Showing posts with label အတွေး. Show all posts
Showing posts with label အတွေး. Show all posts

Thursday, May 29, 2008

ရွှေပေလွှာများ

ခုတစ်လော ရွှေပေလွှာဆန်ဆန် မက်ဆေ့ခ်ျ တစ်ခုရပါတယ်ဗျာ…ဘာတဲ့ ‘BUDDHA’ is coming very soon”, send this msg to 9 people, you will get good news tomorrow. If u neglect bad luck for 9 years, this is proved true…..ကျွန်တော့် ဖုန်းမက်ဆေ့ခ်ျထဲဝင်တာမှ ဝင်လာမစဲ တသဲသဲဗျာ… စဉ်းစဉ်းစားစားလေး ပို့ကြပါလို့ပြောလိုပါတယ်…

ကျွန်တော်တို့ငယ်ငယ်တုန်းကလဲ တောင်ပုလုဆရာတော်ကြီးရဲ့. ဒီ ဂါထာကို ကူးပါ ပြီးရင် သက်စေ့လျှောက်ဝေပါ…မဝေရင် ဘာဖြစ်မယ်..ညာဖြစ်မယ်ဆိုပြီး သူငယ်ချင်းတွေကတဆင့် ဂါထာလိုလို ဘာလိုလို စာရွက်အပိုင်းအစတွေရဘူးပါတယ်.. ကျွန်တော်ကတော့ လာပေးတဲ့ သူငယ်ချင်းကို မေးခွန်းတွေနဲ့ ဦးနှောက်စားပေးလိုက်ပါတယ်..ဆရာတော်ရဲ့ ဂါထာကို မရွတ်ရင်ဘာဖြစ်မလဲ? ဆရာတော်က ထေရဝါဒလား၊ ဂါထာ မန္တာန်တွေကို ယုံသလား? စသည်ဖြင့်ပေါ့…နောက်ပိုင်း အဲဒီသူငယ်ချင်း ကျွန်တော့်ကို တွေ့ရင်ဝေးဝေးကရှောင်ပါတော့တယ်…တစ်ကယ်က ဘုရားသားတော် ထေရဝါဒ ဆရာတော်တွေကိုယ်တိုင်ကလည်း အဲလိုလုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ မြန်မာတွေရဲ့ ယုံလွယ်မှု၊ Superstitious ဖြစ်လွယ်မှု တစ်နည်းအားဖြင့် မမြင်ရသောတစ်စုံတစ်ရာကို အစိုးရိမ်လွန်၍ ကြောက်လွယ်မှု အဲဒါတွေကို အခွင့်ကောင်းယူသူတွေက လုပ်နေတယ်လို့ထင်ပါတယ်။

ခုလည်း Forward လုပ် မလုပ်ရင် ဘာဖြစ်မလေးညာဖြစ်မလေးနဲ့ အဲလို မက်ဆေ့ခ်ျတွေဝင်ပါတယ်…တစ်ချို့ဆိုလည်း ဘာမှန်းညာမှန်းမစဉ်းစား ကိုယ့်လက်ကလွတ်ဗြွတ်ဆိုပြီး ဆင်ကန်းတောတိုးသလို သူများတွေကို လိုက်ပေးပါတယ်… နောက်လက်ထဲရတဲ့သူကလည်း နောက်လူတွေကို ထပ်ပေး..အဲလိုနဲ့ လုံးလည်ချာလည်လိုက်နေတာပါ…ဆိုးတာက ခေတ်ပညာတတ်၍ နိုင်ငံခြားရောက်ကာ ပညာသင်ကြားနေသောသူများပါဝင်နေခြင်းပါ။

ဒါကဘာလဲဆိုတော့

၁) မိမိကိုယ်ကို ယုံကြည်မှုမရှိခြင်း

၂) သူများက မလုပ်ရင်ဘာဖြစ်မည် ညာဖြစ်မည် စသည်ဖြင့် ကျိန်စာဆန်ဆန်ရေးသားခြင်းများကို ဆင်ကန်းတောတိုး ယုံလွယ်ခြင်း

၃) လက်တွေ့ကျကျ မစဉ်းစားကြခြင်း စတဲ့ ပျော့ကွက်တွေကိုတွေ့ရမှာပါ။ ရှေးထုံးကိုလည်း မပယ်နဲ့ဈေးသုးံလည်းမလွယ်နဲ့ဆိုတဲ့ စကားကိုလည်းကြားဖူးပါတယ်။ တစ်ချို့ထိန်းသိမ်းသင့်သော မြန်မာရိုးရာ ဓလေ့ထုံးစံတွေကို ထိန်းသိမ်းသင့်ပါတယ်။ ဤကဲ့သို့သော ရွှေပေလွှာ ပို့သည့်ထုံးစံများကိုတော့ ကျွန်တော်တို့နိုင်ငံ တိုးတက်လိုစိတ်ရှိသူများ စိတ်ဓာတ်မြင့်မားမြင့်မြတ်သော မြန်မာနိုင်ငံသားကောင်းဖြစ်လိုသူ မှန်သမျှ စွန့်လွှတ်သင့်ပါကြောင်း…..စိတ်ထားကောင်းလျှင် ကံကောင်းမည်ဆိုသော အစွဲကိုသာယုံကြည်သင့်ပါကြောင်း….

Sunday, December 23, 2007

တာအို ဖြစ်စဉ်များ


အိပ်မက်အစ....

.........................................

..................................................


သူသည် လူသားမျိုးနွယ်တစ်စုမဟုတ်သည့် တောင်ကျရေခဲချောင်းများမှ မြစ်ဖျားခံ၍ စီးဆင်းလာခဲ့သည်။ နွားရိုင်းသွင်းချိန်ကဲ့သို့ သားရဲတိရစ္ဆာန်များအတိပြီးကာ အလင်းပြောက်မရှိသော လျှိုများထဲတွင် တစ်ကိုယ်တည်း စမ်းချောင်းငယ်တစ်ခုလို သတိကြီးကြီးဖြင့်တိတ်ဆိတ်စွာ စီးဆင်း၍ နေရောင်ခြည်များက သူ့မျက်နှာပြင်ပေါ်သို့ မိန်းမောယစ်မူးစွာ ခုန်ဆင်းပျော်မြူးလေ့ရှိသည့် လွင်ပြင်ကျယ်များတွင်တော့ သူသည် အပူအပင်မရှိသော ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် စီးဆင်းလေ့ရှိသည်။ အကွေ့အကောက်များကို အေးအေးလူလူဖြတ်ကျော်၍ ချောက်ကမ္ဘားများအရောက်တွင်လည်း ရေတံခွန်အဖြစ် မကြောက်မရွံ့ခုန်ချလေ့ရှိသည်။ ထို့အပြင် သက်တံ့ရောင်စဉ်များဖြင့် သဘာဝကို အလှဆင်လိုက်သေးသည်။ အနိမ့်အမြင့်များကို ရေပြင်ညီအတိုင်းသဘောထားကာ ထာဝရစီးဆင်းနေဆဲပင်။ ရွာငယ်ဇနပုဒ်များမှ မိန်းမပျိုများသည်လည်း နေဝင်ရီတရောတွင် ပုံးဖာမှောက်ဆင်၍ သူ့ဆီကို ညနေတိုင်းလာရောက် နှုတ်ခွန်းဆက်သကြသည်။ သူမတို့ထံမှ သူသည်လည်း ရပ်ရေးရွာရေးမှ အစ အတင်းစကားများအဆုံး နားထောင်ရင်း ဘာတစ်ခွန်းမှပြန်မပြောပဲ ပြုံးပြုံးကြီးစီးဆင်းနေဆဲပင်။ သူ့ထံမှ သက်ရှိသတ္တဝါ လူသားတို့အတွက်အရေးပါသည့် အသက်ဓာတ်ကို လာရောက်ကူးယူကြသည်။ သူသည် မြစ်တစ်စင်းဖြစ်နေသည်။


သူသည် သစ်ပင်တစ်ပင်လည်းဖြစ်နေပြန်သည်။ လူတို့သည် သူ့အရိပ်တွင်နေ၍ သူ့အခက်ချိုးသည့်တိုင်အောင် တစ်စက်မှမငြီးငြူ သူ့ကိုယ်ခန္ဓာအမိုးဖြင့် လူသားတို့အားနေရောင်ဒဏ်မှကာကွယ်ပေးသည်။ နေပူပူမိုးရွာရွာ ဝတ္တရားမပျက်၊ မြို့ပြတွင်သာမက ယာတောများ၊ မြစ်ချောင်းနံဘေး၊ တောင်တန်းများ၊ တောအုပ်များစသည်ဖြင့် လက်ညိုးထိုးမလွဲနေရာတိုင်းတွင် သူ့အရိပ်များရှိသည်။ ရှင်သန်စဉ်အတောအတွင်းလည်း လူတို့ရှုသွင်းရန် အောက်ဆီဂျင်ကို ထုတ်လွှတ်၍ လူသားတို့အန္တရာယ် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူသည်။ သေဆုံးသည့်အခါတွင်လည်း သူ့ကိုယ်ခန္ဓာအားမီးတိုက်စေခြင်းဖြင့် လူသားတို့အတွက် အပူဓာတ်၊ အလင်းဓာတ်၊ အနွေးဓာတ်ကို ရရှိစေသည်။ သူသည် သဘာဝတရား၏ ဖြစ်စဉ်များထဲတွင် တည်ငြိမ်ရင့်ကျက်လွန်းစွာဖြင့် အခြေခံကျလွန်းသော သက်ရှိသစ်ပင်လည်းဖြစ်ခဲ့သည်။


သူသည် မျက်စိတစ်ဆုံးစိမ်းလန်းကျယ်ပြန့်သော မြက်ခင်းစိမ်းတစ်ခုလည်း ဖြစ်ခဲ့ပြန်သည်။ စိမ်းစိုသော မြက်နုနုကြောင့် တိရစ္ဆာန်တို့အသက်ရှင်ရသလို နို့၊ အသား ပရိုတင်းဓာတ်များကြောင့်လည်း လူသားတို့ သွယ်ဝိုက်သောနည်းဖြင့် အသက်ဆက်ရသည်။ အစိမ်းရောင်ဆံပင်ဖြင့် လုံမငယ်တစ်ယောက် ခေါင်းလျှော်ပြီးကာစ ဆံပင်ဖြန့်၍ အခြောက်ခံနေသကဲ့သို့ မြကဗ္ဗလာအရောင်အဆင်းဖြင့် ကြည့်လေရာ လွင်ပြင်များ တောင်ကမ္ဘားယံများတွင် မြင်သူတိုင်းအား မျက်စိပသာဒဖြစ်စေလေသည်။ မြက်ခင်း၏အဓိပ္ပယ်၌ ကျယ်ဝန်းလွတ်လပ်ခြင်း အမြဲစိမ်းလန်းခြင်း သဘောတရားများကိန်းအောင်းလျက်ရှိသည်။ သူသည် မြက်ခင်းစိမ်းတစ်ခုလည်းဖြစ်နေခဲ့သည်။



အိပ်မက်အဆုံး.....................

................................

.......................

သူသည် အိပ်မက်ကလန့်နှိုးခံရသည့် အခိုက်၌ မနုဿလူသားတစ်ယောက်ဖြစ်နေလေသည်။ သို့သော်လည်း တသွင်သွင်စီးဆင်းနေသည့်မြစ်တစ်စင်းဘေးရှိ သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက် ကျယ်ပြန့်စိမ်းစိုသောမြက်ခင်းစိမ်းပေါ်တွင် အေးအေးလူလူထိုင်ကာ တာအိုဖြစ်စဉ်အကြောင်းဖတ်နေသည့် ကလေးငယ်တစ်ယောက်ကိုတော့ အိပ်မက်ထဲ၌ သူ့လန့်မနိုးမီ တွေ့လိုက်ရလေသည်။


Friday, October 26, 2007

လိုအပ်ခြင်းနံပါတ် (၁)

လမ်းလျှောက်တတ်ဖို့အတွက် သင်သည် ခြေထောက်တစ်စုံလိုအပ်သည်။

ထိုခြေထောက်များ လှပနေရန်မှာလည်း လမ်းလျှောက်ရခြင်းလောက်အရေးမကြီးပါ။


အသက်ရှုဖို့အတွက် ကျွန်ုပ်တို့လူသားများ နှာခေါင်းတစ်ပေါက်တော့ အနည်းဆုံးလိုအပ်သည်။

နှာခေါင်းပြားခြင်း၊ ကောက်ခြင်းကလည်း ကျွန်တော့်အတွက် ရှုသွင်း၊ ရှုထုတ် လုပ်ဖို့လောက်အရေးမကြီးပါ။


မိန်းကလေးများလှချင်ကြသည် (သို့မဟုတ်) အလှအပမက်ကြသည်။

တိရစ္ဆာန်များမှ ထုတ်လုပ်သည့် အလှကုန်ပစ္စည်းများ ဆိုသည်မှာလည်း လူများကို အသုဘကမ္မဋ္ဌာန်းရှုဖို့ကောင်းအောင် သတိပေးသလိုပင်။

သို့သော်လည်း ကျွန်တော်အပါအဝင် ပုရိသတို့ ရုပ်အလှအပက ရုန်းမထွက်နိုင်ကြသေးပေ။

ရုပ်လှသော်လည်း စိတ်ဓာတ်မလှခြင်းသည် မဆလာမပါသော ကြက်သားဟင်းဆီပြန်တစ်ခွက်သာ ဖြစ်ပေလိမ့်မည်။


ကျွန်တော်တို့ အသက်ရှင်ဖို့အတွက် ထမင်းစားကြသည် ထို့အတွက်အလုပ်လုပ်ကြသည်။ အလုပ်လုပ်နိုင်ဖို့အတွက် ထမင်းစားကြသည်။ အကောင်းဆုံး သံသရာ ဥပမာတစ်ပုဒ်သည် ရစ်သမ်မိနေတုန်းပင်။ အချိန်တန်တော့ အသိမပေးပဲ ထွက်ခွာကြသည်။ ရုတ်တရက်ကြည့်ရင် ဘဝအတွက် အလုပ်လုပ်ခြင်းကအရေးကြီးသလို။ တကယ်တော့ သင်လုပ်ချင်သည့်အလုပ်ကို မသေခင်အထိ လုပ်ဖို့သည် အရေးကြီးဆုံးဟု ဆိုချင်သည်။ အတ္တကြီးသည် ဟု ကျွန်တော့်ကို ကင်ပွန်းတပ်ချင် တပ်ကြပါစေ။


ပန်းကလေးများ ပွင့်တော့မည်

ဖူးတံဝင့်လို့ချီ နေခြည်မှာရွှေ့ရည်လောင်း

ငါတို့စာသင်ကျောင်း

ဒီစာပိုဒ်ကို ရုတ်တရက်ကြည့်လိုက်ရင် ကျွန်တော်တို့ စာသင်ကျောင်း သည် ပန်းပေါင်းစုံပွင့်အာကာနီး ရွှေရောင်နေခြည်များကခုန်မြူးထူးနေသည့် ဥယျာဉ်အလယ်က တစ်ထပ်စာသင်ကျောင်းလေး တစ်ဆောင်ဟု မြင်ကြပေလိမ့်မည်။ (ဖတ်စာအုပ်ထဲက ပုံလေးအတိုင်း)

တစ်ကယ်တော့ ကျွန်တော့်အမြင် စာဆို ဆိုလိုချင်သည်မှာ ပန်းကလေးများ၊ ရွှေရောင်နေရောင်ခြည်များဆိုသည့် သဘာဝတရားဆိုသည့် တစ်ဘဝစာ စာသင်ကျောင်းဟု မြင်ရန်လိုအပ်သည်။ ကျောင်းဆိုသည်မှာ ဆရာ၏ သင်ရိုးညွှန်းတမ်းအတိုင်း လိုက်နာသင်ယူရ၍ သဘာဝတရားတွင် သင်ကိုယ်တိုင် လေ့လာချင်သည့်ဘာသာရပ်အား ပြဋ္ဌာန်းခွင့်ရှိသည်။ သဘာဝတရားသည် ကျွန်တော့်အတွက်တော့ ပင်လယ်တစ်ခုသာဖြစ်သည်။ ဟင်းလင်းပြင်သဘောတရားများပါသည်။ ထို့သို့လူပြိန်းတွေး တွေးမိဖို့တော့ လိုအပ်ပေလိမ့်မည်။

စာတစ်ပုဒ်ရေးဖို့အတွက် နာမည်ကျော်သူများ၏စာများကျွန်တော်ကူးမရေးတတ်ပါ။ စာကြီးပေကြီးများကြောင့် ကျွန်တော့်စာများလေးမှာစိုးလို့ဖြစ်သည်။ ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းလိုသော ငနဲတစ်ကောင် ဒီလမ်းထဲတွင်နေထိုင်လေသည်။ သူ့အတွက်တော့ အိမ် မလိုအပ်ပါ။ လိုရာကို စိတ်လွတ်ကိုယ်လွတ်သွားနိုင်သော ခြေသလုံးတစ်စုံတော့ ယခုအချိန်တွင် လမ်ဘရိုဂီးနီးတစ်စီးထက် မဖြစ်မနေလိုအပ်နေလေသည်။

Thursday, October 18, 2007

ငါလိုချင်တာ

ဘယ်သူ ဘယ်ပါတီ ဘယ်စနစ်ပဲ ခေါင်းဆောင်ပစေ...


ငါလိုချင်တာ လူလူချင်းလေးစားမှု

ငါလိုချင်တာ ရင်ဝယ်သား အုပ်ချုပ်မှု

ငါလိုချင်တာ ငါတို့လူမျိုး ဂုဏ်မငယ်မှု

ငါလိုချင်တာ အကျိုးရှိတဲ့ ငြင်းခုန်မှု

ငါလိုချင်တာ လွတ်လပ်စွာကူးသန်းရောင်းဝယ်မှု

ငါလိုချင်တာ ပြည်သူတွေ ထမင်းဝမှု

ငါလိုချင်တာ နိုင်ငံတိုးတက်မှု


ငါလိုချင်တာ ခြစားမှုမဟုတ်

ငါလိုချင်တာ ပြည်သူ့မျက်ရည်မဟုတ်

ငါလိုချင်တာ အတ္တအမိန့်တွေမဟုတ်

ငါလိုချင်တာ ကိုယ်ကျိုးကြည့်သော ခေါင်းဆောင်မဟုတ်

ငါလိုချင်တာ ပါးစပ်ကအော်သော နိုင်ငံတိုးတက်မှုမဟုတ်

ငါလိုချင်တာ ဘာပြောပြော ခေါင်းညိတ်နေမှုမဟုတ်

ငါလိုချင်တာ...

ငါလိုချင်တာ...