Showing posts with label Essay. Show all posts
Showing posts with label Essay. Show all posts

Wednesday, February 17, 2010

ဟေမာနေဝင်း သီချင်းကဗျာ (ဇော်ဇော်အောင်၊ သဘင် ၊ ၁၉၈၆ သြဂုတ်)

မွှေးပျံ့သော ပန်းခင်းမှ ပန်းခြင်းတစ်ခုစာ အပြာရောင်ပန်းများ ခူးယူခဲ့ပြီးနောက် ဘယ်သူ့ထံမှောက် အရောက်ခစား၍ ပန်းများကို ပေးအပ်ရပါမည်နည်း။ ဆောင်းဦးပေါက် တစ်နေ့တာအတွက် ကဗျာများ ဖူလုံစွာ စပ်ပြီးပြီလား။

မနေ့က ကဗျာများသည် သည်ကနေ့ ကဗျာများကို ဖျော့တော့စွာ ငြင်းဆိုနေကြကြောင်း ကြားသိလိုက်ရသောကြောင့် စိတ်မသက်သာ။ ကဗျာက ငြင်းသည်လား၊ လူကငြင်းသည်လား။ ရောင်ဝါမထွန်းချမ်းရှာလွန်း၍၊ တည့်မွန်းချိန်နေ၊ ရောက်လွယ်စေဟု…။နေက ချမ်းသည်လား၊ လူကချမ်းသည်လား။

မြို့မငြိမ်း၏ ရေချိုးဆိပ်အနားက သစ်ဖောင်ပေါ်မှာ ကြောင်တစ်ကောင်ရှိ၏ ထိုကြောင်ကို ဘယ်သူပင်ပန်းကြီးစွာ ရေချိုးပေးနေသည်လဲ။

ပန်းတွေဝေနေအောင် ပွင့်နေသည်။ ပန်းတွေနှင့်ဝေ၊ ပန်းကလေးတွေနှင့်ဝေ၊ တွေနှင့်ဝေ။ ဒေါ်စိန်ငုံ သီချင်းဆိုနေသည်။ မောင်ဝဏ္ဏ ရုပ်ရှင်ရိုက်နေသည်။ ပန်းကလေးတွေနှင့်ဝေ၊ ပန်းတွေနှင့်ဝေ၊ ကတ္တီပါပန်းခင်းထဲမှာ ကျက်သရေ ကင်းမဲ့စွာ ရာဘာဖိနပ် သဲကြိုးပြတ်တစ်ဖက်။ ကျေးဇူးပြု၍ မနေတတ်သူများ ထိုဖိနပ်ကို ကာသိကရာဇ်တိုင်း ဖြစ် ပိုးသားစစ်စစ် ပုဆိုးတစ်ထည်ဖြင့် ထုပ်၍ စကြဝဠာ အပြင်ဘက်သို့ သွားရောက်ပစ်ချခဲ့ပါ။

ရွာထဲသို့ အရူးဝင်သောအခါ ကလေးတွေဆူ၏။ အကြီးအကျယ်ဆုံး ဟာသ တစ်ပုဒ်ကို ရေခဲတုံးဖြင့် ပန်းပုရုပ် ထုလုပ်နေကြသည်လား။

နေရောင်ချည် ဖြန့်ကျက်သော နံနက်ခင်း၏ နှင်းမြူဇာမှာ ရွှေရောင် ငွေရောင် အကွက်ဆင်များ သံစဉ်ညှိ၍ ဖူးပွင့်လာပါစေ။ ‘ထိုအခါ နေခြည်နှင်းမြူဇာကို ထက်အောက်ဆင်တူ ဝတ်စုံချုပ်၍ ကောလိပ်ဂျင်နေဝင်း၏ သမီးကလေးကို မွေးနေ့လက်ဆောင်ပေးလိုက်ကြပါ။ သူသီချင်းဆိုနေပါစေ’။ သီချင်းသံပဲ ကြားပါရစေ။ အေးအေးဆေးဆေး နားထောင်စမ်းပါရစေ။ သူတို့မရှိဘဲ သူတို့မပါဘဲ ဘဝသည် အလိုလိုမောနေ၏။ မျောနေ၏။ မွန်းနေ၏။ အမောသမား၊ အမျောသမား၊ အမွန်းသမားများ သံသရာရေးပြင်မှာ ရေနစ်၍ မသေ၊ အခုတလော နားကြောပြတ်၍ သေကြရလျှင် တစ်စုံတစ်ယောက်တော့ ဝမ်းသာပေလိမ့်မည်။

မိုက်မလင်းနိုင်ဘု၊ မြိုက်ခင်းညာဆီမျာ ခါတော်မီ သီမဝေ့နိုင်ဘု၊ သည်ကွေ့မှာ၊ ခါတော်မီ သီသီလေးတောင် မဝေ့နိုင်ဘု၊ မိုက်မလင်းနိုင်ဘု၊ သည်ကွေ့မှာ၊ နေကုန်မျောရှာကြ၊ ခါတော်မီ၊ ခါတော်မီ၊ သည်ကွေ့မှာ၊ တစ်နေကုန်အောင်မျော၍၊ ခါတော်မီ၍ သည်ကွေ့မှာ… ဟေမာနေဝင်း သီချင်းတစ်ပုဒ်လောက် ထပ်ဆိုပါ။ ‘မင်းအဖေကို တို့ သတိရသည်’။ ပါးစပ်အလှဆုံး၊ သွားအလှဆုံး၊ မေးရိုးအလှဆုံး သမီးလေးကို မွေးမှမွေးတတ်ပလေ။

အရူးတွေမလာနှင့်။ မိမဆုံးမ ဖမဆုံးမ ကလေးတွေ၊ မလာနှင့် ပန်းခင်းထဲမှာ ပန်းတွေ ညှိုးလျော်နေသည်လော။ ရေလောင်းပါ၊ ပေါင်းသင်ပါ။ မြေကို ဆွပါ။ နှင်းမိုးများ ရွာသွန်းဖြိုးအောင် သိပ္ပံပညာကို အကူအညီတောင်းပါ။

အဝါရောင်တိမ်တိုက်များ၏ ဖွားရာဇာတိသည် ပိတောက်ပန်းဖြစ်၏ မအူမလည် နိုင်ငံရေး စကားလုံးများ၏ ဖွားရာဇာတိသည် ညစ်ထေးသော သမိုင်းသဲမြေပွပေါ်မှ ခြောက်သွေ့နေသော တံတွေးကွက်များဖြစ်၏။ အကောင်းဆုံးကတော့ မသိဘဲနှင့် ဝင်ဝင်မပြောနှင့်။ ဟိုမှာ သီချင်းသံများ ဝဲပျံလာနေသည်။ မြက်ခင်းပေါ်က သစ်ရွက်ခြောက်ကို ကောက်၍ပစ်။ ကော်ဇောအသစ်ကို ဖုန်ကောင်းစွာ ခါ၊ ထိုနေရာမှာ ဖြန့်ခင်း၊ သီချင်းသံကို နေရာပေးပါ။

ရင်ထဲမှာ မီးပုံ။ အဂ္ဂဘုံမှာ ကဗျာဆရာများ နေ၏။ သူ၏မှတ်ပုံတင် ကတ်ပြားနှင့် အိမ်ထောင်စုစာရင်းသည် သူ့ကဗျာများဖြစ်၏။ သူသည် ထမင်းကို စားသူမဟုတ်၊ ကဗျာကို စားသူဖြစ်၏။ ကဗျာနှင့် နေသည်။ ကဗျာကို နေသည်။ ကဗျာတွင် နေသည်။ ကဗျာအား နေသည်။ ကဗျာကြောင့် နေသည်။ ကဗျာက နေသည်။ ကဗျာမှ နေသည်။ ကျောက်စီခြယ် ရွှေကလာပ်မှာ လိမ်းကပ်သည့် မြူမှုန်ဖယ်၍ ကဗျာကိုထားပါ။ ကဗျာကို ဆရာလိုထားပါ။ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံးဟု ကမ္ဗည်းထိုးပါ။ ဆော့ခရိတ္တိခေတ်မှာ လူသွား၍ ဖြစ်သူကို စောင်အဖြူတစ်ထည် ကိုယ်မှာပတ်၍ ကျောင်းသားလှေကားထစ်များပေါ်မှာ မတ်တတ်ရပ်စေ၍ မိန့်ခွန်းခြွေခိုင်းပါ။ ခေါမခေတ်၊ ရောမခေတ်၊ ဘောမခေတ်၊ သောမခေတ်တွေ၏ ရှေ့အဝေးကြီးမှာ ကဗျာရောက်နေပြီဖြစ်ကြောင်းကိုတော့ သူကောင်းစွာ သိဖို့လိုမည် မထင်ပါ။ ကဗျာဆရာသည် စပါးစိုက်သူမဟုတ်။ ကားဘော်ဒီထုသူမဟုတ်၊ မိုက်ကရိုချစ်(ပ) ထုတ်လုပ်သူမဟုတ်။ ရက်ကန်း ရက်သူမဟုတ်။ လက်သမားမဟုတ်။ သိပ္ပံပညာရှင် မဟုတ်။ သုတေသီ မဟုတ်။ ကျမ်းသုံးထောင် ကုန်အောင်ဖတ်သော ပါမောက္ခမဟုတ်။ ဆရာဝန်မဟုတ်။ ကချေသည်မဟုတ်။ တပ်မှူးမဟုတ်။ ဂေါ်ဖီထုပ်ရောင်းသူမဟုတ်။ ဒဿနိကဗေဒ ပညာရှင်မဟုတ်။ ဖန်ခွက်ဆိုင်ထဲ ဝင်သည့်ကျွဲလို မည်းမည်းမြင်တိုင်း ဝင်ခတ်သူမဟုတ်။ ဝေဖန်ရေးဆရာ မဟုတ်။ ထိုသူအားလုံး ဟုတ်ချင်ဟုတ်မည်။

ကဗျာဆရာသည် ကဗျာဆရာဖြစ်၏။ ဟေမာနေဝင်း ဘာပြောချင်သလဲ။ သီချင်းကလေးထဲက အရဲစွန့်ပြီး ပြောစရာမလို။ ရဲရဲဝံ့ဝံ့သာ ပြောလိုက်ပါ။ ကဗျာဆရာသည် ကဗျာဆရာဖြစ်သည်ဟု ရဲရဲဝံ့ဝံ့သာ ပြောလိုက်ပါ။ မဆိုင်သောအရာတွေ လေကြောရှည် နေသူများကိုလည်း မင်း၏ပျားရည်အသံကလေးဖြင့် ခြေထောက်လှလှကလေး တစ်ချက် ဆောင့်၍ သွားကြစမ်း…တိတ်ကြစမ်းဟု ငေါက်လိုက်ပါ။ ကမ္ဘာလောက၏ ကောင်းချီးပေးသံတို့ဖြင့် သူတို့ကို နှစ်မြှုပ်ပြီးသား ဖြစ်သွားပါလိမ့်မည်။

အနာဂတ်အတွက် နေခြည်အသစ်တို့ ဖွင့်လှစ်ပေးသော မိုးကောင်းကင်မှာ ကဗျာရှိနေမည်မှာ သေချာပါ၏။ ဆာလောင်ခြင်း၊ မွတ်သိပ်ခြင်း၊ မပြည့်စုံခြင်း၊ အထိတ်တလန့်ဖြစ်ရခြင်း၊ ဖြေရှင်းမရခြင်း၊ အနှစ်သာရကင်းမဲ့ခြင်း၊ ရဲဝံ့စွာ မရယ်မောနိုင်ခြင်း ထိုအရာအားလုံးကင်းသောနေရာနှင့် အချိန်က ကဗျာကို မျှော်လင့်စောင့်စား၏။

တဖွဲဖွဲကြွေ၍ မြေပြင်မှာ အဝါရောင်ပန်းကော်ဇောခင်းသည့် ပိတောက်ပင်ခြေရင်းမှာ ပလ္လင်ဆောက်၍ ကဗျာကို လောက၏ ဘုရင် အဖြစ် မြှောက်ကြမည်။ တညင်းသီး၊ ကြွက်စုတ်နှင့် ကွန်မြူနစ်ဝါဒ မရှိသော ကော်ဖီဆိုင် ထီးအကျားအောက်မှာ ကော်ဖီသောက်ရင်း ကဗျာကို စောင့်ကြမည်။ အကောင်းဆုံး အကြံ ပေးလိုက်မည်။ ခပ်ဝေးဝေးသွားကြ။ ဆာလောင်သည်၊ မွတ်သိပ်သည်၊ မပြည့်စုံ၊ ထိတ်လန့်သည်၊ ဖြေရှင်းမရ၊ အနှစ်သာရ၊ ဗလာ၊ ရဲဝံ့စွာ ရယ်မော။ ငါတို့ သီချင်းနားထောင်နေသည်။ ငါတို့ ကဗျာဖတ်ချင်သည်။ ကဗျာသောင်စပ်မှာ ကဗျာဟု စာလုံးရေးလိုက်ပြီးသည်နှင့် လှိုင်းခေါင်းဖြူ အမြှုပ်ဖွေးတို့က ရေဆေး၍ ချလိုက်၏။ သဲပြင်ပေါ်မှာ ကဗျာ၏ ခြေရာ၊ ကဗျာ။ ကျောက်သားပေါ်မှာ၊ ပန်းပွင့်ပေါ်မှာ၊ လွယ်အိတ်ထဲမှာ၊ လှေကားပေါ်မှာ၊ ပန်းကန်ပြားပေါ်မှာ၊ လရောင်ခြည်ထဲမှာ၊ နှင်းမှုန်ထဲမှာ၊ ဝါးရွက်ကြားမှာ၊ ယုဇနပင်အောက်မှာ၊ သရက်ပင်ထိပ်ဖျားမှာ၊ ပင်လယ်ထဲမှာ၊ ဘဏ်တိုက်ထဲမှာ၊ အက်ဖ် ၁၆ လေယာဉ်ပျံပေါ်မှာ၊ ပင်လယ်ထဲမှာ၊ ဧဝရတ်တောင်ထပ်မှာ၊ မြစ်ကြီးနားမှာ၊ ပုဂံယွန်းကျောင်းမှာ၊ စိန်ဗေဒါကြီး၏ ကျောက်ရုပ်မှာ၊ တစ်နေ့နေ့လူသန့်သွားသော ကမ္ဘာကြီးမှာ…ကဗျာတွေ။ တစ်နေ့နေ့လူသန့်သွားသော ကမ္ဘာကြီးမှာ…ကဗျာတွေ။ ညင်သာစွာ တီးမှုတ်၍ မန္တလေးကျုံးတော်တွင်းက ရေကင်းသံဖြင့် လူသန့်သွားသောအခါ၊ တစ်နေ့နေ့၊ မန္တလေးကျုံးတော်တွင်းက ရေကင်းသံဖြင့် ကဗျာကို ကြိုဆိုကြပါမည်။ မန္တလေးမှာ လူသန့်သွားသောအခါ။ တညင်းသီးဆားရည်စိမ်ရယ်၊ ကြွက်စုတ်ရယ်၊ ကွန်မြူနစ်ဝါဒရယ် မရှိသော သောင်စပ်က ကော်ဖီဆိုင်လေးမှာ။ ရေခဲစိမ်ကော်ဖီနှစ်ခွက်ကို ကဗျာများများထည့်၍ ပါးစပ်အားနေလျှင် ချောင်းဆိုးပါ။ ဝင်ဝင်မပြောပါနှင့်။ လက်အားနေလျှင် တယောထိုးပါ။ တယောထိုးပါ။ ချောင်းဆိုးပါ။ သို့မဟုတ် အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်မက်ထဲမှာ နီရိုးဘုရင် ကိုတွေ့လျှင် နှုတ်ဆက်ဖြစ်အောင်ဆက်ပါ။ သူ့ကို ကဗျာအကြောင်း သွားမစပါနှင့်။ မိုးဦးစောမည်။ မြစ်ရေကြီးမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင်များ ကြိုတင်ပြောကြကောင်းပါရဲ့။ ကဗျာမြစ်သည် ကောင်းကင်မှာ စီးဆင်းနေ၏။ အမှိုက်ပုံထဲမှာ လူတစ်ယောက်၏ ကျောရိုးတစ်ချောင်းနှင့် လူတစ်ယောက်၏ ဦးနှောက်တစ်ခြမ်းပဲ့။ တူးကော်…ကဗျာများ…သကြားချိုချို။

လူသန့်လျှင် ကဗျာသန့်မည်။ သီချင်းတွေချိုမည်။ စိတ်ထားတွေချိုမည်။ နားလည်လာ၍ ချိုမည်။ ယုံကြည်လာ၍ ပိုချိုမည်။ ပြည့်စုံလာ၍ ချိုမည်။ စားကောင်းသောက်ဖွယ်များဖြင့် ချိုမည်။ တကယ်ပြည့်စုံလာမည့် ကတိစကားများဖြင့် ချိုမည်။ အချစ်များဖြင့် ချိုမည်။ မိုက်မလင်းနိုင်ဘု၊ ကျောက်စီခြယ်ရွှေကလာပ်မှာ ကဗျာသည် ဘုရင်ဖြစ်၏။ ကဗျာမြစ်ကောင်းကင်မှာ စီး၏။ ခါတော်မီ သီမဝေ့နိုင်ဘု၊ သည်ကွေ့မှာ ကဗျာသည် အကြီးအကျယ် အမြင့်မြတ်ဆုံး ဖြစ်၏။ ကတ္တီပါပန်းခင်းထဲက တမ်းချင်းအသစ်ရွှေကဗျာ။ သံစဉ်သွင်း၍ သီချင်းဆိုသောအခါ ဟေမာနေဝင်းဆိုပါစေ။ အဝေးဆုံးတစ်နေရာ မြစ်ညှာအရပ်ဆီမှ သစ်ရွက်စိမ်းများ ညှော်နံ့ရသည်။ ပြောင်းပြန် မြင်ရသော ခပ်ဝေးဝေးက ရေတံခွန်တစ်ခုပမာ၊ မီးခိုးများ ခွေလိပ် တွန့်တက်နေသည်။ သီချင်းများ၊ ကဗျာများ လွတ်ရာကို ရွှေ့၍ထားပါ။ အုတ်ခဲနှင့် ကျောက်တုံးများ လူအုပ်ထဲရောက်နေသည်။

ရွာလယ်မှာ ကလေးတွေဘာကြောင့် ဆူနေကြသလဲ၊ မွှေးပျံ့သော ပန်းခင်းထဲမှ ပန်းခြင်းတစ်ခုစာ ပန်းအပြာရောင်များ ခူးပြီးနောက် ကဗျာဆရာကို ကမ္ဘာလောက၏ လက်ဆောင်အဖြစ် ပေးအပ်ကြမည်။ ကောလိပ်ဂျင်နေဝင်းသမီးကလေး သဘောတူပါရဲ့လား။ သူတို့ကို ငေါက်ငမ်းပစ်လိုက်စမ်း။ လူသန့်သွားသည်အထိ ကျေးဇူးပြု၍ သီချင်းဆက်ဆိုပါဦး ကလေးမ။

ဇော်ဇော်အောင်
စာပေါင်းသိုက်အက်ဆေးများ

Wednesday, July 29, 2009

ကျွန်တော့်ရည်မှန်းချက်

ကျွန်တော်ရေးမည်။ စာရေးမည်။ အသွေးအသားပေါက်ကွဲမှုတစ်မျိုးအဖြစ် အတွေးစနက်တံကိုမီးရှို့ကာ ကျွန်တော့်လက်များဖြင့် လင်းချင်းစေရမည်။ ကျွန်တော်သည် စာရေးဆရာတစ်ယောက်သာဖြစ်ချင်ပါသည်။ စကားကြီးစကားကျယ်ပြောရလျှင် သူ့ပတ်ဝန်းကျင်လောက အတွက် နေမင်း အလင်းမဟုတ်တောင် ပိုးစုန်းကြူးအလင်းခန့် ထွန်းလင်းချင်ပါသည်။ ထို့အတွက် ကုန်သည်မဟုတ်၊ စီးပွားရေးသမားမဟုတ်၊ အရင်းရှင်မဟုတ်၊ ခေါင်းပုံဖြတ်သူမဟုတ်၊ နိုင်ငံရေးသမားမဟုတ်၊ ကျောင်းဆရာမဟုတ်၊ သင်္ဘောသားမဟုတ်၊ သူဠေးမျက်နှာထိုင်ကြည့်နေရသော လခစားမဟုတ်၊ မင်းသား မဟုတ်၊ အင်ဂျင်နီယာမဟုတ်၊ ဆရာဝန်မဟုတ်၊ အဆိုတော် အစရှိသဖြင့် တစ်ခြားနည်းဖြင့် အသက်မွေးဝမ်းကျောင်းမဟုတ်….မဟုတ်…မဟုတ်

သို့အတွက် ကျွန်တော်သည် စာရေးဆရာတစ်ယောက်သာဖြစ်ချင်ပါသည်။ ထို့အတွက်ကြောင့် ငယ်ရွယ်စဉ်က ကျွန်တော့်ရည်မှန်းချက်ဆိုသည့် စာစီစာကုံးကို သတိရမိပါသည်။ ထိုစဉ်က သမာရိုးကျအတိုင်း “ရည်မှန်းချက်မရှိသူလူတစ်ယောက်၏ ဘဝသည် တက်မရှိသော ရွက်လှေတစ်စီး အပြောကျယ်သောပင်လယ်ပြင်တွင် လွင့်မျောနေသကဲ့သို့ ကိုယ်လိုရာကမ်းသို့မကပ်နိုင်ချေ။ ထို့အတွက်ကြောင့် ကျွန်တော့်ရည်မှန်းချက်သည် ……..ဖြစ်သည်ဟု” အခြားလူများနည်းတူ စာစီစာကုံးစာအုပ်မှကူးချကာ ရေးခဲ့ဘူးပါသည်။ ဖြန့်ထွက်တွေး၍ ကိုယ့်ကိုယ်ကို ငါဘာကောင်ဖြစ်ရမည်ဟု အတွင်းမြင်ချင်း သိပ်မရခဲ့ပါ။ ကိုယ့်ကိုယ်တိုင် မရိုးသား မပွင့်လင်းခဲ့ပါ။ ရခဲ့သော်လည်း ထိုကဲ့သို့ ရွေးချယ်မှုအတွက် အကျိုးအဆက်အားလုံးအတွက် ဘာမဆိုရင်ဆိုင်ရဲသည့် သတ္တိရှိရပါမည်။ စာရေးဆရာအဖြစ် နာမည်မကြီးခင် ငတ်သည့်၊ ပြတ်သည့်ဒုက္ခ၊ လူတကာက မေးငေါ့သည့်ဒုက္ခ ထိုကဲ့သို့သော အသေးအဖွဲဒဏ်များသာမက အနီးစပ်ဆုံးအဖြစ် မိသားစု၏ ဖိအားကိုပါခံနိုင်ရည်ရှိရပါမည်။

ရွေးချယ်ခွင့်သိပ်မရှိသော ကျွန်တော်တို့ ပညာရေးခေတ်တွင် ကြီးပြင်းလာရသော ကျောင်းသားပီပီ ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်သော ရည်မှန်းချက်များသာများနေခဲ့ပါသည်။ ဘယ်ကလေးကမှတော့ “ငါကြီးလာရင် စာရေးဆရာကြီးဖြစ်ရမည်” ဟု သူ့စာစီစာကုံးတွင်ထည့်ရေးလေ့ရှိမည်မဟုတ်။ ထိုသို့ရေးသည်နှင့် အမှတ် ၁၀၀ မရသည့်အပြင် ဆရာမ၏ ကြိမ်တုတ်သာ လက်ဆောင်မွန်အဖြစ်ရရှိပေလိမ့်မည်။ ထို့အတူ ကတ်ထူစာရွက်တစ်ခုဖြစ်သော ဘွဲ့လက်မှတ်တစ်ခုနှင့် အတူ လူ့စီးမျောမှုတစ်ခုအတွင်း ဝင်၍ အိမ်ထောင်သားမွေးလုပ်ကာ မီးဇာကုန် ဆီခန်းဖြစ်မလား၊ မီးဇာမကုန် ဆီမခန်းခင် နောက်ထပ် မီးတောက် မီးပွင့်များ ကူးပေးနိုင်ခဲ့သလား၊ ဖန်တီးချင်သေးလား စသည်ဖြင့် စဉ်းစားမိပါသည်။

Oxford တက္ကသိုလ်မှ အင်္ဂလိပ်စာပါမောက္ခ G. Gordon ရဲ့အဆိုအရ စာပေအနုပညာဟာ လုပ်ငန်းတာဝန်သုံးခုကို ယူရလိမ့်မယ်တဲ့။ တစ်ခုက နှစ်သက်ကြည်နူးမှုရသကိုပေးမှု၊ တစ်ခုက အမှားအမှန်ညွှန်ကြားဖို့၊ နောက်တစ်ခုက လူတွေရဲ့ ဝိဥာဉ်ကို ကယ်တင်ဖို့နဲ့ နိုင်ငံတော်ကို ကုစားဖို့တဲ့။ (ဇော်ဇော်အောင်- ဝေဝေရီရီဝတ္တု စာမျက်နှာ ၁၁၀တွင်ရှု့) ဒီစကားလုံးတွေက ကျွန်တော့် လမိုက်ညကောင်းကင်တွင် မီးပုံးပျံထွန်းညှိလိုက်သလို လင်းချင်းသွားစေသည်။ ကျွန်တော်တို့ အဘယ်တာဝန်ကို ယူနိုင်ပါသနည်း?

ထိုစာအုပ်ထဲတွင်ပင် စာရေးဆရာဇော်ဇော်အောင်က နိုင်ငံတစ်နိုင်ငံ ချမ်းသာကြွယ်ဝရန် အချက်အလက် မျာမှာ စီးပွားရေးပေါ်လစီမှန်ရမည်။ ကမ္ဘာနှင့်လိုက်လျောညီထွေရှိရမည်။ အလုပ်ကြိုးစားမည်ဆိုလျှင် သယံဇာတမထွက်သော စင်္ကာပူနိုင်ငံပင် ချမ်းသာလာနိုင်သည်။ ဂျပန်လိုကျွန်းငယ်ပင် ပြာပုံထဲမှ နိုးထလာနိုင်သည်။ ရုပ်ပစ္စည်း ချမ်းသာဖို့၊ ကြွယ်ဝဖို့၊ ပြည့်စုံဖို့ဆိုတာ သိပ်မခက်ပါ။ စိတ်ဓာတ်ရေးရာမှာ အားနည်းခြင်း၊အောက်တန်းကျခြင်း၊ချွတ်ချုံကြခြင်းများကို ဖြည့်ဆည်းနိုင်ရန်ခက်သည်။ သိပ္ပံနည်းပညာများဖြင့် မကယ်နိုင် စိတ်ဓာတ်တွင်စွဲကပ်နေသော နာတာရှည် ရောဂါကို ကယ်တင်ရန် စာပေအနုပညာ သာရှိသည်။ နိုင်ငံရေးသမားတွေမကယ်နိုင်၊ သိပ္ပံပညာ၇ှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ ဒဿနပညာရှင်တွေမကယ်နိုင်၊ စာရေးဆရာတွေ၊ ကဗျာဆရာ၊ ဝတ္တုရေးဆရာတွေ၊ စာပေအနုပညာသမားများသာလျှင် ကယ်တင်နိုင်ပေလိမ့်မည်။ အင်္ဂလိပ်ပါမောက္ခပြောစကားအရ
England is sick and English Literature must save it… To save our souls and heal the state ဟုဆိုလျှင် မြန်မာပြည်ကို အင်္ဂလန်ဆိုသည့် စကားလုံးအစား အစားထိုးကြည့်ချင်သည်။
ကျွန်တော်အပါအဝင် လူအများစု တစ်ခြားနိုင်ငံသို့ထွက်ကာ ပညာရှာကြသည်။ အလုပ်လုပ်ကြသည်။ ထိုအထဲတွင်မှ မိမိဇာတိချက်ကြွေမွေးရပ်မြေ နိုင်ငံကိုအချိန်တန်ရင် ပြန်ကာ ခေါင်းချမည်ဟုကြံသူသာများမည်ဟု ကျွန်တော်ထင်ပါသည်။ (တစ်ချို့လူများအတွက် လွဲကောင်းလွဲနိုင်ပါသည်) သို့သော် ထိုထွက်ခွာသွားသော လူများစုမှ ဘယ်နှစ်ရာခိုင်နှုန်း ပြန်ရောက်၍ ခေါင်းချကာ ဘယ်နှစ်ရာခိုင်နှုန်းက တစ်ခြားနိုင်ငံသား ခံယူသွားကြသနည်း? ကျွန်တော့် အမြင်အရ ဒုတိယလူစားမျိုးက များပေမည်။ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကို တစ်ခြားနိုင်ငံသားခံယူပေမည်။ ထို့အတွက် ကျွန်တော်အပြစ်မဆိုပါ။ လူသားတိုင်း ခံယူချက် သဘောထားခြင်းမတူစွာ လွတ်လပ်စွာကွဲပြားခွင့်ရှိကြသည်။ သို့သော် ဆရာဇော်ဂျီ၏ ကဗျာကို သတိရမိပါသည်။
သင်သေသွားသော်
သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။
ကျွန်တော်စဉ်းစားမိသည်မှာသေသောအခါ သူတစ်ပါးတိုင်းပြည်တွင် သရဏဂုံတင်စရာမရှိသောအဖြစ်ဖြင့် မြေသြဇာဖြစ်ချင်သလား? ဘဝ၏နှောင်းပိုင်းအရွယ်တွင် ဘုရားရိပ် တရားရိပ်ဖြင့် အေးအေးသာသာ ဆီခန်းချင်သလား? ကျွန်တော်မွေးသောမြေသည် ထိုအချိန်အထိ ဖုန်းဆိုးမြေဖြစ်နေပစေ ထိုအရပ်တွင်သာ စိတ်ချလက်ချခေါင်းချလိုပါသည်။ ထိုသို့ခေါင်းမချခင် ထိုမြေအတွက် ဖယောင်းတိုင် တစ်တိုင်လောက်တော့ ထွန်းပေးချင်ပါသည်။ ကျွန်တော်တို့အားလုံး၏ ဖယောင်းတိုင်မီးတောက်များ တစ်ယောက်တစ်လက် ဝိုင်းဝန်းပူးပေါင်းလိုက်မည်ဆိုပါလျှင်….

Wednesday, February 13, 2008

သူရူးတစ်ယောက်၏ ညီမလေးသို့……


ညီမလေးရေ…

ခုလိုအချိန်ဆို ပျံလွှားငှက်ငယ်လေးတစ်ကောင်လိုများ လေဟုန်မှာ ပေါ့ပေါ့ပါးပါးဝဲပျံနေမလား?

လိပ်ပြာတစ်ကောင်လို ပန်းပေါင်းစုံပွင့်တဲ့ ဥယျာဉ်ထဲမှာ ပြေးလွှားဆော့ကစားနေမလား?

ဒါမှမဟုတ် နိုင်ငံခြားကချောကလက်တွေစားပြီး ပျော်နေပြီလား?

သစ်ရွက်တွေလည်း ကြွေပြီးရင်းကြွေ ဝေပြီးရင်းဝေနေပြီလေ..


ပြတင်းပေါက်ကကျလာတဲ့ နွေမိုးဆောင်းတွေကလည်း ကိုတို့ရပ်ကွက်ကပြက္ခဒိန်ပေါ်မှာ မနက်ခင်းတွေ ညနေခင်းတွေဆိုရင် ညီမလေးနာမည်အော်ခေါ်ရင်း ခဏခဏ လမ်းလျှောက်ထွက်လာကြတယ်…ကိုက ညီမလေးပြန်မရောက်သေးဘူးလို့ ဖြေရှင်းရတာအမောပဲ။


အိမ်ခေါင်းရင်းက ပိတောက်ပင်လေးတောင် သင်္ကြန်ရောက်ရင် အလှပြင်တတ်နေပြီကွ…ခုချိန်ဆို သူကလည်း ညီမလေးနဲ့အသက်အတူတူပဲလေ…

ညအိပ်ရင်ရောစောင်ခြုံရဲ့လား? ညီမလေးက အရမ်းချမ်းတတ်တယ်လေ။ အဲဒီိနိုင်ငံခြား ဆိုတဲ့နေရာမှာ အရိုးခိုက်အောင်အေးမှာပဲနော်။


အိမ်က ညီမလေးအခန်းကိုတော့ ခြေရာလက်ရာမပျက်ရအောင်ထားထားတယ်။ အခန်းထဲဝင်တိုင်း ညီမလေးအငွေ့အသက်တွေရနေတုန်းပဲပေါ့။ ဒါနဲ့ ညီမလေး အနှစ်သက်ဆုံး မစ်ကီမောက်စ် အရုပ်ကလေးကလည်း ညီမလေးကိုလွမ်းတယ်တဲ့..

ဟိုမှာ အရုပ်အသစ်တွေရောရနေပြီလား? ဒါမှမဟုတ် အခုအချိန်လောက်ဆို အပျိုမလေးတစ်ယောက်လို စိတ်ကစားတတ်နေပြီလား? အခန်းထောင့်က ညီမလေးရဲ့ တယောအိုးနဲ့ ဘိုးတံလေးတောင် ဖုန်တွေတက်လို့ပါလား? ဟောဗျ….နားထဲမှာ ညီမလေးတယောထိုးနေကြ သံစဉ်လေးတွေကြားနေရတယ်။ ညီမလေးက တယောထိုးတဲ့ နေရာမှာပါရမီပါတယ်လေ။ ကမ္ဘာပေါ်မှာ အတော်ဆုံး တယောပညာရှင်ရဲ့လက်သံတောင် ညီမလေးလက်သံလောက် ကိုယ့်နားထဲ နားးထောင်ကောင်းတော့မှာမဟုတ်ဘူး။


ဒါနဲ့အဲဒီမှာ ညဘက်ဆိုရင် အရမ်းမှောင်နေတတ်လား? မှောင်နေရင် ညီမလေးကြောက်တတ်တယ်လေ။ အခုလောက်ဆို အမှောင်ထဲမှာပဲ ကျင့်သားရနေမလား? အရမ်းပဲအားငယ်နေမလား? အစ်ကို တစ်ခါသတိရတိုင်း ညီမလေးဆီမှာ အလင်းဓာတ်လေးတစ်ခုရရင်တော့ ညီမလေး ဆယ့်နှစ်ရာသီ နွေးနွေးထွေးထွေးလင်းလင်းချင်းချင်း နေနိုင်လောက်ပါရဲ့။


ညီမလေးသောက်ခဲ့တဲ့ ဆေးဘူးတွေတောင် ကုတင်ဘေးကစားပွဲခုံလေးပေါ်မှာရှိသေးတယ်။ အဲဒီတုန်းက ညီမလေးတော်တော်စိတ်ညစ်မှာပဲနော်။ ဆေးတွေကို ချောကလက်လိုလုပ်စားရတာ။ ညီမလေးကတော့ မျက်နှာတောင်တစ်ချက်မပျက်ဘူး။ ကိုယ်ကတော့ ညီမလေးဆေးသောက်တာကိုကြည့်ပြီး ဘယ်တော့မှ မဖျားရဲတော့ဘူးကွ။ ဆေးတွေတစ်လုံးပြီးတစ်လုံးထိုးခံရတော့လည်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ အော်ပစ်လိုက်ပါလားညီမလေးရယ်…ငိုပစ်လိုက်ပါလား… အဲဒီတုန်းက ကိုလည်းဆရာဝန်ကိုဆွဲထိုးချင်လိုက်တာ ညီမလေးရယ်.. ကိုသာအဲဒီတုန်းက လူကြီးဖြစ်နေရင်ကောင်းမယ်။ ဆရာဝန်ဆိုတဲ့ငနဲ ညီမလေးအနားတောင်မကပ်စေရဘူး….ဒါနဲ့ အဲဒီတုန်းက ရှည်လျားနက်မှောင်နေတဲ့ ညီမလေးဆံပင်တွေလည်း တော်တော်ကျွတ်တယ်နော်။


ကို မှတ်မိသေးတယ်။ အဲဒီနေ့က ရာသီဥတုကအရမ်းသာယာနေတယ်လေ။ လေပြည်လေးတွေက ညီမလေးအခန်းထဲက ဆည်းလည်းလေးတွေကို အနမ်းလေးတွေ တဖွဖွပေးလိုပေါ့။ အခန်းထဲမှာတော့ ညီမလေးစိတ်ကြိုက် အဖြူရောင်တွေချည်းပဲ မင်းမူလို့၊ နံရံတွေပေါ်ရော ညီမလေး အိပ်ယာခင်းတွေ စောင်တွေပေါ်မှာရောပေါ့။ နောက်ပြီး ညီမလေးတစ်ကိုယ်လုံးလည်း အဲဒီနေ့က အဖြူရောင်လေးဖြစ်နေတယ်လေ။ ဒါပေမယ့် ညီမလေးမျက်နှာလေးကတော့ ထူးထူးခြားခြား ယဲ့ယဲ့လေးပြုံးလို့ရွှင်လို့ပေါ့။ ကိုလည်း ကုတင်ပေါ်မှာလှဲနေတဲ့ ညီမလေးကို ပုံပြောပြနေတုန်း မေမေက ကိုကို့ကို ဒေါ်လေးတို့အိမ်ကို သွားခိုင်းတယ်လေ။ ကိုကလည်း ညီမလေးအနားကမခွာဘူးဆိုပြီး ပေကပ်နေတော့ ဖေဖေက ကို့ကို အတင်းလာခေါ်သွားတာလေ။ ညီမလေးမှတ်မိသေးလား? အဲဒီတုန်းက ညီမလေးကို နောက်ဆုံးတွေ့လိုက်ရတာလေ။ ဒါပေမယ့် ကို့ကို လိုက်ပို့မယ့်ကား အိမ်ထဲကထွက်လာပြီး လမ်းမပေါ်ရောက်တော့ ညီမလေးအခန်းရှိတဲ့ အိမ်အပေါ်ထပ်က အလင်းတန်းကြီးတစ်ခု နေ့ခင်းကြောင်တောင်မှာ တွေ့လိုက်ရတယ်လေ။ ကို့ မျက်လုံးတွေတောင် သေသေချာချာ ပွတ်ကြည့်ရသေးတယ်။ စိတ်ထဲမှာတော့တစ်မျိုးကြီးပဲပေါ့။ ဒါပေမယ့် အလင်းတန်းက နေ့ခင်းကြောင်တောင်ကြီးတောင် ခြံဝန်းတစ်ခုလုံးလင်းလက်နေစေခဲ့တယ်လေ။

ညီမလေးသာ အဲဒီအလင်းတန်းကြီးတွေ့ရင်ပျော်မှာပဲလို့ ဝက်ဝံအရုပ်တစ်ရုပ်ကြေးလောင်းရဲတယ်။


အဲဒီလိုနဲ့ ကို့ကို ဖေဖေက ဒေါ်လေးအိမ်မှာ နှစ်လလောက်သွားထားတယ်လေ။ အဲဒီအတောအတွင်း ကိုလည်းညီမလေးကို လွမ်းလို့ အိမ်ပြန်ပြေးတာ လူကြီးတွေမိသွားလို့ အိမ်အပြင်ထွက်ခွင့် မရတော့ဘူးလေ။ အရှင်လတ်လတ်ငရဲကျနေသလိုပါပဲ။ ဒါနဲ့ ကိုဆုတောင်းတဲ့ အိမ်ပြန်ရမဲ့နေ့ကိုရောက်လာခဲ့တယ်။ ခြံထိပ်ကနေပြီး ညီမလေးနာမည်ကိုခေါ် အိမ်ပေါ်ကိုပြေးတက်တော့ ကို လှေကားရင်းမှာတောင် မှောက်ရက်လဲသေးတယ်။ ဒူးခေါင်းပြဲတာလည်း နာရကောင်းမှန်းမသိပါဘူး။ ရောက်ရောက်ခြင်း ညီမလေးမျက်နှာမြင်လိုက်ရရင် အမောပြေသွားမှာပဲဆိုပြီး ကိုပြေးတက်လာခဲ့တာ။ အခန်းထဲရောက်တော့ ညီမလေးကမရှိတော့ဘူးလေ။ မေမေကညီမလေး နိုင်ငံခြားမှာဆေးသွားကုတယ်တဲ့။ ဘယ်နိုင်ငံလည်းမေးတော့ မပြောပြဘူး။ ဟိုးအဝေးကြီးက နိုင်ငံခြားမှာတဲ့။ အဲဒီအချိန်မှာ ကိုသတိရတာတော့ မေ့မေ့မျက်လုံးတွေလည်း နီရဲနေလေရဲ့။ ကိုက တောင်ပြောလိုက်သေးတယ်လေ။ အော်…မေမေကလည်း ညီမလေးက နေကောင်းရင်ပြန်လာမှာပါလို့။ သားတို့ကို ခွဲမသွားပါဘူးလို့။


ဒါပေမယ့် ညီမလေးက နေနိုင်တယ်နော်။ အခုအချိန်ထိလည်း ပြန်မလာသေးပါလား။ စာလည်းတစ်စောင်မှမရေးဘူး။ အဲဒီနိုင်ငံက ပို့စ်ကဒ်လေးတစ်ကဒ်လောက်တော့ ပို့ပေးသင့်ပါတယ်။ ကိုတို့ လမ်းထိပ်က ပွဲတော်အိုတွေတောင် လာလိုက်ပြန်လိုက်ပဲလေ။ ဒါပေမယ့် ညီမလေးကြောက်တဲ့ ဘော်တယ်ကုလားကြီးတော့ ကိုတို့ရပ်ကွက်ထဲကို မလာတော့ပါဘူး။ ကြောင်ကြီးလည်းမလာတော့ပါဘူး။ ဒါနဲ့ ညီမလေးကိုသတိရတိုင်း ခြံထဲမှာ ပန်းတစ်ပွင့်စိုက်ထားတာ အခုဆို ဥယျဉ်ကြီးတစ်ခုဖြစ်နေပြီကွ။ ပန်းပေါင်းကိုစုံလို့။

လိပ်ပြာလေးတွေလဲ ညီမလေးပြန်အလာကိုစောင့်နေတယ်….

ကိုမွေးထားတဲ့ တီတီတာတာ ကြက်တူရွေးလေးရောပဲ….ညနေဆိုရင်ညီမလေးနာမည်ကိုသီချင်းလုပ်ပြီး ဆိုနေလေရဲ့….

မစ်ကီမောက်စ်အရုပ်ကလေးကလည်း ဆော့မယ့်သူမရှိလို့ လွမ်းနေတယ်…

ညီမလေးရဲ့ တယောလေးလည်း သူ့သခင်ပြန်အလာကိုစောင့်နေတယ်လေ….

ဖေဖေ..မေမေတို့လည်း စကားမပီကလာပီကလာလေးကို စောင့်နေတယ်…

ကို လည်း ပုံပြောဖော်လေးကို စောင့်နေတယ်….

ဘာပဲဖြစ်ဖြစ်နောက်ဆုံးတစ်နေ့ကျရင်တော့ ညီမလေးပြန်မလာလည်း ညီမလေးရှိတဲ့ တိုင်းပြည်ကို မရောက်ရောက်အောင်လာခဲ့မှာပါ…

ညီမလေးလည်း ကို့ကို စောင့်နေနော်…

Saturday, December 8, 2007

အိပ်မက်အပိုဒ်ခွဲများ

သူသည် ကလေးဘဝက ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့သည်။ သူ့ဘဝသည် ကောက်ကြောင်းများ၊ ရောင်စုံခဲတံများ၊ စာရွက်အလွတ်များ၊ ကျောင်းက စာရေးစားပွဲခုံများ၊ အိမ်ကနံရံများ ပေါ်တွင် သူ့၏ လက်ရာများကိုမြင်တွေ့နိုင်၏။

သူသည် ငယ်စဉ်ကတည်းက ဂီတသမားတစ်ယောက်လည်းဖြစ်ခဲ့သည်။ ပွဲဈေးတန်းမှ အဘွားဝယ်ပေးသော ကလေးဂစ်တာလေးကိုကိုင်ကာ ရုပ်မြင်သံကြားမှလာသော သီချင်းများအတိုင်းရပ်ကွက်ကို သီဆိုဖျော်ဖြေခဲ့ဘူးသည်။

ရလာဒ်အဖြစ် အဘွားသည် သူ့မြေးအတွက် ဂစ်တာအသေးလေးတစ်လက် စပါယ်ရှယ် အော်ဒါမှာပေးခဲ့သည်။ ထိုဂစ်တာလေးရတုန်းက သူ့မှာ ပျော်မဆုံး မော်မဆုံးပေါ့။

သူသည် ကလေးဘဝက သိုင်းဆရာလည်းဖြစ်ခဲ့ဘူးသည်။ မှောင်ရီမိုးချုပ် ဘောလုံးကွင်းထဲတွင် ရွယ်တူများနှင့် သိုင်းရူး ရူးခဲ့ဘူးသည်။

ထို့နောက်တွင်တော့ ဘောလုံးပိုးဝင်ကာ ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြန်သည်။ ကျောင်းတွင်ကန်သည်၊ ရပ်ကွက်ထဲတွင်ကန်သည်။ နေရာစုံတွင်လိုက်ကန်သည်။ နဖူးကွဲ၊ ဒူးပြဲ...ရန်ပွဲများ...

သူသည် ရေမှာပျော်သော ဒင်ကျီးငှက်တစ်ကောင်လည်းဖြစ်ခဲ့သည်။ တစ်ခြားနိုင်ငံများသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ မုဆိုးစိုင်သင်ရင်း အမဲလိုက်အက ပြိုင်ပွဲများ၏ အထာကိုလည်း သဘောပေါက်လာခဲ့သည်။

ရာသီတွေ နာရီတွေနှင့်အတူ သူ့ခံယူချက်များ စိတ်ထားများလည်း ပြောင်းလဲလာသည်။

အထက်တန်းကျောင်းသားဘဝတွင် သူသည် အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်ချင်ခဲ့သည်။ သို့သော် တစ်နှစ်တာသင်တန်းတက်ကာ သူသည် ပင်လယ်ပျော် စင်ရော်တစ်ကောင်ဖြစ်ခဲ့သည်။

တစ်ဖန်သူသည် မြေဓာတ်၏ ဆွဲငင်အားကြောင့် ကုန်းပေါ်တွင် ကုန်သွယ်ရေးပညာသင်ယူခဲ့ပြန်သည်။

ထို့နောက်တွင်တော့ မိမိ၏လွတ်လပ်ခွင့်ကို လက်မှတ်တစ်ခုနှင့် ၃ နှစ်တာလဲလှယ်ခဲ့ပြန်သည်။

ယခုအချိန်တွင် သူအဖြစ်ချင်ဆုံးသောဆန္ဒမှာ အပိုဒ် ၂ အိပ်မက်ဖြစ်နေလေသည်။ သို့သော် ဖြစ်ချင်ရာမဖြစ်သည့်လောကထဲတွင် မျှော်လင့်ချက်ဆိုသည်မှာလည်း ပင်ပင်ပန်းပန်းရှိလှသည်။ ထို့ကြောင့်အိပ်မက်များအား သူလွှတ်ချထားခဲ့သည်မှာ ဖုန်များပင် အလိမ်းလိမ်းတက်နေလေပြီ။ တစ်ခါတစ်လေတော့လည်း ဖုတ်ဖက်ခါကာ ထိုအိပ်မက်များကို သူတစ်ခုချင်းလိုက်ဝတ်ကြည့်နေမိသည်။ နောက်ထပ် အိပ်မက်အင်္ကျီ ဘယ်နှစ်စုံလောက်လဲဝတ်ရဦးမည်လည်း သူမသိသေး။

သေချာတာကတော့.....

ထိုသူ့၏ အိပ်မက်များမှာ ကျွန်တော့်၏ အိပ်မက်များပင်ဖြစ်လေသည်။

Sunday, September 16, 2007

ရည်းစားစာ

သူမကို ကျွန်တော်ဖွင့်ပြောလိုက်တယ်။ ဘယ်လောက်အထိ ချစ်မိနေပြီဆိုတဲ့အကြောင်း။ ဒီနေရမှာ “အချစ်” ဆိုတာဘာလဲလို့ မမေးပါနဲ့။ တစ်ချို့မေးခွန်းတွေက အဟောင်းဆိုင်ပို့သင့်နေပါပြီ။ ဥပမာ။ ။ သဘာဝတရားက ဘာလဲ? လူဆိုတာရော? သင်ဟာ ဘယ်လိုလူစားမျိုးလဲ? စသည်ဖြင့်ပေါ့။ ဒါနဲ့ သူမက အဖြေမပေးပါဘူး။ ကျွန်တော်လိုချင်တဲ့ အဖြေမပေးဘူးဆိုပါတော့။ ခါးခါးသီးသီး အဖြေလည်း မဟုတ်ပြန်ဘူး။ သူငယ်ချင်းလိုပဲနေကြရအောင်တဲ့။ ကျွန်တော်ဟာ ငါးမျှားချိတ်မှာမိနေတဲ့ ငါးတစ်ကောင်ပါ။ ချိတ်အစွန်းထွက်နေမှန်း သိရက်သားနဲ့ ကျွန်တော့်အသားကြောင့် သူလည်း ဗိုက်ဝပါစေဆိုပြီး ကျွန်တော်လည်း ဗိုက်ဝအောင် ငါးစာကို ဟပ်ခဲ့တယ်။ သူမက ဆွဲမတင်ပါဘူး။ ဒီအတိုင်းပဲထားမှာလားလို့မေးတော့ ပြန်လွှတ်ပေးမယ်တဲ့။ ပါးဟက်က အမာရွတ်ရယ် ပါးစောင်မှာ သံချိတ်စူးတဲ့ ဒဏ်တွေကြောင့် ကျွန်တော်အသက်ရှုမဝမှာကို နောက်ပြီး ငါးတောမတိုးနိုင်မှာတွေကိုတော့ သူမလစ်လျှူရှု့နိုင်ရက်တယ်။ နောက်ပြီး သူမသာဆို ဘယ်တော့မှငါးမမျှားဘူးတဲ့။ သူများအသက်သတ်တဲ့ အကုသိုလ်အလုပ်တွေ မလုပ်ဘူးဆိုပဲ။ ကျွန်တော်ဒီမှာ ဆန့်ငင်ဆန့်ငင် ဟစိ ဟစိ ဖြစ်နေတာကိုတော့ သူမ ဂရုမစိုက်ဘူး။ အဲလို ငပေမလေးကို ခပ်ဆတ်ဆတ်လောက်ရိုက်ရရင် ဘယ်လောက်ကောင်းမလဲ။ (တကယ်တမ်းတော့ ကျွန်တော်လည်း မရိုက်ရက်ပါဘူး)

နောက်ပြီး သူမကပြောသေးတယ်။ ရီလေးရှင်းရှစ်ပ် ဆိုတာ မကောင်းဘူးတဲ့။ တစ်ယောက်က ဂရုတစိုက်ရှိပြီး နောက်တယောက်က အသစ်ရှာတာတို့ ပေါ့ပျက်ပျက်လုပ်တာတို့ဆို ခံရတယ်တဲ့။ သူမအရင်က ခံစားခဲ့ရတာတွေပေါ့။ ဘာလို့သူမက ကျွန်တော်လည်း အဲဒီလိုလုပ်မယ်လို့ ထင်နေတာလဲ မသိဘူး။ လူတစ်ယောက်ကို တိုင်းတဲ့ပေတံနဲ့ နောက်တစ်ယောက်ကိုတိုင်းတာ ဘယ်တရားပါ့မလဲ။

ဟုတ်ပါတယ်။ ကျွန်တော် လူကောင်းတစ်ယောက်မဟုတ်တာ။ ဒါပေမယ့် လူဆိုးတစ်ယောက် လူယုတ်မာတစ်ယောက်လည်း မဟုတ်ဘူး။ မိန်းကလေးတွေရဲ့ အချစ်နဲ့ကစားရတာကိုလည်း ပျော်တယ်လို့ ဘယ်တုန်းကမှ မထင်ပါဘူး။ နောက်လည်း ထင်မှာ မဟုတ်ဘူး။ ခေါက်ရိုးကျိုးအောင် တရားသေပုံသွင်းထားတဲ့ စည်းကမ်းတွေကိုင်ပြီး တိုင်ပေါ်မတက်ပြချင်တဲ့ လူမလိမ္မာတစ်ကောင်ပါ။ (ဟောဒီ လူမိုက်ဆိုတဲ့ကောင်ရဲ့ ရင်ဘတ်ထဲမှာလည်း သူမကိုချစ်တဲ့ အဖြူထည်အချစ်ရှိတယ်ဆိုတာတော့ ရိုးလွန်းလို့မပြောပြချင်တော့ပါဘူး) အခုထိလည်း လူ့မလိုင်တွေ တွေ့တိုင်း နံပြားနဲ့တို့တို့စားချင်တဲ့ကောင်ပါ။

အဲဒီကောင်ရဲ့ မယဉ်ကျေးမှုတွေထဲမှာ လိုချင်တဲ့အရာတစ်ခုကို လိုချင်တဲ့အချိန်မှာမရဘဲ နောက်မှရရင် ပေါ့ပျက်ပျက်ဖြစ်ဖြစ်သွားတတ်လို့ ပြန်ယူဖို့မကြိုးစားချင်တတ်တဲ့ ခပ်ဆိုးဆိုးဥာဉ်တစ်ခုလည်းရှိတယ်။ (အဲတော့ ဘာလုပ်ရမှာလဲ လို့မတွေးပါနဲ့) အဲဒီဖြစ်စဉ်ထဲကို ဝင်ကြည့်ပါ။ ဘယ်လောက်ခံရခက်မလဲဆိုတာ။ ဒါပေမယ့် သူမနဲ့တွေ့မှ လူမိုက်ရဲ့ ဥာဉ်ဆိုးတွေလည်း ခေါင်းမဖော်ရဲအောင်ပါပဲ။ သူမ အသံပဲကြားချင်နေတယ်။ သူမအခုအချိန် ဘယ်ရောက်လို့ ဘာလုပ်နေတယ်ဆိုတာကိုပဲ သိချင်နေတယ်။ သူမရဲ့ မျက်နှာလေးကိုပဲ မြင်ချင်နေတယ်။ သူမဆိုတဲ့ စိတ္တဇနာမ်စားတစ်ခုရဲ့ ထိန်းချုပ်မှုတစ်ခုပေါ့။

သူငယ်ချင်းတဲ့.....။ သူမ ကိုမြင်သာမြင်ရ မချစ်ရ မကြင်ရတဲ့ဘဝ။ ဆံနွယ်လေးတွေ ကိုင်တွယ်ခွင့်မရှိတဲ့ဘဝ ရှင်လျက်ငရဲပြည်မှာ တိုက်ပိတ်ခံနေရသလိုပါပဲ။ တဆစ်ဆစ်နဲ့ ကျွမ်းလောင်နေတာပေါ့။ ဒါပေမယ့်လည်း လုံးဝမတွေ့ရတာထက်စာရင် ဘာအသံမှမကြားရတာထက်စာရင် ခံသာပါသေးတယ်။ ဒီခံစားမှုအပေါ်မှာလည်း ကိုယ့်ကိုယ်ကို ပြန်သနားနေခြင်းမဟုတ်ပါ။ ကိုယ်ခံစားရတာကို ကိုယ့်ဘာသာကိုယ် ပြန်သနားနေခြင်းလောက် ရှက်စရာကောင်းတာ မရှိ။

တစ်ချို့အတွက် ရယူပိုင်ဆိုင်ခြင်းတဲံ။ ကျွန်တော့်အတွက်ကတော့ သူမပျော်အောင်ဘာလုပ်ပေးရမလဲ ဆိုတာပဲ တွေးနေမိတယ်။ မနက်မိုးသောက်ချိန်မှာ နှင်းဆီပန်းလေးတစ်ပွင့်က သူမအတွက်အပြုံးတစ်ခု ယူဆောင်ပေးနိုင်မလား။ သူမကို ချစ်တယ်ဆိုတဲ့ သူမနာမည်နဲ့ ကီးချိန်းလေးက သူမကြည့်မိတိုင်း ကြည်နူးနိုင်ပါ့မလား။ သူမပျော်အောင် ဘယ်လိုပြက်လုံးတွေထုတ်ပြီး ဟာဒယရွှင်ဆေးတိုက်ကျွေးရမလဲ။ ကျွန်တော့်ခေါင်းထဲက ဥာဏ်နီ ဥာဏ်နက်တွေလည်း ငြိမ်ငြိမ်မနေရပါဘူး။ သူမပျော်အောင် ဘယ်လိုထားရမလဲပဲ တွေးနေမိတယ်။ သူမရယ်သံတစ်ချက်ဟာ ကျွန်တော့်အသက်တစ်ရက် ပိုရှည်စေလို့ပေါ့။

သေချာတာကတော့ သူမကိုယ်တိုင် ခုံဖိနပ်မှာ ခွေးချီးသုတ်ပြီး ကျွန်တော့်ပါးကို မရိုက်မခြင်း ဇွဲကောင်းကောင်းနဲ့ ဆက်စောင့်နေဦးမှာပါ။ နောက်ပြီး အရာတိုင်းပြောင်းလဲနေတဲ့ လောကကြီးထဲမှာ ဘယ်တော့မှမပြောင်းမလဲမယ့် အချစ်တွေနဲ့ လည်း ဆက်ချစ်နေဦးမှာပေါ့။ (မှတ်ချက်။ ။ သူမကိုပြန်မပြောကြပါနဲ့ ကျွန်တော့်ဘလောခ့်မှာ ရင်ဖွင်ရုံသာဖြစ်ပါသည်။)

ပုံ

ငါးမည်ရမောင်စက်

ကြောင်တောင်တောင်တက်သူများအသင်း

ဥက္ကဋ္ဌ (မိမိဘာသာပေးသောဘွဲ့)

Monday, August 27, 2007

လုငယ်နှင့်အကြောက်တရား

“ဟဲ့ ကောင်လေး ဒါမလုပ်နဲ့ဆို လုပ်တယ် ကဲမှတ်ပလား.... ဒေါက်” ကျွန်တော့်ဘေးက ကောင်လေးကို သူ့အမေက ကြိမ်းမောင်း၍ ခေါင်းခေါက်လိုက်ခြင်းဖြစ်ပါသည်။ ကလေးက ငယ်သေးသည် ၁၀နှစ်သားလောက်ပဲရှိဦးမည်။ ကလေးသဘာဝ အငြိမ်မနေ ဟိုဆော့ ဒီဆော့လုပ်နေရင်း၊ စပ်စုရင်း ဟိုပစ္စည်းလည်းစူးစမ်း ဒီပစ္စည်းဆိုလည်း စူးစမ်းကာ လျှောက်ကိုင်နေသောကြောင့် အခေါက်ခံရခြင်းဖြစ်သည်။

အိုးကောင်းဖို့ နာနာခတ်ရမည် မှန်သည်။

သို့သော် အခတ်လွန်၍ ကွဲသွားသော အိုးများမည်မျှရှိ ပြီနည်း။

ကျွန်တော်တို့ငယ်ငယ်ကလည်း ခဏခဏ အရိုက်ခံရသည်။ အထူးသဖြင့် စကားနားမထောင်၍၊ အိမ်စာမပြီး၍၊ အဆော့သန်လွန်း၍ ကျောပြင်ဗျောတင်ခံရလေသည်။ သို့ပေမယ့်လည်း ရိုက်တုန်းခဏပင်။ ဆော့မြဲဆော့သည်။ အိမ်စာဆိုလည်း မလုပ်သည့်အခါမလုပ်။ ကလေးသူငယ်များကို ရိုက်တိုင်း အကျိုးတရားမဖြစ်ထွန်းနိုင်ပါ။ ရိုက်နှက်ခြင်းဖြင့် ပေကပ်ကပ် ဂျစ်ကန်ကန်နှင့် ခေါင်းမာသော ကလေးများသာ များပြားလာပေလိမ့်မည်။ ကျွန်တော်ငယ်ငယ်ကကြားဘူးသည်။ တစ်ချို့ကျောင်းများ၌ ကလေးငယ်များအား ခြေသလုံး အရှိုးရာထင်အောင်ရိုက်သည်။ အိမ်စာမလုပ်သည့်ကလေးများအား ဒူးအောက်တွင် ဇီးစေ့ခံ၍ ဒူးထောက်ခိုင်းသည် စသည့် ဖြင့် အရွယ်နှင့်မမျှသော အပြစ်ဒဏ်များအားပေးသည် ဟူ၍။ ထိုအချိန်က ငါ ထိုကဲ့သို့ကျောင်းများ၌ ကျောင်းသားမဖြစ်သည်မှာ တော်ပေသေး၏ ဟုအောက်မေ့မိသည်။

ကလေးငယ်များကို စစ်သားများအရွယ် သဘောထား၍ အပြစ်ပေး၍ မရ။ ဤနေရာ၌ မရိုက်ပဲနှင့် ဘယ်လိုဆုံးမ မည်နည်းဟူသော စောဒက တက်စရာများရှိလာပါသည်။ ပြောဆိုဆုံးမနိုင်ပါသည်။ အိမ်စာတစ်ပုဒ်မလုပ်သည့် ကလေးတစ်ယောက်အား အိမ်စာနှစ်ပုဒ်လုပ်ခိုင်းနိုင်ပါသည်။ သို့မဟုတ် အလီကျက်ခိုင်းနိုင်ပါသည်။ ထိုနေရာတွင် အိမ်စာ မလုပ်ပဲနေ၍ ဆုံးမခြင်းဆိုသည်ထက် သူတို့အား အိမ်စာ မလုပ်လုပ်ချင်လာအောင် ခိုင်းတတ်ဖို့လိုပါလိမ့်မည်။ ဥပမာ အားဖြင့် “သဘာဝတရား” ဆိုသည့်စာစီစာကုံးကို ရှစ်တန်းကလေးတစ်ယောက်အား အိမ်စာပေးသည်ဆိုပါစို့။ ဒီအတိုင်း ကျောက်သင်ပုန်းပေါ်မှာ ခေါင်းစဉ်ချရေး၍ နောက်နေ့ကျရင် အိမ်စာရေးခဲ့ဟု မှာသည့်ဆရာမထက် အိမ်စာမပေးခင် အတန်းသားများအားလုံးအား သဘာဝတရားဆိုသည်မှာဘာလဲ? သဘာဝတရားနှင့်ပတ်သတ်သော အချက်အလက်များအား အတန်းသားများနှင့် စဉ်းစားရင်း အပြန်အလှန် ဆွေးနွေးကာ သူတို့၏ ထင်မြင်ချက်ကို နားထောင်ချင်သည့်အတွက် နောက်နေ့ကျရင် သဘာဝတရားအကြောင်းရေးခဲ့ဟု ခိုင်းသည့် ဆရာ ဘယ်ဆရာကောင်းသည်ဟုထင်ပါသနည်း။ ကလေးတို့၏ လုပ်ချင်စိတ်၊ စူးစမ်းချင်စိတ်၊ တတ်ချင်စိတ်ကို ဆွပေးကာ နှိုးဆော်ဖို့လိုပေမည်။

ဘုရားအလောင်းမင်းသားလို နှမ်းတစ်ဆုတ်ခိုးစား၍ သူ့ဆရာက ရိုက်၍ဆုံးမသည်။ ထို့ကြောင့် အမှတ်အတေးထားကာ သူဘုရင်ဖြစ်သည့်အခါ၌ သူ့ဆရာကို ခေါ်၍ မေးသည်။ သူ့ဆရာက သူ့အကျိုးကိုလိုလား၍ ဆုံးမကြောင်းပြောပြသည်။ ထိုအခါ ဘုရားအလောင်းက လက်ခံ၍ သူ့ဆရာ ဒိသာပါမောက္ခဆရာကြီးကို ပညာရှိပါသည်ဟု ချီးမွမ်းကာ ပုရောဟိတ်အရာကို တင်မြှောက်လေသည်။ ဒီနေရာ၌ ကျွန်တော်စဉ်းစားမိသည်မှာ သူ့ဆရာက ပါးစပ်ဖြင့် ပြောဆိုဆုံးမ၍ မရပေဘူးလား။ သူများပစ္စည်းကို တစ်နေ့နှမ်းတစ်ဆုတ်မျှ ခိုးယူစားသုံးခြင်းကြောင့် သူများ၏ စီးပွားထိခိုက်တတ်ကြောင်းကို အကျိုးအကြောင်းရှင်းပြကာ ခေါင်းအေးအေးထား၍ ဆုံးမသင့်ပေသည်။ ဘုရားအလောင်းလို ပါရမီဥာဏ်ရင့်သန်သူအဖို့ ထိုမျှလောက်ဆုံးမရုံမျှပင် သူ့ဆရာသည် ပညာရှိပါပေသည်ဟု ထိုနေရာတွင်ပင် ဆင်ခြင်သုံးသပ်မိပေလိမ့်မည်။ တေးမှတ်ကာ ဆရာကို ရာဇဝတ်သားကဲ့သို့ ဆက်ဆံမိပေလိမ့်မည်လည်း မဟုတ်ပေ။

ငယ်ရွယ်သည့်လူများ၌ လည်းသူ့အရွယ်နှင့်သူ အသိဥာဏ်နှင့် ဆင်ခြင်တုံတရားရှိကြောင်းကိုလည်း မမေ့အပ်သင့်ပေ။ သူ့ခေါင်းထဲ၌ အသိဥာဏ်ပညာ လက်ကနဲ လင်းသည်အထိ ဆုံးမသည့် လူများက သု့ရွယ်နှင့်သူ စဉ်းစားတတ်မည့် ဥပမာ များပေး၍ ဆုံးမသင့်သည်။ ဥပမာ၊ ၊ သူတပါးကို နိုင်လိုမင်းထက်လုပ်တတ်သည့် ကလေးတစ်ယောက်အား သူ့အပေါ် သူ့ထက်အားကြီးသည့်သူက အနိုင့်ကျင့်ရင်သူဘယ်လို ခံစားရမည်နည်း ဆိုသည့် မေးခွန်းများမေး၍ သူ့ကို စဉ်းစားခိုင်းသင့်သည်။ ရိုက်နှက်ဆုံးမခြင်းဖြင့် သူလည်း ရိုက်မယ့်သူမရှိသည့် နောက် အနိုင်ကျင့်မြဲကျင့်နေဦးမည် မဟုတ်ဟု မည်သူ အာမခံနိုင်သနည်း။ အကောင်းဆုံးက သူ့ကိုယ်တိုင် ကိုယ်ချင်းစာတတ်ခြင်းဟူသော သဘောကို ကလေးနားလည်အောင် လူကြီးများက ရှင်းပြတတ်ပေရမည်။

ရိုက်နှက်ခြင်းအားဖြင့် ကလေးငယ်အား အကြောက်တရားကို ရိုက်သွင်းသကဲ့သို့ဖြစ်နေပေလိမ့်မည်။ ငယ်စဉ်ကတည်းက အကြောက်တရားများနှင့် ကြီးပြင်းလာသောကလေးငယ်တစ်ယောက်သည် အရာရာ၌လည်း မိမိကိုယ်ကိုယုံကြည်မှု နည်းပါးလာပေလိမ့်မည်။ ငါလုပ်လို့ဖြစ်မှ ဖြစ်ပါမလား။ ငါလုပ်လိုက်လို့၊ ပြောလိုက်လို့ မှားသွားရင် ဘယ်လိုလုပ်မလဲ။ စသည့် ဖြင့် မိမိ၏ ခံစားမှုများ၊ ခံယူချက်အမြင် များကို အများသူငှာရှေ့၌ မပြောရဲ မဆိုရဲ ကြောက်သွားနိုင်သည်။ မှားမည်။ မည်သူမျှအမှားနှင့်မကင်း။ သို့သော် ထိုအမှားများက သင်ခန်းစာယူနိုင်ရန် အရေးကြီးသည်။ ကိုယ်မှားရင်မှားကြောင်းလည်း ရဲရဲဝင့်ဝင့် ဝန်ခံရဲရမည်။ ငယ်စဉ်ကတည်းက ကလေးများမှားရင် ဘာကြောင့်မှားတာလဲဟု စဉ်းစားနိုင်ရန် လမ်းကြောင်းပေးသင့်သည်။ ထိုအခါမှ ထိုအမှားများမှတဆင့် အသီးအပွင့်များကို ကလေးငယ်များ ခံစားနိုင်ပေလိမ့်မည်။ အမှားလုပ်ခြင်းသည် ဘာမှမလုပ်ပဲနေခြင်းထက်တော့သာသည်။ ဘာအမှားမှ မရှိနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သို့သော် ပညာရဲရင့်ပွဲလယ်တင့်အောင် ကျွန်တော်တို့ အမှားများနှင့် နပန်းလုံးရပေဦးမည်။

အကြောက်လွန်သည့် ကလေးတစ်ယောက်သည် အလကားနေရင်း ဒေါသကြီးနေတတ်သည်။ သူ့ကို ဘယ်သူကဘယ်အချိန်ကြရင် တိုက်ခိုက်မည်နည်းဟု တွေးကာ အကြောင်းအရာတစ်ခုဆိုရင် တရားလွန်တုံ့ပြန်တတ်သည်။ ထို့အပြင် ရှက်တတ်ခြင်းနှင့် ကြောက်တတ်ခြင်းသည် တွဲနေတတ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသာ ရှက်တတ်ကြောက်တတ်နေရင် ကျွန်တော်တို့ လွတ်လပ်ရေးမရနိုင် ထို့အတူ ကျွန်တော်တို့တွေ ရှက်နေကြောက်နေ၍ ထမင်းမဝနိုင် ကိုယ့်နိုင်ငံကိုယ် ပြန်လည်ထူထောင်နိုင်မည်မဟုတ်။ ထို့အပြင် အရှက်အကြောက်ကြီးသူတစ်ယောက်သည် တွေ့သမျှလူနှင့် ရန်လိုတတ်သည့် အလေ့အထလည်းရှိသည်။ အခြားသူများ၏ စဉ်းစားခွင့်တွေးခေါ်ခွင့်ကို အရေးမစိုက် ငါပြောတာကိုလုပ်၊ ငါ ဆိုသည့်အတ္တလည်း အစွန်းရောက်နေပေလိမ့်မည်။ သူတစ်ပါး၏ ခံစားချက်နှင့် အတွေးအမြင်ကို လက်မခံသူတစ်ယောက်သည် လူလူချင်း ဆက်ဆံရေး၌လည်း အဆင်မပြေနိုင်။ အဆင်ပြေရင်လည်း တဒင်္ဂသာဖြစ်နိုင်သည်။ ရေရှည်ဆက်ဆံရေး၌ သူတစ်ပါး၏ ခံယူချက်နှင့် အတွေးအခေါ်ကို လေးလေးစားစား မဆက်ဆံသူသည် လူ့စည်းအပြင်သို့ရောက်နေပေလိမ့်မည်။

ထို့အပြင် တရားလွန်တုံ့ပြန်ခြင်းအနေဖြင့် မလိုအပ်သည့်နေရာများကဲ့သို့ အသေးအဖွဲ ကိစ္စများ၌ပါ လူကို အကြောင်းမဲ့ပြင်းထန်နေစေသည်။ နေရာတကာ ပြင်းထန်ရင်မကောင်းဘူးလား ဟု စောဒကတက်လာနိုင်ပါသည်။ လူတစ်ယောက်အဖို့ ဖိသင့်သည့်နေရာ၌ ဖိ၍ ဖော့သင့်သည့်နေရာ၌ ဖော့သင့်သည်။ ထို့အတူ တင်းသင့်သည့် နေရာ၌ တင်း၍ လျှော့ဖို့လိုသည့် နေရာများ၌လည်း ကျွန်တော်တို့စိတ်ကို လျှော့ပေးသင့်သည်။ ဖိလွန်းရင်နစ်၍ တင်းလွန်းလျှင်ပြတ်တတ်သည်။ စိတ်ဆိုသည့်အရာကို ကိုယ်လိုတိုင်းခိုင်းတတ်ရန်အရေးကြီးပါသည်။ ထို့အတွက်ကျွန်တော်တို့၏ စိတ်ကို အနားပေးသင့်သည့် အသေးအဖွဲများ၌ အနားပေးသင့်ပေသည်။

အချုပ်အားဖြင့်ဆိုသော် အနာဂတ်၏ ထွန်းလင်းတောက်ပသော နိုင်ငံ့ခေါင်းဆောင်ငယ်များ ၏ လက်ရုံးရည်နှင့် နှလုံးရည် မြင့်မားစေရန်အတွက် အလယ်အလတ်လမ်းစဉ်အတိုင်းလိုက်၍ မလျှော့မတင်း စောင်းကြိုးညှင်း ကာ နည်းမှန် လမ်းမှန်ညွှန်ပြတတ်ဖို့ လူကြီးတိုင်း၌တာဝန်ရှိပေသည်။

Tuesday, July 31, 2007

ညီတစ်ယောက် ကောက်ရခြင်း

သူမှာ စူးရဲတောက်ပ ပြီးအရာရာကို စူးစမ်းလိုတဲ့ မျက်လုံးတစ်စုံရှိတယ်။

သူ့မှာ ရှည်လျားနက်မှောင်တဲ့ အမြီးရယ်။ အဖြူ၊အနက် ကွက်တဲ့အရောင်လည်းရှိတယ်။

သူက မြေပြင်ပေါ်မှာ လေးဘက်ထောက်သွားရတာကို ကြိုက်တယ်။

သူ့အသံ ကသေးသေးလေး (ငယ်ငယ်တုန်းက အအေးမိလွန်လို့နဲ့တူရဲ့)

သူက သူ့သဘာဝနဲ့ဆန်ကျင် ရေတွေနဲ့ဆော့ကစားရတာကိုလည်း ပျော်မြူးတယ်။

သူက စားချိန်တန်ရင်စားတယ် (တစ်ခါတစ်လေ အမေကအလိုလိုက်ပြီးတောင် ထမင်းချိုင့်ကို ကုတင်ပေါ်အထိ ပို့ပေးရတယ်)

သူ ကစားချိန်တန်ရင် တစ်အိမ်လုံးကို ဗြောင်းဆန်လို့။

သူရောက်ကာစက ကျွန်တော်နဲ့အတူတူအိပ်တယ်။

နောက်ကျတော့ ခဏအိပ်ဖို့တောင် မနည်းခေါ်ယူရတယ်။

သူမှာ ချစ်ရမယ့်သူလည်း ရှိရင်ရှိမှာပါ။

သူအကိုက်ခံရရင်၊ အနိုင်ကျင့်ခံရရင်လည်း လျှောက်လည်ရာကနေ အိမ်ကိုပြန်ပြေးလာတတ်တယ်။

သူငယ်ငယ်က အလည်လွန်ပြီး ခဏခဏ ပျောက်တတ်တယ်။

အဲလိုအချိန်ဆို ကျွန်တော်တို့မိသားစုတင်မကဘူး အိမ်နီးချင်းတွေပါ အငြိမ်မနေရ။ အားလုံးသူ့ကိုလိုက်ရှာကြတယ်။

ဒါပေမယ့် ဘဝတူတွေနဲ့ယှဉ်ရင် သူကံကောင်းပါတယ်။

ကျွန်တော့်မိသားစုနဲ့စတွေ့နဲ့ နေ့ကစပြီး သူအရင်က အရမ်းငတ်တဲ့ မေတ္တာဓာတ်တွေ လွှမ်းခြုံခံလိုက်ရလို့ပေါ့။

ဒါပေမယ့် သူ့အမေကရော သူ့ကိုလွမ်းနေမလား မသိ။

သူ့အစ်ကိုတွေ အစ်မတွေကရော?

ကျွန်တော်နဲ့စတွေ့တုန်းကတော့ သူတစ်ယောက်တည်းလေ။

မချုပ်ချယ်ထားသလို သူ့အတွက်ဆို တံခါးလည်းအမြဲဖွင့်ထားတာပေါ့။

သေချာပါတယ် သူကျွန်တော်တို့အိမ်မှာ ပျော်သလောက်နေမှာပါ။