Sunday, December 23, 2007

တာအို ဖြစ်စဉ်များ


အိပ်မက်အစ....

.........................................

..................................................


သူသည် လူသားမျိုးနွယ်တစ်စုမဟုတ်သည့် တောင်ကျရေခဲချောင်းများမှ မြစ်ဖျားခံ၍ စီးဆင်းလာခဲ့သည်။ နွားရိုင်းသွင်းချိန်ကဲ့သို့ သားရဲတိရစ္ဆာန်များအတိပြီးကာ အလင်းပြောက်မရှိသော လျှိုများထဲတွင် တစ်ကိုယ်တည်း စမ်းချောင်းငယ်တစ်ခုလို သတိကြီးကြီးဖြင့်တိတ်ဆိတ်စွာ စီးဆင်း၍ နေရောင်ခြည်များက သူ့မျက်နှာပြင်ပေါ်သို့ မိန်းမောယစ်မူးစွာ ခုန်ဆင်းပျော်မြူးလေ့ရှိသည့် လွင်ပြင်ကျယ်များတွင်တော့ သူသည် အပူအပင်မရှိသော ကလေးတစ်ယောက်လို လွတ်လွတ်လပ်လပ် စီးဆင်းလေ့ရှိသည်။ အကွေ့အကောက်များကို အေးအေးလူလူဖြတ်ကျော်၍ ချောက်ကမ္ဘားများအရောက်တွင်လည်း ရေတံခွန်အဖြစ် မကြောက်မရွံ့ခုန်ချလေ့ရှိသည်။ ထို့အပြင် သက်တံ့ရောင်စဉ်များဖြင့် သဘာဝကို အလှဆင်လိုက်သေးသည်။ အနိမ့်အမြင့်များကို ရေပြင်ညီအတိုင်းသဘောထားကာ ထာဝရစီးဆင်းနေဆဲပင်။ ရွာငယ်ဇနပုဒ်များမှ မိန်းမပျိုများသည်လည်း နေဝင်ရီတရောတွင် ပုံးဖာမှောက်ဆင်၍ သူ့ဆီကို ညနေတိုင်းလာရောက် နှုတ်ခွန်းဆက်သကြသည်။ သူမတို့ထံမှ သူသည်လည်း ရပ်ရေးရွာရေးမှ အစ အတင်းစကားများအဆုံး နားထောင်ရင်း ဘာတစ်ခွန်းမှပြန်မပြောပဲ ပြုံးပြုံးကြီးစီးဆင်းနေဆဲပင်။ သူ့ထံမှ သက်ရှိသတ္တဝါ လူသားတို့အတွက်အရေးပါသည့် အသက်ဓာတ်ကို လာရောက်ကူးယူကြသည်။ သူသည် မြစ်တစ်စင်းဖြစ်နေသည်။


သူသည် သစ်ပင်တစ်ပင်လည်းဖြစ်နေပြန်သည်။ လူတို့သည် သူ့အရိပ်တွင်နေ၍ သူ့အခက်ချိုးသည့်တိုင်အောင် တစ်စက်မှမငြီးငြူ သူ့ကိုယ်ခန္ဓာအမိုးဖြင့် လူသားတို့အားနေရောင်ဒဏ်မှကာကွယ်ပေးသည်။ နေပူပူမိုးရွာရွာ ဝတ္တရားမပျက်၊ မြို့ပြတွင်သာမက ယာတောများ၊ မြစ်ချောင်းနံဘေး၊ တောင်တန်းများ၊ တောအုပ်များစသည်ဖြင့် လက်ညိုးထိုးမလွဲနေရာတိုင်းတွင် သူ့အရိပ်များရှိသည်။ ရှင်သန်စဉ်အတောအတွင်းလည်း လူတို့ရှုသွင်းရန် အောက်ဆီဂျင်ကို ထုတ်လွှတ်၍ လူသားတို့အန္တရာယ် ကာဗွန်ဓာတ်ငွေ့များကို စုပ်ယူသည်။ သေဆုံးသည့်အခါတွင်လည်း သူ့ကိုယ်ခန္ဓာအားမီးတိုက်စေခြင်းဖြင့် လူသားတို့အတွက် အပူဓာတ်၊ အလင်းဓာတ်၊ အနွေးဓာတ်ကို ရရှိစေသည်။ သူသည် သဘာဝတရား၏ ဖြစ်စဉ်များထဲတွင် တည်ငြိမ်ရင့်ကျက်လွန်းစွာဖြင့် အခြေခံကျလွန်းသော သက်ရှိသစ်ပင်လည်းဖြစ်ခဲ့သည်။


သူသည် မျက်စိတစ်ဆုံးစိမ်းလန်းကျယ်ပြန့်သော မြက်ခင်းစိမ်းတစ်ခုလည်း ဖြစ်ခဲ့ပြန်သည်။ စိမ်းစိုသော မြက်နုနုကြောင့် တိရစ္ဆာန်တို့အသက်ရှင်ရသလို နို့၊ အသား ပရိုတင်းဓာတ်များကြောင့်လည်း လူသားတို့ သွယ်ဝိုက်သောနည်းဖြင့် အသက်ဆက်ရသည်။ အစိမ်းရောင်ဆံပင်ဖြင့် လုံမငယ်တစ်ယောက် ခေါင်းလျှော်ပြီးကာစ ဆံပင်ဖြန့်၍ အခြောက်ခံနေသကဲ့သို့ မြကဗ္ဗလာအရောင်အဆင်းဖြင့် ကြည့်လေရာ လွင်ပြင်များ တောင်ကမ္ဘားယံများတွင် မြင်သူတိုင်းအား မျက်စိပသာဒဖြစ်စေလေသည်။ မြက်ခင်း၏အဓိပ္ပယ်၌ ကျယ်ဝန်းလွတ်လပ်ခြင်း အမြဲစိမ်းလန်းခြင်း သဘောတရားများကိန်းအောင်းလျက်ရှိသည်။ သူသည် မြက်ခင်းစိမ်းတစ်ခုလည်းဖြစ်နေခဲ့သည်။



အိပ်မက်အဆုံး.....................

................................

.......................

သူသည် အိပ်မက်ကလန့်နှိုးခံရသည့် အခိုက်၌ မနုဿလူသားတစ်ယောက်ဖြစ်နေလေသည်။ သို့သော်လည်း တသွင်သွင်စီးဆင်းနေသည့်မြစ်တစ်စင်းဘေးရှိ သစ်ပင်ကြီးတစ်ပင်၏အရိပ်အောက် ကျယ်ပြန့်စိမ်းစိုသောမြက်ခင်းစိမ်းပေါ်တွင် အေးအေးလူလူထိုင်ကာ တာအိုဖြစ်စဉ်အကြောင်းဖတ်နေသည့် ကလေးငယ်တစ်ယောက်ကိုတော့ အိပ်မက်ထဲ၌ သူ့လန့်မနိုးမီ တွေ့လိုက်ရလေသည်။


No comments:

Post a Comment