Wednesday, April 30, 2008

ဆု

အိပ်မက်တစ်ခုကို “ရုတ်ကနဲ”

ခလုတ်ဆွဲလိုက်တဲ့အခါ

နေတောက်သံ သဲ့သဲ့ကြားလိုက်ရ..


အဲဒီ အိပ်မက်ထဲမှာပဲ

ခုတ်မောင်းနေတဲ့

ကမ်းခြေတစ်စင်းကို

ရူးသွပ်စွာ

ရပ်တန့်ခွင့် တောင်းခဲ့ဘူးတယ်…


တကယ်တော့

တစ် နဲ့ တစ် ပေါင်းရင်

ငါက…တစ် ပဲ ရချင်ခဲ့တဲ့ကောင်

လမင်းကတောင်

တိမ်မည်းတွေနဲ့

မျက်နှာလွှဲသွားခဲ့တယ်…


ကမ်းခြေရေ…

မင်းမှာ အနားသတ်ထားမှန်း

မသိတော့

ငါက ဒုတိယ ပင်လယ်အဖြစ်

ဒီရေကျခဲ့ရ..

သဲမှုန်အိပ်မက်ထဲက

လှုပ်နိုးခံခဲ့ရတယ်..


ကင်ပွန်းတပ်ရင်တော့

ငါဟာ..

ရှုံးနိမ့်ခဲ့ဘူးတဲ့

“ပင်လယ်တစ်စင်း” ပါ..

နှစ်သိမ့်ဆုအဖြစ်

ခဏတစ်ဖြုတ်

ဆိုက်ကပ်ခွင့်တောင် မရှိခဲ့ပါဘူးလေ…

Thursday, April 24, 2008

စိမ်းလန်းခြင်း

လူသားများအတွက် အစိမ်းရောင်သည် အရေးပါလာလေပြီ။ ကမ္ဘာကြီးပူနွေးလာသလို အိုဇုန်းလွှာလည်း ပါးလျပ်နေလေပြီ။ ကမ္ဘာမြောက်ပိုင်း ရေခဲပြင်က ပိုလာဝက်ဝံများလည်း မျိုးတုန်းလုနေလေပြီ။ ပင်ဂွင်းများလည်း ဆော့စရာ ရေခဲပြင်များ အရည်ပျော်လို့စိတ်ညစ်နေကြပေမည်။ အစားထိုးလောင်စာများ၊ နေရောင်ခြည်စွမ်းအင် အပြည့်အဝအသုံးချမှု၊ လျှပ်စစ်စွမ်းအင်သုံးကားများ၊ သစ်ပင်စိုက်ပျိုးမှု၊ စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ပြန်လည် အသုံးချမှု၊ လေရဟတ်များ၊ ရေလှိုင်းစွမ်းအင် စသည်တို့မှာ မဖြစ်မနေလုပ်ဆောင်ရမည့် ကိစ္စများဖြစ်လာလေပြီ။ တိုင်းစ်မဂ္ဂဇင်းကပင် ဒီလအတွက် မျက်နှာဖုံးတွင် သုံးနေကြအနီရောင်အစား အစိမ်းရောင်ပြောင်းသုံးနေပြီ။ အစိမ်းရောင်သည် ကမ္ဘာသူကမ္ဘာသားတို့အတွက် မရှိမဖြစ်အရေးပါနေကြောင်း သတိပေးလျှက်ရှိနေသည်။

သမုဒ္ဒရာပြာပြာထဲတွင်မျောပါနေသော ပလတ်စတစ် ကြွပ်ကြွပ်အိတ်များမှာလည်း ခန့်မှန်းခြေ တစ်မိုင်ပတ်လည်ကို လေးသောင်းခြောက်ထောင်မက ရှိလာသည်။ ဒါတောင် ၂၀၀၆ ခုနှစ်က စစ်တမ်းအရဖြစ်သည်။ ပလတ်စတစ်အိတ်သည် လူသားများအတွက်များစွာအသုံးဝင်သည်။ သို့သော် စနစ်တကျစွန့်ပစ်မှုမရှိလျှင် သဘာဝတရား၏ရန်သူဖြစ်လာသည်။ ပင်လယ်ထဲတွင်မျောပါကာ စားမိသည့်ငါးများ အစာအိမ်ထဲရောက်၍ အဆိပ်သင့်ကာ သေစေနိုင်သည်။

ကားများမှာလည်း တစ်နေ့တစ်ခြားတိုးပွားလာနေသည်။ ဘန်ကောက်ရှိယာဉ်ထိန်းရဲ ၁၄၅ ယောက်သည် သားဖွားနှင့်မီးယပ်သင်တန်းဆင်းများဖြစ်ကြသည်။ မတန်တဆပိတ်သည့်လမ်းများ၌ မွေးလူနာပါလျှင်အရေးပေါ်ကူညီနိုင်ရန်ဖြစ်သည်။ ၄င်းတို့အိတ်ထဲတွင် ကလေးမီးဖွားသည့် ကိရိယာတန်ဆာပလာများ အမြဲတစေ အဆင်သင့် ပါဝင်သည်။ ဖီးချက်ဆိုသည့် ထိုင်းယာဉ်ထိန်းရဲတစ်ယောက်တည်းကပင် သူ့ ရဲသက်တမ်းတလျှောက် ကလေးကိုးယောက်ခန့်မွေးဖွားပေးခဲ့သည်။ ထိုမျှကားများဖြင့် ပြွတ်သိပ်နေသော မြို့တော်ဖြစ်သည်။ ကားများသည့်အခါ ကားများမှထွက်သည့် ကာဗွန်မိုနော့ဆိုဒ်များလည်း လေထုထဲတွင် စိမ့်ဝင်မှုများပြားလာသည်။ နေမှလာသော ခရမ်းလွန်ရောင်ခြည်များကို လူသားများအတွက် အကာအကွယ်ပေးနေသော ကမ္ဘာ့အိုဇုန်းလွှာသည် ထိုဓာတ်ငွေ့များနှင့်မတည့်။ ကျောင်းတော်က ရန်စရှိပုံရသည်။ သို့သော် လူကြီးမင်းများပြောသလို Weather မကောင်းလျှင်ဖြုတ်လဲ၊ အိုဇုန်းလွှာမကောင်းလျှင်လည်း အလွှာသစ်နှင့် အစားထိုးကုသမရသည်မှာခက်နေသည်။

ထို့ကြောင့် တိုယိုတာကဲ့သို့သော ဂျပန်ကားကုမ္ပဏီများအပါအဝင် အားလုံးမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် တတ်နိုင်သမျှနည်းပါသော ပိုမိုကောင်းမွန်သည့် ဟိုင်းဘရစ်ကားမော်ဒယ်အသစ်များ ထုတ်လုပ်ခဲ့၊ ထုတ်လုပ်ဆဲ၊ ထုတ်လုပ်လတ္တံ့ကာ ကမ္ဘာမြေစိမ်းလန်းခြင်းကို ဂရုပြုလျှက်ရှိကြသည်။

ကျွန်တော်တို့ပြည်တွင် နိုင်ငံခြားငွေရှာဖွေရေးအတွက် ဆံပင်အညှပ်ခံထားရသော တောင်ကတုံးများဖြင့် စိမ်းလန်းခြင်းကို ကြိုဆိုလို့နေသည်။

ဇော်ဝင်းထွဋ်၏ ခရီးသွားမီးခိုးတန်များဆိုသော သီချင်းအတိုင်း မီးခိုးအူကာထွက်နေသော ရှေးဟောင်းကားများဖြင့် တစ်မြို့လုံးတွင် “ဟောင်းပေမယ့် ကောင်းနေဆဲဆိုသော” ဂန္တဝင်ရသကိုပေးစွမ်းလို့နေသည်။ ကားပါမစ်အသစ်များကိုလည်း သေသေချာချာ ပိတ်ဆို့ထားသောကြောင့် ကားဈေးများကြီးရာတွင် ကားတိုးပွားမှုနှုန်းကို လည်း ကန့်သတ်ပြီးသားဖြစ်နေသည်။ စည်းကမ်းတကျ မစွန့်ပစ်သော လူတစ်ချို့၏ ပြီးစလွယ်စရိုက်ကြောင့် ပလတ်စတစ်ကြွပ်ကြွပ်အိတ်များမှာ စက္ကူပန်းများ ဖွေးဖွေးလှုပ်သလို လှပနေသည်မှာ နောက်ဖေးလမ်းကြားမှအစ ကမ်းခြေရှိသောင်ပြင်များအဆုံးဖြစ်သည်။ သို့သော်ကျွန်တော်တို့သည် အက်ဒီဆင်ကို ဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးကို ချွေချွေတာတာသုံးစွဲတတ်သော ကောင်းမွန်သည့်အကျင့်ရှိသည်မှာ EPC မှ ဝန်ထမ်းများက အစ ဖယောင်းတိုင် ကုမ္ပဏီများ၊ အင်ဗာတာကုမ္ပဏီများအပါအဝင် လောပိတရေတံခွန်ကြီးအသိဆုံးဖြစ်သည်။ သွားလေသူ အက်ဒီဆင်ကြီးမှ သိပါလေစ။

မည်သို့ပင်ဆိုစေ ကျွန်တော်တို့နိုင်ငံတွင် တစ်ခြားနိုင်ငံများနှင့်မတူ စိမ်းလန်းနေသော သဘာဝတရားများ အမြောက်အများကျန်နေသေးသည်။ ထိုအရာများအား နောက်မျိုးဆက်များအတွက် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရမည်မှာ…..


some sources: TIMES

သုည

(၁)

သူမကမေးတယ်…ဒီကဗျာရဲ့အဓိပ္ပယ်ကဘာလဲ?

သူက ပြန်ဖြေသည်။

“ကဗျာတစ်ပုဒ်က သုညတစ်လုံးလေ…..ဖတ်တဲ့သူဆိုတဲ့ ၁ ဆိုတဲ့ကိန်းဂဏန်းနောက်မှာပဲ အသုံးချတတ်သလို အကျိုးရှိတာလေ” တဲ့….

ကဗျာရေးသူက မိမိရေးထားသောကဗျာကို အဓိပ္ပယ်ဖွင့်ဆိုခြင်းသည် အနုပညာရာဇဝတ်မှုတစ်ခုကျူးလွန်မှုနှင့် တူသည်။

ပန်းတစ်ပွင့်၏ အလှကိုအသေးစိတ်သိလိုသည့်အတွက် ပွင့်ဖတ်တစ်ဖတ်ခြင်းကို ခြွေချ၍ ကြည့်သလိုမျိုး…နောက်ဆုံးတော့လက်ထဲတွင် ရိုးတံငေါင်စင်းစင်းလေးသာ ကျန်ရစ်ပေမည်။ ကဗျာဆရာများသည်လည်း သူတို့သီကုံးထားသော ကဗျာကို သူတို့ကိုယ်တိုင် အဓိပ္ပယ်ဖွင့်ဆိုရှင်းလင်းခြင်း အလုပ်ကို မနှစ်မြို့တတ်ကြ။ မတူညီသောလူများ သူရေးထားသောကဗျာကို မတူညီသည့်ရှု့ထောင့်ကကြည့်ကာ သူတို့ခံစားချက်အတိုင်း အဓိပ္ပယ်ဖွင့်ဆိုသည်ကိုပင် ကျေနပ်တတ်ကြသည်။

(၂)

သူမက လက်ညှိုးထိုး၍ပြသည်။

မြင်ကွင်း၌ ပိုးတုံးလုံးလေးတစ်ကောင် ပိုးကောင်ဘဝနောက်ဆုံးအဆင့်အဖြစ်ကလွတ်မြောက်ရန် ကြိုးစား၍ သူ၏ အခွံကိုချွတ်နေသည်။ သူ့တစ်ကိုယ်လုံး နတ်ပူးသလိုတုန်ရီကာ ပိုးတုံးလုံးလေး အရမ်းပင်ပန်းနေကြောင်းသိသာနေသည်။

သူမက …သနားပါတယ်..အခွံကိုကူပြီးချွတ်ပေးလိုက်မယ်နော်…

သူဝင်တားရသည်။ ပိုးတုံးလုံးသည် အတောင်ပံရောင်စုံများဖြန့်ကာ ပျော်မြူးနေမည့် လိပ်ပြာအဆင့်သို့မရောက်နိုင်တော့ပေ။ ပိုးကောင်ဘဝဖြင့်ပင် သူ့ဘဝနိဂုံးသတ်သွားလိမ့်မည်။ တစ်ချို့အရာများသည် သူတစ်ပါးကူညီ၍ ရရှိခြင်းထက် ကိုယ်တိုင်ကြိုးစားရယူခြင်းဖြင့် ပိုမိုအနှစ်သာရရှိသော ဘဝတစ်ခုသို့ရောက်ရှိနိုင်သည်။ လောက၌ လိပ်ပြာဘဝမရောက်သော ပိုးတုံးလုံးအရေအတွက်အဘယ်မျှရှိ ပြီနည်းး?

(၃)

ရွာတစ်ရွာတွင် အသက်အရွယ်အိုမင်းသော်လည်း သားသမီးမထွန်းကားသော လယ်သမားဇနီးမောင်နှံရှိသည်။ သူတို့သည် ပတ်ဝန်းကျင်က လူများ မိသားစုသိုက်သိုက်ဝန်းဝန်းနေသည်ကို အားကျ၍ ကလေးရူးရူးနေကြသည်။ ဘေးလူများကလည်း သူတို့တွေ ကံဆိုးလှချည်လားဟု စုတ်တသတ်သတ်ဖြစ်ကြသည်။ သို့သော် တစ်နေ့တွင် သူတို့၌ သားလေးတစ်ဦး ထွန်းကားလာသည်။

ပတ်ဝန်းကျင်က သူတို့တွေ ကံကောင်းလှချည်လားဟု ဆိုပြန်သည်။

တစ်ခါ ထိုသားလေး အသက်ရှစ်နှစ်သားအရွယ်တွင် မြင်းပေါ်မှလိမ့်ကျကာ ခြေတစ်ဘက်ဆာသွားပြန်သည်။

ပတ်ဝန်းကျင်က ကံဆိုးလိုက်တဲ့ အဘိုးအိုလင်မယားဟု ညည်းကျပြန်သည်။

ဒီလိုနှင့်ကလေးက အသက် ၁၈နှစ်ပြည့်လာခဲ့သည်။ သူတို့တိုင်းပြည်၏ စစ်ပွဲအတွက် စစ်သားစုဆောင်းရာတွင် ခြေတစ်ဖက်ဆာနေသောသူမှလွဲ၍ တစ်ရွာလုံးမှာရှိသည့် လူငယ်များ စစ်တွင်းသို့ အတင်းအကြပ်ခေါ်ဆောင်သွားခံရသည်။

ပတ်ဝန်းကျင် က ကံကောင်းလိုက်တဲ့ အဘိုးအိုလင်မယားဟု ညည်းတွားကြပြန်သည်။

တစ်ကယ်တော့ ကံကောင်းခြင်း ဆိုးခြင်းသည် လည်ပတ်နေသော စက်ဝိုင်းတစ်ခုနှင့်သာခပ်ဆင်ဆင်တူလေသည်။

(၄)

ရော့ခ်ကွ…ဟစ်ဟော့ပ်ကွ… မော်ဒန်ကွ…ရီရယ်လစ်ဇင်ကွ…အာဆင်နယ်ကွ..မန်ယူကွ… စသည်ဖြင့် တစ်စုံတစ်ရာ၏ လွှမ်းမိုးမှုကို ခံယူကာ ကိုယ့်အတ္တနောက် ရှေ့နေလိုက်သလို တစ်ကောက်ကောက်လိုက်ရင်း ပတ်ဝန်းကျင်က မတူညီသော အတွေးအခေါ်အယူအဆရှိသူတို့နှင့် လူတို့သည် အားအားယားယား ရန်ဖြစ်တတ်ကြသည်။ တစ်ကယ်တော့ အာကာသယဉ်တစ်ခုခုမှ ကမ္ဘာမြေထုဆီသို့ ငုံ့ကြည့်သည့်အခါ လူဆိုသည်မှာ အစက်အပြောက်အဖြစ်တောင် တွေ့ရတတ်သည်မဟုတ်ပေ။ တိုတောင်းသော အချိန်ခဏအတွင်း ဖွင့်ထားသောစိတ်တံခါးများဖြင့် မနက်သစ်များကိုနှုတ်ဆက်ကာ ဘောင်မခတ်တတ်သောမျက်လုံးများဖြင့် လူသစ်၊ စိတ်သစ်၊ အတွေးအမြင်သစ် များကိုကြိုဆိုသင့်သည်။ တစ်ကယ်တော့ အရာအားလုံးတွင် အကောင်းအဆိုး အနိမ့်အမြင့် ဒွန်တွဲနေတတ်လေသည်။

Tuesday, April 22, 2008

အမွေ

လွန်ခဲ့သော ၁၂နှစ်ခန့်က မိမိကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်ခဲ့သူ တယ်ရီကော့လီ

ဆိုသည့် အလှူရှင်ထံမှ အသည်းနှလုံးကို ဆိုနီဂရေဟမ် တစ်ယောက် လက်ခံရရှိခဲ့သည်။ ဂရေဟမ်ကပင် ကော့တယ်၏ ကျန်ရစ်သူမုဆိုးမအား လက်ထက်ခဲ့သည်။ သို့သော် ပြီးခဲ့သောတစ်ပတ်က ဂရေဟမ်သည်လည်း သူ၏အလှူရှင်နည်းတူ မိမိကိုယ်ကို ကိစ္စတုံးသွားလေသည်။

အသက် ၆၉ နှစ်ရှိသူ မစ္စတာဂရေဟမ်အား ဂျော်ဂျီယာပြည်နယ်တွင်ရှိသော သူ၏နေအိမ်အတွင်း၌ နှစ်လုံးပြူးသေနတ်ဖြင့် လည်ချောင်းတည့်တည့်ကိုချိန်၍ ပစ်ထားသောဒဏ်ရာရကာ သေဆုံးနေကြောင်း ပုလိပ်အဖွဲ့ကပြောကြားခဲ့သည်။ သူ့သူငယ်ချင်းများ၏အဆိုအရ ဂရေဟမ့်တွင် မိမိကိုယ်ကို သတ်သေလောက်သည်အထိ စိတ်ဖိစီးမှုလက္ခဏာများ မရှိဟုဆိုသည်။


၁၉၉၅ခုနှစ်က ဂရေဟမ်၏ ကုသ၍မလွယ်တော့သော အသည်းနှလုံးရောဂါကြောင့် ဆရာဝန်က အသက် ၃၃နှစ်ရှိသူ ကော့လီ်၏ အသည်းနှလုံးဖြင့် အစားထိုးကာ အသက်ဆက်ရှင်စေခဲ့သည်။ ဂရေဟမ်က ကျေးဇူးတင်မဆုံးကြောင်းစာများကို ကော့လီ်၏ ကျန်ရစ်သူမိသားစုထံသို့ စာများအဆက်မပြတ်ရေးသားကာ ဆက်သွယ်ခဲ့သည်။ ၁၉၉၇ခုနှစ်က သူနှင့် သေဆုံးသွားသူကော့လီ၏ မိန်းမ ရှယ်ရို အသက် ၂၈နှစ်နှင့် တွေ့ဆုံခဲ့သည်။

“ကျွန်တော်သူမကို မြင်မြင်ချင်းပဲ နှစ်အကြာကြီးကတည်းကရင်းနှီးနေသူတစ်ယောက်လို့ ခံစားရတယ်” ၂၀၀၆ခုနှစ်က ဂရေဟမ်တစ်ယောက် သတင်းစာများသို့ ပြောကြားခဲ့သည်။ “ကျွန်တော့်မျက်လုံးတွေကို သူမဆီကနေဖယ်ခွာလို့မရနိုင်လောက်အောင်ပါပဲ” ..၃နှစ်ကြာသည့်နောက် သူတို့နှစ်ယောက်လက်ထပ်ခဲ့ကြသည်။

ယခုဂရေဟမ်တစ်ယောက် သေဆုံးကြောင်းသတင်းသည် လူများစွာကို ထိတ်လန့်စေခဲ့သည်။ သိပ္ပံပညာရှင်များက ၄င်းတို့တွင်ရှိသော အထောက်အထားများအရ အစားထိုးကုသမှု ၇၀ ကျော်လောက်တွင် ထိုကဲ့သို့ အလှူရှင်၏ ကောင်းကွက်ဆိုးကွက်များအလိုက် အလှူခံသူက လိုက်၍ ပြောင်းလဲသွားတတ်သည်ဟု ဆိုသည်။

Monday, April 14, 2008

၂၀၀၈ သင်္ကြန်တွင်နှုတ်ခွန်းဆက်ပါသည်။

ခုချိန်ဆို….အင်းယားလမ်းမှာလူတွေကြိတ်ကြိတ်တိုးနေတော့မည်။

ခုချိန်ဆို….သင်္ကြန်မင်းသား ဇော်ဝမ်း၏ တူးပို့သီချင်းသံတွေ မြေသင်းနံ့နှင့်အတူ လွင့်ပျံနေတော့မည်။

ခုချိန်ဆို….အင်းယားလမ်းနှင့် ပြည်လမ်းထောင့် ကတ္တရာလမ်းပေါ်တွင် မဏ္ဍပ်များမှစီးလာသောရေများက စမ်းချောင်းအသေးစားဖြစ်နေ၍ ကလေးများက ရေကူးနေကြတော့မည်။

ခုချိန်ဆို….မဏ္ဍပ်ပေါ်တွင် သူငယ်ချင်းများ ဒီဂျေ၏တီးလုံးများဖြင့် မြူးပျော်နေတော့မည်။

ခုချိန်ဆို….ပျိုပျိုအိုအို အရွယ်မရွေးလူမရွေး ယောက်ျားမိန်းမမရွေး အယုတ်အလတ်အမြတ်မရွေး အလှဆုံးကိုဝတ်၍ နေကာမျက်မှန်စွပ်ကာ မီးသက်ပိုက်ဒဏ်၊ ရေပြင်းသည့်ပိုက်မှ ထွက်လာသည့်ရေများကို အန်တုရင်း ရေပက်ခံနေရတော့မည်။

ခုချိန်ဆို….နေလောင်ခံသည့် အလှကုန် လူသုံးကုန်ကအစ စားသောက်စရာအဆုံး ဈေးကြီးနေ လိမ့်မည်။

ခုချိန်ဆို….ဘီယာဗူးခွံကောက်သော ရေသန့်ဗူးခွံကောက်သောကလေးများ ပီနံအိတ်အပြည့်ရကာ ကျောင်းမုန့်ဖိုးရတော့မည့်အတွက် ပီတိဖြစ်နေတော့မည်။

ခုချိန်ဆို….ကုသိုလ်ယူသည့်လူများကလည်း ယောဂီဝတ်စုံလေးများဖြင့် ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလ ဆောက်တည်နေကြလိမ့်မည်။

ခုချိန်ဆို….ပိတောက်ရနံ့များက မနက်ခင်းတစ်ခုလုံးကို ဖုံးလွှမ်းနေလိမ့်မည်။


ပြီးခဲ့သည့်နှစ်တိုင်းက သင်္ကြန်ဆိုရင် ကျွန်တော်ရန်ကုန်မှာရှိသည်။


မနှစ်က….ဒီအချိန်ဆို ရွှဲရွှဲစိုနေပြီ…

မနှစ်က….ဘေးတွင် ငယ်ပေါင်းကြီးဖော်များရှိသည်။

မနှစ်က….မဏ္ဍပ်ပေါ်ကတီးလုံးများကြား ကျွန်တော်တို့အားလုံး ကွေးနေအောင် က နေကြသည်။ ရေပက်ခံသူများကလည်း မဏ္ဍပ်ရှေ့ရောက်သည်နှင့် အလှည့်ကြရင် မနွဲ့ကြစတမ်းဆိုပြီး ရေမှုန်ရေမွှားများအောက်တွင် သူထက်ငါမရော့စေရပဲ တတ်သလောက်မှတ်သလောက်ဖြင့် တီကောင်များအား ဆားနှင့်ပက်ထားသလို နွန့်နေသည်။

မနှစ်က….ဒီအချိန်ဆို မဏ္ဍပ်ပေါ်တွင် ရှက်တာကွဲသူကွဲ၍ လဲသူလဲနေပြီ။

မနှစ်က….အဆင်ပြေတာရှိသလို အဆင်မပြေသော အသေးအဖွဲများလည်းရှိသည်။


အခုတော့….ငါးရက်ကျသော ရှားရှားပါးပါးသင်္ကြန်တွင် နေနေကြ အခန်းကျဉ်းထဲတွင်ရှိသည်။ ရေမှုန်ရေမွှားများမရှိ။

အခုတော့….ခါတိုင်းကဲ့သို့ လုပ်နေကြ အလုပ်တစ်ခုရှိသည်။

အခုတော့….ခန္ဓာကိုယ်ထဲက သင်္ကြန်ပိုးများက ရွထလို့ သင်္ကြန်သီချင်းများဖွင့်ရင်း တစ်ယောက်တည်း ခိုးလိုးခုလုဖြင့် ယောင်ချာချာဖြစ်နေသည်။

အခုတော့….ကျွန်တော်လိုဘဝတူသူငယ်ချင်းများပေါင်းကာ ဘုန်းကြီးကျောင်းတွင်လုပ်သော သင်္ကြန်ကိုသွား၍ ရသေ့စိတ်ဖြေလုပ်နေရသည်။

အခုတော့….ရေပိုက်မှထွက်လာသောရေအစား ဘုန်းကြီးကျောင်းသင်္ကြန်တွင် ကလေးများပက်သောရေဖြင့် မစို့တစိုဖြစ်ရသည်။ သို့သော်လည်း ရေနှင့်ထိတော့ မြူးရသည်။

အခုတော့….မဏ္ဍပ်ပေါ်တွင်သောက်မည့်အစား လမ်းဘေးတွင် ဘဝတူသူငယ်ချင်းများဖြင့် တစ်ခွက်တစ်ဖလားချီးမြှင့်ရင်း သင်္ကြန်အကြောင်းကို စားမြုံပြန်နေရသည်။

ဘာပဲဖြစ်ဖြစ်သင်္ကြန်သည်လည်း အချိန်တန်ရင် ပြီးတော့လည်းပြီးသွားပေတော့မည်။ သို့သော် စိတ်ထဲတွင်တော့ ဒီနှစ်သည် ဘဝတစ်ကွေ့၏ သင်္ကြန်မကျရသော အမှတ်တရဖြစ်ရသည်။ နောက်နှစ်တွင်တော့ ပြန်နိုင်ပါစေကြောင်း…

နောင်နှစ်ခါလည်း ဆီးလို့ကြိုမည်…နောင်နှစ်လာပါမည်…လာပါမည်….

ဒီနှစ်လိုလည်း ဆီးလို့ကြိုမည်….နောင်နှစ်လာပါမည်….လာပါမည်….

သာယာစေကွယ်…သဒ္ဒါတွေကိုကွယ် ခွန်းဆိုလို့နေမယ်….

ပြန်ပါဦးမည်…ပြန်ဦးမည်…နှုတ်ခွန်းဆက်ပါသည်။