Tuesday, August 26, 2008

အဇ္ဈတ္တ စစ်ပွဲ

လက်နှစ်ဘက်နဲ့တီးလိုက်တိုင်း
မှားယွင်းခြင်းသံစဉ်တွေ ဖိတ်ကျ
ဘဝမှာ..ကိုယ့်ကိုယ်ကို ကျိတ်မှိတ်
တိတ်တဆိတ် ပြန်လည် က ပြနေရတဲ့ ညတွေလည်းရှိရဲ့…

မိစ္ဆာလို ကြွားဝါခြင်းမျိုးတွေက
မာန်ရ်နတ်သားပျိုရဲ့ သင်ခန်းစာအိုတွေထဲက
ဂုမ္ထာန်တစ်ထောင်လှောင်ရယ်သံမျိုးနဲ့
အဇ္ဈတ္တကို ဝဲဂယက်ထစေကြ
ခြေသုတ်ခုံလို နှိမ့်နှိမ့်ချချနေတတ်ရဦးမယ်လေ..

နာခံလွယ်ခြင်းတွေဖျားနာလို့
မာန်မာနကို ရိုက်ချိုး
ခါးပိုက်ဆောင်ထဲက မြွေပွေးတွေ
မီးသဂြိုဟ် လိုက်တော့
ရှင်းသန့်တဲ့ရနံ့တွေ
လှိုင်လှိုင် ထ ခဲ့ရ..
ညီမလေးရဲ့ စံပယ်ပွင့်ဖြူဖြူတွေပေါ်မှာ
မိုးညတွေ အိပ်လို့ပျော်နေပြီ…

ရဲရင့်ခြင်း အောင်မြေကိုနင်းရင်း
တပ်ဦးမှာ ငါ့အလံကိုစိုက်
ငါ့စိတ်နဲ့ ငါတိုက်ဖို့
စစ်တလင်းမှာ ခရာတွေ မှုတ်လိုက်ကြပေါ့
ရတယ်...
ဘယ်သွေးသောက်မှ မလိုက်ခဲ့ကြနဲ့…

ငါတစ်ယောက်တည်း
သွေးစေးတွေခဲလို့
ဦးခေါင်းခွံ ကွဲ-အက်-ဆွေး-မြေ့ ပါစေ
အလံကတော့ ဘယ်တော့မှ မလဲစေရဘူး။ ။

Saturday, August 9, 2008

အမဲလိုက်နေကြသော သားကောင်များ

(၁)

လူဝင်မှုကြီးကြပ်ရေှး။ ။ ပတ်စ်ပို့ အနီရောင်ကိုကြည့်၍ မျက်နှာရှုံ့တွကာ မင်းက

ဒီနိုင်ငံကိုဘာလာလုပ်တာလဲ?

သားကောင် ။ ခင်ဗျာ…(မန်ကျည်းသီးခန့် မျက်နှာငယ်လေးဖြင့်)

လဝက ။ မင်းအင်္ဂလိပ်လိုပြောတတ်လား? မင်းဒီကိုဘာလာလုပ်တာလဲ?

(မာရေကျောရေ ငပျင်းခြံစည်းရိုး ဆက်ဆံရေးဖြင့်)

သားကောင် ။ သြော်…အ..အလည်..လာတာပါ (အထစ်အထစ်ဖြင့်ဖြေ)

လဝက ။ မင်းဟိုဘက်မှာ ခဏစောင့်။

အတန်ကြာ စောင့်ဆိုင်းပြီးသောအခါ။ နောက်ထပ် သားကောင် ၄ ယောက်ခန့်တိုးလာလေသည်။

လဝက ။ ငါ့နောက်လိုက်ခဲ့... ဟုဆိုကာ ရုံးခန်းအတွင်းသို့ဝင်သွားလေသည်။

လဝက အရာရှိ ။ မင်းတို့က ဒီကို လာလည်တယ်လို့ပြောတယ်နော်..မင်းတို့ဆီမှာ

လည်စရာပတ်စရာ ပိုက်ဆံ ဘယ်လောက်ပါလဲ? အိတ်ဖွင့်ပြ?

သားကောင်များ ။ တစ်ယောက်ချင်းဆီ အိတ်ဖွင့်၍ အထဲရှိပိုက်ဆံများပြသော်..

လဝက အရာရှိ ။ ရေကြည့်စမ်းကွာ..

သားကောင်များ ။ ပိုက်ဆံများကို တစ်ရွက်ခြင်းရေပြ..

ထို့နောက် ၁၅ မိနစ်ခန့် ဟိုမေး ဒီမေးလုပ်ပြီးသောအခါ ရက်သုံးဆယ်နေခွင့် ကို ဒုံး…ဒုံး..ဟု တံဆိပ်တုံးထုကာ ဆောင့်ကြီးအောင့်ကြီးပေးလိုက်လေသည်။

(၂)

သားကောင် ။ ။ ဟဲလို…

မုဆိုး ။ ဟုတ်ကဲ့ပြောပါ…

သားကောင် ။ ။ သတင်းစာထဲမှာပါတဲ့အလုပ်ကြော်ငြာကို စိတ်ဝင်စားလို့ပါ။

မုဆိုး ။ ခင်းဗျားက Singaporean လား PR လား?

သားကောင် ။ ။ သြော်..ကျွန်တော်က မြန်မာပြည်ကလာတာပါ။

မုဆိုး Foreigner ဆိုရင်ဆောရီးပါ..ကျွန်တော်တို့လက်မခံပါဘူး..(ဖုန်းချသွား..)

သားကောင် ။ ။ တူ…တူ…တူ…သံမြည်နေသောဖုန်းသံကို နားထောင်ရင်း

ငေါတောင်တောင်ဖြင့်ကျန်ရစ်

(၃)

သားကောင် ။ ။ အားကိုးပါရစေ အစ်ကိုရယ်။ ကျွန်တော်က ဖောင်ဖျက်ပြီးလာတာမို့လို့ပါ။

အမေကလည်း ခြံကိုရောင်းပြီးကို တစ်ခါတည်း အမွေပေးလိုက်တာ။

ဒါကုန်လည်း ဖျာပုံပြန်လို့မရတော့လို့ပါ။

မုဆိုး ။ ။ စိတ်ချစမ်းပါငါ့ညီရာ။ အစ်ကိုလုပ်ပေးလိုက်လို့ အဆင်ပြေပြီး

အိမ်ကိုငွေပြန်ပို့နေတဲ့လူတွေ တစ်ပုံကြီး။

သားကောင် ။ ။ ယုံပါတယ်ဗျာ။ ယုံပါတယ်။ ဒါနဲ့ဘယ်လောက်ပေးထားရမှာ?

မုဆိုး ။ တစ်ရာထဲပါကွာ။ ဒါကလည်း မင်းတို့အတွက်အလုပ်ရှာပေးတုန်း

ငါသွားစရိတ်..လာစရိတ်လောက်ပါ။ ထောင်မြင်ရင်ရာစွန့်ရမှာပေါ့

ဟုတ်တယ်မလား? မင်းက အင်္ဂလိပ်စကားလည်း မကောင်းတော့

ငါ့အဆက်အသွယ်နဲ့မှ အဆင်ပြေမှာလေ။

သားကောင် ။ ။ အလုပ်တကယ်လို့မရရင်ရော ဒီပိုက်ဆံပြန်ရမှာလား?

မုဆိုး ။ တစ်ဝက်တိတိပြန်ရစေမယ်ကွာ။ ကတိပေးတယ်။

သားကောင် ။ ။ ယုံပါတယ်ဗျာ။ ဗမာအချင်းချင်းပဲဟာ ရိုင်းပင်းကူညီတတ်ကြပါတယ်…

ရော့..ရော့..ဒါကကျွန်တော်နဲ့အတူ ထွက်လာတဲ့ သူငယ်ချင်းတွေ..

သူတို့ကိုလည်း ကူညီပေးပါ အစ်ကိုရာ။ ကျေးဇူးမမေ့ပါဘူး။

ထိုသို့ဖြင့် တစ်ယောက်ကို ငွေတစ်ရာပေးလိုက်က ထိုနေ့မှစ၍ ကတိတစ်ဝက်နှင့် ပွဲစားတစ်ပိုင်း မုဆိုးရိုင်းက ပျောက်ချင်းမလှပျောက်ဆုံးသွားလေတော့သည်။

(၄)

လူတွေ့ အင်တာဗျူးတစ်ခုသို့သွားကာ လျှောက်လွှာတင်သောအခါ

သားကောင် ။ ။ လျှောက်လွှာလေးတစ်စောင်လောက်မရဘူးလားဗျာ။

စာရေးမ ။ အရှေ့တောင်အာရှ ကျွန်းဆွယ်တစ်ခုလုံး သူ့လုပ်စာ ထိုင်စားနေရသော

မျက်နှာပေးမျိုးနှင့် ရော့…အင့်…

သားကောင် ။ ။ ဒါနဲ့လာလျှောက်တဲ့လူက ဘယ်နှစ်ယောက်လောက်များရှိလဲမသိဘူး။

စာရေးမ ။ စာရင်းစာအုပ်ကို တစ်ချက်ကြည့်၍ အင်း ရှင်အပါအဝင်ဆို ရှင်တို့လူမျိုးကြီးပဲ

ဒီပို့စ်ကို လာလျှောက်တာ အယောက် ၁၂၀ ရှိပြီ…

သားကောင် ။ ခင်ဗျာ…!!!!


(၅)

ထိုသို့ဖြင့် ရက်များက တရွေ့ရွေ့ဖြင့် ကုန်ဆုံးရန် နီးကပ်လာလေသည်။ ကံအားလျော်စွာ သတင်းစာထဲတွင် ကြော်ငြာတစ်ခုသွားတွေ့သည်။

စားသောက်ဆိုင် အကူ စားပွဲထိုး၊ ထမင်းချက်၊ တောက်တိုမယ်ရ ဘာညာသာဓကာ အလိုရှိသည်။ (Foreigner Welcome)

ရေငတ်တုန်း အင်းလေးကန်ထဲပြုတ်ကျသလို မပြေးရုံတမယ်ဖြင့် ဗျူးရန်သွားသည်။ ဟိုရောက်တော့ ရွာတုန်းက သာအေး အလှူလို လူတွေက အများသား။ ရွှေတွေရော ဖအုပ်ထုပ်တွေရော။ ကိုယ်လိုသူလို လူမျိုးများ အပူလှိုင်းများကို အုပ်၍ တစ်ယောက်နှင့် တစ်ယောက်ပြုံးပြကြသည်။ အို.....ဘာဖြစ်ဖြစ် ရောက်မှတော့ မထူးဟု ဆိုကာ လျှောက်လွှာဖြည့်၍ အလှည့်ကိုစောင့်နေမိသည်။ ကိုယ့်အလှည့်လည်းရောက်ကာနီးရော ဗျူးသည့်လူကထွက်လာကာ လူတွေအရမ်းများနေသည့်အတွက် သူကပဲ အလုပ်နှင့်ပတ်သတ်သည့်အသေးစိတ်ကို အားလုံးနားထောင်နိုင်ရန် ရှင်းပြသည်။

မုဆိုး ။ ။ ဒီစားသောက်ဆိုင်က အခုမှစဖွင့်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့

ဘယ်လောက်ကြီးပဲ အတွေ့အကြုံရှိတဲ့လူ၊ ဘယ်လောက်ကြီးပဲ ပညာအရည်

အချင်းတွေမြင့်မားနေပါစေ အောက်ထစ် တစ်လကို ၁၀၀၀ ကစပေးပါမယ်။

ပညာအရည်အချင်း လုပ်သက်အတွေ့အကြုံများပေမယ့် အလုပ်မှာ စွမ်းဆောင်

ရည်ရှိမရှိကို မသိတဲ့အတွက် အခုလို စပေးရခြင်းဖြစ်ပါတယ်။ နောက်များတော့

၂ လတန်သည် ၃ လတန်သည် ကြုံရင်လည်း ကြုံသလို မကြုံရင်လည်း မကြုံသ

လိုပေါ့ဗျာ…ကြည့်ကျက်တိုးပေးပါမယ်။

သားကောင်များ ။ ။ (ရွစိ..ရွစိ..ဖြစ်ကုန်၍) ခေါင်းလိုက်ညိတ်သည့်လူကလည်း ငြိမ့်လျှက်..

မလှုပ်မရှက်ဖြင့် ကျောက်ရုပ်လိုငြိမ်သက်သူများကလည်း ငြိမ်သက်

လျှက်.... မုဆိုး၏ အပစ်ကို သေမထူးနေမထူးသဘောဖြင့်

ပစ်ကွင်းကောင်းစေရန် တစ်ချို့က မသိမသာ ကျောလှည့်ပေးသည်။

(၆)

သားကောင် ။ ။ ကျွန်မကို လူအိုရုံမှာ အလုပ်ရမယ်ဆိုပြီး အေ့ဂျင့်က လွှတ်လိုက်တာပါ။

ဒီရောက်မှ အိမ်ဖော်အလုပ်ဖြစ်နေတယ်လေ။ ပထမကတော့ စလုံးတစ်

ယောက်အိမ်မှာလုပ်ရပါတယ်။ အဲဒီတုန်းက တစ်ပတ်တစ်ခါ အပြင်ထွက်

ခွင့်ရသလို မုန့်ဖိုးလေးဘာလေးလဲရပါတယ်။ တစ်နှစ်စာချုပ်ပြည့်တော့မှ

ဗမာအိမ်ကို ရောက်ခဲ့ပါတယ်။ ကိုယ့်လူမျိုးအချင်းချင်းဆိုပြီးတော့

အားတက်မိပါတယ်။ နောက်တော့မှ တစ်ပတ်ကိုလည်း

တစ်ရက်မှ နားလို့မရ။ အလုပ်ဆိုလည်း အားလုံး သိမ်းကျုံးလုပ်၊

ကျွန်မဘွဲ့နဲ့ ဆိုင်တဲ့ တစ်ခြားအလုပ်ရှာဖို့ အင်တာနက်ဆိုင်ကို အသွား

လမ်းရောက်တော့မှ အိမ်ရှင်က ဇက်ကြောတက်လို့ဆိုပြီး ဖုန်းဆက်ခေါ်

ပါတယ်။ ကိုယ့်လူမျိုးအိမ်ကိုရောက်မှ ပိုဆိုးတော့တာပါပဲ။

နိဂုံး

ကျွန်တော်တို့လူမျိုးတွေ အလုပ်ဆိုတဲ့အမဲကောင်ကိုလိုက်ရင်း ရေကြည်ရာမြက်နုရာ ဒီကျွန်းပေါ်ကို ရောက်လာကြပါတယ်။ တစ်ရွာမပြောင်းသူကောင်းမဖြစ်၊ သေချင်တဲ့ကျား တောပြောင်းဆိုသလို အဆင်ပြေတဲ့လူတွေရှိသလို အမဲလိုက်ရင်း ကိုယ်ကိုယ်တိုင် သားကောင်ဘဝရောက်တဲ့လူတွေလည်း တွေ့နေရပါတယ်။ အလုပ်မလုပ်ခင် သေသေချာချာ စုံစမ်းကြပါ။ မြန်မာအချင်းချင်းဆိုပြီး မယုံလွယ်ကြပါနဲ့။ မုဆိုးတစ်ပိုင်း ပွဲစားရိုင်းများ၏ ဘေးရန်မှလည်း ကင်းဝေးကြပါစေဗျာ….

Friday, August 1, 2008

အဘိုးအို


အဘိုးအိုတွင် အိမ် (သို့) တဲတစ်လုံးရှိသည်။ သူ့တဲ၏ဘေးပတ်ဝန်းကျင်တွင် စမ်းချောင်းတစ်ခုက တသွင်သွင်စီးဆင်းလျှက်… သူစိတ်ညစ်ညူးသည့်အခါတိုင်း စီးဆင်းနေသောစမ်းချောင်းထဲတွင် ရေစိမ်လေ့ရှိကာ သူ့စိတ်အစဉ်ကို ပြန်လည်သန့်စင်တတ်သည်။ စက္ကန့်တိုင်းတွင် စီးဆင်းခဲ့သောရေများသည် အတိတ်၊ အခုသူ့ကိုယ်ကို ပွတ်တိုက်ထိတွေ့နေသော အေးစက်နေသည့်အတွေ့သည် ပစ္စုပ္ပန်၊ အနာဂတ်ကတော့ စမ်းချောင်း၏အထက်ပိုင်းမှ သူ့ဆီသို့ဖြေးညှင်းစွာတိုးဝင်စီးဆင်းလာမည်ဖြစ်သည်။ ထို့အတွက် ဘာမှစိုးရိမ်ပူပန်နေစရာမလိုသလို စီးဆင်းခဲ့သောအတိတ်များအတွက်လည်း နှမြောတသခြင်းမဖြစ်မိ လက်ရှိသူ့ကိုယ်အား ပွတ်တိုက်နေသောရေထုသည်သာလျှင် သူ့ဘဝဖြစ်သည်။ ထိုသို့ဖြင့် သူ့၏စိတ်အစဉ်သည်ပြန်လည် လန်းဆန်းကာငြိမ်းချမ်းသွားလေ့ရှိသည်။

သူ့တွင် ခြံမခတ်ထားသော ဥယျဉ်တစ်ခုလည်းရှိသည်။ ထိုဥယျဉ်ထဲတွင် သူ့၏မျှော်လင့်ခြင်းများကို နေ့စဉ်နေ့တိုင်း အရုဏ်ဦး၏ရောင်ခြည်အချို့နှင့်အတူ ပျိုးထောင်ပေးလေ့ရှိသည်။ သူ့ဥယျာဉ်ထဲတွင် စိုက်ပျိုးထားသော မျှော်လင့်ခြင်း၏ အသီးအပွင့်များနှင့် ပန်းပေါင်းစုံ၏ အလှတရားများကို လိပ်ပြာများ၊ ငှက်ငယ်များ၊ ရွာထဲရှိမိန်းမပျိုများ၊ ကာလသားများ၊ မုဆိုးမ၊ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များ၊ ရွာ၏ အပယ်ခံများသာမက အရူးအဆုံး မည်သူမဆို အလိုရှိသလို ယူငင် အသုံးချစေသည်။ မည်သည့်ပညတ်ချက်မှမထား။ ထို့အတွက်လည်း တံခါးနှင့်ဓားမရှိစေရန်အတွက် ခြံမခတ်ထားခြင်းဖြစ်သည်။ သူ့၏ဥယျာဉ်သည် နတ်တို့ဖန်ဆင်းသောဥယျာဉ်အလား မြင်သူတိုင်း စိတ်ကြည်နူးခြင်းတစ်မျိုးကို ဖြစ်ပေါ်စေသည်။ ထိုသို့ ဖြစ်ပေါ်လာသော ပီတိတစ်ချို့နှင့် ဥယျာဉ်ထဲမှ ရာသီသီးနှံတစ်ချို့ကို သူ့ဘဝ၏ နေ့စဉ်အာဟာရအဖြစ်စားသုံးလေ့ရှိသည်။ ဤနည်းဖြင့် သူရှင်သန်သည်။

သူ၏ပန်ဝန်းကျင်တွင် ရေးဆွဲပြီးခဲ့သော ရေးဆွဲလက်စနှင့် ခေါင်းစဉ်တပ်ကာ ဘာမှမဆွဲရသေးသော ပန်းချီကား တစ်ချို့ရှိသည်။ ထိုကားများအတွက် မည်သည့်နည်းဖြင့်ရေးဆွဲမည်ဟု သူ့စိတ်ထဲတွင် သတ်မှတ်မထား၊ သူ့စိတ်ထဲတွင်ပေါ်လာသော နည်းစနစ်ဖြင့် တစ်ခါတစ်လေ ကင်းဗတ်စ၊ တစ်ခါတစ်လေ တောင်နံရံများ၊ တစ်ခါတစ်လေ သစ်ပင်များတွင် ဓားဖြင့်ချိုင်၍ လည်းကောင်း တစ်ခါတစ်လေ လှေကားထောင်၍ သစ်ပင်ပေါ်မှ သစ်ရွက်များကို အပေါက်ကလေးများဖောက်၍ လည်းကောင်း သူစိတ်လွတ်ကိုယ်လွတ်ရေးဆွဲလေ့ရှိသည်။ နေရောင်ထိုးသောအခါ ထိုသစ်ရွက်များကို ဖောက်၍ မြေပြင်ပေါ်သို့ကျနေသော အရိပ်များမှာ သူ့အိမ် (သို့) တဲ ပတ်ဝန်းကျင်တွင် လေဝှေ့တိုင်း ယိမ်းထိုးနေခြင်းဖြင့် ကင်းဗတ်စပေါ်တွင် ငြိမ်သက်နေသော Static Art အပြင် Dynamic Art တစ်ချို့ကိုလည်း သူဖန်တီးတတ်သည်။ သဘာဝအလှတရားသည် သူ့အသက်ရှုသံဖြစ်၍ သွေးကြောများထဲတွင် စိမ့်ဝင်စီးဆင်းလှည့်ပတ်လျှက်ရှိသည်။ ထိုနည်းဖြင့် သူအသက်ရှုသည်။

ညနေခင်းများတွင်တော့ သူ့၏ အိမ်ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များကို လှည်းကျင်းသန့်စင်လေ့ရှိကာ ရွာအဝင်အထွက်လမ်းရှိ ရေအိုးစင်ကိုလည်း ရေပုံမှန်ဖြည့်ပေးလေ့ရှိသည်။ ထိုရေအိုးတွင်ထားသော အုန်းမှုတ်သောက်ရေခွက်၏လက်ကိုင်ကိုလည်း ကနုတ်ပန်းနွယ်ပန်းလက်များ ဖြစ်စေရန် သူကိုယ်တိုင် ဓားဖြင့်အနုစိတ်ထားသည်။ ထိုသောက်ရေခွက်သည်လည်း ခဏခဏပျောက်တတ်သလို ရွာသားတစ်ချို့ကလည်းဖျက်ဆီးတတ်ကြသည်။ ထို့သို့ပျောက်သွားတိုင်း ကျိုးပဲ့သွားတိုင်း အဘိုးအိုကဘာမှမပြော မညည်းတွားပဲ နောက်ထပ်အသစ်တစ်ခုကိုသာပြန်လည် ထုလုပ်လေ့ရှိသည်။ ထို့အတွက် စိတ်အားခိုင်းစရာ အလုပ်တစ်ခုအသစ်တစ်ဖန်ပြန်လည်ရစေသည့်အတွက် ပျော်ပင်ပျော်မိသေးသည်။ သူ့အုန်းမှုတ်ခွက် လက်ကိုင်၏လက်ရာမှာလည်း တစ်နေ့တစ်ခြားပိုမိုကောင်းမွန်လာလေ့ရှိသည်။

ညနေစောင်းလျှင်တော့ တောင်ပေါ်ရှိ ထုံးသုတ်ထားသောစေတီဖြူဖြူရှေ့တွင် တရားထိုင်ကာ ဝတ်ပြုလေ့ရှိသည်။ ထို့နောက် ဆည်းလည်းတို့၏ ပွတ်တိုက်ရိုက်သံများကို နားဆင်ရင်း တိမ်တို့ဘာသာဘာဝ ဆည်းဆာနောက်ဆုံးအချိန်တွင် ရောင်စုံခြယ်ကာ ကွန့်မြူးနေကြခြင်း သူရိန်နေမင်း၏ အနောက်ယွန်းယွန်းတွင် ကျဆုံးခြင်းအကြောင်းကို နှလုံးသွင်းသည်။ ရေသည်စီးဆင်းနေသလို၊ နေသည်လည်း နိစ္စဓူဝ စီးဆင်းနေသည်ပဲ။ ထို့အတူ လူများ၊ တိရစ္ဆာန်များ၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ တဏှာ၊ တပ်မက်မှု၊ တွယ်တာမှု၊ ပိုင်ဆိုင်လိုမှု၊ ပေးဆပ်ခြင်း စသည်စသည်ဖြင့် အရာအားလုံးသည် သဘာဝယန္တရားကြီးတစ်ခုပမာ စီးဆင်းနေကြသည်ပဲ။ ဆည်းဆာချိန်တွင် ရွှေအိုရောင်တောက်ပနေသော လယ်ခင်းများအပေါ်တွင် ဇရာဆိုသော အမှောင်အစက်အပြောက်များ တဖြည်းဖြည်းမင်းမူလာချိန်၊ တခြမ်းပဲ့လက အပြာရောင်နောက်ခံရေးရေးတွင် ခေါင်းပြူကြည့်နေချိန်၊ ရေခပ်ရာမှပြန်လာသော လုံမများရွာဝင်ချိန်၊ နွားရိုင်းသွင်းချိန်တွင်တော့ အဘိုးအိုလည်း တောင်အောက်သို့ပြန်လည်ဆင်းလာလေ့ရှိသည်။

ထို့နောက် သစ်သီး၊သစ်ဥတစ်ခုခုဖြင့် သူ၏ တစ်ယောက်တည်းသော ညစာစားပွဲကို ကျင်းပရင်း၊ တစ်ခါတစ်ရံညစာကိုရှောင်၍ ဥပုသ်ဆောက်တည်ခြင်းဖြင့် သူ၏ ဝမ်းမီးကို ငြှိမ်းသတ်လေ့ရှိသည်။ ထိုသို့စားသောက်ပြီးချိန်များ၌ ရွာအစွန်ဆုံးဘက်အခြမ်းတွင်ရှိသော သူ့တဲဆီသို့ ရောက်လာသော ကလေးများအား ကြယ်ရောင်စုံအောက်ရှိ ကွပ်ပျစ်ပေါ်တွင် ဘီလူး၊ နတ်သမီး၊ သူရဲကောင်း အစရှိသည့် ဒဏ္ဍာရီပုံပြင်များကိုပြောပြလေ့ရှိသည်။ အဘိုးအို၏ ပုံပြင်များမှာလည်း တစ်ပုဒ်နှင့်တစ်ပုဒ် ထပ်သည်ဟူ၍ မရှိပဲ စိတ်ဝင်စားစရာကောင်းသောကြောင့် ကလေးများက သဘောကျကြသည်။ ထို့အတူ ကလေးသဘာဝမေးသော မေးခွန်းများအားလည်း စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေလေ့ရှိသည်။ လသာသည့်ညများတွင်တော့ သူ့၏တယောအိုကိုထိုး၍ သီချင်းတစ်ပုဒ်ကို ညည်းဆိုနေတတ်သည်။ ထိုအချိန်တွင်တော့ အဘိုးအို၏ တယောသံနှင့်အတူ ညသည် အသက်ဝင်ကာ နုပျိုနေတတ်သည်။ သက်ကြီးခေါင်းချချိန်တွင်တော့ သူ၏ ခေါင်မလုံသော အမိုးက ကြယ်ပွင့်များကို ရေတွက်ရင်း အရာအားလုံးကိုမေ့ကာ နှစ်နှစ်ခြိုက်ချြိက်အိပ်ပျော်သွားလေတော့သည်။