Thursday, September 27, 2007

Today At Topayoh

Everybody!! Don't wait until SAT to meet and pray for our ppl in myanmar..

let's meet topayoh monastery today at 7.... pls spread the news...

Come out and stand for our weaponless ppl in burma...

SALUTE!!

for those who gave their lives for our country...

for poor people...

for our generations...

Hereby, I give my best salute for 9 persons who gave their lives....

'SALUTE'

Monday, September 24, 2007

ဗီးနပ်စ်လက်က လွတ်ကျသွားတဲ့ည

ကျွန်တော်ထိုင်နေသည်။ ကုလားထိုင်တစ်လုံးပေါ်တွင်လည်းဖြစ်နိုင်သလို အုတ်ခုံပေါ် ကြမ်းပြင်ပေါ်တွင်လည်းဖြစ်နိုင်သည်။ ဘာပဲပြောပြော ကျွန်တော်ထိုင်နေသည်။ အပိုင်းအစပြိုကွဲခြင်းသီအိုရီ၊ ဇော်ဇော်အောင်၊ ခင်မောင်ရင်၊ ပို့စ်မော်ဒန် အတွေးအခေါ်ဖြစ်တည်မှု၊ ခပ်ကျကျ လဘ္ဘက်ရည်တစ်ခွက်၊ စားပွဲပေါ်တွင် အိပ်ပျော်နေသော ကတ်သီးကတ်သတ် မင်းခိုက်စိုးစန်၊ ကမ်းခြေ၌ ၂၄ ပစ္စည်း(ဘုရားစာမဟုတ်) ပါဝင်သောဗီရိုတစ်လုံးထမ်း၍ လမ်းလျှောက်နေသော မြတ်သစ်၊ ပန်းချီနှင့် အနုပညာ၊ လွှဲနေသော ချိန်သီးများ၊ စီးကရက်ပြာခွက်၊ ဖုံမှုန့်တွေကပ်ညှိနေသော ခေါင်းထက်က မရေရာခြင်းက တမွှတ်မွှတ်လည်နေသည်။ စကားတွေပြောနေခြင်းလား၊ စိတ်ကပြောနေခြင်းလား စကားတွေက ကျွန်တော့်စိတ်ကိုပြောနေခြင်းလား? မသိစိတ်က စကားတွေကိုပြောနေခြင်းလား? အတွေးတွေက ဦးနှောက်ကို အလုပ်ပေးနေခြင်းလား? ဦးနှောက်က အတွေးတွေကို အလုပ်ပေးခြင်းလား?

ရီသံတစ်ချို့ ပျံ့လွင့်လာသည်။ ဟီလာတိုက်သည့် ရီခြင်းမျိုး၊ ကျွန်တော့်ကို ကြည့်၍ ရီနေခြင်းလား? သူတို့ဘာသာရီနေခြင်းလား? သေချာတာကတော့ လူတစ်စု၏ ပက်ပက်စက်စက် ရီသံကြားတိုင်း ကိုယ့်ကိုကိုယ်မလုံမလဲ ဖြစ်တတ်သည် မှာ လူ့သဘာဝ ဖြစ်မည်။ ဘေးခုံက အမည်မဖော်လိုသူ တရုတ်ကြီးနှစ်ယောက်ကလည်း ကျွန်တော်မသိသောဘာသာစကားများဖြင့် ကျွန်တော့်အကြောင်း ပြောနေသည်ကို ကျွန်တော်သိနေသည်။ သူတို့ဆက်ပြောနေကြသည်။ ကွန်ဖြူးရှပ်အကြောင်းလား၊ ကဏန်းလေးလုံးစလုံးလွဲသွားသော လေးလုံးထီအကြောင်းလား၊ မဟာရံတံတိုင်းအကြောင်းလား၊ ဆိုးလွန်းပေလွန်းသောသား သမီးတွေအကြောင်းလား? ဒါမှမဟုတ် ဘယ်လောက်လိမ္မာကြောင်း တစ်ယောက်နှင့် တစ်ယောက် ပြိုင်နေခြင်းလား? ကျွန်တော်နှင့်မဆိုင်၊ စပ်စုလိုသော စိတ်နှင့်သာ။

ရုတ်တရက် ဟင်းလင်းပြင်တစ်ခု အစာအိမ်ထဲရောက်လာသည်။ ဆာလာသည်ပေါ့ဗျာ။ ဆိုင်များကပိတ်နေပြီ။ လျှောက်ကြည့်ရင်းနှင့် ခေါက်ဆွဲရောင်းသည့် တရုတ်ကြီးနှင့်တွေ့သည်။ အဆီပြန်နေသောမျက်နှာတစ်ခု၊ မွှေးပျံ့သောရသတဏှာ ရနံ၊့ အငွေ့တစ်ထောင်းထောင်းထနေသော ဝမ်းမီး၊ ဗလာအိတ်ကပ်ကို စမ်းမိ၍ ပိုက်ဆံမထုတ်ရသေးကြောင်းသတိရသည်။ ငွေထုတ်စက်၊ ကိန်းကဏန်းများ ကျွန်တော့်ရှေ့က ဖန်သားပြင်ပေါ်မှာ ပြေးလွှားသွားကာ ငွေနှစ်ဆယ်ထွက်ကျလာသည်။ ထိုအချိန်၌ ဆာလောင်လွန်း၍ အော်ငိုသံတစ်ချို့ကြားရသည်။ မှောင်မည်းကာ စုတ်ပြတ်သတ်နေသော အိမ်လို့ပင် အမည်မတပ်နိုင်သော ခနော်နီခနော်နဲ့ တဲတစ်ချို့ပေါ်ရှိ ကြမ်းပြင်ပေါ်တွင် အစာရေဆာပြတ်ကာ မိန်းမောနေသူများ၊ ပေါင်မုန့်အပဲ့စများ၊ ဆန်ကွဲကြမ်းခဲများ၊ ထမင်းရည်ပုလင်းခွံများ၊ ထိုထဲကထွက်ကြသော ထမင်းရည်စက်များ ကြမ်းကျဲကျဲပေါ်မှာ ပြန့်ကျဲ ခွေးမျိုးကောင်းတစ်ကောင်က လျှာနှင့်လျှက်နေလေသည်။ တစ်ချိန်တည်းမှာပင် စားပွဲပေါ်မှာ စားသောက်ဖွယ်ရာအစုံအလင်နဲ့ လူတစ်စု က ဒင်နာ ပါတီပွဲပေးနေသည်။ စိန်တွေညွှတ်နေအောင် ဆင်ထားသော လူများ၏ လောဘကြောင့် စားနိုင်သလောက်အပြင် အပိုယူ၍ အစားအသောက်များစွာ အလဟဿဖြစ်ကာ လေလွင့်ကုန်သည်။ ခွေးချင်းပင် မတူညီတာကတော့ ထိုနားအမှိုက်ပုံက ဝဲစားက တစ်ဖြဲနှစ်ဖြဲစားပြနေသည်။ ကျွန်တော့်လက်ထဲ ဗန်ဂိုး၏ အာလူးတစ်လုံးရောက်လာသည်။

ကျွန်တော် မစား ထိုခွေးဝဲစားကို လှမ်းပေါက်လိုက်သည်။ သမရိုးကျ “ကိန် ကိန် ကိန်” ဟု မအော် “အောင်မလေးကြောက်ပါပြီဗျ” ဟုအော်၍ ထိုခွေး နန်းတော်အောက်သို့ဝင်ပြေးသည်။

ခေါက်ဆွဲတစ်ပန်းကန်ရှေ့ကျွန်တော်ရောက်လာသည်။ လောဘ၊ ရသာ၊ လောင်မြိုက်ခြင်း၊ တပ်မက်မှု၊ မွတ်သိပ်မှု တစ်ပန်းကန် ကုန်သွားသည်။ မရေရာခြင်းတွေစားလိုက်ရ၍ နေသာထိုင်သာရှိသွားသည်။ ဝမ်းတထွာအတွက် ရေတခွက်ဖြည့်လိုက်သလို။ ကော်ဖီသောက်နေတုန်း ဗီးနပ်စ်ရောက်လာသည်။ ထူးထူးခြားခြား ခုခေတ်မိန်းကလေးတွေ ဝတ်သလို ဟိုကြပ် ဒီကြပ်မပေါ့်တပေါ် အဝတ်အစားနှင့် အန္တရာယ်ကို လက်ယပ်ခေါ်နေသည့် သဘော။ ဒါနဲ့ သူမက အက်ဒီဆင်ထံကျွန်တော် အပ်ထားသော လက်အတုရပြီလားဟုလာမေးသည်။ ကျွန်တော်တပ်ပေးလိုက်သည်။ စေတနာနှင့်ပါ။ သူမ အိမ်သာတက်ရာတွင် အခက်တွေ့နေမှာစိုးလို့ ကျွန်တော်ကိုယ်တိုင် အော်ဒါမှာပေးထားသောလက်၊ သူမနှင့်ကွက်တိ။ သို့သော် သူမက မယူဟုဆိုကာ ကျွန်တော့်ကိုပြန်ပေးသည်။ လက်မရှိခြင်းသည်ပင် သူမ၏တန်ဖိုးဆိုလား? ကျွန်တော်လည်း မတတ်သာသည့်အဆုံး ဂျပန်များထံသို့ လှမ်း၍ အော်တိုမက်တစ် ကမုတ်တစ်လုံး သူမအတွက် ထပ်မှာရပြန်သည်။

ရှုး....

တိုး....

တိုး....

ကျွန်တော့် EOS ၄ ထပ်မြောက်တွင် အိပ်မောကျနေသည်။

Saturday, September 22, 2007

မြန်မာသီချင်းကြီးများ

မြန်မာသီချင်းကြီးများ နားထောင်လိုသူများအတွက်

http://morris.myanmar-sar.org/index.php?d=Myanmar+Oldies

http://mission.itu.ch/MISSIONS/Myanmar/music/index.htm

http://www.burmeseclassic.com/song_kala.htm

ကျွန်တော့်အတွက်တော့ သီချင်းကြီးများက ဟောင်းပေမယ့်ကောင်းနေဆဲပါဗျာ...ရှေးတုန်းကလူကြီးများ နားထောင်တဲ့သီချင်းကို ကျွန်တော်တို့ခံစားခြင်းဖြင့် ကျွန်တော့်တို့ အဖေ၊ အမေ၊ အဘိုး၊ အဘွားများရဲ့ လူငယ်ဘဝကို ချောင်းကြည့်နေရသလိုပါပဲ။

ဒီလင့်ခ်များကို နေးတစ်မြန်မာဖိုရမ်မှ ရရှိပါသည်။ တစ်ခြားမြန်မာသီချင်းကြီးများစွာလည်း နေးတစ်ဖိုရမ်တွင်ရှိပါသည်။ လင့်ခ်ပေးသူများ သီချင်းတင်ပေးသူများအား ကျေးဇူးအထူးတင်ပါကြောင်း....

Thursday, September 20, 2007

အင်တာဗျူး

ဒေါက်...ဒေါက်...ဒေါက်...(တံခါးခေါက်သံ)

လာပါ...ဝင်ခဲ့ပါ..(ခေါ်သံ)

ဗျူးသ တွေ့ရတာဝမ်းသာပါတယ်....(အောက်သိုးသိုးမျက်နှာထား (ဝါ) ပုပ်နေသောမျက်နှာထားဖြင့်)


ဖြေသူ သြော်...ဟုတ်ကဲ့. (ဇဝေဇဝါဖြင့်)


ဗျူးသူ ခင်ဗျားနာမည် “.........” နော်။


ဖြေသူ ဟုတ်ကဲ့ပါ...နာမည်အပြည့်အစုံကတော့“............” ပါ။


ဗျူးသူ ခင်ဗျား ဒီစားကျက်ကိုရောက်နေတာကြာပြီလား?


ဖြေသူ ဗျာ...စားကျက်? သြော်...သုံးနှစ်လောက်တော့ရှိရောပေါ့....(မှုန်ကုပ်ကုပ်ဖြင့်)


ဗျူးသ ခင်ဗျားဖြစ်ကြောင်းသက်သေအထောက်အထား?


ဖြေသူ မှတ်ပုံတင်ဒီမှာပါ.....(လူကိုယ်တိုင်က သူ့ရှေ့တွင်ငုတ်တုတ်)


ဗျူးသူ ။ အေးဗျာ... ဒါနဲ့ ခင်ဗျားလျှာ ခဏလောက်ထုတ်ပြပါလား? (အေးဆေးစွာဖြင့်)


ဖြေသူ ဗျာ...လျှာ ထုတ်ပြရမယ်? (အံ့သြဟန်ဖြင့်)


ဗျူးသူ ။ ခင်ဗျား ဖိနပ် ခွာလေးတစ်ချက်လောက် မြှောက်ပြပါလား?...


ဖြေသူ ခွာ? (စိတ်ညစ်ညူးဟန်ဖြင့်)


ဗျူးသူ ။ အေးလေဗျာ....ခွာနာ လျှာနာရှိမရှိပေါ့... စစ် နိုင်မှတော်ကာကြတာ....နောက်ပြီး သွားလေးစေ့ပြပါဦး?


အင်း မဆိုးပါဘူး...ခင်ဗျားက ဂျိုလေးတော့ နည်းနည်းထောင်ချင်တယ်..... ဒူးကတော့ ကုပ်ပါရဲ့ ဒါပေမယ့်

အမာရွတ်တွေ၊ ချုပ်ရာတွေနဲ့..... အင်း... ကျောကတော့ မဆိုးပါဘူး...ပြောင် ပါတယ်....


အရင်ကရော ခဏ ခဏ ဝှေ့ ဘူးလား? ခင်ဗျား သခင်ရဲ့ ထောက်ခံစာရော?


နောက်ပြီး ကွန်ပြူတာသုံးတတ်လား?


အရင်စားကျက်က ဘာရည်ရွယ်ချက်နဲ့ ထွက်ခဲ့တာလဲ? ခင်ဗျားမှာ အတွေ့အကြုံမရှိပဲကိုး....


နွားနောက်၊ နွားသိုး၊ နွား ဘာသာစကားရော ပြောတတ်လား? နွားရူးရောဂါ ကာကွယ်ဆေးရော ထိုးထားလား?

********************************************************************

ဖြေသူ (ခဏကြာတိတ်ဆိတ်ပြီးမှ) ထိုလူ၏ နွားသေးနံ့နံသော မျက်ခွက်ကြီး အားထိုး၍ ပြန်လာခဲ့သည်။

Sunday, September 16, 2007

ရည်းစားစာ

သူမကို ကျွန်တော်ဖွင့်ပြောလိုက်တယ်။ ဘယ်လောက်အထိ ချစ်မိနေပြီဆိုတဲ့အကြောင်း။ ဒီနေရမှာ “အချစ်” ဆိုတာဘာလဲလို့ မမေးပါနဲ့။ တစ်ချို့မေးခွန်းတွေက အဟောင်းဆိုင်ပို့သင့်နေပါပြီ။ ဥပမာ။ ။ သဘာဝတရားက ဘာလဲ? လူဆိုတာရော? သင်ဟာ ဘယ်လိုလူစားမျိုးလဲ? စသည်ဖြင့်ပေါ့။ ဒါနဲ့ သူမက အဖြေမပေးပါဘူး။ ကျွန်တော်လိုချင်တဲ့ အဖြေမပေးဘူးဆိုပါတော့။ ခါးခါးသီးသီး အဖြေလည်း မဟုတ်ပြန်ဘူး။ သူငယ်ချင်းလိုပဲနေကြရအောင်တဲ့။ ကျွန်တော်ဟာ ငါးမျှားချိတ်မှာမိနေတဲ့ ငါးတစ်ကောင်ပါ။ ချိတ်အစွန်းထွက်နေမှန်း သိရက်သားနဲ့ ကျွန်တော့်အသားကြောင့် သူလည်း ဗိုက်ဝပါစေဆိုပြီး ကျွန်တော်လည်း ဗိုက်ဝအောင် ငါးစာကို ဟပ်ခဲ့တယ်။ သူမက ဆွဲမတင်ပါဘူး။ ဒီအတိုင်းပဲထားမှာလားလို့မေးတော့ ပြန်လွှတ်ပေးမယ်တဲ့။ ပါးဟက်က အမာရွတ်ရယ် ပါးစောင်မှာ သံချိတ်စူးတဲ့ ဒဏ်တွေကြောင့် ကျွန်တော်အသက်ရှုမဝမှာကို နောက်ပြီး ငါးတောမတိုးနိုင်မှာတွေကိုတော့ သူမလစ်လျှူရှု့နိုင်ရက်တယ်။ နောက်ပြီး သူမသာဆို ဘယ်တော့မှငါးမမျှားဘူးတဲ့။ သူများအသက်သတ်တဲ့ အကုသိုလ်အလုပ်တွေ မလုပ်ဘူးဆိုပဲ။ ကျွန်တော်ဒီမှာ ဆန့်ငင်ဆန့်ငင် ဟစိ ဟစိ ဖြစ်နေတာကိုတော့ သူမ ဂရုမစိုက်ဘူး။ အဲလို ငပေမလေးကို ခပ်ဆတ်ဆတ်လောက်ရိုက်ရရင် ဘယ်လောက်ကောင်းမလဲ။ (တကယ်တမ်းတော့ ကျွန်တော်လည်း မရိုက်ရက်ပါဘူး)

နောက်ပြီး သူမကပြောသေးတယ်။ ရီလေးရှင်းရှစ်ပ် ဆိုတာ မကောင်းဘူးတဲ့။ တစ်ယောက်က ဂရုတစိုက်ရှိပြီး နောက်တယောက်က အသစ်ရှာတာတို့ ပေါ့ပျက်ပျက်လုပ်တာတို့ဆို ခံရတယ်တဲ့။ သူမအရင်က ခံစားခဲ့ရတာတွေပေါ့။ ဘာလို့သူမက ကျွန်တော်လည်း အဲဒီလိုလုပ်မယ်လို့ ထင်နေတာလဲ မသိဘူး။ လူတစ်ယောက်ကို တိုင်းတဲ့ပေတံနဲ့ နောက်တစ်ယောက်ကိုတိုင်းတာ ဘယ်တရားပါ့မလဲ။

ဟုတ်ပါတယ်။ ကျွန်တော် လူကောင်းတစ်ယောက်မဟုတ်တာ။ ဒါပေမယ့် လူဆိုးတစ်ယောက် လူယုတ်မာတစ်ယောက်လည်း မဟုတ်ဘူး။ မိန်းကလေးတွေရဲ့ အချစ်နဲ့ကစားရတာကိုလည်း ပျော်တယ်လို့ ဘယ်တုန်းကမှ မထင်ပါဘူး။ နောက်လည်း ထင်မှာ မဟုတ်ဘူး။ ခေါက်ရိုးကျိုးအောင် တရားသေပုံသွင်းထားတဲ့ စည်းကမ်းတွေကိုင်ပြီး တိုင်ပေါ်မတက်ပြချင်တဲ့ လူမလိမ္မာတစ်ကောင်ပါ။ (ဟောဒီ လူမိုက်ဆိုတဲ့ကောင်ရဲ့ ရင်ဘတ်ထဲမှာလည်း သူမကိုချစ်တဲ့ အဖြူထည်အချစ်ရှိတယ်ဆိုတာတော့ ရိုးလွန်းလို့မပြောပြချင်တော့ပါဘူး) အခုထိလည်း လူ့မလိုင်တွေ တွေ့တိုင်း နံပြားနဲ့တို့တို့စားချင်တဲ့ကောင်ပါ။

အဲဒီကောင်ရဲ့ မယဉ်ကျေးမှုတွေထဲမှာ လိုချင်တဲ့အရာတစ်ခုကို လိုချင်တဲ့အချိန်မှာမရဘဲ နောက်မှရရင် ပေါ့ပျက်ပျက်ဖြစ်ဖြစ်သွားတတ်လို့ ပြန်ယူဖို့မကြိုးစားချင်တတ်တဲ့ ခပ်ဆိုးဆိုးဥာဉ်တစ်ခုလည်းရှိတယ်။ (အဲတော့ ဘာလုပ်ရမှာလဲ လို့မတွေးပါနဲ့) အဲဒီဖြစ်စဉ်ထဲကို ဝင်ကြည့်ပါ။ ဘယ်လောက်ခံရခက်မလဲဆိုတာ။ ဒါပေမယ့် သူမနဲ့တွေ့မှ လူမိုက်ရဲ့ ဥာဉ်ဆိုးတွေလည်း ခေါင်းမဖော်ရဲအောင်ပါပဲ။ သူမ အသံပဲကြားချင်နေတယ်။ သူမအခုအချိန် ဘယ်ရောက်လို့ ဘာလုပ်နေတယ်ဆိုတာကိုပဲ သိချင်နေတယ်။ သူမရဲ့ မျက်နှာလေးကိုပဲ မြင်ချင်နေတယ်။ သူမဆိုတဲ့ စိတ္တဇနာမ်စားတစ်ခုရဲ့ ထိန်းချုပ်မှုတစ်ခုပေါ့။

သူငယ်ချင်းတဲ့.....။ သူမ ကိုမြင်သာမြင်ရ မချစ်ရ မကြင်ရတဲ့ဘဝ။ ဆံနွယ်လေးတွေ ကိုင်တွယ်ခွင့်မရှိတဲ့ဘဝ ရှင်လျက်ငရဲပြည်မှာ တိုက်ပိတ်ခံနေရသလိုပါပဲ။ တဆစ်ဆစ်နဲ့ ကျွမ်းလောင်နေတာပေါ့။ ဒါပေမယ့်လည်း လုံးဝမတွေ့ရတာထက်စာရင် ဘာအသံမှမကြားရတာထက်စာရင် ခံသာပါသေးတယ်။ ဒီခံစားမှုအပေါ်မှာလည်း ကိုယ့်ကိုယ်ကို ပြန်သနားနေခြင်းမဟုတ်ပါ။ ကိုယ်ခံစားရတာကို ကိုယ့်ဘာသာကိုယ် ပြန်သနားနေခြင်းလောက် ရှက်စရာကောင်းတာ မရှိ။

တစ်ချို့အတွက် ရယူပိုင်ဆိုင်ခြင်းတဲံ။ ကျွန်တော့်အတွက်ကတော့ သူမပျော်အောင်ဘာလုပ်ပေးရမလဲ ဆိုတာပဲ တွေးနေမိတယ်။ မနက်မိုးသောက်ချိန်မှာ နှင်းဆီပန်းလေးတစ်ပွင့်က သူမအတွက်အပြုံးတစ်ခု ယူဆောင်ပေးနိုင်မလား။ သူမကို ချစ်တယ်ဆိုတဲ့ သူမနာမည်နဲ့ ကီးချိန်းလေးက သူမကြည့်မိတိုင်း ကြည်နူးနိုင်ပါ့မလား။ သူမပျော်အောင် ဘယ်လိုပြက်လုံးတွေထုတ်ပြီး ဟာဒယရွှင်ဆေးတိုက်ကျွေးရမလဲ။ ကျွန်တော့်ခေါင်းထဲက ဥာဏ်နီ ဥာဏ်နက်တွေလည်း ငြိမ်ငြိမ်မနေရပါဘူး။ သူမပျော်အောင် ဘယ်လိုထားရမလဲပဲ တွေးနေမိတယ်။ သူမရယ်သံတစ်ချက်ဟာ ကျွန်တော့်အသက်တစ်ရက် ပိုရှည်စေလို့ပေါ့။

သေချာတာကတော့ သူမကိုယ်တိုင် ခုံဖိနပ်မှာ ခွေးချီးသုတ်ပြီး ကျွန်တော့်ပါးကို မရိုက်မခြင်း ဇွဲကောင်းကောင်းနဲ့ ဆက်စောင့်နေဦးမှာပါ။ နောက်ပြီး အရာတိုင်းပြောင်းလဲနေတဲ့ လောကကြီးထဲမှာ ဘယ်တော့မှမပြောင်းမလဲမယ့် အချစ်တွေနဲ့ လည်း ဆက်ချစ်နေဦးမှာပေါ့။ (မှတ်ချက်။ ။ သူမကိုပြန်မပြောကြပါနဲ့ ကျွန်တော့်ဘလောခ့်မှာ ရင်ဖွင်ရုံသာဖြစ်ပါသည်။)

ပုံ

ငါးမည်ရမောင်စက်

ကြောင်တောင်တောင်တက်သူများအသင်း

ဥက္ကဋ္ဌ (မိမိဘာသာပေးသောဘွဲ့)

Sunday, September 9, 2007

အီကွေတာ၏ ကြာပွတ်ရစ်သမ်

(၁)


စုန်းမ၏ဝတ်ရုံနက် လွှမ်းခြုံထားခြင်းခံရသော ညက ကြောက်စရာကောင်းလောက်အောင် ခြောက်ကပ်ကပ်အနံ့နှင့်

ကောင်းကင်က မှောင်ပိန်းလို့ ကြယ်သေတွေအိပ်တန်းတက်နေကြလေပြီ။

တိမ်နီတွေကတော့ အုပ်စုလိုက် အမြန်နှုန်းမြှင့်၍ လေနှင်ရာ တရွတ်တိုက် နေကြသည်။

ဟူးဟူးရားရား လေပြင်းတစ်ချက်ဝှေ့လိုက်တိုင်း ခန္ဓာကိုယ်ထဲက အက်တမ်တွေ စိမ့်ကွဲသွားမလောက် ချမ်းသည်။

ပင်လယ်ရေ၏ အထိအတွေ့က ဟိုးရေအောက်က ရေခဲတစ္ဆေတစ်ကောင် ပွတ်သပ်နေသည့်နှယ် ကျောရိုးထဲအထိလှိုက်ကာ တစ်ကိုယ်လုံးနွမ်းမောလာသည်။ သဘာဝတရားက ဖန်ဆင်းထားသည့် အဆီးအတားများသည် မွန်လေး၏ ကျောက်ဆောင်ကဲ့သို့ ခိုင်မာသော ဆုံးဖြတ်ချက်ကို ဘယ်နည်းနှင့်မှ ရိုက်ပုတ်နိုင်စွမ်းမရှိ။ ဖြည်းဖြည်းမှန်မှန်နှင့် သူ ကူးခတ်လျက်ရှိသည်။

အမှန်အတိုင်းဝန်ခံရလျှင် သူ၏ဘဝ၌ ထိုမျှအချိန်အခါလောက်အထိ နွမ်းနွမ်းလျလျနှင့် နာရီများစွာကြာအောင် မကူးခတ်စဘူး။ ရေကျွမ်းသည်မှန်သော်လည်း ပင်လယ်ဖြတ်ကူးသည့်အချိန်၌ တစ်ချက်တစ်ချက်တော့ ခြေသလုံးကြွက်သားများက တောင့်တင်းကာ ဟိုးရေအောက်တွင်ဖြစ်တည်သော သံလိုက်စက်ကွင်းဆွဲအားတစ်ခုက သူ့တစ်ကိုယ်လုံး ကို လက်ယပ်ခေါ်ကာ ဆွဲငင်စုပ်ယူနေသလိုခံစားရသည်။ ခြေကုန်လက်ပမ်းကျကာ ထိုဆွဲငင်အားနောက်သို့ ဖြစ်ချင်ရာဖြစ် လွှတ်ချလိုက်လိုသော အခါမျိုးတွင် ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်၌အပူအပင်ကင်းစွာ အိပ်စက်နေသော ဇနီးသည်၏မျက်နှာနှင့် သူမ၏ဘေး၌ ရှိနေမည်ဖြစ်သော သားလေးမျက်နှာ များက ကုန်ခမ်းသွားသည့် အားသစ်များ ကို အစားလောင်းထည့်လိုက်သလို။ အိုမင်းဟောင်းနွမ်းသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဆေးပြယ်နေပြီဖြစ်နေသော သူ့အပေါ်တစ်ခါမှ အထင်ကြီးသည့်ဟန်မပြဘူးသည့် ဖခင်၏ တင်းမာသောမျက်နှာက သူ့ရဲ့ ယောက်ျားမာနကို ပုတ်ခတ်လို့ ဒေါသမာန်တို့ ခေါင်းထောင်ကာ ကူးခတ်နေသောလက်များသို့ လျှပ်စစ်စီးအားတစ်ခု စီးဝင်စေသည့် ပမာ။ သူအပြင်မှာ ရန်ဖြစ်လာတိုင်း စိုးရိမ်သောမျက်ဝန်းညိုညိုတို့ဖြင့် တောက်လျှောက်လိုက်ကြည့်နေတတ်သည့် မိခင်၏ လပြည့်ဝန်းမေတ္တာတို့က နားထဲ၌ “မေမေရဲ့သားနိုင်တယ် မေမေရယ်ရင်ဆိုင်ပွဲတိုင်း” ဆိုသည့် စိတ်ဓာတ်များ ပို့သနေသလို သူ၏ အကြောများအပြင် ခြေသလုံးကြွက်သားများကို ပြေလျော့စေသည်။ စိတ်ချပါမေမေ။

ကူးသည်။ လုံးဝဆက်လက်ကူး၍ မဖြစ်တော့သည့်အခါ၌ ဘောင်းဘီအိတ်ထဲထည့်လာသော အမှိုက်ထည့်သည့် အိတ်အမည်းကို အတော်အသင့်လေဝင်သည်အထိ ပါးစပ်ထဲမှ လေကိုမှုတ်ထည့်သည်။ လေအိတ်ကဲ့သို့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားနိုင်သည့် အခါ၌ အဝနှစ်ဘက်ကိုချည်၍ ထိုလေအိတ်ကို ဖက်ကာ တစ်ကိုယ်လုံးကို ဖြေလျော့သည်။ ရေထဲ၌ ထိုကဲ့သို့ကိုယ်ဖော့ကာ လေအိတ်ထဲသို့လေမှုတ် ထည့်ရန်ကျွမ်းကျင်မှုကို တစ်ခါမှ မသင်ဘူးသော်လည်း သေငယ်ဇောကြောင့် သူအလိုလိုတတ်မြောက်လာခြင်းဖြစ်သည်။ စင်စစ်ထိုအချိန်၌ သူကိုယ်တိုင်လေအိတ်ဖြစ်၍ လေအိတ်ကလည်း သူအသက်ပင်။ ရေ၌အမှိုက်အဖြစ်မျောပါလာသော သစ်သားစများကိုတော့ လေအိတ်၏နံရံကို မတိုးခွဲနိုင်အောင် သူသတိထားကာ ဖယ်ရှားပေးနေရ၏။ ပင်လယ်ရေစီးကလည်း သူ့ကိုတစ်ခြားကမ္ဘာသို့ တွန်းပို့နေသည်။ ရေစီးနှင့်အတူပါလာသော ရေဒန်းတွေကလည်း သူ၏အရေပြားထက်၌ လာကပ်၍ ကျင်စက်နှင့် တို့ထိနေသလို။ ထိုအရာအားလုံးကို အန်တုကာ သူ၏ လက်များက ရေမျက်နှာပြင်သို့ စည်းချက်ကျကျထိုးခွဲကာ မျှော်လင့်ချက်ဘက်ကမ်းသို့ ကူးခတ်လျက်ရှိသည်။


(၂)

မင်း သွားလို့ဖြစ်ပါ့မလား? ဟင်းသီးဟင်းရွက်ကားနဲ့သာလိုက်ပါကွာ။ ငါ ကြည့်စီစဉ်ပါ့မယ်” စိတ်ဓာတ်မာလွန်းလှသော သူငယ်ချင်း ဇေယျက စိုးရိမ်ပူပန်စွာ သူ့ကို ကြည့်ရင်းပြောနေသည်။ ဇေယျနှင့် သူ ခင်သည်မှာ နှစ်ပေါင်းမနည်းတော့ ဟိုးကလေးဘဝထဲက အခုအချိန်အထိ။ သေဖော် သေဖက် ဆိုလည်းမမှား။

မပူပါနဲ့ကွာ၊ မင်းငါ့အကြောင်းလည်းသိတာပဲ၊ ငါ့အတွက် အကောင်းဆုံးဆိုတဲ့လမ်းကိုလျှောက်ဖို့ ငါ နောင်တမလိုဘူး၊ အခုအချိန်မှာ ဘယ်နည်းနဲ့ဖြစ်နိုင်မလည်းပဲ ငါစဉ်းစားတယ်။ ငါရေလမ်းကြောင်းတွေလည်း လေ့လာပြီးပြီ။

သူ ပင်လယ်ဘက်သို့မျှော်ကြည့်၍ ဇေယျကို သွေးအေးအေးပြန်လည် ရှင်းပြမိသည်။

အေးပါကွာ၊ ငါလည်း ပြောမယ့်သာပြောရတယ် အောင်ဘုတို့တုန်းက ဟိုဘက်ကမ်းလည်းအရောက် ဟင်းသီးဟင်းရွက်တောင်းထဲမှာ အသက်ရှု ကျပ်လို့ မွန်းပြီးသေနေတယ် ဆိုတုန်းက ငါ့မျက်စိထဲမှာ မြင်ယောင်နေမိတာ၊ ဒီနည်းက တကယ်တော့မဟန်ပါဘူးကွာ” ဇေယျ၏ မျက်နှာမှာ အဘိုးအိုကြီးကဲ့သို့ ဖြစ်နေသည်။

အေး၊ ငါဟိုရောက်မှ ငါနဲ့ဟိုကမိန်းကလေးတစ်ယောက်နဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ ပို့လိုက်မယ် ဟုတ်ပြီလား?”

သူပြုံးဖြဲဖြဲလုပ်၍ ပြောလိုက်သည်။

အေး မင်းပုံကို ငါ ရန်ကုန်က မင်းမိန်းမဆီ ဆက်ပို့ပေးလိုက်မယ် ဟုတ်ပြီလား? ဟား ဟား ” ဇေယျ ပြန်ပက်သည်။

သူပြုံး၍သာကြည့်နေမိသည်။ ဒီနိုင်ငံမှာနေရင်း သူနှင့် ဇေယျ အလုပ်ပေါင်းစုံအောင်လုပ်သည်။ အလုပ်ကြမ်း ပေါင်းစုံ။ နယ်စပ်သွား၍ ယိုးဒယားဘက်က ကူးလာမည့် သူများကိုလည်း ကားနှင့်ကြိုပို့လုပ်သည်။ စားသောက်ဆိုင်တွင်လုပ်သည်။ စက်ရုံတွင်လုပ်သည်။ သူတို့နှစ်ယောက်ကို ခွဲ၍မရ။ တစ်ခါသူရယ် ဇေယျရယ် ဒီမြို့က လူမိုက်များနှင့် ရန်ဖြစ်ရင်း အုတ်နံရံကျော်အတက်တွင် လူမိုက်တစ်ယောက် နောက်ကဓားနှင့် လှမ်းခုတ်လိုက်သောကြောင့် ဇေယျ ပေါင်သားတစ်ချို့ ထိုအုတ်နံရံတွင်ပင် ကပ်ကျန်ရစ်သည်။ ထိုစဉ်က ဇေယျကိုထမ်း၍ ဆေးရုံသို့ပြေးရသည်။ သို့သော် ဇေယျ အကြောထိသွားကာ ခြေတစ်ဘက်က သိပ်မသန်တော့။ ဇေယျသည်လည်း သူ့ကိုကြည့်၍ သူ့အတွေးနှင့်သူ။

တိတ်ဆိတ်ခြင်းက ဗလာဆင်ဖိုနီတေးသွားတစ်ပိုဒ်လို သူတို့နှစ်ယောက်ကြားဖြန့်ခင်းထားသည်။

သူငယ်ချင်းနှစ်ယောက်၏လမ်းခွဲမှာ လေနှင့်အတူရွက်လွှင့်လာသော ညမွှေးပန်းရနံ့တွေ အပြိုင်းအရိုင်း မရှိ။

ညငှက်တွေလည်း ဆွံအ နားမကြားဖြစ်ကာ ကျီးကြည့်ကြောင်ကြည့် ကြည့်နေကြသည်။

အမှောင်ပါးပါးက ဖြိုးဖြိုးဖြဖြဖြင့် မီးခိုးရောင်ဖျော့ဖျော့ အပျိုးခံထားရသည်။

သူနောက်ကိုလှည့်မကြည့်ဖြစ်။

ထိုအတူ ဇေယျကလည်း သူ့နောက်မှာ စောင့်ကြည့်နေမှာမဟုတ်မှန်း သူသိနေသည်။

ထိုခဏ၌ ဇေယျသည် မွန်လေးဖြစ်၍ မွန်လေးသည်လည်း ဇေယျပင်။

ထိုသို့ဖြင့် လှေကလေးကိုသူလှော်ခတ်သလို လှေကလေးကလည်း သူ့ကိုထမ်းပိုး၍ ရေကဗ္ဗလာအမည်းရောင် ပေါ်တွင် ဝဲဂယက်ငယ်လေးများ ထစေကာ ဝေး ဝေး လာခဲ့သည်။


(၃)

လူက လှော်တက်ကို အသုံးပြုရင်း လှော်တက်ကလည်း လူကို အသုံးပြုကာလှေကလေးကိုရွေ့စေ၏။

ခပ်ဝေးဝေးက ပင်လယ်ကူးသဘောင်္များ၏ အသက်ရှုသံသဲ့သဲ့၊

ဆားငန်ရေ၏ စိမ်းရွှေရွှေရနံ့ နဲ့အတူ တချက်တချက် မျောပါလာသော သစ်တုံးသေများ၊

လက်ခုပ်ထဲမှာ ပါလာသော ပင်လယ်အော်သံတစ်ချို့၊

သူ့ရဲ့လှေကလေးအား ခပ်ဖွဖွလေး ထိတွေ့ နမ်းရှိုက်နေသော ညက ဝိဥာဉ်မဲ့စွာဖြင့် လှိုင်းတို့၏ ဂျစ်ပဆီဗုံသံကြားမှာ ဝစ်လစ်စလစ် ကခုန်နေသည်။

လှေကလေးဖြင့် လမ်းခရီးတစ်ဝက်ကိုကျော်လာပြီ။ လှေနှင့်ဆက်သွားလို့မဖြစ်တော့။ သူသည် လှေကိုတိမ်းမှောက်၍ မြှုပ်လိုက်သည်။ ထို့နောက် တဝက်ကျန်သေးသောခရီးကို ဆက်လက်ကူးခတ်လာခဲ့သည်။ ငါးမွေးကန်များကြားမှ ဖြတ်ကူးသည်။ ရုတ်တရက် ငါးများထတွတ်လေမလားဆိုသော အတွေးဖြင့် မနားနိုင်ပဲ အမြန်ကူးသည်။

ကူးသည်။

သူ ကူးသည်။

သူ ပင်လယ်ကိုဖြတ်၍ ကူးသည်။

သူ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပင်လယ်ကိုဖြတ်၍ ကူးသည်။

အချို့သူများအတွက် စိတ္တဇဆန်သော ရူးသွပ်မှုအဖြစ် သူ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် ပင်လယ်ကိုဖြတ်၍ ကူးသည်။

သူ့မောမောပန်းပန်း အသက်ရှုသံများကပင် ဒီလိုည၌ သူ့ကိုပြန်ခြောက်လှန့်နေသည်။ နောက်ဆုံးတွင်တော့ ကမ်းခြေကိုမြင်နေရပြီ။ သူအားတက်ကာ ဆက်လက် ထိုးခွဲလာခဲ့သည်။ ရေအောက်မြေကြီးနှင့် သူ့ခြေထောက်ထိသည့်အချိန်၌ အူထဲအသည်းထဲက လှိုက်ကာ ဝမ်းသာမိလေသည်။ ထိုခဏ၌ အားပြတ်ကာ ရေတိမ်ထဲသို့ သူလုံးဝ နစ်မြှုပ်သွားလေသည်။ လူဆယ်ယောက်ကူးလျှင် ခုနှစ်ယောက်လောက်သာ ဆိုက်ကပ်နိုင်သောကမ်းသို့ သူရောက်ခဲ့ချေပြီ။ အလုပ်ကြီးအကိုင်ကြီး လုပ်ခဲ့ရသူတို့ထုံးစံအတိုင်း သူမောပန်းစွာဖြင့် သောင်ပြင်ပေါ်၌ ခြေပစ်လက်ပစ်နားနေမိသည်။ လှိုင်းတို့ရိုက်ပုတ်သံမှာ ဟစ်ဟောပ့် စည်းချက်လိုလိုက်နေသလို။ ငိုမဲ့မဲ့တိမ်နီတွေကင်းဆင်သွားလေပြီ။ ဘီလူးမျက်နှာဖုံးနှင့် လေကြမ်းများကလည်း အခုမှ မင်းသားခေါင်းဆောင်းကာ အသုံးတော်ခံနေသည်။ ကောင်းကင်မှာလည်း ကြယ်တွေတစ်ရေးနိုးနေပြီဖြစ်သည်။ ကြယ်အကြီးများ၊ အစုအစုများ၊ မျက်စိထဲတွင် ဖုန်မှုန့်လိုလို လင်းလောက်တောက်ပနေသော ကြယ်မှုန်ကြယ်မွှားများ အာလုံးက သူတို့ကို သူတို့အတောက်ပဆုံးထွန်းညှိကာ သူ့ကြိုးစားမှုကို အသိအမှတ်ပြုနေသယောင်ယောင်။ ကြယ်များကိုကြည့်ရင်း ကြည့်ရင်းနှင့် သူ့မျက်လုံးများဝါးလာသည်။ ကြယ်တွေလည်းမထင်မရှားဖြစ်ကာ တဖြည်းဖြည်းဝေး ဝေးလာသည်။ ညအမှောင်ထုကသူ့ မျက်ဝန်းထဲသာမက တစ်ကိုယ်လုံးကိုလွှမ်းခြုံကာ အစိမ်းရောင်နတ်သမီးတစ်ပါး၏ အိပ်မွေ့ချခြင်း အတတ်ပညာ၌ လှလှပပ ပျော်ဝင်သွားတော့လေသည်။

ငယ်စဉ်ဘဝက ပျော်ရွှင်မှုပုံရိပ်များ.....

သူ၏ ပထမဆုံးသော အချစ်ည....

ချစ်သူရင်ခွင်၌ အဟာရဓာတ်သောက်သုံးနေသော သားလေး...

ငိုနေသော အမေ.....

အဖေ့ အော်သံများ....

ခေါင်းမှာ ချောင်းအရိုက်ခံလိုက်ရသော်လည်း ရီမောနေသော ဇေယျ...

အရာအားလုံးက ရုပ်ရှင် အနှေးဇာတ်ဝင်ခန်းများလို မှောင်မည်းသော အိပ်မက်ပိတ်ကားထက်၌ တစ်ကွကချင်း ပြသနေလေသည်။


ဆက်ရန်


Wednesday, September 5, 2007

သစ္စာနီ - လူ၏ကွန်တိုမျဉ်းများ

ဆရာ သစ္စာနီရဲ့ အရေးအသားတွေ အတွေးအခေါ်တွေ၊ တင်ပြပုံတွေကို လေးစားမိပါတယ်။

အပြည့်အစုံကို ဒီမှာ ဆက်ဖတ်ပါ။

Monday, September 3, 2007

39th Merdeka (Malaysia 3- 1)

Before Final



At final



်fouls



ဒီပွဲနဲ့ပတ်သတ်ပြီး ဒီမှာ ဆွေးနွေးထားပါတယ်...

ဒီမှာတော့ တစ်ဖက်သတ်ပဲ ကြည့်ရသေးတယ်ဗျာ...ပွဲအပြည့်အစုံ ကိုတင်ပေးကြရင်ကောင်းမယ်

ပြီးခဲ့တဲ့နှစ်ကတော့ မလေးရှားရောက်တုန်းမို့လို့ မာဒေးကားကြည့်ဖြစ်လိုက်ပါတယ်။

ဒီနှစ်တော့ ပွဲကြီးပွဲကောင်းလွတ်သွားတယ်ဗျာ...

လိပ်ကြီး


မအိမ့်ရဲ့ တက်ချက်ကတော့ ရက်စက်လိုက်ပြန်ပြီဗျို့။ ခြေမချိုးလည်းမမှီတဲ့အဖြစ်ပါဗျာ။ ၅ ခု။ အင်း အမှန်အတိုင်းပြောရရင် ကျွန်တော်လည်း မသိပါဘူးဗျာ။ ကိုယ့်စာရေးအားကို ကိုယ်သဘောမကျသေးပါဘူး။ တက်တော့လည်း ချိုးရတာပေါ့ဗျာ။ ခြေမ...ခြေမ။ ကဗျာတွေအကြောင်းတော့ ထည့်မရေးတော့ပါဘူးဗျာ။ ဘာလို့လဲဆိုတော့ အားလုံးကြိုက်လို့ပါ...ဟီး ဟီး (ကျွန်တော့်နာမည် မောင်လိပ်ပါ ကိုယ့်ဘက်ကိုယ်ပဲယက်ပါတယ်း)

၁။ ကိုစက် (၁၊ ၂၊ ၃)

၂။ ထိန်းချုပ်မရခြင်း

၃။ ပင်လယ်မုဆိုး

၎။ စိမ်းမြွှာ

၅။ ကုဠေရှစ်ဆယ် သူဠေးသားနဲ့ ကျွန်တော်

အရှိန်မနည်း သတ်ထားရတယ်။ ကြိုက်တာ ကတော့ အကုန်ပဲ... ကိုယ်ရေးတာကိုး...း)

ဒါနဲ့ ဒီလိပ်သီချင်းလေးဆိုပြချင်တယ်ဗျာ..

ကျွန်တော့်နာမည် မောင်လိပ်ပါ

ကိုယ့်ဘက်ကိုပဲ ယက်ပါတယ်

အဖေကတော့ ဦးဦးလိပ်ပေါ့

သောင်ပြင်ပေါ်မှာ ပျော်ပါတယ်

အမေကတော့ ဒေါ်ဒေါ်လိပ်ပေါ့

လိပ်ဥ တွေကို ဖွက်ပါတယ်...

ရေညှိထုပ်တွေ ခိုးခိုးစားရင်

တစ်ခါတစ်ခါ ကျွန်တော့်ကိုရိုက်တယ်...

Sunday, September 2, 2007

ရှဲ့ရှဲ့မဂျစ်း)



မဂျစ် ကျွန်တော့် မက်ဆေ့ဂ်ျကို မရဘူးနဲ့တူတယ်ဗျ။ ကျွန်တော်ပြောချင်တာ ကြင်နာတတ်ခြင်းနဲ့ တာဝန် ဝတ္တရား ရင်ဆိုင်တွေ့တာမဟုတ်ပါဘူး။ တကယ်လို့ ရင်ဆိုင်တွေ့တယ်ဆိုရင်တောင် ကားဆရာရဲ့ တာဝန်ကဘာလဲ?

သူရဲ့ တာဝန်ကခရီးသည်တွေကို သူတို့သွားလိုတဲ့နေရာကို လုံခြုံတိကျစွာနဲ့ မှန်ကန်မြန်ဆန်စွာ ရောက်အောင်ပို့ပေးဖို့ပါ။ အဲဒီခရီးသည်ထဲမှာမှ ဦးစားပေးအဆင့်ဆိုတာရှိပါတယ်။ ဒါကြောင့်မို့ ကားတွေပေါ်မှာ အသက်ကြီးတဲ့ လူကြီးတွေကို ဦးစားပေးဖို့ မျက်မမြင်တွေ၊ ဗိုက်ကြီးသည်တွေကို ဦးစားပေးဖို့ အဆင့်တွေသတ်မှတ်ထားတာပါ။ ဘာလို့လဲဆိုတော့ သူတို့ကသာမန်လူတွေလို သွက်လက်ပေါ့ပါးစွာ မလှုပ်ရှားနိုင်တော့ လူလူချင်း ဦးစားပေးပြီး လေးလေးစားစား ဆက်ဆံကြတာပါ။ ဒါကြောင့်မို့ ဘတ်စ်ကားတွေပေါ်မှာ mrt တွေပေါ်မှာ ဦးစားပေးဆိုပြီး ထိုင်ခုံတွေသတ်မှတ်ပေးထားခြင်းအားဖြင့် လူသားချင်းစာနာထောက်ထားတတ်တဲ့ လူလူချင်းရိုင်းပင်းကူညီတဲ့ ဓလေ့တိုးတက်အောင် အားပေးထားခြင်းပါ ခင်ဗျာ။

အဲဒီအချိန်မှာ ကားက လမ်းပိတ်လို့ အကြာကြီးရပ်ထားပါတယ်။ ကားမောင်းနေတဲ့ အချိန်ဆိုရင် ကျွန်တော်မပြောလိုပါဘူး။ ကားဆရာအတွက်ခလုတ်ကလေးနှိပ်ပြီး တံခါးဖွင့်ဖို့ပဲလိုအပ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ အဲဒီအချိန်မှာ အဘိုးကြီးကိုတင်တဲ့ အတွက် ခရီးသည်တွေအားလုံးက ဒရိုင်ဘာရဲ့စိတ်ဓာတ်ကို လေးစားသွားမှာပါ။ အခုတော့ ဒရိုင်ဘာရဲ့ အပြုအမူကြောင့် စည်းကမ်းကြီးလှပါတယ်(ပြောကြတာပဲ) ဆိုတဲ့ ကားပေါ်က စင်္ကာပူလူမျိုးတွေ အကုန်လုံးစုတ်တသပ်သပ် ဖြစ်သွားပါတယ်။

အဲဒီအချိန် မှာ ကျွန်တော်တို့ စစ်တိုက်နေတာမဟုတ်ပါဘူး။ ကားပေါ်မှာလည်း အရေးကြီးလူနာ မပါပါဘူး။ အလွန်ဆုံးနောက်ထပ် ၅ မိနစ်လောက်စောင့်လိုက်တာနဲ့ ကားပေါ်ကလူတွေအားလုံးအတွက် ထူးထူးခြားခြား အကျိုးမယုတ်နိုင်ပါဘူး။

ဦးစားပေးအဆင့်လို့သာပြောရရင် အဘိုးကြီးက ပထမပါ။ သူ့ပုံစံက နွမ်းပါးပါတယ်။ တက်စ်ဆီဖိုးလည်း တတ်နိုင်ပုံမပေါ်ပါဘူး။ သူသာတတ်နိုင်ရင် အခုလို လမ်းကောင်းကောင်းမလျှောက်နိုင်မယ့်အချိန်မှာ ဘတ်စ်ကားစီးမှာ မဟုတ်ပါဘူး။ သူကားဂိတ်ကို လမ်းလျှောက်နေတဲ့ပုံကို မဂျစ်မမြင်ရဘူးဗျ။ ကျွန်တော့်မျက်လုံးထဲမှာတော့ သူမြေညီလမ်းမှာလမ်းလျှောက်နေရတာ ဧဝရတ်တောင်တက်နေရသလိုပါပဲ။ ကျွန်တော်လည်း ခြေထောက်ခွဲ ဘူးလို့ ၆ လလောက် လမ်းကောင်းကောင်းမလျှောက်နိုင်ခဲ့ပါဘူး။ ဂျိုင်းထောက်နဲ့လျှောက်နိုင်တဲ့ သန်သန်မာမာကျွန်တော်တောင် အဲလိုအချိန်မှာ လမ်းလျှောက်ရတာဟာ လွယ်မလိုနဲ့ ခက်ခဲမှန်း သိရတာပါ။ အဲဒီအချိန်မှာ ဘေးကကိုယ့်ကိုစောင့်ခေါ်တွဲခေါ်တဲ့လူရှိရင် စေတနာထား ပြီးရိုင်းပင်းသူတွေရှိရင် အားတက်ခဲ့ဘူးပါတယ်။

အဘိုးကြီးအတွက် အခုလိုအချိန်မှာ သူ့ကို လူသားချင်း စာနာကြောင်း၊ အသက်ကြီးလို့ မသန်စွမ်းတဲ့ အချိန်မှာ ပတ်ဝန်းကျင်က လူတွေက ဖေးမကူညီကြောင်းလေး သူသိလိုက်ယုံနဲ့တင် သူလူဖြစ်ရကျိုးနပ်သွားပါပြီ။ သူ့စိတ်ဓာတ်ခွန်အား အတွက် လူလူချင်း စာနာထောက်ထားမှုလေးတွေပဲ ဒီအရွယ်မှာမျှော်ကိုးတတ်ကြပါတယ်။ အဲဒီအဘိုးကြီးနေရာမှာ ဥပမာ- လီကွမ်ယုက တားတယ်ဆိုရင်တော့ စည်းကမ်းလိုက်နာပါတယ်ဆိုတဲ့ ဒရိုင်ဘာတွေ ဘယ်လိုနေမလဲမသိဘူး။

နိုင်ငံတစ်နိုင်ငံအတွက် စည်းကမ်းက နိုင်ငံသားတိုင်း လိုက်နာရမယ်ဆိုပေမယ့် တလွဲဆံပင်ကောင်းတဲ့ စည်းကမ်းတွေဆိုရင် နိုင်ငံသားတွေက ပြင်ဆင်နိုင်စွမ်းရှိရပါမယ်။ အစိုးရက ဒီစည်းကမ်းလိုက်နာရမယ်ဆိုလို့ မျက်ကန်းတစ္ဆေမကြောက် လိုက်နာတိုင်း နိုင်ငံသားကောင်းမပီသပါဘူး။ အမြဲတမ်း လူသားတိုင်းအတွက် အကျိုးရှိမယ့် စည်းကမ်းကို ပြည်သူတွေကပဲ ပဲ့တင်ရိုက်နိုင်ပါတယ်။ အစိုးရကလည်း သူချမှတ်တဲ့စည်းကမ်း သူကိုယ်တိုင်လိုက်နာရမှာဖြစ်သလို၊ စည်းကမ်းတွေဟာ ပြည်သူတွေအတွက် အံ့ဝင်ခွင်ကျဖြစ်လား ဘယ်နားပြင်သင့်လည်း ဘာတွေကောင်းအောင်လုပ်ပေးသင့်လဲ လွှတ်တော်နဲ့အမြဲတမ်း တိုင်ပင်နေရမှာပါ။

စည်းကမ်းတွေကို ကျွန်တော်တို့ မလိုက်နာရဘူးမဟုတ်ဘူး လိုက်နာရမှာပါ။ ဒါပေမယ့် အခုလို လိုအပ်တဲ့ အချိန်ကြရင်တော့ စည်းတွေ ဘောင်တွေကို ရိုက်ချိုးရဲတဲ့ ပျော့ပျောင်းတဲ့စိတ်ဓာတ်သတ္တိ လူသားတိုင်းအတွက်လိုအပ်ပါတယ်။

ကျွန်တော်တော့ ဒီနိုင်ငံမှာ ကိုယ့်အဘိုးအရွယ်တွေ၊ အဘွားအရွယ်တွေ ဟော်ကာစင်တာမှာ ပန်းကန်လိုက်သိမ်းနေတာတို့ အိမ်သာမှာသန့်ရှင်းရေးလုပ်နေတာတို့ မြင်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲဗျာ။ ကျွန်တော်တို့နိုင်ငံမှာလည်း အဘိုးအရွယ် အဘွားအရွယ်တွေ ငြိမ်းငြိမ်းချမ်းချမ်းတရားအားထုတ်နေတဲ့လူတွေရှိသလို တောင်းစားနေတဲ့ အဘိုးအဘွားတွေလည်း အများကြီးပါ။ ဒါပေမယ့် အဘိုးအရွယ် အဘွားအရွယ်တွေ လမ်းမပေါ်မှာ စည်းကမ်းမဲ့ တောင်းနေတာလည်း တတ်နိုင်တဲ့လူက တတ်နိုင်သလောက် ကူညီကြပါတယ်။ စည်းကမ်းမဲ့ လိုက်တောင်းနေလို့လည်း ဘယ်သူမှအရေးမယူပါဘူး။ ကိုယ့်နိုင်ငံ စီးပွားရေးစနစ်ကြောင့်ဆိုတာ လူတိုင်းသိပါတယ်ဗျာ။ ဒါပေမယ့် စီးပွားရေးစနစ်ကောင်းလှပါတယ်ဆိုတဲ့ ဒီနိုင်ငံကြီးမှာ အဘိုးတွေ အဘွားတွေ အိမ်သာဆေး သူများစားပြီးသားစားပွဲလိုက်ရှင်းနဲ့ ကျွန်တော်ကတော့ ကျွန်တော်တို့နိုင်ငံက အဘိုးအဘွားတွေကမှ သက်ကြီးသူကိုရိုသေရကောင်းမှန်းသိတဲ့ မြန်မာနိုင်ငံမှာ စနစ်မကောင်းတာတောင် အပုံကြီးသာသေးတယ်လို့ပြောချင်ပါတော့တယ်ဗျာ။

ဒီပို့စ် ရေးတုန်းက ကျွန်တော်တမင်တကာ အပြည့်အစုံမရေးပဲချန်ထားတာပါ။ ဖတ်တဲ့လူတွေ ဖြည့်စွက်တွေးနိုင်အောင်လို့ပါ။ မဂျစ်ရဲ့ အမြင်အတွက်လည်း ကျွန်တော်တွေးစရာတွေရတာပေါ့ဗျာ။ ရှဲရှဲ မဂျစ်း)

သဘာဝတရား



Go to ImageShack® to Create your own Slideshow

ငါ့ကိုပြောပါ