Showing posts with label Poem. Show all posts
Showing posts with label Poem. Show all posts

Sunday, January 3, 2010

Invictus

Out of the night that covers me,
Black as the pit from pole to pole,
I thank whatever gods may be
For my unconquerable soul.

In the fell clutch of circumstance
I have not winced nor cried aloud.
Under the bludgeonings of chance
My head is bloody, but unbowed.

Beyond this place of wrath and tears
Looms but the Horror of the shade,
And yet the menace of the years
Finds and shall find me unafraid.

It matters not how strait the gate,
How charged with punishments the scroll,
I am the master of my fate:
I am the captain of my soul
.

William Ernest Henley (1849–1903)

Sunday, June 21, 2009

ကျွန်တော်၏…

ကျွန်တော်သည် ဥပရာဇာမဟုတ်
ပွဲတော်က ဝယ်လာသည့်
သန်လျှက်နဲ့
လက်ခမောင်းခတ်ချင်ရုံသက်သက်သာ

လျှာတိုအောင်မရိတ်ခင်
ကမ္ဘာချိုမည့်တေးသွားများ
သခင်ကိုယ်တော်မှိုင်း
မ,စ ခဲ့ပါသည်။
တေးသံများ မရပ်တန့်ပါစေနဲ့…

သင်သည်သင့်ကိုယ်သင်ပိုင်သည်
ထိုစာသားက
မျက်စပစ်ပြလို့
ကျွန်တော့်ကိုယ်ကျွန်တော်
လွှတ်ပေးခဲ့တယ်…
ဘယ်မိုင်တိုင် ရောက်နေပြီလဲမသိ..

အသိုက်အမြုံ
ဂုဏ်ဒြပ်နဲ့
အတွေ့အကြုံများ
ရောစပ်
ဆော်ဒါပြင်းပြင်း တစ်ခွက်နဲ့
မော့ချပစ်ခဲ့
နာရီအန်ဖတ်များ
ဆေးဖက်ဝင်လေမည်လားမသိ…

ကလေးငယ်
သင့်လက်ဝယ်မှာ
အလိုရှိတိုင်းဖြစ်စေဆိုသည့်စာတမ်း
ခေါင်းအုံးအောက်မှာထားခဲ့
မနက်ခင်းတွေ မွှေးပျနေပါလိမ့်မယ်…

စကားလုံးနဲ့ပြောလို့မရတဲ့
ဘာသာဗေဒတစ်ချို့တီထွင်ချင်တဲ့အခါ
အက်ဒီဆင် ရီမောနေမည်လားမသိ..
တိတ်ဆိတ်နေတဲ့ စက္ကန့်သံတွေတစ်ချက်..ချက်နဲ့
ဝုန်းကနဲ ပေါက်ကွဲသွားမယ့်နေ့ဟာ
ကျွန်တော့်ရဲ့ Happy Birthday ပဲလေ..

အတွေးတွေကိုမီးပိတ်
ကိုယ့်အိပ်မက်ထဲဝင်အိပ်လိုက်မယ်
သူငယ်ချင်း…
မနက်ဖြန်တွေမင်းကို စောင့်နေလေရဲ့…

Saturday, July 26, 2008

ကဗျာတစ်ပုဒ်


အလုပ်မလျှောက်ပဲ ကဗျာချည်းပဲရေးချင်တဲ့ကောင်

နည်းတောင်နည်းသေးတယ်တဲ့…

တက်ကျမ်းတစ်အုပ်က ပြောတယ်..


အမေရယ်..

ကျွန်တော် အတ္တကြီးတာမဟုတ်ရပါ

စက်ရုပ်တွေကို စက်ဆုပ်

ကျုပ်လက်တစ်ဆုပ်စာ အနုပညာကိုပဲ

ထာဝရ ဘုရားသခင်ထင်လို့ပါ…


ငွေနံ့နံနေတဲ့ လေထုထဲမှာ

လူတန်းစား ခွဲခြားတတ်သူတွေ

အတွင်းကျိတ်ပြိုင်ဆိုင်လိုခြင်းတွေ

ထောင်းလမောင်းထလို့နေလေရဲ့..

ရှုးတိုးတိုး

သူတို့တွေ

ကပွဲ ကျင်းပနေလေရဲ့…

ကျုပ်တို့ကတော့

ချွေးတစ်လုံးလုံးနဲ့

ဦးနှောက်နဲ့ လုပ်အားထိုးကျွေးလို့ကောင်းတုန်း..


ခင်ဗျား..ဘယ်လောက်ပဲစာနာပါတယ်ပြောပြော

အဝေးရောက်နေတဲ့ လူတစ်ယောက်ရယ်

အိမ်ပြန်စရာမရှိတော့တဲ့ ကလေးငယ်တွေရယ်

သားပျောက်ခဲ့တဲ့ အမေအိုတွေလောက်

သောကပင်လယ်မဝေဘူး…

ခင်ဗျား…ဘယ်လောက်ပဲစာနာပါတယ်ပြောပြော


မျက်လုံးတွေဖွင့်ကြည့်

အပူသည်ရုပ်နဲ့ လူလုံးမလှတဲ့လူတွေ

ဖုန်တွေကြားထဲမှာ တနပ်စာအတွက်

ရုန်းကန်နေကြတယ်


နားတွေစွင့်ကြည့်

မြေကြီးထဲက အော်သံတွေ

ဘဝဂ်လျှံနေတယ်


ရင်ဘတ်တွေဖွင့်ကြည့်

အလင်းမီးတောက်တစ်ပွင့်ကို

ဖျတ်ကနဲမြင်လိုက်ရလိမ့်မယ်..

ကဲ..ကဲ

အိပ်ချင်ယောင်ဆောင်နေလည်း

အိပ်လို့ရအောင်ဆက်အိပ်လိုက်ပါဗျာ

ကျုပ်ကတော့ ကဗျာတစ်ပုဒ်

ရေးလိုက်ဦးမယ်…

Saturday, March 15, 2008

စားကျက်

စားကျက်


အိမ်ပြတင်းပေါက်အပြင်ဘက်က

ငွေညှီစော်နံနေသော

ဂလိုဘယ်လိုက်ဇေးရှင်း

မြက်ခင်းလွင်ပြင်တစ်ခုမှာ

လူမျိုးရေးခွဲခြားတတ်တဲ့ဥာဉ်နဲ့

မြေခွေးအိမ်ရှင်တစ်ချို့…

ဝပ်ဆိုင်းနေတယ်…


ပလတ်စတစ်အိပ်မက်တပွေ့တပိုက်နှင့်

သားကောင်များ....

တောခြောက်ခံရသော

သားကောင်များ....

ဇာတ်တူသားစားခံနေရသော

သားကောင်များ....

လူမုဆိုးပစ်မှတ်

သားကောင်များ....


ယိုစီးခဲ့ကြတယ်

ယိုစီးနေကြတယ်

ယိုစီးနေကြဦးမယ်


ဟိုမှာ….

သားရေတမြားမြားနှင့်

လိုအပ်ခြင်းကျော့ကွင်းသစ်တွေ

လူ့မယဉ်ကျေးမှုအသစ်တွေ

ရေခဲစိမ်မျော်လင့်ခြင်းအသစ်တွေ

စောင့်လို့ကြိုနေကြလေရဲ့…


မိုးလင်းကမိုးချုပ်

ငယ်ဂုဏ်တွေကို စတေးကြ

ဦးနှောက်တွေကို စတေးကြ

လုပ်အားတွေကို စတေးကြ

အထီးကျန်ဆန်ခြင်းတွေကို စတေးကြ

လွမ်းဖျားလွမ်းနာတွေကို စတေးကြ

“အိမ်” ဆိုတဲ့စကားလုံးတွေ စတေးကြ

ဒီလိုနဲ့ တစ်နေကြရင်တော့

ထောင်ချောက်တွေနဲ့

နေသားကြလာလိမ့်မယ်…


အနောက်တောင်ထောင့်က

ရုတ်ကနဲ

တက်လာတဲ့

မြေသင်းနံ့များအတူ…

ကျွန်တော့်အိပ်မက်တွေထဲမှာတော့

“ငါတို့…မြေ” ဆိုတဲ့ရနံ့တွေ

တထောင်းထောင်းထလို့နေလေရဲ့…

Saturday, November 24, 2007

မြစ်ကျိုးအင်း



မိခင်ဧရာဝတီက

သန္ဓေဖျက်ချလိုက်တဲ့အခါ

“ငါ” ဆိုတာ အပယ်ခံအဖြစ်

ပေါက်ဖွားရှင်သန်လာခဲ့ရတယ်...


သွေးထဲမှာ

ငါးဆိုတဲ့ သတ္တဝါတွေ ကူးခတ်

ငါ့ကလီစာ ရေမှော်ပင်တွေကို

ကိုက်ဖြတ်စားသုံးကြရင်းပေါ့...


မိတ်ဆွေ မိုးလာရင်

ငါ့အသားအရည်တွေ စိုပြည်လို့

ရေသောက်မြစ်များ စိမ်လန်းပျော်ရွှင်ကြတယ်..


နေရောင်ပြင်းပြန်ရင်

ငါ့ခန္ဓာကိုယ်ခြောက်ခမ်း

အသက်ငွေ့ငွေ့ကို မောမောပန်းပန်း

မနားတမ်း ရှိုက်သွင်းရတယ်...


ညရောက်ရင်တော့

ငွေလမင်းက ငါ့ပါးပြင်ကို

ဆွဲငင်ရှိုက်နမ်း အသစ်တဖန်

လန်းဆန်းရပြန်တယ်...


သို့....

အသင်လူသားများ

ငါ့အသွေးတွေကို

သောက်သုံးကြပါ...

သင်တို့ ချိုးငင်ကြပါ....

အားလုံးအတွက်

နောက်ဆုံးထွက်သက်အထိ

ထာဝစဉ် ပေးဆပ်ချင်တဲ့ငါဟာ

“----------” တစ်ခုသာဖြစ်တယ်...

Friday, November 16, 2007

မြို့သစ်ခေါ်သံ

မြို့လယ်ခေါင်မှာ ရှေးဟောင်းကားဘီးရာတွေနဲ့

ပတ်ကြားအက်နေသော လမ်းမများ

အညှိတက်နေသော မှောင်ပိန်းပိန်းမီးဂျစ်ပုံးနောက်က

ပုပ်အဲ့ဟောင်နံနေသော လမ်းကြားများ

ဒါ ၅၄သန်းရဲ့ စာမျက်နှာတစ်ခုဖြစ်တယ်။


ခိုနားရာမဲ့ ခိုတွေရယ်

ဘတ်စ်ကား မီးခိုးလုံး ညနေခင်းတွေရယ်

အမှိုက်ကောက် ဗိုက်ပူနံကားလေးများရယ်

ထမင်းရည်မဝသော မွေးကင်းစတွေရယ်

ဖယောင်းတိုင်ပျပျထဲက ကျောင်းသားငယ် စာအံသံတွေရယ်

ဒါတွေက မြို့တော်ရဲ့ ကြားနေကျ မြင်နေကျ

ရီနေဆန်မဟုတ်သော ဆင်ခြေဖုံးပြဇာတ်တစ်ပုဒ်လည်း ဖြစ်ရဲ့...


အလို....

ဘုန်းကြီးကျောင်းက “အုန်းမောင်း”ခေါက်သံလား

အလိုတော်ရိတွေရဲ့ “တောက်”ခေါက်သံလား

ညကဗျာလည်း သွေးသံရဲလို့

သက်ကြီးခေါင်းချချိန်မှာ ခြောက်ချားစွာနဲ့

ပုန်းအောင်းနေကြရသော ညများစွာလည်းရှိရဲ့...


အဲဒီမြို့တော်ပါပဲ

လူရည်ချွန်ကြီးတွေ

အင်ဂျင်နီယာကြီးတွေ

ထိပ်တန်းပါရဂူတွေ

အကျော်အမော်အနုပညာရှင်တွေ

ရဲဘော်သုံးကျိပ်လို သတ္တိပြောင်သူတွေ

ဗိုလ်အောင်ဆန်းလို နိုင်ငံ့ခေါင်းဆောင်တွေ

တသီတတန်း မီးရှုးဆောင်ကြဉ်းပေးခဲ့ဘူးတယ်။


တာဝန်တွေပုခုံးပြောင်း

ငါတို့ လူငယ်တွေ ထမ်းဆောင်ရမယ့်အချိန်ရောက်ခဲ့ပေါ့

ကိုယ့်လက်ကိုသွေးရင်း မြို့ဟောင်းကိုပစ်လို့ မြို့သစ်ရဲ့ ခေါ်သံ

ငါ့တို့ရာဇဝင်ကို ဈာန်သွင်း

ရင်ခွင်တံခါးတွေ ဟင်းလင်းဖွင့်ထားကြစို့လား...

Sunday, November 11, 2007

ထွက်ပေါက်ပန်းချီ

စုတ်ချက်တွေက

ဓားသွားအဖြစ်ပြောင်းသွား

အဖြူတလက်လက် ကင်းဗတ်စ်တစ်ချပ်ပေါ်မှာ

ဟောင်းလောင်းပေါက် အလင်းစက်တွေ

မွစာကြဲခဲ့ပြီ...


လမ်းမပေါ်မှာ

ရဲ့ရင့်ရင့်အနီရောင်တွေ

အေးစက်တဲ့သံတိုင်တွေနောက်

ကြောက်ခမန်းလိလိ

လဲလျောင်းခဲ့ကြရပြီ...


လက်ညှိုးတို့ရေ သင်တို့ မကွေးခင်

ဟောင်းလောင်းပေါက် အစာအိမ်တွေရယ်

ကျည်ကာ အင်္ကျီမဝတ်နိုင်သူတွေရယ်

နာကျည်းချက်တွေအတွက်

ဦးနှောက်ကို အလုပ်ပေးကြစမ်းပါ..


ဖန်ဆင်းရှင်သာရှိတယ်ဆိုရင်

သေနတ်တွေကို ရုပ်သိမ်းခိုင်းမိမယ်...

ဓား အချင်းချင်း...

လှံ အချင်းချင်း...

ယောက်ျားပီသခြင်းပဲ ကောင်းတယ်...


ရောင့်ရဲတတ်တဲ့လူမျိုးတို့ရေ..

သင်တို့သွေးတွေ ရဲရဲနီကြောင်းလည်း

ပန်းချီကား တစ်နေရာရာမှာ

ငြိမ်းချမ်းခြင်း ဆိုတဲ့အဓိပ္ပယ်

နားမလည်တဲ့လူတွေအတွက်

မှုန်းချယ်ပြသရဦးမယ်...

Wednesday, August 1, 2007

ဘလော့ခ် (သို့) ရွှက်လွှင့်ခြင်း

ဘလော့ခ် ဆိုတာ ဘဝပင်လယ်လို့ ဆိုကြပါစို့။

စကားလုံးတွေ ရွက်လုပ်ပြီး မိုးကုပ်စက်ဝိုင်းအထိ ကျွန်တော်တို့လွှင့်နေကြတာပေါ့။

လှေပေါ်မှာ ..........

တစ်ချို့ကသတင်းနဲ့ နည်းပညာတွေပါတယ်။

တစ်ချို့က အားမလိုအားမရမှုရယ် စေတနာတွေရယ်ပါတယ်။

တစ်ချို့က ဝံသာနုစိတ်တွေပါတယ်။


တစ်ချို့ရဲ့ ပေါက်ကွဲမှုတွေပါတယ်။

တစ်ချို့ရဲ့ ထွက်ပေါက်တွေပါတယ်။

တစ်ချို့ရဲ့ သီချင်းတွေပါတယ်။


တစ်ချို့သော ကဗျာတွေပါတယ်။

တစ်ချို့သော အထီးကျန်မှုတွေပါတယ်။

တစ်ချို့သော ဘဝအမောပြေစရာတွေပါတယ်။


ကိုယ့်ရိက္ခာကိုယ်သယ်ပြီး လွှင့်နေကြတာပေါ့။


တစ်ခါတစ်ရံ…..

ဒေါသကို တက်လုပ်တဲ့အခါ

မောဟကို တက်လုပ်တဲ့အခါ

လောဘကို တက်လုပ်တဲ့အခါ

အတ္တကို တက်လုပ်တဲ့အခါ

မာနကို တက်လုပ်တဲ့အခါ

လှေငယ်လူးလွန့်ပြီး....

ကျွန်တော်တို့ပင်လယ် လှိုင်းထန်၊ မုန်တိုင်းဆန်နေတတ်တယ်။

အခန့်မသင့်လို့ တစ်ချို့လှေချင်းတိုက်မိ ခိုက်မိကြတယ်။

မုန်တိုင်းပြီးရင် လေနုအေးသုတ်စမြဲမို့

လှေအပေါက်ကိုဖာ၊ ပြဲတာကိုချုပ်ပြီး ဆက်လွှင့်ကြတာပေါ့။

အားလုံးမှန်နေရင်လည်း မှားနေတော့မှာပေါ့။


ကျွန်တော့်လှေကတော့.....

ခဏတဖြုတ်ကျောက်ချပြီး သဘာဝပတ်ဝန်းကျင် အလှအပရှာတဲ့အခါ ရှာတယ်။

ဝမ်းတထွာ သမုဒ္ဒရာမှာ ရေငုပ်ပြီး သန္တာကျောက်တန်းပေါ်မှာ တက်အိပ်တဲ့အခါ အိပ်တယ်။

ရေစီးကြောင်းကိုဆန် လေနီကို ခွဲထွက်ပြီး ရွက်လွှင့်တဲ့အခါ လွှင့်တယ်။

လှေပေါ်မှာပဲ ဂစ်တာတလက်ရယ် ရင်ဘတ်တစ်ခုရယ်နဲ့ သံစဉ်ရှာတယ်။

လှိုင်းနဲ့မဟုတ်ဘဲ ယမကာနဲ့ဒေါင်ချာစိုင်းတယ်။

နောက်ကျတတ်တဲ့အကျင့်၊ ဂရုမထားတဲ့အကျင့်ကြောင့် ခဏဏသုညကိုက်တယ်။


သေချာတာက ပြိုင်ပွဲဝင်နေကြတာမဟုတ်ဘူး။

နိုင်တာ၊ရှုံးတာကို ဘေးချိတ်၊

သူမပြောသလို....

အဖိနှိပ်ကင်းလွတ်တဲ့စိတ်၊

အကြောက်တရားကင်းတဲ့စိတ်၊

လွတ်လပ်တဲ့စိတ်၊

အချင်းချင်းကူညီဖေးမရင်း ဆရာ မလုပ်တဲ့ ဗမာစိတ်နဲ့

ဆက်လွှင့်လိုက်ကြရအောင်လေ…..

အားလုံးရဲ့ပန်းတိုင် မရောက်မချင်းပေါ့။

Monday, July 30, 2007

အမြဲစိမ်းတော၌ ပူဇော်ခြင်း

ဟိုးဝေးဝေးမှာ

မီးပုံဖွဲ့လို့ သူတို့ပျော်နေကြလေရဲ့

အတ္တကို ချကျွေးဖို့ပြင်ဆင်နေလိုက်တာများ

စားဖိုမှုးရှုံးတယ်။


ယဇ်တိုင်မှာလွှင့်ထားတာက အလံနီ

သေချာကြည့်တော့….

ငါ သေချာကြည့်လိုက်တော့…

အော်….


လိပ်ပြာ

နွမ်းချိန်ရောက်နေပြီ

သူတို့ပျော်လို့ကောင်းတုန်း

သံရည်ပူတွေသောက်ပြီး

ကခုန်ကြ…ပျော်မြူးကြ…

သဘက်ဆိုင်းသံတွေ ဘဝဂ်လျှံလို့ပေါ့။


လက်ခမောင်းခတ်နေတဲ့ကောင်တွေ

ဒါ……တောကြောင်တဲ့လား

ငါမြင်တာက လူသားစားတဲ့လူ

ကြည့်…….ပါးစပ်မှာ သွေးစွန်းနေတယ်…

တောမီးလည်း ဒီကောင်တွေလက်ချက်ပဲ။


မီးဖိုပေါ်ကအိုးထဲမှာ လူတွေ…လူတွေ

တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်…….

တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း…….

တစ်သန်း၊ နှစ်သန်း၊ သုံးသန်း……

အား


ဟိုမှာ….နတ်ဆရာ… တောင်ဝှေးတစ်ချောင်းနဲ့

မြေပေါ်ကိုခေါက်လိုက်

ကောင်းကင်ပေါ်ကိုညွှန်းလိုက်နဲ့

ပါးစပ်က တတွတ်တွတ်ရွတ်တဲ့ဂါထာက

အရွယ်ရောက်ပြီးသားမိန်းကလေးတွေကို

ကိန်းဂဏန်းတွေနောက်ကိုလိုက်ခိုင်း ပြီးမှ….

အမှောင်ထဲပို့ ကျားတိုက်ပြီး သတ်စေ

ဒါပေမယ့်…

သူ့အမျိုးတွေ မပါစေနဲ့တဲ့….


ဟိုး…….ပုလ္လင်ထက်က မိန့်မိန့်ကြီးနဲ့ဘုရင်

သူရဲ့….

သစ်ရွက်ဝတ်ရုံက စိမ်း

စိတ်ဓာတ်က သူစိမ်း

စားတော့လည်း အစိမ်း

အမြဲစိမ်းတောရဲ့ လူသားကောင်တွေ

ယဇ်ပူဇော်ခံတာကိုကြည့်ရင်း

သရေစိမ်းတွေကျ

အစိမ်းရောင် မိဖုရားတွေကသုတ်ပေးလို့

စိမ်းကားနေလိုက်ကြတာ

အမြဲစိမ်းတောကြီးရဲ့ ပူဇော်ခြင်းနံပါတ်(၁)တဲ့။

Monday, July 16, 2007

ရင်နှင့်သာရင်း

အမျိုးသားတို့ နိုးကြားစို့

ကြိုးစားဖို့ အချိန်ရောက်ပြီ

မြန်မာကို ကမ္ဘာသိစေဖို့

တစ်မျိုးသားလုံး ညီဖို့လိုပြီ။


ရိုးဂုဏ်အင် မလျှော့ဇွဲတွေနှင့်

အမျိုးဂုဏ်ရှိန်

အစဉ်တင့်အောင်သာပ

ရင်နှင့်သာရင်း။ ။


အာဇာနည်နေ့ အထိမ်းအမှတ်

Wednesday, March 7, 2007

နွေဦး

နွေဦးပေမို့
လေရူးတွေလည်းမြူးလေပြီ..

နေစူးသည်မို့
ထန်းရည်ဘူးကိုသာ တွင်တွင်မော့ရတယ်
ငတ်လို့မကုန်

ပုရစ်ဖူးဝေလို့
အချစ်ဦးကိုသာ မျှော်ကာပြိုင်းရတယ်
ဒေါင်ချာကစိုင်း။ ။