့…

ဟောဟိုက

ရနံ့သင်းတဲ့ ပန်းတစ်ပွင့်ဆိုလည်းဟုတ်တယ်…

တစ်ကယ်လို့

ငါတို့တွေသာ သူတို့လိုကျင့်ကြံရင်

စိမ်းလန်းစိုပြည်တဲ့ နေ့သစ်တွေက

ဟိုးရှေ့မှာ ရင်ဖွင့်လို့ကြိုနေကြလေရဲ့…..

Sunday, February 17, 2008

အသံဗလံ

ကျွန်တော့်၏ နားရွက်တံခါးများ စွင့်ထားသည့်အခါ ကြားနေရပါသည်။

- အလွမ်းလေရူးများ၏ နွေဦးဂီတသံ၊

- ပျင်းရိလေးတွဲစွာ သမ်းဝေလိုက်သော ပင်လယ်၏ အထီးကျန်အော်သံ၊

- ရေတံခွန်၏ ဒေါသတကြီးစီးဆင်းသံ၊

- သစ်ရွက်တို့၏ တလှပ်လှပ် လှုပ်ခတ်ရီမောသံ၊

- အကိုင်းအခက်တို့၏ ရမ္မက်ပြင်းပြင်း ပွတ်တိုက်ပျော်မြူးသံ၊

- တောအုပ်ပုစဉ်းများ၏ ရင်ကွဲသံ၊

- ဆည်းဆာလုံမေပျိုများ၏ နရီချို သီချင်းဆို ရေခပ်သံ၊

- သံသရာလှည်းဝင်ရိုးတို့၏ တအီအီ လည်ပတ်သံ၊

- သေမင်းစေတမန်၏ ရေအိုးရိုက်ခွဲသံ၊

- ဝတ်ကျောင်းအိုတစ်ဆောင်၏ သာယာနာပျော်ဖွယ် ဓမ္မတေးရွတ်ဆိုသံနှင့် ခေါင်းလောင်းထိုးသံ၊

- မီးပြတိုက်၏ တည်ငြိမ်သော အသက်ရှုသံ၊

- မုန်တိုင်း၏ စူးစူးဝါဝါး အော်ဟစ်သံများ၊

- ဒီရေလှိုင်းတံပိုးများ၏ ဟီလာတိုက်သံများ၊

- အတ္တနှင့်ပရ၊ သိစိတ်နှင့် မသိစိတ်တို့၏ စစ်ခရာမှုတ်သံများ၊

- မြို့ပြ၏ တနင်္လာနံ ညည်းညူသံများ၊

- လူ့အန္ဓ (သို့) ဦးနှောက်မဲ့သက်ရှိစက်ရုပ်များ၏ ခိုညည်းသံ၊

- သိုးရေခြုံ ပဋိသန္ဓာရ စကားသံများ၊

- တဖျစ်ဖျစ် နေမင်းတွန်သံ၊

- ဥသြတစ်ကောင်၏ အပယ်ခံငိုကြွေးသံ၊

- အစိမ်းရောင်လူရိုင်းများ၏ လူယဉ်ကျေးယဇ်ပူဇော်ပွဲ အရိုးခေါင်းဗုံတီးသံများ၊

- မိစ္ဆာတို့၏ လိပ်ပြာဝါးမြိုသံများ၊

- နာတာလူးပွဲတော်ရင်ခွင်မှ ဂျစ်ပဆီတို့၏ တချွင်ချွင် ကခုန်သံများ၊

- ဖန်ခွက်ငယ်နှစ်ခု မိန်းမောစွာ တွေ့…ထိ…နမ်း…ရှုပ်သံများ၊

- ဇက်လွတ်သွားသော ကာမဂုဏ်ထရိုဂျန်များ၏ ခွာပေါက်သံ၊ နှာမှုတ်သံများ၊

- ဇာတ်တူသားစားသူတို့၏ အမဲလိုက်တောခြောက်သံများ၊

- သားပျောက်အမေအိုတစ်ယောက်၏ အော်ဟစ်မြည်တမ်းသံ၊

- ကျောမွဲလမ်းမတို့၏ နာကျည်းတောက်ခေါက်သံ၊

- ပန်းချီကားတစ်ချပ်၏ ခြောက်ကပ်ကပ်ရင်ဖွင့်သံ၊

- နိုင်ငံအချင်းချင်း စစ်တုရင်ကစားပွဲများကြား မနုဿမျိုးဖြုတ်သံ၊

- အင်္ဂါဂြိုဟ်၏ သန်းခေါင်ယံ အိပ်စက်သံ စသည်ဖြင့်

လောကပြပွဲတွင် တိုးလျှိုပေါက်ခင်းကျင်းထားသော အသံဗလံများ ကျွန်တော့်နားရွက်တံခါးများစွင့်ထားသည့်အခါ ကြားနေရပါသည်။

Wednesday, February 13, 2008

သူရူးတစ်ယောက်၏ ညီမလေးသို့……


ညီမလေးရေ…

ခုလိုအချိန်ဆို ပျံလွှားငှက်ငယ်လေးတစ်ကောင်လိုများ လေဟုန်မှာ ပေါ့ပေါ့ပါးပါးဝဲပျံနေမလား?

လိပ်ပြာတစ်ကောင်လို ပန်းပေါင်းစုံပွင့်တဲ့ ဥယျာဉ်ထဲမှာ ပြေးလွှားဆော့ကစားနေမလား?

ဒါမှမဟုတ် နိုင်ငံခြားကချောကလက်တွေစားပြီး ပျော်နေပြီလား?

သစ်ရွက်တွေလည်း ကြွေပြီးရင်းကြွေ ဝေပြီးရင်းဝေနေပြီလေ..


ပြတင်းပေါက်ကကျလာတဲ့ နွေမိုးဆောင်းတွေကလည်း ကိုတို့ရပ်ကွက်ကပြက္ခဒိန်ပေါ်မှာ မနက်ခင်းတွေ ညနေခင်းတွေဆိုရင် ညီမလေးနာမည်အော်ခေါ်ရင်း ခဏခဏ လမ်းလျှောက်ထွက်လာကြတယ်…ကိုက ညီမလေးပြန်မရောက်သေးဘူးလို့ ဖြေရှင်းရတာအမောပဲ။


အိမ်ခေါင်းရင်းက ပိတောက်ပင်လေးတောင် သင်္ကြန်ရောက်ရင် အလှပြင်တတ်နေပြီကွ…ခုချိန်ဆို သူကလည်း ညီမလေးနဲ့အသက်အတူတူပဲလေ…

ညအိပ်ရင်ရောစောင်ခြုံရဲ့လား? ညီမလေးက အရမ်းချမ်းတတ်တယ်လေ။ အဲဒီိနိုင်ငံခြား ဆိုတဲ့နေရာမှာ အရိုးခိုက်အောင်အေးမှာပဲနော်။


အိမ်က ညီမလေးအခန်းကိုတော့ ခြေရာလက်ရာမပျက်ရအောင်ထားထားတယ်။ အခန်းထဲဝင်တိုင်း ညီမလေးအငွေ့အသက်တွေရနေတုန်းပဲပေါ့။ ဒါနဲ့ ညီမလေး အနှစ်သက်ဆုံး မစ်ကီမောက်စ် အရုပ်ကလေးကလည်း ညီမလေးကိုလွမ်းတယ်တဲ့..

ဟိုမှာ အရုပ်အသစ်တွေရောရနေပြီလား? ဒါမှမဟုတ် အခုအချိန်လောက်ဆို အပျိုမလေးတစ်ယောက်လို စိတ်ကစားတတ်နေပြီလား? အခန်းထောင့်က ညီမလေးရဲ့ တယောအိုးနဲ့ ဘိုးတံလေးတောင် ဖုန်တွေတက်လို့ပါလား? ဟောဗျ….နားထဲမှာ ညီမလေးတယောထိုးနေကြ သံစဉ်လေးတွေကြားနေရတယ်။ ညီမလေးက တယောထိုးတဲ့ နေရာမှာပါရမီပါတယ်လေ။ ကမ္ဘာပေါ်မှာ အတော်ဆုံး တယောပညာရှင်ရဲ့လက်သံတောင် ညီမလေးလက်သံလောက် ကိုယ့်နားထဲ နားးထောင်ကောင်းတော့မှာမဟုတ်ဘူး။


ဒါနဲ့အဲဒီမှာ ညဘက်ဆိုရင် အရမ်းမှောင်နေတတ်လား? မှောင်နေရင် ညီမလေးကြောက်တတ်တယ်လေ။ အခုလောက်ဆို အမှောင်ထဲမှာပဲ ကျင့်သားရနေမလား? အရမ်းပဲအားငယ်နေမလား? အစ်ကို တစ်ခါသတိရတိုင်း ညီမလေးဆီမှာ အလင်းဓာတ်လေးတစ်ခုရရင်တော့ ညီမလေး ဆယ့်နှစ်ရာသီ နွေးနွေးထွေးထွေးလင်းလင်းချင်းချင်း နေနိုင်လောက်ပါရဲ့။


ညီမလေးသောက်ခဲ့တဲ့ ဆေးဘူးတွေတောင် ကုတင်ဘေးကစားပွဲခုံလေးပေါ်မှာရှိသေးတယ်။ အဲဒီတုန်းက ညီမလေးတော်တော်စိတ်ညစ်မှာပဲနော်။ ဆေးတွေကို ချောကလက်လိုလုပ်စားရတာ။ ညီမလေးကတော့ မျက်နှာတောင်တစ်ချက်မပျက်ဘူး။ ကိုယ်ကတော့ ညီမလေးဆေးသောက်တာကိုကြည့်ပြီး ဘယ်တော့မှ မဖျားရဲတော့ဘူးကွ။ ဆေးတွေတစ်လုံးပြီးတစ်လုံးထိုးခံရတော့လည်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ အော်ပစ်လိုက်ပါလားညီမလေးရယ်…ငိုပစ်လိုက်ပါလား… အဲဒီတုန်းက ကိုလည်းဆရာဝန်ကိုဆွဲထိုးချင်လိုက်တာ ညီမလေးရယ်.. ကိုသာအဲဒီတုန်းက လူကြီးဖြစ်နေရင်ကောင်းမယ်။ ဆရာဝန်ဆိုတဲ့ငနဲ ညီမလေးအနားတောင်မကပ်စေရဘူး….ဒါနဲ့ အဲဒီတုန်းက ရှည်လျားနက်မှောင်နေတဲ့ ညီမလေးဆံပင်တွေလည်း တော်တော်ကျွတ်တယ်နော်။


ကို မှတ်မိသေးတယ်။ အဲဒီနေ့က ရာသီဥတုကအရမ်းသာယာနေတယ်လေ။ လေပြည်လေးတွေက ညီမလေးအခန်းထဲက ဆည်းလည်းလေးတွေကို အနမ်းလေးတွေ တဖွဖွပေးလိုပေါ့။ အခန်းထဲမှာတော့ ညီမလေးစိတ်ကြိုက် အဖြူရောင်တွေချည်းပဲ မင်းမူလို့၊ နံရံတွေပေါ်ရော ညီမလေး အိပ်ယာခင်းတွေ စောင်တွေပေါ်မှာရောပေါ့။ နောက်ပြီး ညီမလေးတစ်ကိုယ်လုံးလည်း အဲဒီနေ့က အဖြူရောင်လေးဖြစ်နေတယ်လေ။ ဒါပေမယ့် ညီမလေးမျက်နှာလေးကတော့ ထူးထူးခြားခြား ယဲ့ယဲ့လေးပြုံးလို့ရွှင်လို့ပေါ့။ ကိုလည်း ကုတင်ပေါ်မှာလှဲနေတဲ့ ညီမလေးကို ပုံပြောပြနေတုန်း မေမေက ကိုကို့ကို ဒေါ်လေးတို့အိမ်ကို သွားခိုင်းတယ်လေ။ ကိုကလည်း ညီမလေးအနားကမခွာဘူးဆိုပြီး ပေကပ်နေတော့ ဖေဖေက ကို့ကို အတင်းလာခေါ်သွားတာလေ။ ညီမလေးမှတ်မိသေးလား? အဲဒီတုန်းက ညီမလေးကို နောက်ဆုံးတွေ့လိုက်ရတာလေ။ ဒါပေမယ့် ကို့ကို လိုက်ပို့မယ့်ကား အိမ်ထဲကထွက်လာပြီး လမ်းမပေါ်ရောက်တော့ ညီမလေးအခန်းရှိတဲ့ အိမ်အပေါ်ထပ်က အလင်းတန်းကြီးတစ်ခု နေ့ခင်းကြောင်တောင်မှာ တွေ့လိုက်ရတယ်လေ။ ကို့ မျက်လုံးတွေတောင် သေသေချာချာ ပွတ်ကြည့်ရသေးတယ်။ စိတ်ထဲမှာတော့တစ်မျိုးကြီးပဲပေါ့။ ဒါပေမယ့် အလင်းတန်းက နေ့ခင်းကြောင်တောင်ကြီးတောင် ခြံဝန်းတစ်ခုလုံးလင်းလက်နေစေခဲ့တယ်လေ။

ညီမလေးသာ အဲဒီအလင်းတန်းကြီးတွေ့ရင်ပျော်မှာပဲလို့ ဝက်ဝံအရုပ်တစ်ရုပ်ကြေးလောင်းရဲတယ်။


အဲဒီလိုနဲ့ ကို့ကို ဖေဖေက ဒေါ်လေးအိမ်မှာ နှစ်လလောက်သွားထားတယ်လေ။ အဲဒီအတောအတွင်း ကိုလည်းညီမလေးကို လွမ်းလို့ အိမ်ပြန်ပြေးတာ လူကြီးတွေမိသွားလို့ အိမ်အပြင်ထွက်ခွင့် မရတော့ဘူးလေ။ အရှင်လတ်လတ်ငရဲကျနေသလိုပါပဲ။ ဒါနဲ့ ကိုဆုတောင်းတဲ့ အိမ်ပြန်ရမဲ့နေ့ကိုရောက်လာခဲ့တယ်။ ခြံထိပ်ကနေပြီး ညီမလေးနာမည်ကိုခေါ် အိမ်ပေါ်ကိုပြေးတက်တော့ ကို လှေကားရင်းမှာတောင် မှောက်ရက်လဲသေးတယ်။ ဒူးခေါင်းပြဲတာလည်း နာရကောင်းမှန်းမသိပါဘူး။ ရောက်ရောက်ခြင်း ညီမလေးမျက်နှာမြင်လိုက်ရရင် အမောပြေသွားမှာပဲဆိုပြီး ကိုပြေးတက်လာခဲ့တာ။ အခန်းထဲရောက်တော့ ညီမလေးကမရှိတော့ဘူးလေ။ မေမေကညီမလေး နိုင်ငံခြားမှာဆေးသွားကုတယ်တဲ့။ ဘယ်နိုင်ငံလည်းမေးတော့ မပြောပြဘူး။ ဟိုးအဝေးကြီးက နိုင်ငံခြားမှာတဲ့။ အဲဒီအချိန်မှာ ကိုသတိရတာတော့ မေ့မေ့မျက်လုံးတွေလည်း နီရဲနေလေရဲ့။ ကိုက တောင်ပြောလိုက်သေးတယ်လေ။ အော်…မေမေကလည်း ညီမလေးက နေကောင်းရင်ပြန်လာမှာပါလို့။ သားတို့ကို ခွဲမသွားပါဘူးလို့။


ဒါပေမယ့် ညီမလေးက နေနိုင်တယ်နော်။ အခုအချိန်ထိလည်း ပြန်မလာသေးပါလား။ စာလည်းတစ်စောင်မှမရေးဘူး။ အဲဒီနိုင်ငံက ပို့စ်ကဒ်လေးတစ်ကဒ်လောက်တော့ ပို့ပေးသင့်ပါတယ်။ ကိုတို့ လမ်းထိပ်က ပွဲတော်အိုတွေတောင် လာလိုက်ပြန်လိုက်ပဲလေ။ ဒါပေမယ့် ညီမလေးကြောက်တဲ့ ဘော်တယ်ကုလားကြီးတော့ ကိုတို့ရပ်ကွက်ထဲကို မလာတော့ပါဘူး။ ကြောင်ကြီးလည်းမလာတော့ပါဘူး။ ဒါနဲ့ ညီမလေးကိုသတိရတိုင်း ခြံထဲမှာ ပန်းတစ်ပွင့်စိုက်ထားတာ အခုဆို ဥယျဉ်ကြီးတစ်ခုဖြစ်နေပြီကွ။ ပန်းပေါင်းကိုစုံလို့။

လိပ်ပြာလေးတွေလဲ ညီမလေးပြန်အလာကိုစောင့်နေတယ်….

ကိုမွေးထားတဲ့ တီတီတာတာ ကြက်တူရွေးလေးရောပဲ….ညနေဆိုရင်ညီမလေးနာမည်ကိုသီချင်းလုပ်ပြီး ဆိုနေလေရဲ့….

မစ်ကီမောက်စ်အရုပ်ကလေးကလည်း ဆော့မယ့်သူမရှိလို့ လွမ်းနေတယ်…

ညီမလေးရဲ့ တယောလေးလည်း သူ့သခင်ပြန်အလာကိုစောင့်နေတယ်လေ….

ဖေဖေ..မေမေတို့လည်း စကားမပီကလာပီကလာလေးကို စောင့်နေတယ်…

ကို လည်း ပုံပြောဖော်လေးကို စောင့်နေတယ်….

ဘာပဲဖြစ်ဖြစ်နောက်ဆုံးတစ်နေ့ကျရင်တော့ ညီမလေးပြန်မလာလည်း ညီမလေးရှိတဲ့ တိုင်းပြည်ကို မရောက်ရောက်အောင်လာခဲ့မှာပါ…

ညီမလေးလည်း ကို့ကို စောင့်နေနော်…

Monday, February 11, 2008

ကျွန်တော့်၏ ကြက်ယာဖင် (သို့) ကြင်ယာဖက်


တစ်အချက်
- မိန်းကလေးဖြစ်ရမည်။ အမရာ၊ ကိန္နရီ၊ မဒီ၊ သမ္ဗုလ

တော်လေးဝတွင် သုံးဝလောက်ဝင်လည်းဖြစ်ပါသည်။

ရှာရာပိုဗာလောက် မလှရင်နေပါ။ သို့သော်

ပပဝတီလောက်ချောရင် အပြစ်မပြောပါ။

မီးမလာသည့်အချိန်ဆိုလျှင် ခုနှစ်ဆောင်တိုက်ခန်း
မီးမထွန်းပဲလင်းနေမည့်အတွက် ဖယောင်းတိုင်ဖိုး မီးစက်ဖိုး ဓာတ်ဆီဖိုး

သက်သာမည်။


နှစ်အချက် - အိမ်ဖော်ကို လက်ထပ်ခြင်းမဟုတ်သည့်အတွက်

မီးဖိုချောင်ထဲက မထွက်ပဲ ထမင်းဟင်းချက် အဝတ်လျှော် မီးပူတိုက် စသည့်

ဗာဟီရကိစ္စများဖြင့် အလုပ်ရှုပ်ခိုင်း ထားမည်မဟုတ်ပါ။ အိမ်ရှင်မ ပီသရင်

ကျေနပ်ပါမည်။


သုံးအချက် - ဒီခေတ်ကြီးထဲတွင် ဦးနှောက်ကောင်းဖို့လိုပါမည်။ ကျွန်တော်က

လက်သီးဆုပ်ပြလျှင် သူက လက်ဝါးတစ်ခါတည်းဖြန့်ပြတတ်သော

အရည်အချင်းရှိရမည်။

ပညာအရည်အချင်းကျွန်တော့်ထက်သာလည်း အရေးမကြီးပါ။

အဓိက က ဆပ်ပြာမှုန့် အဲ..လေ..

တိုင်ပင်ဖော် တိုင်ပင်ဖက် တိုးတိုးဖော်ဖြစ်ရပါမည်။ မှတ်ချက်။ ။နားမလေးရပါ..


လေးအချက် - ကျွန်တော် အိမ်တွင် အရက်သောက်သည့်အခါ အမြည်းမလုပ်ခိုင်းပါ။

သူ့အသိစိတ်ဓာတ်ကိုသာ တန်ဖိုးထားလေးစားပါမည်။

သူလည်းသောက်ချင်လျှင် ကျွန်တော့်ဘေးတွင် ဝိုင် သောက်ခွင့်ပေးမည်။



ငါးအချက် - အိမ်တွင်တစ်ယောက်တည်းသောက်ရသည်မှာပျင်း၍ အပြင်မှာထွက်၍

သူငယ်ချင်းအပေါင်းအသင်းများနှင့် ဆယ်ခွက်ဆယ်ဖလားချီးမြှင့်သည့်အခါ

ဖုန်းတတီတီဆက်၍ အိမ်စောစောပြန်ရန်ခေါ်ခြင်း၊

ညဉ့်နက် ပြန်လာချင်သည့်အချိန်တွင် လာသည့်အခါတွင်လည်း

အိမ်တံခါးမဖွင့်ပေးပဲနှင့် ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြခြင်း

ညလယ်စာမကျွေးခြင်းများကို အထူးတားမြစ်ပါသည်။ ထိုကိစ္စရပ်များကို

နားဖာကလော်သည့် သံတုတ်လက်နက်ကိုင်၍ အကြမ်းဖက်ချေမှုန်းသင့်လျှင်

ချေမှုန်းမည်။ ထို့ပြင် အိမ်ပြန်နောက်ကျသည့်အခါများတွင်

အိမ်ရှေ့ဧည့်ခန်းတွင်ထိုင်၍သော်လည်းကောင်း၊ အိပ်ငိုက်၍သော်လည်းကောင်း

ကျွန်တော့်အားစောင့်နေရန်မလိုပါ။ ထမင်းစားခန်းထဲတွင် ညလယ်စာပြင်၍

ထမင်းပူပူအား ယပ်ခတ်ပေးရင်းစောင့်နေရင် လက်ခံပါမည်။


ခြောက်အချက် - ကလေးချစ်တတ်ရပါမည်။ ကျွန်တော့်မျိုးဆက်သစ်များဖြင့် အနည်းဆုံး

ဖူဆယ် (Fusal – Street Soccer) ဘောလုံးအသင်း ၅ယောက်

တစ်သင်းဖွဲ့နိုင်လျှင် လုံလောက်ပါပြီ။


ခုနှစ်အချက် - ကျွန်တော်ဆေးလိပ်သောက်လျှင်လည်း အနားတွင်နေ၍

နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်ပြခြင်း၊ လက်ဖြင့် အငွေ့များကိုခပ်ကာ

မျက်နှာကိုရှုံ့မဲ့ထားခြင်းများ မလုပ်ရပါ။ ဆေးလိပ်ငွေ့ကင်းဝေးရာသို့

အေးအေးလူလူ လမ်းလျှောက်ထွက်ခွာခွင့်ပြုသည်။ ဆရာဝန်သုံးသည့်

နှာခေါင်းအုပ်သည့် မျက်နှာဖုံးများလည်း အလိုရှိသလောက်

ဝယ်ထားခွင့်ပြုမည်။


ရှစ်အချက် - ကျွန်တော့်အဖေနှင့် အမေကို သူ၏ အဖေ အမေအရင်းကဲ့သို့

သဘောထားရပါမည်။ ကျွန်တော်က သူ့အဖေအမေကို ယောက္ခထီး၊

ယောက္ခမ အနေဖြင့် ရိုသေလေးစားပါမည်။


ကိုးအချက် - အလုပ်မှအိမ်ပြန်ရောက်သည့်အခါ ကော်လာကို စစ်ဆေးခြင်း၊

မိန်းကလေးရေမွှေးနံ့ရမရ အယ်ဇေးရှင်းကဲ့သို့ အနံ့ခံခြင်းအား ကန့်ကွက်သည်။

ထိုအရာများအစား သနပ်ခါးလူးထားသော ပါးပြင်နှစ်ဘက်ဖြင့်

အာပွားရှလူးပေးကာ နွေးထွေးစွာကြိုဆိုရမည်။ (ဟေး..ဟေး…ငါကွ)


တစ်ဆယ်အချက် - ပိုက်ဆံရှာရသမျှကို ကျွန်တော့်မိဘအားလစဉ်ထောက်ပံ့၍

ကျန်သည့်ပိုက်ဆံအား အကုန်အပ်ချင်သည့်အခါတွင် အပ်မည်။

တစ်ခါတစ်လေတွင် ရန်ဘုံးငွေထား၍ ဒိုရှိင် သုံးစရာရှိသည့်အရာများကို

ကပ်ဒိုးလေးအသုံးချမည်ဖြစ်သည်။


နောက်ဆုံးအချက်အနေနှင့် မယားဝတ်တရားငါးပါး၊

ကောင်းခြင်းအင်္ဂါမှန်သမျှနှင့် ပြည့်စုံကုံလုံစရာမလိုအပ်ပါ။ တစ်ပါးနှစ်ပါး

ချို့ယွင်းနေလျှင်လည်း သဘောထားကြီးစွာဖြင့် ခွင့်လွှတ်မည်ဖြစ်သည်။


အထက်ပါအချက်များအပြင် ကျွန်တော်အခါအားလျှော်စွာ ထပ်မံဖြည့်စွက်သည့်အချက်များကို ခံတန်တန်မလုပ်ပဲ လိုက်နာနိုင်သည့်သူဖြစ်ရမည်။


(ကဲ..လေးမရေ တက်ဂ်လုပ်ထားတာ ဒီလောက်ဆိုရပြီလား… ဟား ဟား)

Sunday, February 3, 2008

အလင်းနှစ်များ၏ရာဇဝင်


ပန်းပုနတ်သားဈာန်ဝင်စား၍ အချိုးအစားကျနစွာသွန်းလုပ်ထားသော ခေါမနတ်ဘုရားမ ရုပ်ထုတွင် သူမ ဝိဥာဉ်ကိန်းအောင်းနေလေမလား? အာခေါင်ခြစ်၍ ပါးပြင်းအမောက်များထောင်ကာ မာန်ဖီနေသော တိမ်မည်းများနောက်ကွယ်တွင်ရော? နေရောင်ခြည်များဖြာကျ စီးဆင်းနေသော ပင်လယ်ရေပြင်အောက်က ကျောက်စွယ် ကျောက်ခက်များကြားတွင်ရော? အစိမ်းရောင်ခပ်ပါးပါး ဖြင့်လေယူရာယိမ်းနေသော မြက်ပျိုပင်မများကြားတွင်ရော? ရီဟားနား၏ ချိုရှရှ အသံများကြားတွင်ရော? ဖြေရှင်းရခက်သော သင်္ချာပုစ္ဆာများတွင်ရော? တဂိုး၏ ကဗျာတစ်ပုဒ်တွင်ရော? ……..? ……….? ........?


“…………”


နာမည်(သို့) ပညတ်တစ်ခုကို အော်ခေါ်ရင်း ကျွန်တော်နွမ်းလျစွာလဲကျသွားခဲ့သည်။ နာမည်ကြောင့်လူများကိုခေါ်နေရသည်လား? လူများကြောင့် အမည်နာမများမှည့်နေရသည်လား? သူကိုယ်တိုင်ရောက်နေသည့်နေရာကလည်း သဲကန္တာရတစ်ခု၏ ဗဟိုတစ်ခုတွင်လိုလို…ပင်လယ်ကမ်းစပ်က သဲသောင်ပြင်ပေါ်တွင်လို…သို့သော် သဲများက အနက်ရောင်သဲပွင့်များဖြစ်နေသည်။ ထို့အတူ ကောင်းကင်ကလည်း ပိန်းပိတ်အောင်မှောင်မဲနေလေသည်။ သေချာသည် အနက်ရောင်ပန်းချီကားတစ်ချပ်ထဲတွင် သူပိတ်မိနေလေပြီ။

“အား”


ကျွန်တော့်တွင်ကြွင်းကျန်ရစ်နေသေးသော အားအင်များကုန်သွားအောင် အော်ဟစ်ပစ်လိုက်သည်။ လူတစ်ယောက်အနက်ရောင်ပန်းချီကားတစ်ချပ်ထဲရောက်နေသည်လောက် လောကတွင် ကြောက်စရာကောင်းသော အချိန်မရှိဟု မသိစိတ်က သိနေလေသည်။


ဤသို့ဖြင့် အချိန်အကန့်အသတ်ကင်းမဲ့စွာ အနက်ရောင်အကျဉ်းထောင်ထဲတွင် ကျွန်တော် နေခဲ့ရလေသည်။ ဝမ်းဟာ၍စားတော့လည်း အမှောင်ထဲတွင် ရမ်းသမ်း၍စမ်းမိသော အနက်ရောင်တောက်တောက်သစ်သီးများ…၎င်းတို့၏အရသာများမှာလည်း တူးခါးလွန်းလှသည်။ အာသာပြေတစ်ကိုက်နှစ်ကိုက်ကိုက်၍ ပြန်ထွေးထုတ်ပစ်ရသည်။ သောက်တော့လည်း အနက်ရောင်မင်ရေကဲ့သို့ ရေများ သူ့လည်ချောင်းထဲကတဆင့် ဝမ်းဗိုက်အစာအိမ် ကလီစာများ သူ့ခန္ဓာကိုယ်အတွင်းပိုင်းများ အထိအနက်ရောင်အရည်များ စိမ့်ဝင်သွားကြသည်။ သူ့အသားအရေများလည်း တစ်ဖြည်းဖြည်းချင်းနှင့် အနက်ရောင်ပြောင်းနေလေပြီ။ သူ့တစ်ကိုယ်လုံးအား အနက်ရောင်မှော်ဆရာမတစ်ယောက်က သူမ၏ဝတ်ရုံနက်ဖြင့်လွှမ်းခြုံလိုက်လေပြီ….


ထိုဝတ်ရုံနက်ကိုခြုံရင်းဖြင့်ပင် ဘာမျှမမြင်ရသော စမ်းတဝါးဝါးခရီများလျှောက်ခဲ့သည်။ လမ်းလျှောက်ရင်း တစ်ခါတစ်လေ သွေးရူးသွေးတန်းပြေးလွှားရင်း အနက်ရောင်ကျောက်ခဲ ကျောက်ဆောင်များဖြင့် ပွန်းပဲ့ခြစ်ရှကာ ခြေထောက်နှစ်ဘက်မှ သွေးမည်းမည်းများ သဲပွင့်နက်များတွင်းသို့ စိမ့်ဝင်ပျောက်ကွယ်သွားကြလေသည်။ သို့သော်လည်းအလင်းရောင်တွေ့လိုတွေ့ငြား ဆက်လျှောက်လာခဲ့သည်။ ပြေးလွှားလာခဲ့သည်။ ထို့သို့လမ်းလျှောက်ရင်း ပြေးလွှားရင်းဖြင့် တော်တော်ခရီးရောက်နေပြီဟု ကျွန်တော်စိတ်ထဲတွင်ထင်နေသော်လည်း နဂိုရောက်ခဲ့ဘူးသောနေရာများသို့ ပြန်လည်ရောက်ရောက်လာလေသည်။ သွားပြီ အနက်ရောင်ဝင်္ကဘာထဲတွင် ကျွန်တော့်ဝိဥာဉ်ပိတ်မိနေလေပြီ….


“…………..”


ထိုနာမည်ကိုပဲ ကျွန်တော်ထပ်မံ၍ တိုးတိုးလေးညည်းတွားမိလိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်ကောင်းကင်ပြင်၌ အဖြူစက်လေးတစ်စက်ပေါ်ထွက်လာကာ ကျွန်တော်ရောက်ရှိနေသော ပန်းချီကားပေါ်တွင်အုပ်ထားသော အဝတ်ကို တစ်ဘက်မှလူတစ်ယောက်က တဖြည်းဖြည်းချင်းလှန်ကြည့်လိုက်သလိုမျိုး အလင်းတစ်စနှစ်စမှ ကောင်းကင်တစ်ခုလုံး လင်းချင်းလာကာ ကျောင်းစိမ်းဝတ်စုံဖြင့်ကောင်မလေးတစ်ယောက်၏ အရိပ်တစ်ခုက ထိုအလင်းရောင်ထဲတွင် ထင်ဟပ်လာလေသည်။


“ဟင်……မြတ်” အဖြူအစိမ်းဝတ် ကျောင်းသားဘဝတုန်းက ဖြူစင်စွာ မြတ်နိုးရသော သူမဖြစ်နေလေသည်။ အနက်ရောင်ပန်းချီကားအတွင်းပိုင်းမှ လူတစ်ယောက်က သူမအားလှမ်းကြည့်နေသည်ကို သိမှသိပါလေစ။ ပါးနှစ်ဘက်တွင် ပါးကွက်ကြားလေးနှစ်ခုဖြင့် ပါးချိုင့်များပေါ်လွင်အောင် ပန်ဆင်တတ်သည့် အပြုံးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုအချိန်တွင် သူမ၏အနောက်ဘက်မှ လူတစ်ယောက်၏ ရုပ်ပုံပေါ်လာကာ သူမ၏ပခုံးကိုလှမ်းဖက်လိုက်လေသည်။ သူမ၏ အဝတ်အစားများမှာလည်း ကျောင်းစိမ်းဝတ်စုံမှ ခေတ်စားနေသော ဖက်ရှင်ဒီဇိုင်းပုံစံသို့ပြောင်းသွားကာ ထိုလူနှင့်လက်ချင်းချိတ်၍ ထွက်သွားလေသည်။ ကျွန်တော်ငေးကြည့်နေမိသော ကောင်းကင်လည်း ရုတ်ချည်းအမှောင်ပြန်ဖုံးသွားလေသည်။



သက်ပြင်းတစ်ချက်ရှိုက်ကာ အနက်ရောင်သောင်ပြင်ပေါ်တွင် ခြေရောလက်ရောပစ်၍ ထိုင်ချလိုက်သည်။ မှောင်မည်းနေသော ကောင်းကင်ကြီးအား မှိုင်တွေတွေနှင့်ငေးကြည့်နေတုန်း အလင်းရောင်ပါးပါးလေးတစ်ဖန်ပြန်လည် သမ်းလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့လိုက်ရလေသည်။ ဒီတစ်ကြိမ် ပန်းချီကားကို မမှိတ်မသုန်စိုက်ကြည့်နေသည်မှာ ကျက်သရေရှိသောကောက်ကြောင်းတစ်ခုဖြင့် ထာဝစဉ်ကျော့ရှင်းလှပနေတတ်သော “မ” ဖြစ်နေလေသည်။ ထုံးစံအတိုင်း သူမအလှက မဟာဟန်ဖြင့် ကဗျာဆန်လွန်းလှသည်။ ခရမ်းရင့်ရောင်ရင်ဖုံး အင်္ကျီနှင့် အနက်ရောင်ပေါ်တွင် အဖြူရောင်ပန်းပွင့်များဖြင့် ပုံဖော်ထားသော ချိတ်ထမီကို ခြေမျက်စိဖုံးအောင်ဝတ်ဆင်ထားလေသည်။ သူမ၏ အမြဲလိုလို စိုးရိမ်မကင်းတတ်သောမျက်ဝန်းများဖြင့် ကျွန်တော်အကျဉ်းချခံထားရသော ပန်းချီကားကိုစိုက်ကြည့်နေလေသည်။ ကျွန်တော်အထဲတွင်ရှိနေသည်ကို မ..သိများသိသွားပြီလား? ဖြစ်နိုင်သည်။ မ…မျက်လုံးများက အရောင်များတောက်ပလာသည်။ ထို့နောက်တစ်ဖန် ဖျော့တော့သွားပြန်ကာ သူမနှုတ်ဖျားမှ စကားသံသဲ့သဲ့ထွက်လာသည်။ “တို့တွေအသက်ကကွာလွန်းပါတယ်ကွာ…နောက်ဘဝဆိုတာရှိတယ်ဆိုရင်တော့….” ထိုအချိန်တွင်ပဲ “ဟုပ်…” ဆိုသည့်အသဲံဖြင့် ဖယောင်းတိုင်မီးကို တစ်စုံတစ်ယောက်ကမှုတ်လိုက်သလိုမျိုး ကျွန်တော့်ဝန်းကျင်တစ်ခုလုံး ပြန်လည်အမှောင်ကျသွားလေတော့သည်။


တစ်ခါတော့ကျွန်တော်ရှိနေသည့် အနက်ရောင်ပန်းချီကား၏ သစ်ပင်ပေါ်တွင် မနက်ခင်း၏ ပြာလဲ့လဲ့အလင်းတန်းတစ်ခုနှင့်အတူ အစိမ်းရောင်ငှက်ငယ်တစ်ကောင် လာရောက်ခိုနားသည်။ ထို့နောက်တွင်တော့ နှုတ်မဆက်ပဲနှင့်ပြန်လည်ထွက်ခွာသွားပြန်သည်။ အစကတည်းက အတောင်ပံပါလာခဲ့တာပဲ….တစ်ချိန်ကြရင် ပျံသန်းသွားမယ်ဆိုတာ ကျွန်တော်သိနှင့်ပြီးသားဖြစ်သည်။


ထိုသို့နှင့် အမှောင်များနှင့်ပြန်လည်နေသားကြလာခဲ့သည်။ အနက်ရောင် ခြောက်ကပ်ခြင်းများနှင့်ကခုန်တတ်လာခဲ့သည်။

အနက်ရောင် ကောင်းကင်…..

အနက်ရောင် တိမ်တိုက်များ….

အနက်ရောင် တောင်တန်း…..

အနက်ရောင် စမ်းရေစီးသံများ…

အနက်ရောင် ကျောက်ဆောင်….

အနက်ရောင် ငှက်ဆိုး….

အနက်ရောင် ပင်လယ်….

အနက်ရောင် သဲသောင်ပြင်….

အနက်ရောင် …….

အနက်……..

အ……….

…..….

….

..

မိတ်ဆွေ ကျေးဇူးပြုပြီး သင့်ရှေ့တွင်ရှိသော အနက်ရောင်ပန်းချီကားတစ်ချပ်ကို ဆွဲဆုတ်ပစ်လိုက်ပါ။

ဝထ္တ