Sunday, July 21, 2019

အတွက်


ဖိနပ်တစ်ရံ ခန္ဓာကိုယ်အခွံလွတ်တစ်ခုနဲ့ ဒဏ်ရာတွေကို ကျောပိုးရင်း မိုင်တိုင်တွေ တရိပ်ရိပ်ကျန်ခဲ့ပြီ လှည့်ကြည့်မိတော့ ကိုယ့်နောက်ကျောတောင် ကပ် ပါမလာခဲ့ဘူး အချိန်ဆိုတာက ယန္တရားတစ်ခုဆို ကံကြမ္မာဆိုတာက ခွေးသွားစိတ်တွေပေါ့ အောင်မြင်မှုဆိုတာ ရှုံးနိမ့်ခြင်းတွေရဲ့ မျက်နှာဖုံးပဲ အချိန်တွေကုန်ခဲ့ပြီ တန်ဖိုးထားခဲ့ဖူးသမျှက သုညတွေကိုဖြစ်လို့ အချစ်ဆိုတာ မရဲ့ရယ်သံလွင်လွင်တွေလား ရင်ခုန်မြတ်နိုးမှုဆိုတာ ဘာမဆို ပေးဆပ်ရခြင်းတဲ့လား သူ့ဆီပို့ထားတဲ့ မက်ဆေ့ခ်ျလေးတွေလား ပြန်လာနိုးနိုးစောင့်ရတာ ကမ္ဘာနဲ့ချီကြာသလိုပဲ ဘဝါခါးခါးတွေကြားမှာ သေနတ်ပြောင်းဝကို နှင်းဆီတစ်ပွင့် ထိုးစိုက်ချလိုက်ချင်သလိုမျိုး နှလုံးသားမြေဆီလွှာမှာ သူမပန်ဖို့ ပန်းတစ်ခင်းပျိုးပေးနေချင်သူပါ ခုလက်ရှိအချိန်ကိုမပိုင်သလို အနာဂတ်ကိုလည်းမပိုင်ဘူး သတိရမြဲရနေခြင်းတွေပဲ ဘဝမှာ ပိုင်ဆိုင်မှုရှိတယ် ဒါပေမဲ့ မသေမချင်းကြိုးစားရခြင်းဆိုတာလည်း နိစ္စဓူဝ ဝတ်ရွတ်စဉ်တစ်ခုလိုပေါ့ အိပ်ခါနီးတိုင်း မ ရဲ့နာမည်ကိုတိုးတိုးရွတ်ဆိုလို့ အမှောင်တွေကြားက အလင်း ဒဏ်ရာတွေကြားက နားခိုရာ ဘဝရဲ့တစ်ခုတည်းသော ပျော်ရွှင်ခြင်းဖြစ်စဉ်လေး ညစဉ် ကောင်းသောအိပ်စက်အနားယူခြင်းရှိပါစေ မ အိပ်မက်တွေဆီ မဆုတ်မနစ်လှမ်းလာရင်းပေါ့ “အာမင်”

Friday, March 8, 2019

မင်းနဲ့


လမ်းထိပ်က မုန့်ဟင်းခါးဆိုင်လည်း မင်းနဲ့အတူ မသွားချင်ဘူး နိဗ္ဗာန်အထိလည်းမင်းနဲ့ အတူ မသွားချင်ဘူး နိဗ္ဗာန်ဆိုကတည်းက ငါဆိုတာတောင် မပါတော့ဘူး…..

Thursday, May 2, 2013

ဒွိဟ

ကောင်းတာနဲ့ ဆိုးတာကြား နယ်နမိတ်မျဉ်းက ခပ်ပါးပါးလေး ဖျတ်ကနဲ ခြေအစုံက စည်းကို တစ်ဖက်တစ်ချက် ရပ်မိလျက်သား ဘယ်ဘက်လား ညာဘက်လား

Saturday, April 3, 2010

လက်သည်းချွန်ကြားက “ည”

အဲဒီဆေးမဆိုးထားတဲ့ လက်သည်းချွန်ချွန်လေးတွေပေါ့
ငါ့အတွေးတွေထဲအထိ
ဝင်ရောက် ကုတ်ခြစ်ပစ်နိုင်စွမ်းရှိတယ်…

ဟိုဘုရင်က လက်နဲ့ထိရင်ရွှေဖြစ်သတဲ့
အဲဒီလက်သည်းချွန်ချွန်လေးတွေနဲ့ ထိရင်
အကြင်နာအတိ…ငါ့ရင်မီးတွေ
တဟုန်းဟုန်းငြိမ်းခဲ့ရပေါ့….

နောက်ပြီး အဲဒီ လက်သည်းချွန်ချွန်တွေရဲ့
ဆွဲငင်မှုမှာ
နေဝင်မီးငြိမ်း
တိမ်တွေတဖျပ်ဖျပ်ခတ် ခဲ့ရပေါ့

အဲဒီ လက်သည်းချွန်ချွန်တွေပိုင်ရှင်က
ကြယ်တွေကို ဇယ်တောက်ရင်း
လမင်းကို ပွတ်သပ်ကြည့်ချင်သေးသတဲ့လေ

ကလီယိုပက်ထရာရဲ့လက်တွင်း
ရောမအင်ပါယာအရှင်
ဆီဇာဘုရင် သက်ဆင်းရသလိုမျိုး
ဧကရီဘုရင်မရဲ့ လက်သည်းချွန်ချွန်တွေပေါ်မှာ
ငါ့နေမဝင်အင်ပါယာတစ်ခုလုံး
မျက်စိတစ်မှိတ်အတွင်း
အတုံးအရုံးကျဆုံးလို့ပေါ့
ရုန်းထွက်ခွင့်တောင် မရလိုက်မိဘူး…

Thursday, April 1, 2010

ဧပြီအရူး

နွေတန်ခူးမို့
လေရူးတို့
သွေစို့ပြန်သနော်

ဖြေလျှော့ကာပူ
နေတော့မူ
ကြံယူသော်လည်း

ခါသင်္ကြန်မာန်
လာပြန်ဟန်
တစ်ဖန်နွှဲရပါ့

မြေသင်းနံ့တေး
ပိတောက်မွှေး
ခိုင်လေးညှာတံငယ်ကို

မလေးကေသာ
ပိတုန်းဖြာ
ဆံဗျာစမှာပ
ပန်လိုက်ကဲ့လေး…

(မြန်မာသံပေါက်ကဗျာပါ...ကာရန်ကဗျာ စပ်ရတာပျော်ဖို့ကောင်းတယ်)

Monday, March 29, 2010

ကစဥ့်ကလျား ဝိဥာဉ်

နေ့နဲ့ညတွေ က စဥ့် က လျား

အိပ်မက်တွေ က စဥ့် က လျား

သင်္ကေတတွေ က စဥ့် က လျား

တွေးခေါ်၊ချောင်းဆိုး၊ သလိပ်ခတ်သံ က စဥ့် က လျား

ဆေးလိပ်ပြာတွေ က စဥ့် က လျား

အချစ်၊ အမုန်းတွေ က စဥ့် က လျား

နာရီ၊ရာသီဥတု၊ အဟာရ က စဥ့် က လျား

ဆံပင်တွေ က စဥ့် က လျား

ရေသံ မီးသံ တွန်သံ က စဥ့် က လျား

ရစ်သမ်မမှန်သော ဂီတသံ က စဥ့် က လျား

မိုးဦးလေသံ၊ မြေသင်းနံ့ က စဥ့် က လျား

ခပ်ကြမ်းကြမ်းစုတ်ချက်တစ်ချို့ က စဥ့် က လျား

နူးညံ့သိမ်မွေ့သော အထိအတွေ့ က စဥ့် က လျား

ပါးပြင်ပေါ်ပြုတ်ကျကျန်ခဲ့သော အနမ်းတပွင့် က စဥ့် က လျား

စကားလုံးတွေ က စဥ့် က လျား

ဒီကဗျာလည်း က စဥ့် က လျား….

Sunday, March 7, 2010

ပြိုင်ပွဲ

ကောင်းကင်တွင် တိမ်သားမည်းမည်းများက တရိပ်ရိပ် တက်လာသောအခါ လေကတဖြည်းဖြည်းထန်လာသည်။ ရွက်ထဲသို့ လေအပြည့်တိုးဝင်လာသောကြောင့် သူ့လှေကလည်း အရှိန်တဖြည်းဖြည်းမြင့်တက်လာသည်။ သူ့အာရုံတွင် လက်ထဲက တက်ကို မြဲမြံစွာကိုင်၍ လှေကို လေအားနှင့်အတူ ပန်းတိုင်သို့ မြန်သထက်မြန်အောင် ရောက်ရန်သာ အရေးကြီးနေသည်။ ပြိုင်ပွဲတွင် ဗိုလ်စွဲအနိုင်ရရန် အရေးကြီးသည် မဟုတ်ပါလော။ သူ့ကဲ့သို့ ပင် တစ်ခြားနိုင်ငံမှ ပြိုင်ဘက်များကလည်း သူ့အား ကျော်တက်နိုင်စေရန်အတွက် အနောက်မှ တဝေါဝေါဖြင့် ကပ်လိုက်လျှက်ရှိသည်။ ဒီနိုင်ငံကာပြိုင်ပွဲတွင် အနိုင်ရ ဗိုလ်စွဲမှ သူမျှော်လင့်ထားသော ဆုဖလားကို ရယူသိမ်းပိုက်နိုင်သလို တိုင်းပြည်အတွက်လည်း တာဝန်တစ်ခုကျေပွန်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု သူဆုံးဖြတ်ထားပြီးဖြစ်သည်။ သူ့ခန္ဓာကိုယ်တွင် ရှိသမျှ ကြွက်သားများကို ဖျစ်ညှစ်၍ လှေမတိမ်းစောင်းစေရန် အရှိန်အကောင်ဆုံးရစေရန် ကြိုးစားလျှက်ရှိသည်။

သူနောက်ထပ် ဘွိုင်(buoy) တစ်ခုကို ပတ်ပြီးလျှင် ပန်းဝင်ရန်သာရှိတော့သည်။ လေကလည်း ပြင်းသထက်ပြင်းလာကာ လှေတစ်ချို့မထိန်းနိုင်သဖြင့် မှောက်ကုန်လေတော့သည်။ သူကတော့ သဘာဝကို အန်တုကာ ပန်းတိုင်သို့သာ အစောဆုံးဝင်ရန် အားခဲလျှက်။ ထိုအခိုက်တွင် မမျှော်လင့်ထားသော အရာတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာသည်။ သူတို့ နိုင်ငံမှ ကောင်မလေးတစ်ယောက် သူပတ်ခဲ့သော ဘွိုင်သို့မရောက်ခင် လေပြင်းလွန်း၍ လှေမှောက်နေသည်။ သူ့လှေက ထိုကောင်မလေးလှေအနားမှအဖြတ်တွင် လှိုင်းကြီး လေကြီးလွန်းသဖြင့် သူမဘာသာ လှေပြန်မထောင်နိင်။ မှောက်နေသော လှေကို ကိုင်ကာ အားကိုးရာမဲ့ အော်ငိုနေသည်။ နောက်ပြီး သူမ အသက် က အခု မှ ၁၀ နှစ်ပင်မရှိသေး။ ပြိုင်ပွဲအတွက် တာဝန်ယူထားသော အသက်ကယ်အဖွဲ့မှာလည်း မှောက်သော လှေများများလွန်းသည့်အတွက် သူမဆီသို့ရောက်မလာနိုင်။ ရေကလည်း ရေခဲမှတ်နားကပ်နေသည့် အခြေအနေ အေးစက်လွန်းနေသည်။ သူ့ Wetsuit (အအေးဒဏ်ကို ကာကွယ်ရန်ဝတ်သော လည်ပင်းမှ ခြေထောက်အထိလုံခြုံစေသာ အင်္ကျီ) အတွင်းမှပင် သူအအေးဓာတ်ကို ခံစားသိရှိနေရသည်။ ရေခဲတမျှအေးသော ရေထဲတွင် အားကိုးရာမဲ့ အော်ငိုနေသော မျက်နှာ။ အရေးကြီးသော နောက်ဆုံးပြိုင်ပွဲ။ ရုတ်တရက် သူ့ခေါင်းထဲသို့ လျှပ်စီးမိုးကြိုးလက်သလို အတွေးတစ်ခု ဝင်ရောက်လာသည်။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ့လှေမှကြိုးကို ခြေထောက်တွင်ချည်၍ ရေထဲသို့ ဒိုင်ဗင်ထိုးချလိုက်သည်။ ထို့နောက် ထိုကောင်မလေးရှိရာသို့ ကူးခတ်သွား၍ လှေကို ကျွမ်းကျင်စွာပြန်ထောင်မတ်ပေးလိုက်သည်။ ထို့နောက် သူက ရေထဲမှာနေ၍ သူမကို လှေပေါ်သို့ပြန်တွန်းတင်ပေးလိုက်ကာ လှေထဲတွင်ရှိသောရေများကို တတ်နိုင်သလောက်ခပ်ထုတ်ပေးလိုက်သည်။ ထိုအချိန်တွင် အသက်ကယ်လှေအဖွဲ့ ရောက်လာကာ သူမကို ကမ်းစပ်သို့ ပြန်လည်ခေါ်ဆောင်သွားတော့သည်။ သူမကတော့ ငိုနေတုန်းပင်။

ထို့နောက် သူ့လှေပေါ်သို့ ပြန်တက်လိုက်ကာ ပြိုင်ပွဲကို ဆက်ပြိုင်လေသည်။ ခရာ မှုတ်သံနှင့်အတူ ပန်းဝင်လေပြီ။ သို့သော် သူအလိုချင်ဆုံးသော ပထမနေရာတော့ မဟုတ်တော့။ ဆုပေးပွဲတွင်လည်း သူအလိုချင်ဆုံးသော ဆုဖလားကို တစ်ခြားနိုင်ငံသားတစ်ယောက် ရယူသွားသောအခါတွင်လည်း သူအားရပါးရပြုံးလိုက်မိတော့သည်။ သူ့ရင်ထဲတွင်ဖြစ်ပေါ်မိသော ပီတိမှာကား ထိုပွဲတွင် အနိုင်ရဗိုလ်စွဲရခြင်းထက် အဆပေါင်းများစွာသာလွန်ကြောင်း သူ့ကိုယ်တိုယ်သိရှိနေသောကြောင့်ဖြစ်သည်။