Monday, December 31, 2007

ပုံပြင်များနှင့်ခရီးထွက်ခြင်း


လူတစ်ယောက် ခရီးထွက်လာခဲ့သည်။

သူ့လက်ထဲတွင် ဒိုင်အိုချီးနီးစ်၏ မီးအိမ်ကို ကိုင်ဆောင်မထား၊ ဗြဟ္မာကြီးဦးခေါင်းကိုလည်းရွက်မလာ၊ ဇီဝကလို ဆေးလွယ်အိတ်လည်းမလွယ်၊ ခေါင်းထဲတွင် ကွန်ဖြူးရှပ်၏အတွေးအခေါ်တွေလည်းမရှိ...ယုတ်စွအဆုံး ရေဘူးနှင့် ဖိနပ်လည်းမပါ...ဘာဆိုဘာမှ မပါ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် သုညတစ်လုံးကိုပိုက်၍သာ ခရီးထွက်လာခြင်းဖြစ်သည်။ သူတွင်ရည်မှန်းချက်လည်းမရှိ ခရီးထွက်ချင်လို့သာ ထွက်လာခဲ့ခြင်းဖြစ်သည်။

မောင်ပေါက်ကျိုင်း အဆိုအရ သွားပါများ ခရီးရောက်၊ မေးပါများ စကားရ၊ မအိပ်မနေအသက်ရှည် ဆိုသလို သူ ချောင်းကိုဖြတ် မြစ်ကိုကျော်၍ ခရီးဆက်လာခဲ့လေသည်။

တောအုပ်အစပ်ရောက်တွင်

လပေါ်က ဆန်ဖွပ်သည့် အဘိုးအိုကို သူမြင်တွေ့လိုက်ရသည်။ သူ့ဘေးက ယုန်ကလေးကလည်း နားရွက်ကလေးထောင်လို့ပေါ့။ ဒါနဲ့သူက အဘိုးကို မေးကြည့်သည်။

“အဘိုး မပင်ပန်းဘူးလား တစ်ချိန်လုံး ဆန်ဖွပ်နေရတာ...အခုခေတ်မှာ ဆန်ကိုစက်နဲ့ကြိတ်လို့ရနေပြီလေ..အပင်ပန်းမခံပါနဲ့လား အဘိုးရယ်”

“ဟေ...မင်းဘာသိလို့လဲကွ...ငါက အလုပ်လုပ်ချင်လွန်းလို့ ရှာကြံလုပ်နေရတာကွ...အလုပ်မလုပ်ပဲနေရင် ငါမနေတတ်တော့ဘူး...နောက်ပြီး ကလေးငယ်လေးတွေအတွက် အိပ်ယာဝင်ပုံပြင်တွေထဲမှာ ငါရှိနေချင်တယ်ကွာ...ငယ်ရွယ်နုနယ်တဲ့ ဖြူစင်တဲ့ ကလေးတွေ လသာညတိုင်း ငါ့ကို ထိုင်ပြီးငေးကြည့်နေကြတာ ငါဘဝဘာနဲ့မှမလဲနိုင်ဘူးဟေ”

ယုန်ကလေးကပါ မျက်စောင်းထိုးကြည့်လေသည်။ ဒီလူတယ်ရှုပ်ပါလားဆိုသည့်သဘော... အဲဒါနဲ့သူလည်း အဘိုးအိုနားက အသာလစ်ထွက်လာခဲ့လေသည်။

ဒီလိုနဲ့ တောအုပ်တစ်နေရာအရောက် တိရစ္ဆာန်များ အုတ်အော်သောင်းနင်းဖြစ်နေသည့်အသံများကြား၍ ဘာဖြစ်နေပါလိမ့်ဟု သူဝင်ကြည့်မိသည်။

ယုန်နဲ့လိပ် အပြေးပြိုင်နေခြင်းဖြစ်သည်။

လိပ်က သူ့ကျောခွံကြီးကိုလွယ်ကာ အိပဲ့အိပဲ့နှင့်ပြေးနေခြင်းဖြစ်သည်။ ကိုရွှေယုန်ကတော့ သစ်ပင်ရိပ်မှာ တခူးခူးနှင့် အိပ်ပျော်နေလေသည်။ သွားရည်တောင်ကျနေလိုက်သေး။ ဒါနှင့်သူ ယုန်အနားကိုကပ်၍ သွားနိုးလေသည်။

“ဟေ့...ဖိုးရွှေယုန်..ထ..ထ...ဟိုမှာ လိပ်ကပန်းတောင်ဝင်တော့မယ်ကွ”

အိပ်မှုန်စုံမွှားဖြင့် မျက်လုံးပွတ်ကြည့်သည်။ ထို့နောက် တစ်ဘက်စောင်း၍ ပြန်အိပ်သွားလေသည်။ သူလည်း စိတ်မရှည်ပဲ

ယုန်၏ ထောင်ကားနေသော နားရွက်နားကပ်၍

“ထဟ... ငပျင်းရဲ့ ဟိုမှာ နင့်ထက်အဆတစ်ရာ အပြေးနှေးတဲ့လိပ်က ပန်းဝင်တော့မဟဲ့” ဟု အားကုန်အော်လိုက်လေသည်။

ယုန်သည် အကြီးအကျယ်စိတ်ဆိုးသွားဟန်ဖြင့် သူ့ကို ဘုကြည့်ကြည့်ကာ...

“ဟေ့လူ...ကျုပ်က အနှိုင်တွေ အရှုံးတွေကို အတူတူပဲသတ်မှတ်ထားတယ်...လောကမှာ အိပ်ရေးဝဝအိပ်ပြီး လန်းလန်းဆန်းဆန်းနဲ့ မနက်ခင်းတွေကို နှုတ်ဆက်ရတာလောက် ဘာမှ တန်ဖိုးမထားဘူး။ ခင်ဗျားမအိပ်မနေအလုပ်တွေလုပ် ပိုက်ဆံတွေစု ပိုက်ဆံရှိတိုင်းလည်း ကျုပ်လို သစ်ရိပ်ဝါးရိပ်မှာ အေးအေးလူလူ အိပ်လို့မရဘူး။ နောက်ပြီး ပုံပြင်တွေထဲမှာ ကျုပ်လို အပြေးသမားက အပျင်းကြီးတယ်လို့ ခင်ဗျားတို့ လူတွေကတစ်ဘက်သတ်စွပ်စွဲထားတာ...တန်အောင်အိပ်မယ်ဗျာ...အိပ်ရေးပျက်တယ် သွား..သွား..” ယုန်ကစိတ်ဆိုးမာန်ဆိုးနဲ့ပြောတော့ သူလည်း အမြှီးလေးကုပ်ပြီး ခရီးဆက်ထွက်ခဲ့သည်။

ခရီးဆက်လာရင်း ဒေါင်းတွေဝိုင်းအုံခွပ်ခြင်းခံနေရသော ကျီးတစ်ကောင်ကိုသူတွေ့လေသည်။ သူလည်း တစ်ကောင်နှင့်အများဆိုတော့ ကျီးကိုသနားသည်နှင့် ဒေါင်းတွေအားလုံးကို ခြောက်လှန့်လွှတ်လိုက်သည်။ ဒေါင်းအမွှေးတွေကိုယ်မှာ ကျိုးတိုးကျဲတဲ မဲပြောင်ပြောင်ခန္ဓာကိုယ်အနှံ့ ဒေါင်းခွပ်ခံရသည့် ဒဏ်ရာများနှင့် အသက်မျော့မျော့သာကျန်တော့သော ကျီးကိုတွေ့ရလေသည်။

“ခင်ဗျားဗျာ....ကိုယ်နဲ့မတန်မရာဘာလို့ ဒေါင်းယောင်ဆောင်ရတာလည်းဗျ” သူက ကရုဏာသံနှင့်မေးသည်။

ကိုရွှေကျီးက “ဟာ...တိရစ္ဆာန်ခြင်းအတူတူ သူတို့က တမူးပိုရှုရတယ်လို့ဗျာ... ကျုပ်လည်း လှချင်တာပေါ့ဗျ...ကိုယ့်ကိုယ်ကို လှမလားဆိုပြီး ဒေါင်းသေတစ်ကောင်ဆီက အမွှေးတွေယူပြီး တပ်ကြည့်တာပေါ့..ကျုပ်လှတာကို သူတို့ကမနာလိုကြဘူးလေ..အဲဒါကြောင့်ဝိုင်းခွပ်ကြတာ... နင်လို အသာမည်းငမွဲက ငါ့တို့အရောင်အသွေးနဲ့တူသလား တန်သလားတဲ့... တိရစ္ဆာန်အချင်းချင်း အသားအရောင်အဆင့်အတန်းခွဲခြား အကောင်အတန်းအစား(လူတန်းစားမဟုတ်) ခွဲခြားတာ ကျုပ်မခံနိုင်ဘူး....အု...အု..အု”

ပြောရင်း ဒေါသနှင့်အတူ ကိုရွှေကျီးပါ အသက်ထွက်သွားလေသည်။ သူလည်းကိုရွှေကျီးအလောင်းကို သေသေချာချာမြှုပ်နှံပေးပြီးသည့်နောက် ပညာရှိဦးဇီးကွက်ထံသွား၍ တောကောင်အချင်းချင်း အဆင့်အတန်းခွဲခြားမှုပပျောက်ရေးအကြောင်း အဆိုတင်သွင်းခဲ့လေသည်။

သူရွှေကျီးအတွက် စိတ်ညစ်ညစ်နှင့် တောအုပ်ထဲက ရေကန်ကြီးနံဘေးမှာထိုင်နေလေသည်။ ထိုရေကန်ထဲ၌ ကြာမျိုးငါးပါးပွင့်နေသလို လိပ်ပြာကလေးများကလည်း ကြာပန်းများကြားလွင့်ဝဲနေလေသည်။ ကြာပန်းကြားမှတိုးဝှေ့ကာ ကန်ရေပေါ်မှဖြတ်တိုက်သည့်လေနုအေးလေးကို မျက်လုံးအသာလေးမှိတ်၍ အမောပြေရှုရှိုက်နေတုန်း အလွန်မွှေးပျံ့သောရနံ့တစ်ခုသူရလိုက်သည်။ သူ့မျက်စိဖွင့်ကြည့်လိုက်သည့်အခါ ပန်းပေါင်းစုံနှင့်ရက်လုပ်ထားသော အဝါရောင်ဝတ်ရုံဖြင့် နတ်သမီးတစ်ပါးအား သူရှေ့၌ူမြင်လိုက်ရလေသည်။ သူမ၏ အဖြူရောင်အတောင်ပံတစ်စုံကလည်း လှပလွန်းလှသဖြင့် မျက်စိများမှောက်မှားလေသလားဟု သူ့မျက်လုံးသူသေချာပွတ်ကြည့်မိသည်။ သူ့အမြင်အာရုံလည်းမမှားပေ။ သို့သော် သူ့တစ်သက်နှင့်တစ်ကိုယ် ထိုမျှချောမောလှပသော မိန်းကလေးအား တစ်ခါမျှမမြင်ဘူး။ အဝါရောင်ဝမ်းဆက်ဖြင့် မဟာဆန်စွာ ကျော့ရှင်းလှပလွန်းလှသည်။ သူမ၏ လက်ချောင်းလေးများမှာလည်း နှင်းဆီပန်းတို့နှင့်တူစွာ နှုးညံ့နီထွေးနေသည်။ ထို့အတူ လက်မောင်းများမှာလည်း ရွှေအိုရောင်တောက်ပနေလေသည်။ ထိုအဝါရောင်နတ်သမီးလေးက သူ့အားပြုံးပြုံးလေးစိုက်ကြည့်နေလေသည်။ သူကလည်းပြန်ပြုံးပြလိုက်လေသည်။

“ခင်ဗျား....နာ...နာမည်ဘယ်လိုခေါ်ပါသလဲ” သူ့စကားလုံးများ ထစ်အကုန်သည်။

သူမကသွားလေးပေါ်အောင်ပြုံးကာ “ကျွန်မနာမည်က Eos ပါ.. အရုဏ်ဦးရဲ့ နတ်ဘုရားမပေါ့...မနက်ခင်းဆိုရင် ကျွန်မအစ်ကို နေမင်းကြီး (Helios) ကို နှိုးပေးပြီး ကောင်းကင်ရဲ့တံခါးဝကို ကျွန်မရဲ့ ဟောဒီနှင်းဆီလက်နှစ်ဘက်နဲ့ ကိုယ်တိုင်ဖွင့်ပေးရတယ်လေ.. ”

ဗျာ...နတ်ဘုရားမ..? နှင်းဆီလက်နှစ်ဘက်? ကျွန်တော်အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်?

“မဟုတ်ပါဘူး..”

ဆိုပြီး သူမက လက်ထဲက ပန်းတစ်ပွင့်နှင့်သူ့ဆီသို့ လှမ်းပေါက်လိုက်လေသည်။ ထိုပန်းကလေးသည် သူ့ ဘယ်ဘက်ရင်အုံတည့်တည့်သို့ထိမှန်သွားကာ သူ့ နှလုံးခုန်သံများရပ်တန့်သွားလေသည်။ ထိုသို့နှင့်သူနှင့် သူမ (အဝါရောင်နတ်သမီး) တို့ သူမအစ်ကိုနေမင်းကြီးမနိုးခင် မနက်ခင်းလေပြည်ရနံ့များရှိုက်ရင်း တောအုပ်အလင်းထောင့်ချိုးများရောက်သည် အထိ အတူတူလမ်းလျှောက်ကြသည်။ သူကတော့ နတ်သမီးလေးအလစ်၌ လေရှုးနှင့်အတူ သူ့မျက်နှာပေါ်သို့တစ်ချက်တစ်ချက်ရောက်လာသော သူမ၏ ဆံကေသာများကို ခိုးနမ်းနေမိသည်။

သူမရဲ့ ပန်းပေါင်းစုံဝတ်ရုံရနံ့ကြားမှာ ယစ်မူးရင်း တစ်ခဏလေးအတွင်း ကဗျာဆန်တဲ့အလှမှာ စီးမျောပျော်ဝင်နေလေပြီ။ သူ ခရီးလည်းဆက်မထွက်ဖြစ်တော့ ထိုတောအုပ်အတွင်းမှာ နေထိုင်ရင်း မနက်ခင်းအာရုဏ်တက်ချိန်များ ကိုသာ သူစောင့်မျှော်နေလေ့ရှိသည်။ ဒီလိုနှင့် သူရယ် အဝါရောင်နတ်သမီးရယ် နံနက်ခင်းတိုင်း တောအုပ်ကြီးထဲ၌ လျှောက်သွားကြကာ နေထွက်ကာနီးအချိန်လောက်တွင် သူမက လမ်းခွဲသွားလေ့ရှိသည်။ သူမ၏စံနန်းတော်ဖြစ်သော သမုဒ္ဒရာ အစွန်းတစ်ဘက်ကိုလည်း နတ်မြင်းပျံခြောက်ကောင်ကသော ရထားလုံးဖြင့်ခေါ်သွားလေ့ရှိသည်။ ထို့အတူ ထိုရထားလုံးဖြင့်ပင် ကမ္ဘာကြီးအနှံ လျှောက်လည်ကြလေသည်။ တစ်နေ့တွင် သူတို့နှစ်ယောက်အကြောင်းကို ဇုနတ်မင်းကြီး သိသွားကာ နတ်သမီးလေးအား လူသားနှင့် ချစ်ကြိုးသွယ်မိသည့်အတွက် သူမအား အပြစ်ဒဏ်ခတ်လိုက်ကာ လူပြည့်သို့ မဆင်းရဟု အမိန့်ထုတ်လိုက်လေသည်။

ထိုနေ့မှစ၍ သူသည် မနက်ခင်းတိုင်း နတ်သမီးလေးကို စောင့်မျှော်ပါသော်လည်း နတ်သမီးလေးသူ့ထံမရောက်လာနိုင်တော့ပေ။

ရေကန်ကြီးနား၌လည်းကောင်း၊ သမုဒ္ဒရာအစပ်၌လည်းကောင်း၊ ပန်းပွင့်များကြား၌လည်းကောင်း၊ မနက်ခင်း အရုဏ်မတက်မှီ ကောင်းကင်ပေါ်သို့မော့်ကြည့်၍ လည်းကောင်း နတ်သမီးလေးရှိတတ်မည့် နေရာတိုင်း၌လိုက်ရှာသော်လည်း နတ်သမီးလေးကတော့ ပေါ်မလာတော့ပေ။

နေ့များကို နာရီများစား၍...ရက်များမှသက္ကရာဇ်များကို စားသည့်တိုင်အောင် အဝါရောင်နတ်သမီးအား သူစောင့်နေခဲ့သည်။ သို့သော် သူမ၏အရိပ်တောင်မှ သူမမြင်ရတော့ပေ။

တစ်နေ့ ကြည်လင်သည့်ကန်ရေပြင်ထဲတွင် သူ့ကိုယ်သူ ငုံ့ကြည့်မိသောအခါမှ သူ့တစ်ခေါင်းလုံးဖြူဖွေးကာ အဘိုးကြီးတစ်ယောက်ဖြစ်နေကြောင်း အံ့သြခြင်း စိတ်မကောင်းဖြစ်ခြင်းများစွာဖြင့်တွေ့လိုက်ရ့လေသည်။ အချိန်များမှာမြန်ဆန်လွန်းလှလေသည်။ သူ့၏ငယ်ဘဝကပုံပြင်များသည်လည်း အဘိုးအိုအရွယ်ရောက်နေသည့် သူ့ထံသို့ တစ်ကျော့ပြန်ရောက်မလာနိုင်တော့ကြောင်း သိရသည့်အခိုက်၌ အဘိုးအိုလည်း ကန်စပ်၌ အရုပ်ကြိုးပြတ်လဲကျသွားလေတော့သည်။

Sunday, December 23, 2007

ဒီလိုနဲ့ပဲ



တေးရေး - ငမင်း
တေးဆို - Tom & Jerry

ငါဟာမောနေ



တေးရေး - ဘချော

မှတ်ချက်။ ။လွန်ခဲ့သော နှစ်နှစ်ခန့်က

တာအို ဖြစ်စဉ်များ


အိပ်မက်အစ....

.........................................

..................................................


သူသည် လူသားမျိုးနွယ်တစ်စုမဟုတ်သည့် တောင်ကျရေခဲချောင်းများမှ မြစ်ဖျားခံ၍ စီးဆင်းလာခဲ့သည်။ နွားရိုင်းသွင်းချိန်ကဲ့သို့ သားရဲတိရစ္ဆာန်များအတိပြီးကာ အလင်းပြောက်မရှိသော လျှိုများထဲတွင် တစ်ကိုယ်တည်း စမ်းချောင်းငယ်တစ်ခုလို သတိကြီးကြီးဖြင့်တိတ်ဆိတ်စွာ စီးဆင်း၍ နေရောင်ခြည်များက သူ့မျက်နှာပြင်ပေါ်သို့ မိန်းမောယစ်မူးစွာ ခုန်ဆင်းပျော်မြူးလေ့ရှိသည့် လွင်ပြင်ကျယ်များတွင်တော့ သူသည် အပူအပင်မရှိသော ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် စီးဆင်းလေ့ရှိသည်။ အကွေ့အကောက်များကို အေးအေးလူလူဖြတ်ကျော်၍ ချောက်ကမ္ဘားများအရောက်တွင်လည်း ရေတံခွန်အဖြစ် မကြောက်မရွံ့ခုန်ချလေ့ရှိသည်။ ထို့အပြင် သက်တံ့ရောင်စဉ်များဖြင့် သဘာဝကို အလှဆင်လိုက်သေးသည်။ အနိမ့်အမြင့်များကို ရေပြင်ညီအတိုင်းသဘောထားကာ ထာဝရစီးဆင်းနေဆဲပင်။ ရွာငယ်ဇနပုဒ်များမှ မိန်းမပျိုများသည်လည်း နေဝင်ရီတရောတွင် ပုံးဖာမှောက်ဆင်၍ သူ့ဆီကို ညနေတိုင်းလာရောက် နှုတ်ခွန်းဆက်သကြသည်။ သူမတို့ထံမှ သူသည်လည်း ရပ်ရေးရွာရေးမှ အစ အတင်းစကားများအဆုံး နားထောင်ရင်း ဘာတစ်ခွန်းမှပြန်မပြောပဲ ပြုံးပြုံးကြီးစီးဆင်းနေဆဲပင်။ သူ့ထံမှ သက်ရှိသတ္တဝါ လူသားတို့အတွက်အရေးပါသည့် အသက်ဓာတ်ကို လာရောက်ကူးယူကြသည်။ သူသည် မြစ်တစ်စင်းဖြစ်နေသည်။


သူသည် သစ်ပင်တစ်ပင်လည်းဖြစ်နေပြန်သည်။ လူတို့သည် သူ့အရိပ်တွင်နေ၍ သူ့အခက်ချိုးသည့်တိုင်အောင် တစ်စက်မှမငြီးငြူ သူ့ကိုယ်ခန္ဓာအမိုးဖြင့် လူသားတို့အားနေရောင်ဒဏ်မှကာကွယ်ပေးသည်။ နေပူပူမိုးရွာရွာ ဝတ္တရားမပျက်၊ မြို့ပြတွင်သာမက ယာတောများ၊ မြစ်ချောင်းနံဘေး၊ တောင်တန်းများ၊ တောအုပ်များစသည်ဖြင့် လက်ညိုးထိုးမလွဲနေရာတိုင်းတွင် သူ့အရိပ်များရှိသည်။ ရှင်သန်စဉ်အတောအတွင်းလည်း လူတို့ရှုသွင်းရန် အောက်ဆီဂျင်ကို ထုတ်လွှတ်၍ လူသားတို့အန္တရာယ် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူသည်။ သေဆုံးသည့်အခါတွင်လည်း သူ့ကိုယ်ခန္ဓာအားမီးတိုက်စေခြင်းဖြင့် လူသားတို့အတွက် အပူဓာတ်၊ အလင်းဓာတ်၊ အနွေးဓာတ်ကို ရရှိစေသည်။ သူသည် သဘာဝတရား၏ ဖြစ်စဉ်များထဲတွင် တည်ငြိမ်ရင့်ကျက်လွန်းစွာဖြင့် အခြေခံကျလွန်းသော သက်ရှိသစ်ပင်လည်းဖြစ်ခဲ့သည်။


သူသည် မျက်စိတစ်ဆုံးစိမ်းလန်းကျယ်ပြန့်သော မြက်ခင်းစိမ်းတစ်ခုလည်း ဖြစ်ခဲ့ပြန်သည်။ စိမ်းစိုသော မြက်နုနုကြောင့် တိရစ္ဆာန်တို့အသက်ရှင်ရသလို နို့၊ အသား ပရိုတင်းဓာတ်များကြောင့်လည်း လူသားတို့ သွယ်ဝိုက်သောနည်းဖြင့် အသက်ဆက်ရသည်။ အစိမ်းရောင်ဆံပင်ဖြင့် လုံမငယ်တစ်ယောက် ခေါင်းလျှော်ပြီးကာစ ဆံပင်ဖြန့်၍ အခြောက်ခံနေသကဲ့သို့ မြကဗ္ဗလာအရောင်အဆင်းဖြင့် ကြည့်လေရာ လွင်ပြင်များ တောင်ကမ္ဘားယံများတွင် မြင်သူတိုင်းအား မျက်စိပသာဒဖြစ်စေလေသည်။ မြက်ခင်း၏အဓိပ္ပယ်၌ ကျယ်ဝန်းလွတ်လပ်ခြင်း အမြဲစိမ်းလန်းခြင်း သဘောတရားများကိန်းအောင်းလျက်ရှိသည်။ သူသည် မြက်ခင်းစိမ်းတစ်ခုလည်းဖြစ်နေခဲ့သည်။



အိပ်မက်အဆုံး.....................

................................

.......................

သူသည် အိပ်မက်ကလန့်နှိုးခံရသည့် အခိုက်၌ မနုဿလူသားတစ်ယောက်ဖြစ်နေလေသည်။ သို့သော်လည်း တသွင်သွင်စီးဆင်းနေသည့်မြစ်တစ်စင်းဘေးရှိ သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက် ကျယ်ပြန့်စိမ်းစိုသောမြက်ခင်းစိမ်းပေါ်တွင် အေးအေးလူလူထိုင်ကာ တာအိုဖြစ်စဉ်အကြောင်းဖတ်နေသည့် ကလေးငယ်တစ်ယောက်ကိုတော့ အိပ်မက်ထဲ၌ သူ့လန့်မနိုးမီ တွေ့လိုက်ရလေသည်။


Friday, December 21, 2007

ခြေသုတ်ခုံ အချစ်

သူငယ်ချင်းတစ်ယောက်ကပြောပြတယ်...

ဗျာ...အချစ်? ရေခဲခြစ်၊ ချစ်ချစ် ယိုစုံ၊ ဦးချစ်၊ မီးခြစ်၊ ချစ်စမ်းမောင်၊ ခြစ်သည် ညှစ်သည်...အစရှိသဖြင့်ပေါ့...ဒီအချစ်တွေပဲ ကျွန်တော်သိတယ်ဗျာ...

မချစ်ရင်မနေနိုင်တာကလွဲလို့ ...ဘာအလုပ်မှ မလုပ်ရင်တော့ ခင်ဗျား ထမင်းမစားရဘူးပေါ့ဗျာ... မိဘတွေက ချမ်းသာရင်တော့ အားအားယားယား အားရပါးရ ချစ်နိုင်ပါတယ်။ (အပေါစား အချစ်ဝတ္တုတွေလည်း ဝယ်ဖတ်ပေါ့ဗျာ..တစ်အုပ်မှ တစ်ထောင့်ငါးရာတည်းရယ်)

သူက...ဆက်ပြောသေးတယ်...

ခင်ဗျားတို့ သီချင်းရေးဆရာတွေ၊ တွေ့..ကြိုက်...ငြား...အချစ်ဝတ္တုရေးတဲ့ စာရေးဆရာတွေရေးသလို တက္ကသိုလ်ကျောင်းသား မိဘကကားတစ်စီးဝယ်ပေးထား အတန်းမတက် လပ်ယား လပ်ယား(စာလုံးပေါင်းမှန် မမှန်မသိ) အကြော်ဆိုင်ထိုင်၊ ကန်ဘောင်သွား၊ သူငယ်ချင်းမတွေနဲ့ တဟီးဟီးတဟားဟား အဲဒီထဲကမှ အချောဆုံးကောင်မလေးနဲ့ကြိုက်၊ ဝတ္တုဆန်တဲ့ ဒိုင်ယာလောခ့်တွေ ရွတ်ပြ၊ မိဘချင်းကလည်းငယ်သူငယ်ချင်းမို့ သဘောတူ၊ သူငယ်ချင်းဇာတ်ပို့တွေကလည်း အတင်းလှော်၊ ဇာတ်ဝင်သီချင်းလေးဆို ပန်းခြံထဲလျှောက်သွား... ဒါမျိုးတွေက မြန်မာ ဗီဒီယိုလားလို့ မေးရမလောက်အောင် ခင်ဗျားတို့ပဲချစ်ကြဗျာ။ (အဲလို ဘဝမျိုးကျွန်တော်မရခဲ့လို့ အဆိုးမြင်တယ်လို့ပြောရင်လည်းပြောဗျာ)

ခင်ဗျားတို့ကဗျာဆရာတွေဆိုပိုဆိုး...ဒီဘာမဟုတ်တဲ့ စိတ်ခံစားချက်လေးကိုပဲ တခမ်းတနား စာတွေစီ၊ စကားလုံးတွေနဲ့ မွမ်းမံ၊ အတွေးအခေါ်တွေနဲ့ တန်ဆာဆင် ခင်ဗျားမှာ တစ်ခြားလုပ်စရာမရှိတော့ဘူးလားဗျာ... ဥပမာ..ယားလို့ကုတ်သလိုမျိုးပဲ ဆိုပါတော့...မိန်းမဆိုတာက အချိန်တန်ရင် ခင်ဗျားမလိုချင်လည်း သူ့အလိုလိုကို ရလာမယ့် ပြဿဒါးနံတစ်နံလို့ပဲ ကျွန်တော်မြင်တယ်။

တစ်ကယ်ချစ်တယ်ပြောလည်း ခင်ဗျားလိမ်နေတာဗျာ...ခင်ဗျားကိုယ်ခန္ဓာ အတ္တဘောကြီးလောက် တစ်ခြားအပုပ်ကောင်ရုပ်ဆောင်တွေကို ခင်ဗျားမချစ်ဘူးဗျ...မယုံရင်လောင်းမလား? ချစ်လှပါချည်ရဲ့ဆိုတဲ့ ခင်ဗျားကောင်မလေးကို များများမဟုတ်ပါဘူးဗျာ...ရေသုံးရက်လောက်မချိုးဘဲနဲ့ သွားတွေ့ကြည့်ပါလား? ဒါမှမဟုတ် သူက ရေသုံးရက်လောက်မချိုးထားတဲ့အချိန် ခင်ဗျားက သွားတွေ့ကြည့်ပါလားဗျာ... လက်ဖျားနဲ့တောင်တို့ချင်မှာ မဟုတ်ဘူး...

တကယ်က အာရုံငါးပါးကိုပဲချစ်နေကြတာဗျာ (ဆရာတော်ကြီးလေသံဖြင့်)

တစ်ကယ်ချစ်ပါတယ်ဆိုတဲ့ခင်ဗျား ဘဝမှာဗျာ...ဥပမာ။ ။ငွေတစ်ပြားမှမရှိဘူး.ပါတိတ်ဖိုးလည်းမရှိဘူး ..ပေးစရာလည်းတစ်ပြားမှမရှိဘူး...အဲဒါမျိုးဆို ခင်ဗျား ယောက္ခမနဲ့တွေ့ဖို့သာပြင်ပေတော့... ဂျာလကီးဂျောင်းပဲ... ခင်ဗျားမိန်းမကို နွားမရွှံ့ပိတ်လုပ်ပြီးတော့ ဗိုက်ရွှဲ အဆီပြန်မျက်နှာပေးနဲ့ ပရာဒိုပေါ်ကဆင်းလာမယ့် သားသတ်ရုံပိုင်ရှင်တစ်ယောက်ယောက်ဆီမှာ သမီးပြန်တိုးပေးစားလိမ့်မယ်။ အဲဒီအချိန်ကြရင် ခင်ဗျားဘာလုပ်မလဲ? ချစ်လှပါချည်ရဲ့ဆိုတဲ့ ခင်ဗျားမိန်းမလည်း ရွှေတွေစိန်တွေ တွေ့ရင် ခင်ဗျားဆိုတာ ဘယ်နှစ်ရတီရှိလဲဆိုတာမေ့သွားလိမ့်မယ် ကိုယ့်လူ...မယုံမရှိနဲ့ဗျ... ဒါကို ငဝိုင်းသီအိုရီလို့ခေါ်တယ်...

အချစ်အကြောင်း သီချင်းလိုပေါ့ဗျာ..နေရာတကာမှာ ချစ်ချစ်နေကြတော့ခက်တယ်....တစ်ကယ်တမ်း ဘဝဆိုတဲ့ စာလုံးနှစ်လုံးနဲ့ယှဉ်လာရင် အချစ်ဆိုတဲ့ စကားလုံးက ဆင်နဲ့ဆိတ်လိုဖြစ်ဖြစ်သွားတတ်တယ်ဗျ... ဥပမာဗျာ။ တစ်ကယ်တမ်းဘဝအတွက်ရုန်းကန်နေရသလို...ရည်မှန်းချက်ကြီးကြီးနဲ့

ကျောင်းစာတွေကျက်.... ထားလိုက်ပါတော့ဗျာ စကော်လာရှစ်လည်းရ နိုင်ငံခြားမှာလည်းကျောင်းသွားတက်မယ့်ကောင်မလေးတစ်ယောက်ယောက်ကို ခင်ဗျားကဘယ်လောက်ပဲကြွေပြကြွေပြ ခင်ဗျားဆိုတာ သူ့ဘဝထဲမှာ မရှိဘူးဗျာ...ခင်ဗျားက သူ့ဘဝ သူ့ပညာရေး အတွက် နားလည်မှုဘယ်လောက်ပဲပေးပေး ခင်ဗျားက တစ်ကယ်ချစ်တော့ သူ့အတွက် ဘာလုပ်ပေးရမလဲစဉ်းစား.... ကောင်မလေး ပျော်အောင်လို့ ရုပ်ရှင်တွေထဲကလို မနက်စောစော ပန်းကလေးတွေသွားပေး..ကဒ်ကလေးတွေပေး.....လက်ဆောင်လေးတွေပေး....ကဗျာလေးတွေစပ်ပေး...ဘယ်လောက်ချစ်ကြောင်း ဘယ်လောက်မြတ်နိုးကြောင်း သူဘယ်ဘဝရောက်ရောက် ဘယ်နိုင်ငံသွားသွား တစ်နေ့သူပြန်လာမယ့်အချိန်ကိုစောင့်နေမယ်ဆိုတဲ့အကြောင်း၊ ဘာညာပေါ့ဗျာ... သွားပြောကြည့် “ခေါင်းရှုပ်တယ်...ဒီအချိန်မှာဒါတွေမစဉ်းစားချင်ဘူးလို့” ခင်ဗျားကိုပြန်ပြောလိမ့်မယ်ဗျာ...နောက်ပြီး “သူ တစ်ခြားနိုင်ငံမှာကျောင်းတက်နေတဲ့အချိန် ခင်ဗျားက ဆတ်ဆလူးထရင်ဘယ်လိုလုပ်မလဲ...အဲလိုမျိုးတွေ မပူပန်ချင်ဘူးလို့ မြေကြီးလတ်ခတ်လွဲပြောလိမ့်မယ်ဗျာ.”.. ခင်ဗျားမှာပဲ သူနဲ့အတူတူ သူငယ်ချင်းမကျ ရည်းစာမကျ ပျော်နေရတဲ့အချိန်တွေကိုပြန်စဉ်းစားလိုက် သွက်ချာပါဒလိုက်သလို ဆန့်ငင်ဆန့်ငင်နဲ့ ဆတ်ဆလူးထတဲ့ ငါးပြေမ ရေထတဲ့အချိန် ကုန်းပေါ်ရောက်ပြီး ရေကျတော့ရေထဲပြန်မဆင်းနိုင်သလို ဟစိ ဟစိ ဆန့်တငင့်ငင့်နဲ့ ကျန်ခဲ့စေရမယ်ဗျာ... နောက်ပြီး ခင်ဗျားသူငယ်ချင်းတွေကလည်း အချစ်ရူး၊ စောက်ပေါ.... မိန်းမတစ်ယောက်အတွက်နဲ့ စိတ်လေ ပြီး ဘဝအတွက်အချိန်တွေကိုစတေးတော့ ဂရုဏာဒေါသောနဲ့ ဝိုင်းဆဲကြလိမ့်မယ်ဗျ... အဖြစ်မရှိတဲ့ စောက်တုံး၊ စောက်အ စသဖြင့်ပေါ့ဗျာ...

ကဲ..ကျွန်တော့်အချစ်ဋီကာလည်း တော်တော်ရှည်သွားပြီဗျာ...ခင်ဗျားကွန်ပြူတာကနေဖတ်နေတော့ မျက်စိညောင်းလှရောပေါ့....

ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ ခြေသုတ်ခုံလို၊ အမဲအူပြုတ်တစ်ပွဲလို၊ ပါကင်ဖွင်ရင်တော့ မွှေးမွှေးပျံ့ပျံ့နဲ့ သုံးပြီးရင် မည်းတူးသွားတတ်တဲ့ တစ်ခါသုံးစနိုးတာဝါတစ်ခုလို၊ နောက်ပြီး ရောင်းမကုန်တဲ့ လက်ဘက်ရည်ဆိုင်စားပွဲပေါ်က ယင်နားနေတဲ့ လမုန့်တစ်ခုလို၊ ပြောရရင်တော့အများကြီးဗျာ...အဲလိုပါပဲ မယ်မယ်ရရမရှိလှပါဘူး...တစ်ကယ်တမ်းတော့ အချစ်ဆိုတာ “ဘာမှမရှိတဲ့ ဆုပ်ကိုင်လို့မရတဲ့ လိုက်ဖမ်းရင်မောတဲ့” လေလို၊ရေလို စိတ္တဇနာမ်တစ်ခုပါပဲ...ခင်ဗျားလိုက်ရင်ပြေးပေမယ့် ခင်ဗျားကမလိုက်ရင်တောင်မှ လမ်းလျှောက်ရင်းခလုတ်တိုက်တတ်တယ်ဗျာ... ခြေသည်းမလန်အောင်တော့သတိထားပေါ့ ကိုယ့်လူရာ...ဒါပါပဲ..

Saturday, December 8, 2007

အိပ်မက်အပိုဒ်ခွဲများ

သူသည် ကလေးဘဝက ပန်းချီဆရာတစ်ယောက်ဖြစ်ခဲ့သည်။ သူ့ဘဝသည် ကောက်ကြောင်းများ၊ ရောင်စုံခဲတံများ၊ စာရွက်အလွတ်များ၊ ကျောင်းက စာရေးစားပွဲခုံများ၊ အိမ်ကနံရံများ ပေါ်တွင် သူ့၏ လက်ရာများကိုမြင်တွေ့နိုင်၏။

သူသည် ငယ်စဉ်ကတည်းက ဂီတသမားတစ်ယောက်လည်းဖြစ်ခဲ့သည်။ ပွဲဈေးတန်းမှ အဘွားဝယ်ပေးသော ကလေးဂစ်တာလေးကိုကိုင်ကာ ရုပ်မြင်သံကြားမှလာသော သီချင်းများအတိုင်းရပ်ကွက်ကို သီဆိုဖျော်ဖြေခဲ့ဘူးသည်။

ရလာဒ်အဖြစ် အဘွားသည် သူ့မြေးအတွက် ဂစ်တာအသေးလေးတစ်လက် စပါယ်ရှယ် အော်ဒါမှာပေးခဲ့သည်။ ထိုဂစ်တာလေးရတုန်းက သူ့မှာ ပျော်မဆုံး မော်မဆုံးပေါ့။

သူသည် ကလေးဘဝက သိုင်းဆရာလည်းဖြစ်ခဲ့ဘူးသည်။ မှောင်ရီမိုးချုပ် ဘောလုံးကွင်းထဲတွင် ရွယ်တူများနှင့် သိုင်းရူး ရူးခဲ့ဘူးသည်။

ထို့နောက်တွင်တော့ ဘောလုံးပိုးဝင်ကာ ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့ပြန်သည်။ ကျောင်းတွင်ကန်သည်၊ ရပ်ကွက်ထဲတွင်ကန်သည်။ နေရာစုံတွင်လိုက်ကန်သည်။ နဖူးကွဲ၊ ဒူးပြဲ...ရန်ပွဲများ...

သူသည် ရေမှာပျော်သော ဒင်ကျီးငှက်တစ်ကောင်လည်းဖြစ်ခဲ့သည်။ တစ်ခြားနိုင်ငံများသို့သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ မုဆိုးစိုင်သင်ရင်း အမဲလိုက်အက ပြိုင်ပွဲများ၏ အထာကိုလည်း သဘောပေါက်လာခဲ့သည်။

ရာသီတွေ နာရီတွေနှင့်အတူ သူ့ခံယူချက်များ စိတ်ထားများလည်း ပြောင်းလဲလာသည်။

အထက်တန်းကျောင်းသားဘဝတွင် သူသည် အင်ဂျင်နီယာတစ်ယောက်လည်း ဖြစ်ချင်ခဲ့သည်။ သို့သော် တစ်နှစ်တာသင်တန်းတက်ကာ သူသည် ပင်လယ်ပျော် စင်ရော်တစ်ကောင်ဖြစ်ခဲ့သည်။

တစ်ဖန်သူသည် မြေဓာတ်၏ ဆွဲငင်အားကြောင့် ကုန်းပေါ်တွင် ကုန်သွယ်ရေးပညာသင်ယူခဲ့ပြန်သည်။

ထို့နောက်တွင်တော့ မိမိ၏လွတ်လပ်ခွင့်ကို လက်မှတ်တစ်ခုနှင့် ၃ နှစ်တာလဲလှယ်ခဲ့ပြန်သည်။

ယခုအချိန်တွင် သူအဖြစ်ချင်ဆုံးသောဆန္ဒမှာ အပိုဒ် ၂ အိပ်မက်ဖြစ်နေလေသည်။ သို့သော် ဖြစ်ချင်ရာမဖြစ်သည့်လောကထဲတွင် မျှော်လင့်ချက်ဆိုသည်မှာလည်း ပင်ပင်ပန်းပန်းရှိလှသည်။ ထို့ကြောင့်အိပ်မက်များအား သူလွှတ်ချထားခဲ့သည်မှာ ဖုန်များပင် အလိမ်းလိမ်းတက်နေလေပြီ။ တစ်ခါတစ်လေတော့လည်း ဖုတ်ဖက်ခါကာ ထိုအိပ်မက်များကို သူတစ်ခုချင်းလိုက်ဝတ်ကြည့်နေမိသည်။ နောက်ထပ် အိပ်မက်အင်္ကျီ ဘယ်နှစ်စုံလောက်လဲဝတ်ရဦးမည်လည်း သူမသိသေး။

သေချာတာကတော့.....

ထိုသူ့၏ အိပ်မက်များမှာ ကျွန်တော့်၏ အိပ်မက်များပင်ဖြစ်လေသည်။