Thursday, December 26, 2024

မျှော်လင့်ချက်

ကျွန်တော်ဟာ ခင်ဗျားကို ချစ်မိတာမဟုတ်ပါဘူး မျှော်လင့်ချက်တွေကို ချစ်မိတာပါ ခင်ဗျားနဲ့အတူ ဘဝတစ်ခုကို စချင်တဲ့ဆိုတဲ့ မျှော်လင့်ချက်တွေပေါ့ ခရီးတွေအတူထွက် ကမ္ဘာတစ်ပတ် ပတ်ချင်တဲ့ မျှော်လင့်ချက်တွေ မိုးရွာရွာနေပူပူ ဘဝတစ်ခုကို အတူရင်ဆိုင်ချင်တဲ့ မျှော်လင့်ချက်တွေ အဘိုးအဘွား အရွယ်အထိ ခင်ဗျားလက်ကလေးကို ဆုပ်ကိုင်လိုတဲ့ မျှော်လင့်ချက်တွေ မြေးတွေနဲ့အတူ ပြုံးရယ်နေမယ့် ခင်ဗျားကို တွေ့ချင်တဲ့ မျှော်လင့်ချက်တွေ ကိုယ့်အကျိုးကျေးဇူးမပါ ခင်ဗျားပျော်နေတာကို ပဲမြင်ချင်တဲ့ မျှော်လင့်ချက်တွေ မနက်တိုင်း ခင်ဗျားပါးလေးကို နမ်းချင်တဲ့ မျှော်လင့်ချက်တွေ ဘဝနိဂုံးချုပ်ချိန် ခင်ဗျားထက်အရင် ထွက်ခွာသွားချင်တဲ့ မျှော်လင့်ချက်တွေ အဲလို မျှော်လင့်ချက်တွေကို ချစ်မိနေတဲ့လူပါ... ခင်ဗျားမုန်းမယ်ဆိုတဲ့ မျှော်လင့်ချက်ကိုတော့ မေ့မိနေသူတစ်ယောက်ပေါ့... ဒီလောက်ပါပဲ

Sunday, July 21, 2019

အတွက်


ဖိနပ်တစ်ရံ ခန္ဓာကိုယ်အခွံလွတ်တစ်ခုနဲ့ ဒဏ်ရာတွေကို ကျောပိုးရင်း မိုင်တိုင်တွေ တရိပ်ရိပ်ကျန်ခဲ့ပြီ လှည့်ကြည့်မိတော့ ကိုယ့်နောက်ကျောတောင် ကပ် ပါမလာခဲ့ဘူး အချိန်ဆိုတာက ယန္တရားတစ်ခုဆို ကံကြမ္မာဆိုတာက ခွေးသွားစိတ်တွေပေါ့ အောင်မြင်မှုဆိုတာ ရှုံးနိမ့်ခြင်းတွေရဲ့ မျက်နှာဖုံးပဲ အချိန်တွေကုန်ခဲ့ပြီ တန်ဖိုးထားခဲ့ဖူးသမျှက သုညတွေကိုဖြစ်လို့ အချစ်ဆိုတာ မရဲ့ရယ်သံလွင်လွင်တွေလား ရင်ခုန်မြတ်နိုးမှုဆိုတာ ဘာမဆို ပေးဆပ်ရခြင်းတဲ့လား သူ့ဆီပို့ထားတဲ့ မက်ဆေ့ခ်ျလေးတွေလား ပြန်လာနိုးနိုးစောင့်ရတာ ကမ္ဘာနဲ့ချီကြာသလိုပဲ ဘဝါခါးခါးတွေကြားမှာ သေနတ်ပြောင်းဝကို နှင်းဆီတစ်ပွင့် ထိုးစိုက်ချလိုက်ချင်သလိုမျိုး နှလုံးသားမြေဆီလွှာမှာ သူမပန်ဖို့ ပန်းတစ်ခင်းပျိုးပေးနေချင်သူပါ ခုလက်ရှိအချိန်ကိုမပိုင်သလို အနာဂတ်ကိုလည်းမပိုင်ဘူး သတိရမြဲရနေခြင်းတွေပဲ ဘဝမှာ ပိုင်ဆိုင်မှုရှိတယ် ဒါပေမဲ့ မသေမချင်းကြိုးစားရခြင်းဆိုတာလည်း နိစ္စဓူဝ ဝတ်ရွတ်စဉ်တစ်ခုလိုပေါ့ အိပ်ခါနီးတိုင်း မ ရဲ့နာမည်ကိုတိုးတိုးရွတ်ဆိုလို့ အမှောင်တွေကြားက အလင်း ဒဏ်ရာတွေကြားက နားခိုရာ ဘဝရဲ့တစ်ခုတည်းသော ပျော်ရွှင်ခြင်းဖြစ်စဉ်လေး ညစဉ် ကောင်းသောအိပ်စက်အနားယူခြင်းရှိပါစေ မ အိပ်မက်တွေဆီ မဆုတ်မနစ်လှမ်းလာရင်းပေါ့ “အာမင်”

Friday, March 8, 2019

မင်းနဲ့


လမ်းထိပ်က မုန့်ဟင်းခါးဆိုင်လည်း မင်းနဲ့အတူ မသွားချင်ဘူး နိဗ္ဗာန်အထိလည်းမင်းနဲ့ အတူ မသွားချင်ဘူး နိဗ္ဗာန်ဆိုကတည်းက ငါဆိုတာတောင် မပါတော့ဘူး…..

Thursday, May 2, 2013

ဒွိဟ

ကောင်းတာနဲ့ ဆိုးတာကြား နယ်နမိတ်မျဉ်းက ခပ်ပါးပါးလေး ဖျတ်ကနဲ ခြေအစုံက စည်းကို တစ်ဖက်တစ်ချက် ရပ်မိလျက်သား ဘယ်ဘက်လား ညာဘက်လား

Saturday, April 3, 2010

လက်သည်းချွန်ကြားက “ည”

အဲဒီဆေးမဆိုးထားတဲ့ လက်သည်းချွန်ချွန်လေးတွေပေါ့
ငါ့အတွေးတွေထဲအထိ
ဝင်ရောက် ကုတ်ခြစ်ပစ်နိုင်စွမ်းရှိတယ်…

ဟိုဘုရင်က လက်နဲ့ထိရင်ရွှေဖြစ်သတဲ့
အဲဒီလက်သည်းချွန်ချွန်လေးတွေနဲ့ ထိရင်
အကြင်နာအတိ…ငါ့ရင်မီးတွေ
တဟုန်းဟုန်းငြိမ်းခဲ့ရပေါ့….

နောက်ပြီး အဲဒီ လက်သည်းချွန်ချွန်တွေရဲ့
ဆွဲငင်မှုမှာ
နေဝင်မီးငြိမ်း
တိမ်တွေတဖျပ်ဖျပ်ခတ် ခဲ့ရပေါ့

အဲဒီ လက်သည်းချွန်ချွန်တွေပိုင်ရှင်က
ကြယ်တွေကို ဇယ်တောက်ရင်း
လမင်းကို ပွတ်သပ်ကြည့်ချင်သေးသတဲ့လေ

ကလီယိုပက်ထရာရဲ့လက်တွင်း
ရောမအင်ပါယာအရှင်
ဆီဇာဘုရင် သက်ဆင်းရသလိုမျိုး
ဧကရီဘုရင်မရဲ့ လက်သည်းချွန်ချွန်တွေပေါ်မှာ
ငါ့နေမဝင်အင်ပါယာတစ်ခုလုံး
မျက်စိတစ်မှိတ်အတွင်း
အတုံးအရုံးကျဆုံးလို့ပေါ့
ရုန်းထွက်ခွင့်တောင် မရလိုက်မိဘူး…

Thursday, April 1, 2010

ဧပြီအရူး

နွေတန်ခူးမို့
လေရူးတို့
သွေစို့ပြန်သနော်

ဖြေလျှော့ကာပူ
နေတော့မူ
ကြံယူသော်လည်း

ခါသင်္ကြန်မာန်
လာပြန်ဟန်
တစ်ဖန်နွှဲရပါ့

မြေသင်းနံ့တေး
ပိတောက်မွှေး
ခိုင်လေးညှာတံငယ်ကို

မလေးကေသာ
ပိတုန်းဖြာ
ဆံဗျာစမှာပ
ပန်လိုက်ကဲ့လေး…

(မြန်မာသံပေါက်ကဗျာပါ...ကာရန်ကဗျာ စပ်ရတာပျော်ဖို့ကောင်းတယ်)

Monday, March 29, 2010

ကစဥ့်ကလျား ဝိဥာဉ်

နေ့နဲ့ညတွေ က စဥ့် က လျား

အိပ်မက်တွေ က စဥ့် က လျား

သင်္ကေတတွေ က စဥ့် က လျား

တွေးခေါ်၊ချောင်းဆိုး၊ သလိပ်ခတ်သံ က စဥ့် က လျား

ဆေးလိပ်ပြာတွေ က စဥ့် က လျား

အချစ်၊ အမုန်းတွေ က စဥ့် က လျား

နာရီ၊ရာသီဥတု၊ အဟာရ က စဥ့် က လျား

ဆံပင်တွေ က စဥ့် က လျား

ရေသံ မီးသံ တွန်သံ က စဥ့် က လျား

ရစ်သမ်မမှန်သော ဂီတသံ က စဥ့် က လျား

မိုးဦးလေသံ၊ မြေသင်းနံ့ က စဥ့် က လျား

ခပ်ကြမ်းကြမ်းစုတ်ချက်တစ်ချို့ က စဥ့် က လျား

နူးညံ့သိမ်မွေ့သော အထိအတွေ့ က စဥ့် က လျား

ပါးပြင်ပေါ်ပြုတ်ကျကျန်ခဲ့သော အနမ်းတပွင့် က စဥ့် က လျား

စကားလုံးတွေ က စဥ့် က လျား

ဒီကဗျာလည်း က စဥ့် က လျား….