Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, April 3, 2010

လက်သည်းချွန်ကြားက “ည”

အဲဒီဆေးမဆိုးထားတဲ့ လက်သည်းချွန်ချွန်လေးတွေပေါ့
ငါ့အတွေးတွေထဲအထိ
ဝင်ရောက် ကုတ်ခြစ်ပစ်နိုင်စွမ်းရှိတယ်…

ဟိုဘုရင်က လက်နဲ့ထိရင်ရွှေဖြစ်သတဲ့
အဲဒီလက်သည်းချွန်ချွန်လေးတွေနဲ့ ထိရင်
အကြင်နာအတိ…ငါ့ရင်မီးတွေ
တဟုန်းဟုန်းငြိမ်းခဲ့ရပေါ့….

နောက်ပြီး အဲဒီ လက်သည်းချွန်ချွန်တွေရဲ့
ဆွဲငင်မှုမှာ
နေဝင်မီးငြိမ်း
တိမ်တွေတဖျပ်ဖျပ်ခတ် ခဲ့ရပေါ့

အဲဒီ လက်သည်းချွန်ချွန်တွေပိုင်ရှင်က
ကြယ်တွေကို ဇယ်တောက်ရင်း
လမင်းကို ပွတ်သပ်ကြည့်ချင်သေးသတဲ့လေ

ကလီယိုပက်ထရာရဲ့လက်တွင်း
ရောမအင်ပါယာအရှင်
ဆီဇာဘုရင် သက်ဆင်းရသလိုမျိုး
ဧကရီဘုရင်မရဲ့ လက်သည်းချွန်ချွန်တွေပေါ်မှာ
ငါ့နေမဝင်အင်ပါယာတစ်ခုလုံး
မျက်စိတစ်မှိတ်အတွင်း
အတုံးအရုံးကျဆုံးလို့ပေါ့
ရုန်းထွက်ခွင့်တောင် မရလိုက်မိဘူး…

Thursday, April 1, 2010

ဧပြီအရူး

နွေတန်ခူးမို့
လေရူးတို့
သွေစို့ပြန်သနော်

ဖြေလျှော့ကာပူ
နေတော့မူ
ကြံယူသော်လည်း

ခါသင်္ကြန်မာန်
လာပြန်ဟန်
တစ်ဖန်နွှဲရပါ့

မြေသင်းနံ့တေး
ပိတောက်မွှေး
ခိုင်လေးညှာတံငယ်ကို

မလေးကေသာ
ပိတုန်းဖြာ
ဆံဗျာစမှာပ
ပန်လိုက်ကဲ့လေး…

(မြန်မာသံပေါက်ကဗျာပါ...ကာရန်ကဗျာ စပ်ရတာပျော်ဖို့ကောင်းတယ်)

Monday, March 29, 2010

ကစဥ့်ကလျား ဝိဥာဉ်

နေ့နဲ့ညတွေ က စဥ့် က လျား

အိပ်မက်တွေ က စဥ့် က လျား

သင်္ကေတတွေ က စဥ့် က လျား

တွေးခေါ်၊ချောင်းဆိုး၊ သလိပ်ခတ်သံ က စဥ့် က လျား

ဆေးလိပ်ပြာတွေ က စဥ့် က လျား

အချစ်၊ အမုန်းတွေ က စဥ့် က လျား

နာရီ၊ရာသီဥတု၊ အဟာရ က စဥ့် က လျား

ဆံပင်တွေ က စဥ့် က လျား

ရေသံ မီးသံ တွန်သံ က စဥ့် က လျား

ရစ်သမ်မမှန်သော ဂီတသံ က စဥ့် က လျား

မိုးဦးလေသံ၊ မြေသင်းနံ့ က စဥ့် က လျား

ခပ်ကြမ်းကြမ်းစုတ်ချက်တစ်ချို့ က စဥ့် က လျား

နူးညံ့သိမ်မွေ့သော အထိအတွေ့ က စဥ့် က လျား

ပါးပြင်ပေါ်ပြုတ်ကျကျန်ခဲ့သော အနမ်းတပွင့် က စဥ့် က လျား

စကားလုံးတွေ က စဥ့် က လျား

ဒီကဗျာလည်း က စဥ့် က လျား….

Friday, January 1, 2010

နှစ်ကူးအမျှင်များ

ဒီနှစ်ကို လည်ပြန်လှည့်ကြည့်တော့
အပ်ချည်ကြိုးပါးပါးနဲ့
ဘဲဥတစ်လုံးကို လှီးဖြတ်လိုက်သလိုမျိုး
သံယောဇဉ် နန်းကြိုးမျှင်လှပ်လှပ်က
ငါ့နှလုံးသားကို “ဟက်ကနဲ”

ခြေတစ်လှမ်းစာလောက်
ဒါပေမယ့်
ငါတို့နှစ်ယောက်က ကမ္ဘာ့မြေပုံပေါ်မှာ
တစ်ယောက်တစ်ခြမ်းစီ

ဆောင်းနှင်းစက်တွေပြိုးပြက်
ဓားမိုးတွေတလက်လက်သည်းတဲ့ နှစ်သစ်ကူးည
ဟက်ပီးနယူးယီးယား အော်သံတွေ...
ငါ့အတွက်တော့
လမင်းက အနက်
ကြယ်တွေလည်း အနက်
တိမ်တွေလည်း အနက်
ပင်လယ်လည်း အနက်
ဝုန်းကနဲ အသံနက်ကြီးနဲ့ပေါက်ကွဲ
မီးရူးမီးပန်း အနက်ရောင်တွေ
…..
…..ရယ်
လောကကြီးက
မျက်မမြင်တစ်ယောက်ရဲ့ ရှု့မျှော်ခင်းပန်းချီလို
ပိန်းပိတ်အောင်မှောင်လိုက်တာ..

အချစ်နတ်ဘုရားမ,စစ်တဲ့ ဘာသာဗေဒအောာင်စာရင်းမှာ
အဲဒီနှစ်က ငါ့နာမည်မပါခဲ့ဘူး..

Saturday, December 12, 2009

မှတ်တမ်း

အခုတော့
ဇာတ်လမ်းက မသန်းဖြစ်
ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်
မိန်းမတွေအကြောင်း မခန့်မှန်းတတ်ခဲ့လို့
ဖက်ကြမ်းတစ်လိပ်နဲ့ပဲ စခန်းသွား

တစ်ခါက
အကွက်ဆန်းထွင်ပြီး
ဓာတ်ကြမ်းတိုက်ကာ
ဖက်နမ်းလိုက်တော့လည်း
ရှက်ရမ်းပြီးပြန်ဝဲလာတဲ့
လက်တစ်ခြမ်းစာသာ ရခဲ့

ငါ့ဘဝက ဗွက်လမ်းထဲက
နတ်နန်းက နင်ဆက်မလှမ်းသင့်တော့ဘူး
ငါသိတယ် ခန့်မှန်းခြေသုည
ထွက်လမ်းမရှိတော့ဘူး
လက်တစ်ကမ်းအပစ် အလိုမှာ
ငါတို့နှစ်ယောက်ရဲ့ မျက်ကန်းအချစ်တွေကို
ရပ်တန်းက ရပ်သင့်နေပြီ
ထပ်မစမ်းသင့်တော့ဘူး

အဲဒီနေ့က ငါ့ရင်ဘတ်ကို
နင့်စကားလုံးတွေက ဘက်ခမ်းကစ် ကစ်သွားသေးတယ်
ဘာတွေပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်အချစ်ကို
မှတ်တမ်းအဖြစ်နဲ့ ငါ့နှလုံးသားရဲ့ စက်ခန်းအသစ်ထဲမှာ
ထာဝရသိမ်းထားလိုက်တော့မယ်…

Sunday, October 25, 2009

ပြဿဒါးမကင်းတဲ့ဝိညာဉ်

အဲဒီလူဟာ
အိပ်မက်ထဲမှာတောင် ခဏခဏသေတယ်

ရှင်သန်နေစဉ်မှာလည်း
တိုးတိုးဖော် တစ်ယောက်မှမရှိ

မှန်ထဲကြည့်လိုက်ပြန်ရင်လည်း
ဘာဆိုဘာမှမမြင်ရ
သူ့အတွက် မှန်တိုင်းက ပြဒါးပြယ်နေသတဲ့

သူလည်းလူပဲလေ
ညနေခင်းတွေမှာ ချစ်သူကိုတွဲပြီး
လမ်းလျှောက်ထွက်ချင်သတဲ့
ဒါပေမယ့် သေသာသွားတယ်
အဲဒီကိစ္စက သူ့အတွက်
ညတိုင်းမက်ရတဲ့ တစ်ထောင့်တစ်ည အိပ်မက်

သူဟာ နားရွက်တွေကိုနှစ်သက်တယ်
လူတွေနဲ့ အနီးဆုံးနေပြီး
လူတွေက သိပ်စိတ်မဝင်စားတဲ့အရာ
ဒါပေမယ့် သူ့ချစ်သူအတွက်တော့
သူက ဗင်ဂိုးရဲ့နားရွက်တစ်ဖက်
ကျွန်တော်အဲဒီလိုရေးမယ်လို့ ခင်ဗျားကြိုသိရင်သိနိုင်တယ်..

အဲဒီလူက လူကိုတော့စားချင်ရာစားခိုင်းပြီး
စိတ်ကိုတော့ ဝိတ်မခိုင်းတတ်တယ်…
အဲလိုလူစားမျိုး…
ဟိုလိုမျိုး..ဒီလိုမျိုး…

သူ့ကဗျာတွေကလည်း
ခပ်ညံ့ညံ့အချစ်ဝတ္ထုထဲက စကားလုံးထက်မပိုတဲ့သူ
အဲဒီလို စွဲချက်တင်ခံရတဲ့နေ့မှာတင်
အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရသတဲ့လေ…
ကျုပ်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး
ကောင်းရာသုဂတိလားပါစေသား…

Sunday, October 11, 2009

ခရီးသည်

ဖွင့်ထားတဲ့ပြတင်းပေါက်က
ငါ့စိတ်တွေ ရွှက်လွှင့်ထွက်ခွာသွားရင်း
စန့်စန့်ကြီးလှဲလျောင်းနေတဲ့ ကောင်းကင်တောက်လျှောက်
ကဗျာတစ်ပုဒ် တီးတိုးရွတ်ဆိုရင်း
ကဗျာတစ်ပုဒ် နဲ့အတူ ရထားတစ်စီးတည်းစီးရင်း
ကဗျာတစ်ပုဒ် နဲ့အတူ ငှက်ပစ်ထွက်ရင်း
ကဗျာတစ်ပုဒ် နဲ့အတူ ဖိုမဆက်ဆံရင်း
ကဗျာတစ်ပုဒ် နဲ့အတူ ရေငုပ်ရင်း
ကဗျာတစ်ပုဒ် နဲ့အတူ နေပူဆာလှုံရင်း

မျက်စိဖွင့်ကြည့်မိတော့မှ
မွဲခြောက်ခြောက် နံရံတွေကြားမှာ..

Monday, August 31, 2009

တနင်္ဂနွေမနက်ခင်း

ကိုယ့်အခန်းထဲကိုယ်နေရင်းက
ငါဟာ တာဝေးအပြေးသမားတစ်ယောက်လို
နံရံတွေပြောတဲ့စကားသံတွေ
နားနဲ့ဆတ်ဆတ်ကြားရမယ်မထင်ဘူး…

စာမေးပွဲမေးခွန်းက
အချစ်ဆိုတာ
ခဲသတ္တုခွံလေးထဲက
ရာဘာပစ္စည်းလေးတစ်ခုမဟုတ်ကြောင်း
အထောက်အထားနဲ့ သက်သေပြပါတဲ့

ရာသီဥတုသာယာပါတယ်
နာမ်ထဲမှာ မုန်တိုင်းကျနေတာတစ်ခုပဲ

ဘဝဆိုတာ
စိတ်ကြိုက်ခေါ်ပြီး
ဖြည်းဖြည်းချင်းပွတ်ကြည့်
နောက်ဆုံး
“ဗြန်း” ကနဲ ရိုက်ချလိုက်ကာမှ
ဗလာဖဲတစ်ချပ်ဖြစ်နေတတ်တယ်
အဲဒီလိုလည်း သင်အံတတ်မြောက်ခဲ့

မီးစိမ်းအပြ
လေအဝှေ့
ခိုတစ်ကောင် တောင်ပံအခတ်မှာ
သစ်ရွက်တွေ လွင့်သွားကြ
စကပ်အနားကဇာဖြူတစ်စ လွင့်သွား
လူတွေပြိုဆင်းသွားကြတယ်
မီးစိမ်းနေပြီ….

ဘောလ်ပင်တွေ
ဘောလ်ပင်တွေ
တစ်ချောင်းချင်းစမ်းပေမယ့်
ဘယ်ဘောလ်ပင်မှ
မင် မထွက်လာခဲ့ဘူး…
ကောင်မလေးတွေဟာ ဘောလ်ပင်တွေဟုတ်ပါသလား?

အေးအေးဆေးဆေးပါပဲ
ပြည့်တန်ဆာတန်းမှာ
မနက်စောစော လမ်းလျှောက်ထွက်ရတဲ့အခါ
ညကအစွမ်းကုန် ကပြအသုံးတော်ခံထားတဲ့
ပြဇာတ်ရုံတစ်ခုလို
ဈေးပေါင်ကျိုးတစ်ချို့နဲ့
အမှိုက်သရိုက်တစ်ချို့ကလွဲရင်
ခင်ဗျားကိုဘယ်သူမှဆွဲမှာမဟုတ်ပါဘူး…
အေးအေးလူလူပါပဲ

ဟော..ဟိုမှာ
မိုးဖွားတွေကျလာပြီ
ကော်ဖီရောင် ကော်ဖီတစ်ခွက်ကိုသောက်
စက်ရုပ်လူအုပ်ထဲဝင်ပြီး
မိုးမရွာခင်…နေမပူခင်…မိုးမချုပ်ခင်
ခပ်သုတ်သုတ် လျှောက်ရဦးမယ်လေ…

Wednesday, August 26, 2009

မှောက်ဖဲတစ်ချပ်နှင့် စီးချင်းထိုးကြည့်ခြင်း

တောမီးစလောင်သလို
အသားစိုင်အချင်းချင်း
လှုပ်ခတ်ပွတ်တိုက်ခြင်းကို
တစ်ချို့က အချစ်လို့ခေါ်တယ်

ချစ်တယ်…ချစ်တယ်…
ရေငတ်တဲ့
ကုလားအုတ်မောင်နှံ
အိုအေစစ်ထဲပြုတ်ကျသလို
အော်နေလေရဲ့….
အဲဒီစက္ကန့်တွေမှာပဲ
မျက်လုံးကိုမှိတ်…
အသံတိတ်အော်နေလိုက်ကြပုံများ
ကမ္ဘာပြိုကျမတတ်…
ချစ်တယ်….ချစ်တယ်…

ပလေတိုးနစ် အချစ်
ကာမအချစ်
ဝတ်ကျေတန်းကျေအချစ်
တစ်ပင်လဲ တစ်ပင်ထူအချစ်
တစ်ပင်မလဲ တစ်ပင်ထူအချစ်
သူငယ်ချင်းအချစ်
၂ အချိုး ၁
ဖြစ်ချင်တာဖြစ် မောင်ဘချစ်

တစ်ချို့လဲ မုန်းနေရာက ချစ်သွားသလို
ချစ်နေရာက မုန်းသွားကြ…
ဒါသဘာဝပါပဲ

တစ်ချို့က ကိုက်ဆွဲ
တစ်ချို့က ကုတ်ဖဲ့
တစ်ချို့က ညည်းညူ
တစ်ချို့က အော်ဟစ်
တစ်ချို့က မှေးစင်း
ကမ္ဘာဦးကတည်းက
ရစ်သမ်မိနေတဲ့ သံဝါသမီးတောက်မီးပွင့်များ
လူသားတွေကို ဝါးမြို နေ..ခဲ့…ဆဲ

တောမှီရဟန်းတွေအတွက်အပူ
လူသားတွေအတွက် ဆေးပေးမီးယူ…
ဘုရားသွားကျောင်းတက်
နောက်မျိုးဆက်သစ်အတွက်
အားကိုးရှာရန်အတွက်
အကြောင်းပြချက်တစ်ခုခုအတွက်..

ဒီမှာသူငယ်ချင်း
ခင်ဗျား မြင်မြင်ချင်းချစ် ရိုမန်တစ်လား
Unconditional Love နဲ့
ချစ်သူလက်ကို ပထမဦးဆုံးအကြိမ် ဆုပ်ကိုင်ရင်း
တစ်ဘဝစာ လက်တွဲချင်သူလား
ရေရှည်လား
ရေတိုလား
ရေလတ်လား
အိုင်တွေ့လို့ခြေဆေးတာလား
ခြေဆေးချင်လို့ အိုင်တွေ့တာလား
ရေလာလို့ မြောင်းပေးတာလား
မြောင်းရှိလို့ ရေလာတာလား

ဘာတွေပဲဖြစ်ဖြစ်
ကျုပ်အတွက်ကတော့
တစ်ဦးကို တစ်ဦးချွင်းချက်မရှိ
နားလည်ယုံကြည်ခြင်းနဲ့
အတ္တကင်းမဲ့စွာ
သစ္စာရှိရှိ
မြတ်နိုးနှစ်သက်ရင်း
ဘဝနှစ်ခုထပ်တူပေါင်းစပ်ပြီး
ဘုရားသခင်ရဲ့ တစ်ချပ်မှောက်ထားတဲ့ဖဲတစ်ပွင့်
အတူတူဖွင့်ကြည့်ဖို့အတွက်လို့
မြင်တယ်…..
ခင်ဗျားရော….??

Tuesday, August 18, 2009

ပုတ်သင်ညို



ငယ်စဉ်က စိတ်တွေက
အဖြူရောင်လက်လက်

ဒေါသထွက်တဲ့အခါ
အနီရောင်ရဲရဲ

ကဗျာတွေရွတ်တဲ့အခါ
လိမ္မော်ရောင်ထူထူ

အတိတ်တွေကို တူးဖော်ကြည့်တော့
အဝါရောင်လွင်လွင်

အသည်းကွဲလိုက်တိုင်းမှာ
အစိမ်းရောင်ရင့်ရင့်

နှုတ်ခမ်းထက်က အနမ်းဟာ
အပြာရောင်လဲ့လဲ့

ဘာသာတရားဟာ
ခရမ်းရောင်ပါးပါး

နောက်ဆုံး စီရင်ချက်ချခံလိုက်ရတော့
အနက်ရောင်မှိုင်းမှိုင်း

ငါဟာ လူရိုင်းတစ်ယောက်သာ...

Monday, August 17, 2009

သတင်းခေါင်းစဉ်

အဲဒီသတင်းကြားကြားခြင်း
တောအုပ်ကြီးတစ်ခုလုံး
ကဗြောင်းကဗြန်ဖြစ်ကုန်
ကဗြောင်းကဗြန်ဖြစ်ကုန်
တောအုပ်ကြီးတစ်ခုလုံး

ပုရွက်ဆိတ်အချင်းချင်းရဲ့
နေ့စဉ်သတင်းစာထဲမှာလည်းပါတယ်

တောက်တဲ့နဲ့
တစ်တီတူးမတွေ
သစ်ခေါင်းကို
တတောက်တောက်ခေါက်ကာလည်း
အတင်းပြောကြတယ်

မျောက်မတွေသန်းတုပ်တဲ့နေရာမှာတော့
မျောက်မအလင်းအတင်းတွေဖြစ်ကုန်ပြန်ရော

မနက်အစာရှာထွက်တဲ့နေရာ
ညနေရေသောက်ဆင်းတဲ့ချောင်းစပ်
သားရဲတွင်းချောင်တွေထဲအထိ
နေရာတကာမှာ ဟော့တ်ဖြစ်နေတယ်

အဲဒီသတင်းကြားပြီး
ဟီးရိုးဇာတ်ကောင်တွေက
ရင်ဘတ်စည်တီး
လက်ခုပ်လက်ဝါးတီးကြတယ်
ဖိုးရွှေလိပ်
ကြွက်
ဝက်သုံးကောင်
တွစ်တီ
လိပ်ပြာ
ရွှေသမင်
အစရှိသဖြင့်လူတွေ ဖေဗာရတဲ့အကောင်တွေပေါ့

ဒါပေမယ့် ဗီလိန်ရပ်ကွက်မှာတော့
ခံပြင်းတောက် ခေါက်သံတွေ ဆူညံကုန်တယ်
ဖိုးရွှေယုန်
ကြောင်
မြေခွေး
ခွေးအ
ပင့်ကူ
လဒ
အစရှိသဖြင့် သဘာဝဗီလိန်တွေပေါ့

အဲဒီသတင်းကြောင့်
တောတွင်းလက်နက်ကိုင်ဆင်သူပုန်တွေ ဆူပူလှုပ်ရှားလာတယ်
တောတွင်းအုပ်ချုပ်ရေးအဖွဲ့ပညာတတ်ဘက်မလိုက်ယုန်တွေ ခေါင်းစား
သမ္မတဦးဇီးကွက်လည်း နေ့လည်တရေးတမောနားချိန်မရ
တောတွင်းသတင်းစာရှင်းလင်းပွဲတွေလုပ်
တောတွင်းဥပဒေသအခြေခံမူပြန်လည်ပြဌာန်းဖို့
တောတွင်းညီလာခံခေါ်ဖို့
ဆိုင်းပြင်းနေရပြန်တယ်

မြို့ပေါ်ကလူတွေအတွက်
တောသုံးတောင်သတင်းဌာနက ဒီလို လွှင့်လိုက်တယ်

“ဝံပုလွေတစ်ကောင်မှ စားကျက်မြက်ခင်းစိမ်းတွင် ဖြူဖြူစင်စင်သိုးတစ်ကောင်အား ခြောင်းမြောင်းနေစဉ်
ကျန်သိုးအုပ်တစ်အုပ်လုံးမှ ၄င်းဝံပုလွေအား ဝင်ရောက်ခုန်အုပ် ကိုက်ဖြတ်စားသောက်ကြခြင်း” ….


သတင်းအစုံအလင်မှာ....

Sunday, August 16, 2009

ဒဏ်

ညံ့တဲ့ကောင်

အဲဒီကောင်က
ခပ်ညံ့ညံ့ဝတ္ထုတစ်ပုဒ်ထဲက
အပေါစားစကားလုံးတွေ (ကဗျာတွေ)နဲ့
မိန်းကလေးတစ်ယောက်ကို
ရည်းစားစကားပြောတတ်တယ်

အဲဒီကောင်ဟာ
ခြူးတစ်ပြားမှမကပ်သူ
အမေ့ရဲ့ ဒုက္ခအိုး

အဲဒီကောင်ဟာ
မျက်စိထဲမှာထောင့်ကျဉ်းလာရင်
အမုန်းခံပြီး နောင်ကျဉ်အောင်ပြောတတ်တယ်
(စိတ်လိုက်မာန်ပါ)

အဲဒီကောင်ဟာ
ကြယ်တွေကို တံချုနဲ့ခူးချင်နေတဲ့ကောင်
ခုန်လို့ကို မဝသေး

အဲဒီကောင်ဟာ
မက်ဆေ့ခ်ျပို့တိုင်း
ပြန်မပို့တတ်ဘဲ
နှလုံးသားချင်း နီးနီးချင်နေတဲ့ကောင် (ကြောင်လိုက်ပုံများ)

အဲဒီကောင်ဟာ
တစ်ကိုယ်ကောင်းဆန်မှုကို
ရွံမုန်းတယ် (အဲဒါလည်း တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုး)

အဲဒီကောင်ဟာ
မာတောင့်နေတဲ့ ပေါင်မုန့်အကြွေစတစ်ချို့
ကဗျာစာအုပ်တစ်အုပ်ရယ်
မာတီန်ီတစ်ခွက်နဲ့ဆို (ဘီအီးလည်းရတယ်)
သူ့ကိုယ်သူ သမ္မတလို့ထင်နေတဲ့ကောင် (အား…ပါး…ပါး)

အဲဒီကောင်ဟာ
သဝန်တိုတတ်တယ်
ဒါပေမယ့် မချုပ်ချယ်တတ်ဘူး

အဲဒီကောင်ဟာ
လွတ်လွတ်လပ်လပ်တွေးခေါ်ရတာကိုကြိုက်တယ်
ဒါဖြစ်လို့ ဒါဖြစ်တယ်လို့ မြင်လို့ကိုမရဘူး…
(၁+၁ =၁)

အဲဒီကောင်ရဲ့ မှင်နီဟာ
သူကိုယ်တိုင်ပဲဖြစ်တယ်
အမှတ်ခြစ်ထားလိုက်တာ
ရဲဗရောင်းကိုခတ်လို့ (ဘယ်လိုပေါင်းရမှန်းမသိ)

အဲဒီကောင်ရဲ့စာမူတွေဟာလည်း
သူ့လိပ်စာကိုပဲ ပြန်ပြန်ရောက်လာတတ်သတဲ့

အဲဒီကောင်ဟာ
ဘာမှကိုမဟုတ်ဘူး (အဲဒီလောက်ကိုတော်တာ)
ဒါပေမယ့်
အဲဒီကောင်ဟာ
အဲဒီကောင်ကိုယ်တိုင်ပဲဖြစ်တယ်….

မှတ်ချက်။ ။အဲဒီကောင်ကို တွေ့ရင်ဝေးဝေးကသာရှောင်ဗျာ။

Friday, August 14, 2009

လမ်းခွဲခြင်းသတ်ပုံ

နတ်ဆရာ

ဒါလည်း ကဗျာဟောင်းတစ်ပုဒ်ပါ..အခုတလော Photoshop နဲ့လက်သရမ်းချင်နေလို့း)

Wednesday, August 5, 2009

ပါးကွက်သား

ဟိုးအရင်က ကဗျာလေးတစ်ပုဒ်ပါ...

Wednesday, July 29, 2009

Untitled

ဘဝမှာ တစ်ခါမှမရှိတဲ့ အားတွေရရှိလာ
ငါ နပိုလီယန်ကိုတောင် စိန်ခေါ်ရဲလာတယ်
ငါ့အတွက် ကံကောင်းခြင်း ဆေးတစ်စက်ရေ..
မင်းဟာ ငါ့ဘဝတစ်သက်စာဖြစ်တယ်ကွဲ့…

တကယ်ဆို ကိုယ့်စေတနာတွေကအမှန်
တင်ဆက်ပုံက မှားခဲ့ရတာပါ မိခရေရယ်
မင်းမုန်းထိုက်ပါတယ်လေ…
အစကတည်းက ရှုံးမှာသိလည်း
ငါဆိုတာက မြှားမကုန်တတ်ခဲ့ပြန်ဘူးကွ..

စကားနှစ်မျိုးကိုပဲ ကြိုးစားကျက်နေရင်းက
ရထားမမှီလိုက်တဲ့ အဖြစ်ရယ်ပါ
ငါ့အလင်းကားချပ်က စုတ်ချက်ကြမ်းတယ်
မင်းလက်ဖဝါးနုနုနဲ့ မတန်ပါဘူးကွယ်
အပြစ်တင်မယ့်အစား
နေမင်းလို ပြုံးလို့ကြည့်နေလိုက်မယ်…
လင်းသုန်မွှေးပျံ့ပါစေသား…

ပွဲပြီးသွားတဲ့ဘောလုံးကွင်း တစ်ကွင်းလို
ငါအထီးကျန်ဆန်လွန်းလှတယ်
ဘဝဆိုတာ ဘောင်ခတ်ကြည့်တတ်မှ
ပိုမိုကြည်လင်နေတတ်တာ
ကျွန်တော်မှမသိလိုက်တာ မေမေရယ်…
ကာဗွန်နဲ့လုပ်ထားတဲ့ ရေဘူးအသစ်ကြပ်ချွတ်ထဲက
အောက်ဆီဂျင်ကို သောက်နေရသလို
အသက်ရှုကြပ်လွန်းလှရဲ့…

ဟောဟိုမှာ တဖွဲဖွဲနဲ့
လူတွေစီးဆင်းနေကြတယ်
ကျွန်တော်ကတော့ မီးကျွမ်းကြွေကျဓာတ်မီးတိုင်လိုငုတ်တုတ်
ရှုပ်ရှုပ်ရှုပ်ရှုပ် တွေကို
သိပ်စိတ်ဝင်စားလို့မရသေးဘူး…

ဘေးအိမ်က ဒေါ်ဒေါသတရုတ်မ လက်ဝါးက
ကလေးတွေကိုယ်ပေါ်ရောက်သွားကြ
သူ့စိတ်အလိုကိုလိုက် ရိုက်ချင်တိုင်းရိုက်နေပြန်ပြီ
စိတ်ဆိုးရင်ရိုက်
စိတ်ကြည်ရင် ချော့မြူလိုက် သီချင်းဆိုလိုက် နဲ့
ကမ္ဘာပေါ်မှာ အတတ်နိုင်ဆုံးဆိုတာသူပေါ့…

ဟောဒီအမေ ကြတော့
ရထားပေါ်မှာ နို့ချိုတိုက်ကြွေးနေတယ်
လမင်းကြီးဆိုတာ သူ့မျက်နှာပါပဲ
ကျွန်တော့်စိတ် အေးလန်းရပြန်တယ်…

ကုန်းတက်ရင် ဂီယာအကြီးသုံး
ကုန်းဆင်းရင် မျှောချတတ်အောင်
ကျွန်တော် လေ့လာသင်ယူရဦးမယ်
လူ့ဘဝဟာ လမ်းမတွေဖြစ်သွား
အရှိန်မမြန်နိုင်ရင်တောင်
ဘယ်လောက်နှေးနှေးလျှောက်သာလျှောက်ပါ
ရပ်နေတာထက်တော့ ကောင်းတယ်လို့
ကွန်ဖြူးရှပ်က MRTနံရံမှာရေးထားတယ်
ရပ်ကြည့်နေတာကြာပြီထင်ပ
လူတွေတစ်ယောက်ပြီး တစ်ယောက်ကျွန်တော့်ဘေးကနေကြည့်လို့
လူအုပ်အရမ်းကြီးလာတော့ “ချာကနဲ” လှည့်အထွက်
ကွန်ဖြူးရှပ်လို တရုတ်ကြီးတစ်ယောက်နဲ့ ဝင်တိုက်ခဲ့သေးတယ်..

အစကတည်းက အမုန်းခံရမယ်ဆိုတာသိရက်
အာပေါက်မတတ် ပြောထွက်ခဲ့ပြန်တယ်
ဆည်တွေကျိုးကုန်ပြီလေ
သတိရလို့ ကြည့်လိုက်တော့ မျက်ရည်တွေကြား
သူမနစ်မြှုပ်တော့မယ်

၁.
၂.
၃.

ဝုန်းကနဲ ကျွန်တော်ဆင်းဆယ်လိုက်ရတယ်။
သတိရရခြင်း ကျွန်တော့်ဘယ်ဘက်ပါးကို ဖြောင်း ကနဲ နေအောင်ချလို့
ညာဖက်ပါး လှည့်ပေးလိုက်ပါတယ်
သူမက မျက်နှာကို လက်ဝါးနဲ့အုပ်ရင်း ထွက်ပြေး
ပြေးထွက်
ထွက်ပြေး
ပြေး
ထွက်
ပြေး
ထွက်
ရထားလာမည့် လမ်းမှာ
ကျွန်တော် စိတ်ချလက်ချ လှဲအိပ်လိုက်တယ်…
ကံဆိုးချင်တော့ နေသာဝင်သွားတယ်
အဲဒီနေ့က ရထားတစ်စင်းမှမလာတော့ဘူး…
ကျွန်တော်တစ်ယောက်တည်းဆွေးလို့

ကွန်ဖြူးရှပ်လို တရုတ်ကြီးက ဘေးမှာဝင်လှဲရင်းပြောတယ်
ငါဘယ်သူလဲ….မင်းသိလား?
ဘာမှပြန်မပြောရသေးခင် သူကပဲဆက်ပြီး
ပြုံးနေတဲ့ စကားတွေပြောတယ်
ရီစရာပါသလို
မောစရာတွေပါတယ်
ပျော်ရွှင်စရာပါသလို
မော်စကို အကြောင်းပါတယ်
H1N1 အကြောင်းလည်းပါတယ်
၁လုံး, ၂လုံး, ၃လုံး, ၄လုံး တွေအကြောင်းပါတယ်
ဘင်လာဒင်အကြောင်းပါသလို….အိုဘားမားအကြောင်းပါတယ်
The Ants အကြောင်းပါသလို….Greenday အကြောင်းပါတယ်
ချီကော့ဗ်စကီးပါသလို….ကတ်ကိုဘိန်းပါတယ်..
ချီဂွေဗားရားအကြောင်းပါသလို…ဂန္ဒီအကြောင်းလည်းပါတယ်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပါသလို…ဂဠုန်ဦးစောအကြောင်းပါတယ်
သိန်းဖေမြင့်အကြောင်းပါသလို….မြသန်းတင့်အကြောင်းပါတယ်
Harry Potter အကြောင်းပါသလို…..God Father အကြောင်းပါတယ်
Kat Deluna ရဲ့ကကွက်တွေအကြောင်းပါသလို….လေဘာတီမမြရင်လည်းပါတယ်
Prodigy ရဲ့ စည်းချက်တွေပါသလို…. စိန်ဗိုလ်တင့်ရဲ့တီးချက်တွေပါတယ်
လန်ဗိုမောင်းနေတဲ့သူဠေးသားအကြောင်းပါသလို….ငါးကျပ်၊တစ်ဆယ်တောင်းတတ်တဲ့ ချေးညှော်လေးတွေအကြောင်း…ဆိုက်ကားအုံနာခ ဈေးတက်တဲ့အကြောင်းတွေပါတယ်
မာယာကော့စကီးရဲ့ ဗော့ဒကာအနံ့ပါသလို…အလင်းဆိုင်ထဲက ရနံ့တစ်ချို့အကြောင်းပါတယ်
ဂျမခါနာအကြောင်းပါသလို….ရေဝေးအကြောင်းပါတယ်…
နာဂစ်အကြောင်းပါသလို….တောကြောင်တွေအကြောင်းပါတယ်….
တစ်ရွာပြောင်းတဲ့လူတွေအကြောင်းပါသလို….သေချင်တဲ့ကျားတွေအကြောင်းပါတယ်…
ဂျူမုံအကြောင်းပါသလို….အနော်ရထာအကြောင်းပါတယ်
မင်းတုန်းမင်းအကြောင်းပါသလို….ကွန်ဒုံးအကြောင်းပါတယ်
ဘီယာဆိုင်၊ စင်တင်တေးဂီတတွေပါသလို….ညလုံးပေါက် အလင်းဆိုင်တွေပါတယ်
လျှပ်ပေါ်လော်လီ ပိုက်ဆံနဲ့ အလှအရမ်းမက်တတ်တဲ့ ကောင်မလေးတွေအကြောင်းပါသလို…..ပြည့်တန်ဆာတွေအကြောင်းပါတယ်…
ဦးချစ်အကြောင်းပါသလို….လေထန်ကုန်းအကြောင်းပါတယ်
ဣသာမစ္ဆိရိယအကြောင်းပါသလို… မုဒိတာအကြောင်းပါတယ်
၅၂၈ အကြောင်းပါသလို…. ၁၅၀၀ အကြောင်းပါတယ်…
…………………..ပါသလို………………………….ပါတယ်…

အဲလိုနဲ့
သူကပဲဆက်ပြောနေလိုက်တာ..
ကျွန်တော်က တစ်ခြမ်းပဲ့လကို ငေးကြည့်နေမိတယ်…
သူလည်းပဲငါ့အဖြစ်ကို ကြည့်ပြီးပြုံးနေတာပါလား
ကိုယ့်အဖြစ်ကိုယ် ဆန်းစစ်ရင်း
အဘိုးအိုကို အပြစ်တွေ ကိုယ်တိုင်ဝန်ခံမလို့ဘေးကိုလှည့်ကြည့်လိုက်တော့
သူမရှိတော့ဘူးလေ…ဘယ်ကဘယ်လို
ကျွန်တော့်ကိုယ်ပွား နောက်တစ်ယောက်က
ပြုံးပြုံးကြီး ထိုင်ကြည့်နေတယ်မသိ…
အဲဒါနဲ့ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိပဲ
ယောင်ယမ်းပြီး ပြုံးပြလိုက်မိပါတယ်
မျက်စိတစ်မှိတ်အတွင်းမှာပဲ “ဗြုန်းဆို”
ကျွန်တော့်ကိုယ်ပွားကနေ ခရေပွင့်တစ်ပွင့်ဖြစ်သွား
အဲဒါနဲ့ ကျွန်တော်လှမ်းကောက်ယူမွှေးမြလိုက်တဲ့အချိန်
သံလမ်းပေါ်ကနေ
ကျွန်တော့်ကိုယ်ခန္ဓာဟာ ပေါ့ပါးစွာလွင့်စင်ထွက်သွား
ကျွန်တော်ပျံသန်းလာခဲ့ပါတယ်
တစ်နေ့တော့ “အိမ်” ပြန်ရောက်မှာပါလေ….

Wednesday, May 6, 2009

ကျောက်ရုပ်ရင်ကွဲ

မင်းဟာ ငါ့အာရုံခံစားမှုတွေကိုထိန်းချုပ်နိုင်စွမ်းရှိတယ်..
စကားမပြောတာကြာ…ငါ့ကိုယ်ငါ ထိန်းချုပ်ပြီး အဆက်အသွယ်မလုပ်တာတောင်မှ…
မင်းနာမည်ကို အိပ်မက်ထဲမှာ ယောင်ယောင်ခေါ်နေတုန်းပဲ…
ငါမူးတိုင်း မင်းနာမည်က ငါ့ပါးစပ်ဖျားကထွက်လာဆဲပဲ…
ငါက စိတ်ကူးယဉ်တတ်တဲ့လူတစ်ယောက်မဟုတ်ဘူး… ဒါတောင်မှ မင်းရဲ့ ညှို့ချက်ကပြင်းထန်လွန်းလှတယ်…
မင်းဘယ်သူလဲ…မင်းဘယ်သူလဲ
ငါ့နာမည်အရင်းကို မင်းသိပေမယ့်…မင်းနာမည်အရင်းဘယ်သူလဲ…
ငါ့ဓာတ်ပုံကို မင်းမြင်ဘူးပေမယ့်…မင်းရဲ့ဓာတ်ပုံကို ဝိုးတဝါးပဲငါမြင်ဘူးတယ်…
ငါ့အသက်ကို မင်းသိပေမယ့်..မင်းအသက်ကို ငါမသိဘူး…
မင်းနေတဲ့မြို့ကိုသိပေမယ့်…မင်းအိမ်လိပ်စာကိုမသိဘူး…
မင်းကငါ့ ဖုန်းနံပါတ်သိပေမယ့်…ငါမင်းဖုန်းနံပါတ်မသိဘူး…
မင်းကငါ့မွေးနေ့သိပေမယ့်…ငါမင်းမွေးနေ့မသိဘူး…(ငါ့မှတ်ဥာဏ်မကောင်းတာလည်းပါမှာပါ)
မင်းက အပျိုလား…အအိုလား…ရည်းစားရှိလား…ရည်းစားမရှိဘူးလား…
ငါနေမကောင်းတိုင်း မင်းစိုးရိမ်သလို…မင်းနေမကောင်းတိုင်း ငါပါကိုယ်ပူချင်လာတယ်…
မင်းခုချိန်ဘယ်သူနဲ့ ဘာလုပ်နေမလဲ…ဘယ်နေရာရောက်နေမလဲ တွေးနေမိလို့…ကျောက်ရုပ်လို ငါဖြစ်ဖြစ်သွားတတ်တယ်…

လေးဖြူရဲ့ သီချင်းလို..
သံယောဇဉ်..သံယောဇဉ်…ငါလေ အပျက်အပျက်နဲ့သွေးထွက်ခဲ့တယ်..
သံယောဇဉ်..သံယောဇဉ်..လူကို အရူးမီးဝိုင်းစေတယ်…
ဒီသံယောဇဉ်…ဒီသံယောဇဉ်…ဒီသံယောဇဉ်… အိုး…

ဖုန်းဘေးမှာ မင်းဖုန်းကိုမျှော်ရင်း…ငါမင်းဖုန်းနံပါတ်ကိုသိချင်လာတယ်…
ဒါပေမယ့် ငါမေးတိုင်း…ဘာလုပ်ဖို့ဆက်မှာလဲ…ဒီဘက်ကပဲဆက်မယ်တဲ့..
ပိုက်ဆံကုန်တယ်ဟုတ်လား…ခုတော့ ငါ့စိတ်ပါကုန်လာပြီ…
ငါနေတဲ့မြို့ကိုရောက်လာတာတောင် ငါ့ကို ဖုန်းဆက်ဖော်မရဘူး…
မေးတော့… တွေ့ပြီးဘာလုပ်ရမှာလဲ..ဝေဒနာတွေထပ်မဖြစ်ချင်ဘူးတဲ့လား…
ဟား ဟား ဟား..
ငါအဲလိုအော်ရီလိုက်ချင်တယ်…

ငါဘာဆက်လုပ်ရမှာလဲ…ငါဘာဆက်လုပ်ရမှာလဲ…
ငါကမင်းခြံထဲမှာစိုက်ထားတဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး…
မင်းအလှမွေးထားတဲ့ ခွေးတစ်ကောင်မဟုတ်ဘူး…
စီးချင်ရင်စီး..မစီးချင်ရင် ဂိုဒေါင်ထဲထည့်ထားတဲ့ ကားတစ်စင်းမဟုတ်ဘူး..
မဟုတ်ဘူး…မဟုတ်ဘူး….
ငါဆိုတာငါပဲ…
အကောင်းဆုံးကတော့ မေ့ပစ်…မေ့ပစ်…မေ့ပစ်…ဒါပဲငါသိတော့တယ်…

ဒါပေမယ့်…

အတိတ်တွေက မှုန်ဝါးပေမယ့်..ငါတို့နှစ်ဦးဇာတ်လမ်းမှာ တစ်ချို့နေရာကအကောင်းအတိုင်းရှိနေဆဲပါပဲ… ဟိုတစ်ကွက် ဒီတစ်ကွက်ပိတ်သားထက် အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်…
အဓိပ္ပယ်မရှိတာသိပေမယ့် တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့လည်း အမှတ်တမဲ့မင်းကိုလွမ်းပါတယ်…အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်…
တွေးရင်မှတ်မိဦးမယ် ထင်ပါတယ်…နှစ်တွေလတွေကအတော်ကြာပြီပဲ..

ဘယ်ဆီကိုမင်းရောက်နေမလဲ…ဘာတွေကိုမင်းလုပ်နေမလဲ…
ဘယ်သူနဲ့မင်းရှိနေမယ်..တွေးမိပါတယ်…လွမ်းမောရင်းနဲ့..စဉ်းစားရင်းနဲ့..ငါသတိရပါတယ်…


မင်းကို ဘယ်တော့မှ ဘလောခ့်မလုပ်ပေမယ့်
မင်းရဲ့ ဂျီတော့ခ်ကိုတော့ ငါပြန်ဖြေမှာမဟုတ်တော့ဘူး…

ဒါပေမယ့်..

အရှုံးတွေထဲမှာလဲပြိုရင်း..အတိတ်တွေထဲမှာပျောက်ဆုံးချိန်..
မြင်နိုင်တဲ့ငါ့အနာဂတ်တို့မှေးမှိန်…ငါဟာကျဆုံးချိန်…
ငါ့ရဲ့နံဘေးကိုမင်းဝင်လာပြီး..လဲပြိုကျသူငါ့ကိုထူပြီး…
အဆီအငေါ်မတည့်တဲ့စကားတွေ နင်ဟာခွင့်လွှတ်သည်းခံရင်း…
တန်ဖိုးများမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ တစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ…
အို…ဟူး..အိုး..
နင်ဟာအရှုံးတွေထဲမှာမြောနေခဲ့သူငါ့ကို ဆယ်ရင်း..
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း…
နင်ဟာငါ့အတွက်တော့..နင်ဟာ ငါ့အတွက်တော့
ငွေလမင်းတစ်စင်းလို…

ငါ့ကောင်းကင်ပေါ်မှာ တစ်သက်တာ ထွန်းလင်းခွင့်ပေးထားမှာပါ…

မင်းအတွက်ငါ့မှာ အချိန်နဲ့အမျှ…
အသက်ထွက်လု ငါ့မှာခံစားရ..
တစ်ဘဝအတွက် တစ်ယောက်ရည်ရွယ်ခဲ့သမျှ
အခုတော့ ငါးပါးမှောက်တာ
ဒူးထောက်ထားတယ်ဆိုတော့မှ
ခေါင်းငုံ့ခိုင်းတယ် အဖြစ်မျိုးလား..
နှစ်ဦးသားသဘောတူ ရပ်ဆိုင်းကာ..
အလိုလိုသာကွဲကြစို့ကွာ..
တစ္ဆေသရဲများတွေ့သလို..
ပြန်တွေးတိုင်းငါ့မှာ…အို သွေးပျက်မတတ် တုန်နေရင်းငါ..
ဘာထူးလဲ…အခုအခါ..ဘာထူးလဲ ဘဝမှာ..
ဘာထူးလဲ…အခုငါ အရင်အတိုင်းပါ..
ရင်ကွဲပက်လက်ကျန်ခဲ့တာ…