Showing posts with label အခန်းဆက်ဝထ္တု. Show all posts
Showing posts with label အခန်းဆက်ဝထ္တု. Show all posts

Wednesday, July 29, 2009

သွေးစုပ်ဖုတ်ကောင်

Vampires are mythological or folkloric beings who subsist by feeding on the life essence (generally in the form of blood) of living creatures. Although typically described as undead, a vampire could be a living person. (source: Wikipedia)


နှင်းစက်နှင်းပေါက်များကြားမှ နေ၏အလင်းတန်းများ ဖြာထွက်စီးဆင်းနေကြပြီ။ သစ်ပင်များထက်မှ ငှက်ငယ်ကလေးများလည်း တီတီတာတာ ကျီကျီကျာကျာဖြင့် အသံပေးနေကြ၏။ သြကာသလောက ယန္တားရားတစ်ခုစတင်လည်ပတ်ပေတော့မည်။ ထိုကဲ့သို့ မနေ့ကနည်းတူရောက်လာသော အရုဏ်မနက်ခင်းသစ်တိုင်းသည် ကျွန်တော့်တစ်နေ့တာ၏ အိပ်တန်းတက်ချိန်များသာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော်……

ကျွန်တော်လူမှန်းသိတတ်စအချိန်က စ၍ အကောင်ငယ်ကလေးများကို မသတ်ရက်။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် အကြီးဆုံးသောပြစ်မှုတစ်ခုဟု ခံယူထားပေသောကြောင့်ဖြစ်သည်။ ဘယ်အကြောင်းနှင့်မျှ သူတစ်ပါးအသက်ကို မသတ်ပါရစေနှင့်ဟု ငယ်၇ွယ်စဉ်ကတည်းက အကြိမ်ကြိမ်ဆုတောင်းခဲ့ဘူးသည်။ သို့သော် ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပါ။ ဗီဇအရ ဘိုးဘေးများစွာ၏ မျိုးရိုးစဉ်ဆက်အမွေဆိုးအရ ကျွန်တော်လူလားမြောက်လာသည်နှင့်အမျှ လောကတွင် ကြောက်စရာအကောင်းဆုံး လူသတ်ကောင် တစ်ယောက်သာဖြစ်လာခဲ့သည်။ ကျွန်တော့်အသက်ရှင်သန်ရန်အတွက် လူသားများ၏ သွေးစိမ်းရှင်ရှင်များဖြင့် ကျွန်တော့်သွေးပုပ်များ ပုံမှန်လဲလှယ်ရသည့် Vampire တစ်ကောင်ဖြစ်နေသောကြောင့်ပင်…ဟုတ်သည်။ ကျွန်တော်သည် လောကတွင် စက်ဆုပ်စရာ အကောင်းဆုံး Vampire တစ်ကောင်သာဖြစ်ပေသည်။

ကျွန်တော်တို့ သည် လူသားထဲက လူသားများပင်ဖြစ်သည်။ သို့သော်လည်း သွေးအသစ်မှန်မှန်လဲလှယ်ရန်လိုအပ်နေသော လူနာများလို လူသားများထမင်းဆာရင် စားသလို..သွေးဆာလျှင် သွေးစုပ်ရန်လိုအပ်သည်။ ထိုမှပင်ရှင်သန်နိုင်သည်။
တိရစ္ဆာန်သွေး၊ လူသွေး စသည့်ဖြင့် ရှင်သန်နေသော သက်ရှိများ၏ သွေးလိုအပ်သည်။
သွေးစုပ်ဖုတ်ကောင် တစ်ယောက်အတွက် ရှင်သန်ရန်မျှော်လင့်ချက်ဆိုသည်မှာ ညဘက်တွင်ပျော်မြူးသောလူသားများ တစ်ညထက်တစ်ည များသထက်များလာစေရန်သာဖြစ်သည်။ ထိုကိစ္စအတွက်ကတော့ စိတ်ပူစရာမလိုပါ။ ညစဉ်ကလာပ်များ အရက်ဘားများအနီးတွင် သွားစောင့်နေရုံပင်။ ရုံးပိတ်ရက်များဆိုရင်တော့ ကျွန်တော်တို့ ညီအစ်ကိုများအတွက်ပူစရာမလိုတော့။
ထိုကဲ့သို့ လူသားတိုင်း၏ သွေးများကို နေ့စဉ်သောက်သုံးနေရသော်လည်း ကျွန်တော်တစ်ရက်မှမပျော်နိုင်ပါ။ ထို့အတူ ကျွန်တော်လုံးဝ မသောက်သုံးရက်သော သွေးအမျိုးအစားလည်းရှိသည်။

ထိုသွေးမှာ ကျွန်တော့်ချစ်သူ၏ သွေးပင်ဖြစ်သည်။ သူမက ကျွန်တော့်ဘဝအမှန်ကို မသိရှာပေ။ ကျွန်တော့်၏ ချွန်ထက်နေသောသွားများကို သွားတက်ကလေးတွေက ချစ်စရာကောင်းလိုက်တာဟုပင် ထင်နေသေးသည်။ တစ်ကယ်တမ်းတော့ သွားတက်ပါသည့်လူတိုင်းနီးပါးဟာ ကျွန်တော်တို့အမျိုးတွေသာဖြစ်သည်။ ထိုချစ်စရာကောင်းသော သွားထက်ထက်များဖြင့် လည်ပင်းနုနုများကို ကိုက်ဖောက်တတ်ကြောင်းကို ရိုးအေးသောသူမ မသိရှာ။ သူမအနားရောက်တိုင်း သွေးနံ့များက တလှိုင်လှိုင်စီးကျတတ်စမြဲ။ ကျွန်တော့်စိတ်တွေ ထိန်းမရဖြစ်ကာ အံကို ခဏခဏ ကြိတ်ထားရတတ်သည်။ သူမကတော့ ကလေးတစ်ယောက်လို ကျွန်တော့်ကို တွေ့လျှင် ပျော်ရွှင်တတ်စမြဲပင်။ သို့သော်လည်း ညနေစောင်းမှ လာလာတွေ့သည်ကို သိပ်မကျေနပ်တတ်။ မနက်ဆိုလျှင် အလုပ်လုပ်နေရသည်ဟု လိမ်ထားရသည်။ ထိုအခါတွင်လည်း ယုံလွယ်သောသူမက ဘာမှဆက်မမေးတော့ပဲ စကားတွေသာဖောင်ဖွဲ့နေတတ်လေသည်။

တစ်ည….ဝတ္တုတွေထဲကလို လမိုက်ညမဟုတ်။ ခွေးတွေကလည်း အူမနေ။ သို့သော် ကျွန်တော်တို့လို သွေးစုပ်ဖုတ်ကောင်တွေအတွက် သားကောင်ပြတ်လတ်နေသော ကာလဖြစ်သည်။ လူအများကြားတွင် ကူးစက်ရောဂါပိုးတစ်မျိုးပြန့်နေသောကြောင့် ညနေမိုးချုပ်လျှင် မည်သူမျှအိမ်ထဲက အိမ်ပြင်ပင် မထွက်ကြ။ ဒီမြို့လေး၏ လမ်းများပေါ်မှာ တစပြင် လို ခြောက်ကပ်လို့နေ၏။ အစာအိမ်၏တောင်းဆိုမှုကြောင့် နေဝင်သည်နှင့်တစ်ပြိုင်နက် ကျွန်တော်သားကောင်အရှာထွက်ခဲ့သည်။ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားရင်း တစ်ခါတစ်လေ ကိုယ်လိုသူလို သားကောင်ရှာနေသူများနှင့်သာ တစ်ယောက်စ နှစ်ယောက်စ တွေ့တွေ့နေရသည်။ သို့သော် သူတို့ကိုယ်ပေါ်တွင် ရှင်သန်လတ်ဆတ်ခြင်းဆိုသော လူသား၏သွေးနံ့မရှိတော့။ သားစိမ်းငါးစိမ်းထည့်သည့် ရေခဲသေတ္တာထဲမှ ထွက်လာသော ပုပ်အဲ့အဲ့ အနံ့တစ်မျိုးသာရသည်။ ကျွန်တော့်အနံ့ကိုလည်း ထိုလူတွေရသည်ထင့်…တစ်ချက်ကြည့်၍ လှည့်ထွက်သွားကြသည်။

ကျွန်တော်တို့ကြားထဲတွင် စည်းမျဉ်းတစ်ခုရှိသည်။ လူတစ်ယောက်ကို သားကောင်အဖြစ်တွေ့သည်ဆိုပါစို့…ထိုအချိန်တွင် ကိုယ့်ထက်ဝါရင့်သော အသက်ကြီးသော Vampire တစ်ကောင်က ထိုသားကောင်ကို လိုချင်သည်ဆိုလျှင် ရက်ရက်ရောရော ပေးကမ်းရသည်။ တောတွင်းဥပဒေသလို လမ်းမဥပဒေသ တစ်မျိုးပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုဝါရင့်သူ၏ ဆုံးမတိုက်ခိုက်ခြင်းခံရတတ်သည်။ မြွေကြီးက မြွေငယ်ကိုစားပစ်သကဲ့သို့ပင်။ ဆက်လျှောက်လာရင်း သူမတို့ အဆောင် နားသို့ရောက်လာခဲ့လေပြီ။ သူမက နယ်ဝေးမှလာကာ ဒီမြို့လေးတွင်ကျောင်းလာတက်နေသော အဆောင်သူတစ်ယောက်ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ကျွန်တော့်ကိုယ်ခန္ဓာက သူမအိပ်ခန်းအတွင်းသို့ရောက်ရှိသွားလေသည်။ သူမအိပ်နေပုံမှာ အပြစ်ကင်းစင်လှသော ကလေးငယ်တစ်ယောက် အပူအပင်မရှိစွာ အိပ်စက်နေပုံမျိုး…နိုးသွားမည်စိုး၍ ကျွန်တော်ငြိမ်ငြိမ်လေးထိုင်ကြည့်နေမိသည်။ ဘယ်လောက်ကြာသွားသည်မသိ တိုင်ကပ်နာရီကို ကြည့်တော့မှ မိုးလင်းရန် နာရီအနည်းငယ်သာလိုတော့သည်။ ကျွန်တော့်သွေးတောင်းနေလေပြီ။ အစာရှာထွက်ရပေဦးမည်။ သူမကတော့ အိပ်လို့ကောင်းတုန်း….

ကျွန်တော်လမ်းမဘက်ဆက်ထွက်ခဲ့သည်။ ရုတ်တရက် ရှေ့နားဆီမှ လူနံ့ရလာသည်။ သေသေချာချာ ရှုရှိုက်မိတော့ တကယ့်လူသွေးနံ့ဖြစ်သည်။ ဆာလောင်မွတ်သိပ်မှုနှင့်အတူ ကျွန်တော့်ခြေလှမ်းများ အရှိန်မြှင့်လာသည်။ လမ်းမီးရောင် ဝိုးတဝါးကြားမှ လမ်းမထက်တွင်လူတစ်ယောက် လှဲလျောင်းနေသည်ကိုတွေ့သည်။ ထိုသူသည် ကံဆိုးစွာ ကျွန်တော့် ညစာဖြစ်ရပေဦးမည်။ ကိုယ့်အတွေးနှင့်ကို တစ်ချက်ပြုံးလိုက်ကာ အနားသို့ရောက်အောင် အမြန်လျှောက်မိသည်။ တွေ့လိုက်ရသောအခါ လူကြီးတစ်ယောက်မဟုတ်ပဲ ကျုံလှီချည့်နှဲ့သော ကလေးငယ်တစ်ယောက် အစာအာဟာရပြတ်ကာ အိမ်သို့ပြန်မရောက်နိုင်ရှာပဲ လမ်းမထက်တွင် ပုံလျက်သားလဲကျနေခြင်းဖြစ်သည်။ သူ့အဝတ်အစားများကလည်း စုတ်ပြတ်သတ်လို့။ အိမ်မှရှိပါလေစ။ ငါသူ့သွေးသောက်လို့ကောင်းပ့ါမလား။ ခါတိုင်းဆိုလျှင် ကလေးငယ်သွေးကို မသောက်သော်လည်း ဒီလိုရှားပါးညအတွက်....အို..ဘာပဲဖြစ်ဖြစ်…သူဟာ ငါ့ညစာ ဖြစ်ရမှာပေပဲ။ ကျွန်တော့်သွေးထဲမှ ညစ်ထပ်သော စိတ်နှင့် ဖြူစင်သောစိတ်နှစ်ခု အတွင်းတိုက်ပွဲဖြစ်နေကြခြင်းပင်။ နောက်ဆုံးတော့ ဘာဖြစ်ဖြစ်ဟုတ်စိတ်ကူးပြီး ကလေးငယ်၏လည်မြိုနားသို့ ကျွန်တော့်ပါးစပ်ကပ်လိုက်မိသည်။

ဆက်ပါဦးမည်…

Sunday, September 9, 2007

အီကွေတာ၏ ကြာပွတ်ရစ်သမ်

(၁)


စုန်းမ၏ဝတ်ရုံနက် လွှမ်းခြုံထားခြင်းခံရသော ညက ကြောက်စရာကောင်းလောက်အောင် ခြောက်ကပ်ကပ်အနံ့နှင့်

ကောင်းကင်က မှောင်ပိန်းလို့ ကြယ်သေတွေအိပ်တန်းတက်နေကြလေပြီ။

တိမ်နီတွေကတော့ အုပ်စုလိုက် အမြန်နှုန်းမြှင့်၍ လေနှင်ရာ တရွတ်တိုက် နေကြသည်။

ဟူးဟူးရားရား လေပြင်းတစ်ချက်ဝှေ့လိုက်တိုင်း ခန္ဓာကိုယ်ထဲက အက်တမ်တွေ စိမ့်ကွဲသွားမလောက် ချမ်းသည်။

ပင်လယ်ရေ၏ အထိအတွေ့က ဟိုးရေအောက်က ရေခဲတစ္ဆေတစ်ကောင် ပွတ်သပ်နေသည့်နှယ် ကျောရိုးထဲအထိလှိုက်ကာ တစ်ကိုယ်လုံးနွမ်းမောလာသည်။ သဘာဝတရားက ဖန်ဆင်းထားသည့် အဆီးအတားများသည် မွန်လေး၏ ကျောက်ဆောင်ကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက်ကို ဘယ်နည်းနှင့်မှ ရိုက်ပုတ်နိုင်စွမ်းမရှိ။ ဖြည်းဖြည်းမှန်မှန်နှင့် သူ ကူးခတ်လျက်ရှိသည်။

အမှန်အတိုင်းဝန်ခံရလျှင် သူ၏ဘဝ၌ ထိုမျှအချိန်အခါလောက်အထိ နွမ်းနွမ်းလျလျနှင့် နာရီများစွာကြာအောင် မကူးခတ်စဘူး။ ရေကျွမ်းသည်မှန်သော်လည်း ပင်လယ်ဖြတ်ကူးသည့်အချိန်၌ တစ်ချက်တစ်ချက်တော့ ခြေသလုံးကြွက်သားများက တောင့်တင်းကာ ဟိုးရေအောက်တွင်ဖြစ်တည်သော သံလိုက်စက်ကွင်းဆွဲအားတစ်ခုက သူ့တစ်ကိုယ်လုံး ကို လက်ယပ်ခေါ်ကာ ဆွဲငင်စုပ်ယူနေသလိုခံစားရသည်။ ခြေကုန်လက်ပမ်းကျကာ ထိုဆွဲငင်အားနောက်သို့ ဖြစ်ချင်ရာဖြစ် လွှတ်ချလိုက်လိုသော အခါမျိုးတွင် ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်၌အပူအပင်ကင်းစွာ အိပ်စက်နေသော ဇနီးသည်၏မျက်နှာနှင့် သူမ၏ဘေး၌ ရှိနေမည်ဖြစ်သော သားလေးမျက်နှာ များက ကုန်ခမ်းသွားသည့် အားသစ်များ ကို အစားလောင်းထည့်လိုက်သလို။ အိုမင်းဟောင်းနွမ်းသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဆေးပြယ်နေပြီဖြစ်နေသော သူ့အပေါ်တစ်ခါမှ အထင်ကြီးသည့်ဟန်မပြဘူးသည့် ဖခင်၏ တင်းမာသောမျက်နှာက သူ့ရဲ့ ယောက်ျားမာနကို ပုတ်ခတ်လို့ ဒေါသမာန်တို့ ခေါင်းထောင်ကာ ကူးခတ်နေသောလက်များသို့ လျှပ်စစ်စီးအားတစ်ခု စီးဝင်စေသည့် ပမာ။ သူအပြင်မှာ ရန်ဖြစ်လာတိုင်း စိုးရိမ်သောမျက်ဝန်းညိုညိုတို့ဖြင့် တောက်လျှောက်လိုက်ကြည့်နေတတ်သည့် မိခင်၏ လပြည့်ဝန်းမေတ္တာတို့က နားထဲ၌ “မေမေရဲ့သားနိုင်တယ် မေမေရယ်ရင်ဆိုင်ပွဲတိုင်း” ဆိုသည့် စိတ်ဓာတ်များ ပို့သနေသလို သူ၏ အကြောများအပြင် ခြေသလုံးကြွက်သားများကို ပြေလျော့စေသည်။ စိတ်ချပါမေမေ။

ကူးသည်။ လုံးဝဆက်လက်ကူး၍ မဖြစ်တော့သည့်အခါ၌ ဘောင်းဘီအိတ်ထဲထည့်လာသော အမှိုက်ထည့်သည့် အိတ်အမည်းကို အတော်အသင့်လေဝင်သည်အထိ ပါးစပ်ထဲမှ လေကိုမှုတ်ထည့်သည်။ လေအိတ်ကဲ့သို့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင်သည့် အခါ၌ အဝနှစ်ဘက်ကိုချည်၍ ထိုလေအိတ်ကို ဖက်ကာ တစ်ကိုယ်လုံးကို ဖြေလျော့သည်။ ရေထဲ၌ ထိုကဲ့သို့ကိုယ်ဖော့ကာ လေအိတ်ထဲသို့လေမှုတ် ထည့်ရန်ကျွမ်းကျင်မှုကို တစ်ခါမှ မသင်ဘူးသော်လည်း သေငယ်ဇောကြောင့် သူအလိုလိုတတ်မြောက်လာခြင်းဖြစ်သည်။ စင်စစ်ထိုအချိန်၌ သူကိုယ်တိုင်လေအိတ်ဖြစ်၍ လေအိတ်ကလည်း သူအသက်ပင်။ ရေ၌အမှိုက်အဖြစ်မျောပါလာသော သစ်သားစများကိုတော့ လေအိတ်၏နံရံကို မတိုးခွဲနိုင်အောင် သူသတိထားကာ ဖယ်ရှားပေးနေရ၏။ ပင်လယ်ရေစီးကလည်း သူ့ကိုတစ်ခြားကမ္ဘာသို့ တွန်းပို့နေသည်။ ရေစီးနှင့်အတူပါလာသော ရေဒန်းတွေကလည်း သူ၏အရေပြားထက်၌ လာကပ်၍ ကျင်စက်နှင့် တို့ထိနေသလို။ ထိုအရာအားလုံးကို အန်တုကာ သူ၏ လက်များက ရေမျက်နှာပြင်သို့ စည်းချက်ကျကျထိုးခွဲကာ မျှော်လင့်ချက်ဘက်ကမ်းသို့ ကူးခတ်လျက်ရှိသည်။


(၂)

မင်း သွားလို့ဖြစ်ပါ့မလား? ဟင်းသီးဟင်းရွက်ကားနဲ့သာလိုက်ပါကွာ။ ငါ ကြည့်စီစဉ်ပါ့မယ်” စိတ်ဓာတ်မာလွန်းလှသော သူငယ်ချင်း ဇေယျက စိုးရိမ်ပူပန်စွာ သူ့ကို ကြည့်ရင်းပြောနေသည်။ ဇေယျနှင့် သူ ခင်သည်မှာ နှစ်ပေါင်းမနည်းတော့ ဟိုးကလေးဘဝထဲက အခုအချိန်အထိ။ သေဖော် သေဖက် ဆိုလည်းမမှား။

မပူပါနဲ့ကွာ၊ မင်းငါ့အကြောင်းလည်းသိတာပဲ၊ ငါ့အတွက် အကောင်းဆုံးဆိုတဲ့လမ်းကိုလျှောက်ဖို့ ငါ နောင်တမလိုဘူး၊ အခုအချိန်မှာ ဘယ်နည်းနဲ့ဖြစ်နိုင်မလည်းပဲ ငါစဉ်းစားတယ်။ ငါရေလမ်းကြောင်းတွေလည်း လေ့လာပြီးပြီ။

သူ ပင်လယ်ဘက်သို့မျှော်ကြည့်၍ ဇေယျကို သွေးအေးအေးပြန်လည် ရှင်းပြမိသည်။

အေးပါကွာ၊ ငါလည်း ပြောမယ့်သာပြောရတယ် အောင်ဘုတို့တုန်းက ဟိုဘက်ကမ်းလည်းအရောက် ဟင်းသီးဟင်းရွက်တောင်းထဲမှာ အသက်ရှု ကျပ်လို့ မွန်းပြီးသေနေတယ် ဆိုတုန်းက ငါ့မျက်စိထဲမှာ မြင်ယောင်နေမိတာ၊ ဒီနည်းက တကယ်တော့မဟန်ပါဘူးကွာ” ဇေယျ၏ မျက်နှာမှာ အဘိုးအိုကြီးကဲ့သို့ ဖြစ်နေသည်။

အေး၊ ငါဟိုရောက်မှ ငါနဲ့ဟိုကမိန်းကလေးတစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ပို့လိုက်မယ် ဟုတ်ပြီလား?”

သူပြုံးဖြဲဖြဲလုပ်၍ ပြောလိုက်သည်။

အေး မင်းပုံကို ငါ ရန်ကုန်က မင်းမိန်းမဆီ ဆက်ပို့ပေးလိုက်မယ် ဟုတ်ပြီလား? ဟား ဟား ” ဇေယျ ပြန်ပက်သည်။

သူပြုံး၍သာကြည့်နေမိသည်။ ဒီနိုင်ငံမှာနေရင်း သူနှင့် ဇေယျ အလုပ်ပေါင်းစုံအောင်လုပ်သည်။ အလုပ်ကြမ်း ပေါင်းစုံ။ နယ်စပ်သွား၍ ယိုးဒယားဘက်က ကူးလာမည့် သူများကိုလည်း ကားနှင့်ကြိုပို့လုပ်သည်။ စားသောက်ဆိုင်တွင်လုပ်သည်။ စက်ရုံတွင်လုပ်သည်။ သူတို့နှစ်ယောက်ကို ခွဲ၍မရ။ တစ်ခါသူရယ် ဇေယျရယ် ဒီမြို့က လူမိုက်များနှင့် ရန်ဖြစ်ရင်း အုတ်နံရံကျော်အတက်တွင် လူမိုက်တစ်ယောက် နောက်ကဓားနှင့် လှမ်းခုတ်လိုက်သောကြောင့် ဇေယျ ပေါင်သားတစ်ချို့ ထိုအုတ်နံရံတွင်ပင် ကပ်ကျန်ရစ်သည်။ ထိုစဉ်က ဇေယျကိုထမ်း၍ ဆေးရုံသို့ပြေးရသည်။ သို့သော် ဇေယျ အကြောထိသွားကာ ခြေတစ်ဘက်က သိပ်မသန်တော့။ ဇေယျသည်လည်း သူ့ကိုကြည့်၍ သူ့အတွေးနှင့်သူ။

တိတ်ဆိတ်ခြင်းက ဗလာဆင်ဖိုနီတေးသွားတစ်ပိုဒ်လို သူတို့နှစ်ယောက်ကြားဖြန့်ခင်းထားသည်။

သူငယ်ချင်းနှစ်ယောက်၏လမ်းခွဲမှာ လေနှင့်အတူရွက်လွှင့်လာသော ညမွှေးပန်းရနံ့တွေ အပြိုင်းအရိုင်း မရှိ။

ညငှက်တွေလည်း ဆွံအ နားမကြားဖြစ်ကာ ကျီးကြည့်ကြောင်ကြည့် ကြည့်နေကြသည်။

အမှောင်ပါးပါးက ဖြိုးဖြိုးဖြဖြဖြင့် မီးခိုးရောင်ဖျော့ဖျော့ အပျိုးခံထားရသည်။

သူနောက်ကိုလှည့်မကြည့်ဖြစ်။

ထိုအတူ ဇေယျကလည်း သူ့နောက်မှာ စောင့်ကြည့်နေမှာမဟုတ်မှန်း သူသိနေသည်။

ထိုခဏ၌ ဇေယျသည် မွန်လေးဖြစ်၍ မွန်လေးသည်လည်း ဇေယျပင်။

ထိုသို့ဖြင့် လှေကလေးကိုသူလှော်ခတ်သလို လှေကလေးကလည်း သူ့ကိုထမ်းပိုး၍ ရေကဗ္ဗလာအမည်းရောင် ပေါ်တွင် ဝဲဂယက်ငယ်လေးများ ထစေကာ ဝေး ဝေး လာခဲ့သည်။


(၃)

လူက လှော်တက်ကို အသုံးပြုရင်း လှော်တက်ကလည်း လူကို အသုံးပြုကာလှေကလေးကိုရွေ့စေ၏။

ခပ်ဝေးဝေးက ပင်လယ်ကူးသဘောင်္များ၏ အသက်ရှုသံသဲ့သဲ့၊

ဆားငန်ရေ၏ စိမ်းရွှေရွှေရနံ့ နဲ့အတူ တချက်တချက် မျောပါလာသော သစ်တုံးသေများ၊

လက်ခုပ်ထဲမှာ ပါလာသော ပင်လယ်အော်သံတစ်ချို့၊

သူ့ရဲ့လှေကလေးအား ခပ်ဖွဖွလေး ထိတွေ့ နမ်းရှိုက်နေသော ညက ဝိဥာဉ်မဲ့စွာဖြင့် လှိုင်းတို့၏ ဂျစ်ပဆီဗုံသံကြားမှာ ဝစ်လစ်စလစ် ကခုန်နေသည်။

လှေကလေးဖြင့် လမ်းခရီးတစ်ဝက်ကိုကျော်လာပြီ။ လှေနှင့်ဆက်သွားလို့မဖြစ်တော့။ သူသည် လှေကိုတိမ်းမှောက်၍ မြှုပ်လိုက်သည်။ ထို့နောက် တဝက်ကျန်သေးသောခရီးကို ဆက်လက်ကူးခတ်လာခဲ့သည်။ ငါးမွေးကန်များကြားမှ ဖြတ်ကူးသည်။ ရုတ်တရက် ငါးများထတွတ်လေမလားဆိုသော အတွေးဖြင့် မနားနိုင်ပဲ အမြန်ကူးသည်။

ကူးသည်။

သူ ကူးသည်။

သူ ပင်လယ်ကိုဖြတ်၍ ကူးသည်။

သူ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပင်လယ်ကိုဖြတ်၍ ကူးသည်။

အချို့သူများအတွက် စိတ္တဇဆန်သော ရူးသွပ်မှုအဖြစ် သူ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပင်လယ်ကိုဖြတ်၍ ကူးသည်။

သူ့မောမောပန်းပန်း အသက်ရှုသံများကပင် ဒီလိုည၌ သူ့ကိုပြန်ခြောက်လှန့်နေသည်။ နောက်ဆုံးတွင်တော့ ကမ်းခြေကိုမြင်နေရပြီ။ သူအားတက်ကာ ဆက်လက် ထိုးခွဲလာခဲ့သည်။ ရေအောက်မြေကြီးနှင့် သူ့ခြေထောက်ထိသည့်အချိန်၌ အူထဲအသည်းထဲက လှိုက်ကာ ဝမ်းသာမိလေသည်။ ထိုခဏ၌ အားပြတ်ကာ ရေတိမ်ထဲသို့ သူလုံးဝ နစ်မြှုပ်သွားလေသည်။ လူဆယ်ယောက်ကူးလျှင် ခုနှစ်ယောက်လောက်သာ ဆိုက်ကပ်နိုင်သောကမ်းသို့ သူရောက်ခဲ့ချေပြီ။ အလုပ်ကြီးအကိုင်ကြီး လုပ်ခဲ့ရသူတို့ထုံးစံအတိုင်း သူမောပန်းစွာဖြင့် သောင်ပြင်ပေါ်၌ ခြေပစ်လက်ပစ်နားနေမိသည်။ လှိုင်းတို့ရိုက်ပုတ်သံမှာ ဟစ်ဟောပ့် စည်းချက်လိုလိုက်နေသလို။ ငိုမဲ့မဲ့တိမ်နီတွေကင်းဆင်သွားလေပြီ။ ဘီလူးမျက်နှာဖုံးနှင့် လေကြမ်းများကလည်း အခုမှ မင်းသားခေါင်းဆောင်းကာ အသုံးတော်ခံနေသည်။ ကောင်းကင်မှာလည်း ကြယ်တွေတစ်ရေးနိုးနေပြီဖြစ်သည်။ ကြယ်အကြီးများ၊ အစုအစုများ၊ မျက်စိထဲတွင် ဖုန်မှုန့်လိုလို လင်းလောက်တောက်ပနေသော ကြယ်မှုန်ကြယ်မွှားများ အာလုံးက သူတို့ကို သူတို့အတောက်ပဆုံးထွန်းညှိကာ သူ့ကြိုးစားမှုကို အသိအမှတ်ပြုနေသယောင်ယောင်။ ကြယ်များကိုကြည့်ရင်း ကြည့်ရင်းနှင့် သူ့မျက်လုံးများဝါးလာသည်။ ကြယ်တွေလည်းမထင်မရှားဖြစ်ကာ တဖြည်းဖြည်းဝေး ဝေးလာသည်။ ညအမှောင်ထုကသူ့ မျက်ဝန်းထဲသာမက တစ်ကိုယ်လုံးကိုလွှမ်းခြုံကာ အစိမ်းရောင်နတ်သမီးတစ်ပါး၏ အိပ်မွေ့ချခြင်း အတတ်ပညာ၌ လှလှပပ ပျော်ဝင်သွားတော့လေသည်။

ငယ်စဉ်ဘဝက ပျော်ရွှင်မှုပုံရိပ်များ.....

သူ၏ ပထမဆုံးသော အချစ်ည....

ချစ်သူရင်ခွင်၌ အဟာရဓာတ်သောက်သုံးနေသော သားလေး...

ငိုနေသော အမေ.....

အဖေ့ အော်သံများ....

ခေါင်းမှာ ချောင်းအရိုက်ခံလိုက်ရသော်လည်း ရီမောနေသော ဇေယျ...

အရာအားလုံးက ရုပ်ရှင် အနှေးဇာတ်ဝင်ခန်းများလို မှောင်မည်းသော အိပ်မက်ပိတ်ကားထက်၌ တစ်ကွကချင်း ပြသနေလေသည်။


ဆက်ရန်