Sunday, June 24, 2007

ကုဋေရှစ်ဆယ်သူဠေးသားနဲ့ ကျွန်တော်

ဒေါင်းယောင်ဆောင်တဲ့ ကျီးကိုဝိုင်းပြီးလက်ညှိုးထိုးသလိုပဲ

လူတွေက ကိုယ်နဲ့မတူတဲ့လူကို ဝိုင်းပြီးလက်ညှိုးထိုးတတ်ကြတယ်….

သင်ကောဘယ်နှစ်ခါထိုးပြီးပြီလဲ?

ဒီလိုပါဘဲ ကျွန်တော်လည်း ကုဋေရှစ်ဆယ်သူဠေးသားကို သူများလိုပဲ လက်ညိုးထိုးဘူးပါတယ်။ သေချာပြန်တွေးကြည့်မှ ကုဋေရှစ်ဆယ်သူဠေးသားမှာ အပြစ်မရှိတာကိုတွေ့လိုက်ရပါတယ်။

သူ့မှာဘာအမှားရှိလို့လဲ။ ငယ်ငယ်တုန်းက မိဘကလိုလေသေးမရှိ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်အောင် ထားခဲ့။

အတန်းပညာတောင်မှ သားငယ်ပင်ပန်းမှာစိုးလို့ ပညာအမွေမပေးခဲ့။ ဒီလိုနဲ့သူဠေးသားက ယောင်နနနဲ့ လောကကြီးမှာ ကြီးပြင်းလာခဲ့။ ပညာမတတ်တော့မှ သိုထားမတတ်အရပ်အရပ်၌ ဆိုသလို ရှိသမျှအမွေတွေကို အပေါင်းအသင်းဘော်ဒါတွေနဲ့ သုန်းဖြုန်းပေတေခဲ့။ ဒီအပြင် များစွာကျွန်ပေါင်းမကောင်းခိုးယူ ဆိုသလို ရှိသမျှအမွေကို ဘတ်ကီးရိုက်တဲ့သူကလည်း ရှိသေးတယ်။ အိမ်ကိုရောင်း၊ ရှိသမျှထုခွဲရောင်းချ ဒီလိုနဲ့နေလာလိုက်တာ ကုဋေရှစ်ဆယ် အကုန် ပုစွန်တောင်မီးလောင် တက်တက်ပြောင်ရော။ ဒါတောင်သူက ခိုးဆိုးလုယက် ဓားပြတိုက်မစားဘူး။ ခွက်ဆွဲပြီးတောင်းစားတယ်။ ဘယ်မှာလဲ သူ့အပေါင်းအသင်းတွေ၊ ဆွေမျိုးတွေ၊ သူကောင်းစားတုန်းက ကြတော့အိမ်ပေါ်တက် ရှိသမျှအကုန် ယူငင်ပြီး သူ့မှာတစ်ပြားမှ မရှိတော့အဖက်လုပ်ဖို့ မပြောနဲ့

ထောင်းထောင်းကြေလျှက် ခွက်လက်ဆွဲကာတောင်းစားပါလည်း

သင်သာလူမိုက် ဒုစရိုက်ဟု ရိုက်ပုတ်လိုက်ကြ

ရွာမှထွက်လေ တောမှာသေသည်

ကောင်သေလင်းတကြ၏တည်း။

သူ့ကို ရိုက်ပုတ်ပြီး ရွာကနှင်ထုတ် သူ့ခမျာ တောမှာအသေဆိုးနဲ့သေရရှာတယ်။ ကဲ ဘယ်သူ့ကို လက်ညိုးထိုးမလဲ?

ပညာအမွေမပေးခဲ့တဲ့ သူ့မိဘကိုပဲလား?

ဒါမှမဟုတ် နုံလွန်းအလွန်းတဲ့ သူဠေးသားကိုပဲလား?

သူ့ရှိနှိုက်စား ကိုယ့်ရှိဖွက်ထားတဲ့ ပတ်ဝန်းကျင်ပဲလား?

သူဠေးသားမှာ မိတ်ဆွေကောင်းမရှိလို့ပဲလား?

ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့မလား?

ဆားတောင်ဆရာတော် စဉ်းစားစေချင်တာဘာလဲ?

ပညာမတတ်လို့ ဒုက္ခရောက်တတ်ကြောင်းထောက်ပြချင်တာလား? ဒါပေမယ့် ပညာမတတ်တဲ့ မီလျံနာတွေ ဒုနဲ့ဒေး။

ပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး မိတ်ဆွေကောင်းအမှန်တကယ် လိုအပ်တာကိုပြောချင်တာလား? ကိုယ်ကောင်းရင် ခေါင်းဘယ်မှ မရွေ့ဘူးတဲ့။

သေချာစဉ်းစားကြည့်ရင် မေးခွန်းတွေအများကြီးရပါတယ်။ စောဒကတက်စရာ တွေလည်းအမျာကြီး ရှိပါတယ်။

ဒါပေမယ့် သေချာတာကတော့ ငယ်ငယ်တုန်းက ကျွန်တော်လည်းသူများလက်ညိုးထိုးတိုင်း အလွတ်ကျက်ပြီး လိုက်ထိုးခဲ့ဘူးပါတယ်။

Tuesday, June 19, 2007

ဆင်မယဉ်သာ

Intro: (E, B, C#, A)2

Chords: E, B, C#, A (Vamp)


V1. မင်းလမ်းလျှောက်တာ နောက်ကနေကြည့်တယ်

ဆင်မယဉ်သာလေးပဲ

ခြေတစ်လှမ်းလှမ်းတိုင်းမှာ ပန်းတစ်ပွင့်ကြွေကြတယ်

ငါလိုက်ကောက်နေမိတယ်


V2. နောက်လှည့်မကြည့်နဲ့ နောက်လှည့်မကြည့်နဲ့

မင်းနောက်မှာ သရဲကြီးတစ်ကောင်ရှိတယ်

နောက်လှည့်မကြည့်နဲ့ နောက်လှည့်မကြည့်နဲ့

မင်းနောက်မှာ အရူးကြီးငါရှိတယ်


CHO: ဆင်မယဉ်သာလေးရယ် ငါစွဲလမ်းနေမိတယ်

ဒီဘဝမှာနင်ပဲကွယ်

ဆင်မယဉ်သာလေးရယ် မင်းမှမင်းကိုပဲ

နင်မရရင် ငါသေလိမ့်မယ်


V3. မင်းအနားမှာ သရဲမတွေရှိတယ်

လဒ(၇)ရက်ဖျားတယ်

နင်နဲ့ငါ့ကို မတူမတန်ဘူးတဲ့

ငါ ‘‘xဂရုမစိုက်ပါတယ်


V4. ခါးကလေးစောင်းကာ သွားကလေးနင်ဖြီးတယ်

ငါသိပ်ချစ်နေမိတယ်

ခါးကလေးကုန်းကာ့ သွားနှစ်ချောင်းကျိုးလည်း

ငါဆက်ချစ်နေဦးမယ်


V2, CHO: , Fade out

Sunday, June 17, 2007

တစ်မျက်နှာ အနီရောင်ရင်ဖွင့်သံ

ကောင်မလေးရေ

မင်းကို အလွန်ဝေးတဲ့ BoonLay မှာ စွန်လေးတွေလွှတ်တုန်းက ကို စတွေ့ခဲ့တာပါ။

Chinese Garden မှာ Rhyme မိတအားဆန်းတဲ့ ကာရံတွေနဲ့ စကားလိုက်ပြောမိတော့

Lakeside မှာပိတ်ရိုက်လို့ လိပ်ကိုက်သလို ဖြစ်သွားမယ်လို့ မင်းညင်သာစွာ ရန်ထောင်တယ်လေ..

အဲဒီလိုနဲ့ ကိုယ်တို့နှစ်ယောက်ကို Jurong East မှာလူတွေချောင်းကြည့် တော့မင်းသိပ်ရှက်နေတာပေါ့

Bukit Batok မှာလူလစ်မှ နှုတ်လိုက်တဲ့ မင်းရဲ့ ဆံပင်ဖြူတောင်ကိုယ် သိမ်းထားသေးတယ်။

Goambak မှာပုံအပ်ခဲ့တဲ့ကိုယ့်နှလုံးသား တစ်ခုပါ။

မင်းက Choa Chu Kang မှာ ကြာမူဟန်နဲ့ တစ်ခါမူပြန်သေးတယ်။

Yew Tee မှာအပူမီးတွေတောက်လောင်တဲ့ ကိုယ့်နှလုံးသား အယူသီးတဲ့ လူကြီးသူမတွေရဲ့ဆုံးမစကား လည်းနားမဝင်တော့ဘူးပေါ့။ လှတာမက်ရင် ညစာခက်မယ်တဲ့။

Kranji မှာတဖန်မကြည်သလိုနဲ့ မင်း အလံနီတွေချည်းကိုယ့်ကို ပြနေတာပဲ။

Mrasiling မှာဒါပြီးရင် မနှောင့်ယှက်တော့ပါဘူးလို့မင်းကိုယ့်ဆီက ကတိတောင်းတယ်လေ..

ကိုယ်ကလည်းမထူးဇာတ်ခင်းပြီး Woodlands မှာ အခုနမ်းလိုက်ရမလားလို့မေးမှ မင်းကြောက်သွားတာပေါ့။

Admarilty မှာအမှန်ပစ်ပယ်ပြီး မသွားပါနဲ့။

ကိုယ့်နှလုံးသား Sembawang မှာ တဖန်အနာမခံနိုင်တော့လို့ပါ။

ကိုယ်ကံကောင်းပါတယ် Yishun မှာအပီမွန်းခဲ့တာ မင်းအချစ်တွေနဲ့ပေါ့။

Khatib မှာတော့ အထာအသစ်တွေနဲ့ ကိုယ့်ကို ညာမချစ်ပါနဲ့ကွာ။

Yio Chu Kang မှာ အို…သူပိုပြန်ပြီလို့တော့ မပြောလိုက်ပါနဲ့။

Ang Mo Kio မှာမင်းပြန်ငိုမှာကို ကိုယ်စိုးရိမ်လို့ပါ။

ဒီလိုနဲကိုယ်တို့ Bishan မှာအပီသရမ်းခဲ့ကြသေးတယ်လေ။

Braddell ကအပြတ်နွှဲခဲ့တဲ့ ရက်စွဲတွေကတော့ Censor ပေါ့။

Toa Payoh မှာအစ်ကိုတစ်အားဆိုးတာပဲလို့တော့ မပြောလိုက်ပါနဲ့။

Novenea မှာတို့ သမီးရည်းစား သက်တမ်း ၁ လပြည့်ခဲ့ပြီလေ။

မင်းကိုစတဲ့ Newton ကတစ်ယူသန်တဲ့ လူခံတွေနဲ့တောင်တို့ ရန်ဖြစ်ခဲ့လို့ အယူခံတောင်ဝင်လိုက်ရသေးတယ်လေ..

ကိုယ်တို့အချစ်တွေကတော့ Orchard မှာတောင်အတောမသတ်နိုင်ကြပါဘူး..ပြေစမှတ်ကိုဖြစ်လို့…

ဒါနဲ့ မင်းက Somerset မှာ အရမ်းလှထွက်နေလို့ ကို စိတ်ပူရသေးတယ်

Dhoby Ghaut မှာတို့တွေ ဟိုဒီလျှောက်လျှမ်းလို့ ရဲစခန်းရောက်ခဲ့သေးတယ်လေ…

City Hall ကြတော့မင်းကကိုယ့်ကို ပြီးပြီးရော ဆက်ဆံတယ်ဆိုပါလား?

ကိုယ်တစ်ကယ် Raffles Place မှာအခက်အခဲတွေ့ ခဲ့တာပေါ့…

ဒီလိုအပျက်ပျက်နဲ့ ကိုယ်တို့ Marina Bay မှာ အစဉ်သာဝေးလို့ ရင်မှာဆွေးရပြီပေါ့ ကလေးရယ်…

အစိမ်းနှင့် ခရမ်းဆက်ပါဦးမည်။

Friday, June 15, 2007

ငပျင်း (The Ants)

ငပျင်း

မနက်ခင်းဆိုလည်း လာမနှိုးနဲ့ အိပ်ရာထဖို့ပျင်း

ပျင်းလွန်းလို့ မင်းနဲ့ အပျင်းပြေရည်းစားထားဖို့ပျင်း

မွေးစကလေးတည်းက မျိုးနဲ့ရိုးနဲ့ပျင်း

စားဖို့ပျင်း အိပ်ဖို့ပျင်း

ငါ့မှာချစ်ရမှာလည်းပျင်း ငပျင်း


ခေါက်ထားလိုက် ဆုံးမစကားတွေ နားထောင်ဖို့အတွက်ပျင်း

ခေါင်းကိုက်တဲ့ဒသနနဲ့ ဘဝကို ဖြုန်းတီးပြစ်ဖို့ပျင်း

အလုပ်နဲ့နပန်းလုံး ကြတဲ့လောကကြီးကို ပျင်း

နေဖို့ပျင်း သေဖို့ပျင်း

ငါ့မှာပျင်းရမှာကိုပျင်း


သိရဲ့သားနဲ့ပြောရခက်တဲ့ ကျွန်တော့်ဘဝကြီး

ဘာမှမလုပ်ဘဲ ပျင်းရဖို့တော့ စံချိန်မီ

ကြာပါပြီ (ငပျင်း)

Wednesday, March 7, 2007

နွေဦး

နွေဦးပေမို့
လေရူးတွေလည်းမြူးလေပြီ..

နေစူးသည်မို့
ထန်းရည်ဘူးကိုသာ တွင်တွင်မော့ရတယ်
ငတ်လို့မကုန်

ပုရစ်ဖူးဝေလို့
အချစ်ဦးကိုသာ မျှော်ကာပြိုင်းရတယ်
ဒေါင်ချာကစိုင်း။ ။

Friday, March 2, 2007

ဟာသ


သူများရေးထားတာပါ… ဘယ်သူလဲတော့မသိပါဘူး…

ကျွန်တော့်စက်ထဲမှာပြန်တွေ့လို့ အားလုံးလဲရီရအောင်ပါ…

Monday, February 12, 2007

ကိုစက် (၃)



အခုမှပဲ အလုပ်ကအိမ်ပြန်ရောက်သည်။ လက်ကစက်နာရီကို ကြည့်တော့ ကိုးနာရီ ခွဲ။ အား…လား…လား… စက်ဘဝရဲ့ မသေခင်အချိန်တွေကို စက်ပိုက်ဆံနဲ့လဲ။ ရလာတဲ့ မစွတ်မပွတ် စက်ဆံ နဲ့ စက်ပစ္စည်း တိုလီမုတ်တ စက်နည်းပညာ အသစ်ထွက်သမျှ လိုချင်။ ဒီလိုနဲ့ သမင်မွေးရင်းကျားစားရင်း ကြားက အထက်စက်သူဌေး နဲ့ စက်အထက်လူကြီးကိုလုပ်ကျွေး၊ စက်နိုင်ငံတော်ကို အခွန်ဆောင်၊ စက်ဖုန်းဘေလ်၊ ဟိုဟာဒီဟာ ဘာညာသာဓကာ ကိုဆောင်။ လလည်းကုန် အားလုံးလည်းပေါင်းရော ကိုစက်တက်တက်ပြောင်ပါလေရော။ ဒါတောင်စက်ရွှေရည်ဖိုးနဲ့ စက်ဖွာတော် အတွက်မနည်း စက်ဆံချန်ထားရတာ။ နို့မဟုတ်ရင် စက်ရုပ်အရမ်းပီသတဲ့ ကိုစက်ဖြစ်မှာဆိုးလို့။
စက်သူဌေးတွေကိုတော့ ခင်ဗျားတို့ကျတော့ကျိကျိတက် ကျုပ်ကျတော့ဘာလို့ ပြုတ်ပြုတ်ပြုန်းနေတာလည်း လို့သွားမမေးနဲ့။ ခင်ဗျားကို ဦးနှောက်မှမရှိတာကိုး ဆိုပြောလိမ့်မယ်။ ဘာ…ချမ်းသာဖို့နည်းလား…ဘယ်စက်သူဌေးမှသွားမမေးနဲ့ တက်ကျမ်းထဲကဟာတွေအလွတ်ရွတ်ပြလိမ့်မယ်။ သူတို့ဘယ်လောက်ခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်းခဲ့ရကြောင်း၊ ဘယ်လိုကြိုးစားခဲ့ကြောင်း စတာတွေပေါ့ဗျာ…ဟုတ်တာရောမဟုတ်တာရော ရွှီးလိမ့်မယ်။ ကိုစက်လည်း တက်ကျမ်းဖတ်တာ စာအုပ်ဖိုးကုန်တာပဲ အဖတ်တင်တယ်ဗျို့။ ရေးထားတာတော့ အပီ။ ခက်တာက လက်တွေ့ စက်ဘဝနဲ့ အရမ်းကွာခြားနေတယ်ဗျ။ အဓိက ကတော့ ကျကျမ်းကိုဖတ်ဗျို့။ လဲကျတိုင်း ပြန်ထဖို့ပေါ့။ အဲ…ကိုယ်ကျလို့ကျမှန်းတော့ သိဖို့လိုလိမ်မယ်ဗျ။ ဒါကတော့ ကိုစက်ရဲ့ ဗရွတ်ရွှတ်တ အိုင်ဒီယာနော်။ ကိုစက်က အဆင်းကိုလည်း အမြင်ကတ်ရင် ဘီးတပ်ပေးတပ်တယ်။ ကဲထားပါတော့…

ဒါနဲ့ အိမ်ထဲဝင်ဝင်ချင်း စက်အဝေးထိန်းခလုတ်ကို လှမ်းယူလိုက်သည်။ ထိုခလုတ်ကလည်း ပေါ့သေးသေးတော့မဟုတ်၊ တစ်ခုတည်းပေမယ့် အိမ်ရဲ့မီးအလင်းအမှောင်၊ လေအေးစက်အတိုးအလျော့၊ သုံးဖက်မြင်တီဗွီအဖွင့်အပိတ်၊ သီချင်းသံအတိုးအလျော့ အကုန်ကလိလို့ရသည်။ သြော်....စက်ရုပ်စက်ခလုတ်တွေရဲ့ တန်ခိုးပေကိုး။ ထူးတော့ထူးဆန်းတယ်ဗျ။ ဒီဘက် စက်ခေတ်ကလူတွေ စက်သီချင်းတောင်နားမထောင်တော့ ဘူးဆိုပဲ။ အလုပ်ပဲရှုပ်လို့လား။ နားထောင်ဖို့ အချိန်ပဲ မပေးနိုင်လို့လားမသိ။ ကိုစက်ကတော့ စက်သီချင်းဆို လာထား။ စက်အိုးစည်သီချင်းကစလို့ နောက်ဆုံးပေါ် စက်ရော့ခ် ရော၊ စက်ဟစ်ဟောပ့် အလွတ်ရွတ်ပြမယ်။ ကိုစက်ရဲ့ စက်ဦးနှောက်က တလွဲဆံပင်ကောင်း။ စက်ကျောင်းစာတို့၊ စက်အလုပ် အတွက်တို့ဆို မေ့ချင်မေ့မယ်။ စက်သီချင်းဆိုရင်တော့ စက်သီချင်းကြီးကစလို့၊ စက်မော်ဒန်သီချင်းအထိ အလွတ်ရသည်။ စက်ကျောင်းသားဘဝတုန်းကလည်း အတန်းထဲ ခုံခေါက်၊ စက်ဘော်ဒါတွေနဲ့ စက်သီချင်းအော်ဆိုလို့ စက်ဆရာမက လည်းအားကျမခံ ခေါင်းကို သံပေတံနဲ့ခေါက် စက်ဘုသီးလုံးတောင်အခုထိမပျောက်ချင်သေး။ စက်ကျောင်းတုန်းက ဘော်ဒါတစ်ချို့တောင် စက်ဇီးသီးတွေထုတ် စက်မလေးတွေရဲ့ အသည်းကျော်တောင်ဖြစ်နေပါပေါ့လား။ ကိုစက်မှာတော့ ဆိုရရင်တော်ပါပြီ ဖိုးဆိုချင်ဆိုတာတောင် ဇီးသီးထုတ်ဖို့နေနေသာသာ ဇီးပြားဖိုးပါမနည်းရှာနေရပါလား။
အူး….ဟူး….ဟူး……

ကဲလေမထူးပါဘူး ကိုယ့်ဘာသာကိုပဲဟစ်ဖို့ စက်ကာရာအိုကေဖွင့် စက်မိုက်ကရိုဖုန်းကိုကိုင် စက်စပီကာကို တစ်ဆုံးကျယ် ကိုယ့်အခန်းထဲကို စိတ်ရှိလက်ရှိ တစ်မုန်းအော်ပစ်လိုက်တာပေါ့။ ဘာရမလဲ။ စက်ရုပ်ခွေးကလေး ဘော်နီကတော့အားပေးတယ် ဗျို့။ သူ့သခင် ကိုစက်အသံကြားတာနဲ့ ဘယ်ချောင်သွား ပြီးအသံမကြားရအောင်ပုန်းနေ ပြီလည်းမသိဘူး။ ဒါနဲ့ ဟစ်ကောင်းကောင်းနဲ့ဟစ်လိုက်တာ ဘယ်လောက်ကြာတယ်မသိဘူး။ အခန်းတံခါးကို အပြင်ကလက်ပစ်ဗုံးနဲ့ ထုသလို တစ်ဒုံးဒုံး သံမြည်တော့မှ သိတယ်ဗျို့။ တံခါးပေါက်ကနေလည်း ချောင်းကြည့်ရော စက်ယူနီဖောင်းတွေနဲ့ စက်ရဲကိုကိုတွေရော စက်ရဲမမတွေရော ကျောက်ခဲနဲ့ထုရင်တောင် ကျောက်ခဲကွဲမယ့် မျက်နှာတွေနဲ့။ ဘေးအိမ် တစ်အိမ်အိမ်ကတော့ အမှုတွဲလိုက်ပြန်ပြီနဲ့တူတယ်ဗျို့။ မထူးပါဘူးလေ။ လာမယ့်ဘေးပြေးတွေ့ ရတာပ။
တံခါးလေးဖွင့်လိုက်တာနဲ့

“မင်းဘာကောင်လဲ… မှတ်ပုံတင်ပြ… ဒီအချိန်တစ်ခြားစက်တွေ အနားယူချိန်ဆိုတာမသိဘူးလား…
ကဲကွာလာ..စခန်းရောက်မှရှင်း” စက်ရဲကိုကို ကသူမွေးထားတဲ့သားကျနေတာပဲဗျာ… အော်နေ ဟစ်နေတာ…
အသက်က ယှဉ်ကြည့်ရင်တောင် ကိုစက် ကောင်းကောင်းလမ်းလျှောက်တတ်တဲ့အချိန် သူက ချီးလူးသေးလူး အရွယ်လောက်ရှိဦးမယ်။ ဒါပေမယ့် ကိုကမှားနေတာဆိုတော့ မျက်နှာချိုလေးသွေးပြီး (မှတ်ချက်။ ။ မျက်နှာဘယ်လို ချိုအောင် သွေးရလဲ ကိုစက်မသိပါ၊ တစ်ခါမလည်းမသွေးဘူး) မျက်နှာပေးပြောင်းပြီးမှ…
“မသိလို့ ပါအစ်ကိုရယ်… ကျွန်တော်အလုပ်ကပြန်ရောက်ရောက်ချင်း စိတ်အပန်းပြေအောင် စက်ကာရာအိုကေသီချင်းလေးဆိုနေတာပါဗျာ… ဘယ်အိမ်ကများအလိုက်ကန်းဆိုးမသိ…တိုင်လိုက်လည်းမသိပါဘူး”
အဲလိုပြောပြောချင်း “ဘာအလိုက်ကန်းဆိုးမသိလည်းကွ မင်းကိုတိုင်တာ တစ်အိမ်တည်းတောင်မဟုတ်ဘူး။ အိမ်နီးနားချင်းတွေအကုန်လုံးနီးပါးပဲ။ သီချင်းဆိုချင်လည်း စက်ကာရာအိုကေသွားဆိုပေါ့ကွ။ အခုဟာက မင်းကြီးတော်ပိုင်တဲ့တိုက်မဟုတ်ဘူး။” စက်ရဲကိုကို ကလည်း သည်းမခံပါဘူးဗျာ….
ကိုစက်ကလည်းတောင်းတောင်းပန်ပန်နဲ့ “ဟုတ်ပါပြီအစ်ကိုရယ် ဆောရီးပါ။ ဒီတိုက်ကျွန်တော့် ကြီးတော်ပိုင်ရင်လည်းရောင်းစားပြီး အခွေထုတ်လိုက်ပါပြီ။ သွေးပူချီနော် လို့” မျက်နှာကို ဆီးရွက်လောက် (အလွန်သေးငယ်သည့် ပမာဏ လောက်) ထားပြီးပြောမှ သကောင့်သားက နောက်လိုက်နောက်ပါတွေနဲ့ ကြွမြန်းတော်မူလေတယ်ဗျား… ဒါတောင်ကောင်းကောင်းမသွားဘူး။ စက်မှတ်ပုံတင်နံပါတ်နဲ့ ဖုန်းနံပါတ်မှတ်သွားသေးတယ်ဗျ။ နောက်တစ်ခါဆိုလည်း စက်စခန်းမှာ ကော်ဖီလိုက်သောက်လို့မှာသွားသေးတယ်။ မလိုက်ပေါင်ဗျာ… ဖွာတော်လေးဘာလေးပါမှ စဉ်းစားရင်စဉ်းစားမယ်။
အောင်မငှီး….ဟီး…ဟီး…

ဘယ်နေရာသွားသွား ဘာကိုလုပ်လုပ် အမှုတွဲတွေနဲ့ကို မလွတ်ပါလားဗျာ။ အခုမှဗိုက်ကလည်းဆန္ဒပြလာပြီဗျို့။ ဗိုက်လည်းဆာမှန်းအခုမှသတိရတယ်။ မထူးပါဘူးလေ ပေါင်မုန့်ကို ထောပတ်သုတ်။ ရေနွေးကြမ်းနဲ့မျောချလိုက်တော့မယ်။ ဖြစ်ချင်ရာဖြစ်။ ပေါင်မုန့်လေးချပ်လောက်ကုန်မှပဲ နေသာထိုင်သာရှိသွားတော့တယ်။ ပြီးမှရေချိုးမယ်လုပ်တုန်း ကရင်…ကရင်…ကရင်..(မှတ်ချက်။ ။ဖုန်းသံမြည်ခြင်း) အာ..ဘယ်သူ့ဆီကပါလိမ့်။ သြော်..ခင်သီတာစက်
“ဟဲရို…”
“ဟင်…သေနာ…တစ်နေကုန် ငါ့ကို ပစ်ထားပြီးနင်ကဘယ် စက်ရွလပိုးမနဲ့ နေကျိုးတဲ့အထိ သဝေထိုးပြီး နန့်ကြောထနေလည်းပြောစမ်း…ငါ့ကို စက်ပလာဇာသွား ဖို့လာခေါ်ပါဆိုတာဖုန်းလေးဆက်ဖေါ်တောင်မရဘူး….ငါ့ကိုဒီလောက်တောင်ဂရုစိုက်တာ… နင်နဲ့ငါပြတ်ပြီ…ငါ့ကို ဂရုစိုက်တဲ့ စက်သူဌေးကိုပဲချစ်တော့မယ်”
“ဟာ..ခင် ထင်သလိုမဟုတ်သေး…အလုပ်…အုပ်..အုပ်..” ပြောလို့မှမဆုံးသေး….တစ်ဘက်ကဖုန်းချသံ တူ…တူ…တူ ဆိုသည့်အသံလေးပဲ ကြားရသည်။ ပြန်ခေါ်တော့လည်းမကိုင်…အဲဒီလိုပဲဗျ..စက်မိန်းမတွေက ရမယ်ရှာချင်ရာရှာ….သူတို့ထင်ချင်တာထင်…ပြီးရင်ကောက်ချင်တာကောက်…ပြီးတော့ပြန်မချော့တော့လည်း အာရုံစားသေးသည်။ ရှုပ်နေတာပါပဲ…ပြတ်ဆိုတော့လည်းပြတ်ပေါ့…ဝမ်းသာလိုက်တာ အခုမှပဲ ဒုက္ခရောက်သက်သာတာပေါ့။ ဖုန်းချချပြီးချင်း..ရေနွေးနဲ့ နာရီဝက်နီးပါး ရေနွေးနဲ့ ရေးချိုးလိုက်သည်။ စက်ကိုယ်ထဲရေဝင်ပြီး ရှောခ့်မရိုက်ယုံတမယ် ကိုချိုးလိုက်သည်။ အား..အခုမှ တစ်နေကုန် ညောင်းညာနေတာသက်သာသွားတော့တယ်။ စက်နာရီလည်းကြည့်လိုက်ရော အား…ပါး…ရှား…. ည ၁ နာရီထိုးနေပြီဗျို့။ မဖြစ်သေးပါဘူးလေ။ နောက်နေ့အလုပ်နောက်ကျရင် ရှိစုမဲ့စု စက်ဆံလေး ဒဏ်တပ်ခံထိမှာ။ ဒါနဲ့ စက်နာရီကို သံပတ်ပေး၊ ဘဲဥ ပုတ်နံ့လို အနံ့ကိုတော့ ဖြစ်သလိုစုလိုက်သည်။ (မှတ်ချက်။ ။စက်နာရီအကြောင်းမသိတဲ့လူများ ကိုစက် ၁ တွင်ရှု့) ပြီး စက်စပီကာတွင် စက်ဂီတာ ကလပ်စီကယ် တီးလုံးလေးဖွင့်ပြီး ကိုစက်ယူလေတော့သည်။ ခေါင်းအုံးနဲ့ခေါင်းနဲ့တောင်မထိရသေး ကိုစက်မှာ စက်ရုပ်ဘဝ၊ စက်မြို့တော်သားဘဝ၊ ခင်သီတာစက် စတဲ့ စက်ပါတာတွေအကုန်မေ့ပြီး “အပူအပင်ကင်းတဲ့ ကလေးဘဝလို ပျော်စရာကောင်းသော၊ သဘာဝတရားကို ချစ်ခွင့်ရသော၊ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလိုစာနာစိတ်နဲ့ကူညီလေးစား နှစ်လိုဖွယ်ကောင်းသော၊ မရှိအတူ၊ ရှိအတူ၊ လူသားဆန်သော သာယာကြည်နူးဖွယ် ဘဝ” အကြောင်းကို အိပ်မက် မက်ပါလေတော့သတည်း။

ကိုစက်နဲ့ ၂၄နာရီစာ အလွဲများ ဤတွင် တစ်ခန်းရပ်၏။ ။