အလုပ်မလျှောက်ပဲ ကဗျာချည်းပဲရေးချင်တဲ့ကောင်
နည်းတောင်နည်းသေးတယ်တဲ့…
တက်ကျမ်းတစ်အုပ်က ပြောတယ်..
အမေရယ်..
ကျွန်တော် အတ္တကြီးတာမဟုတ်ရပါ
စက်ရုပ်တွေကို စက်ဆုပ်
ကျုပ်လက်တစ်ဆုပ်စာ အနုပညာကိုပဲ
ထာဝရ ဘုရားသခင်ထင်လို့ပါ…
ငွေနံ့နံနေတဲ့ လေထုထဲမှာ
လူတန်းစား ခွဲခြားတတ်သူတွေ
အတွင်းကျိတ်ပြိုင်ဆိုင်လိုခြင်းတွေ
ထောင်းလမောင်းထလို့နေလေရဲ့..
ရှုးတိုးတိုး
သူတို့တွေ
ကပွဲ ကျင်းပနေလေရဲ့…
ကျုပ်တို့ကတော့
ချွေးတစ်လုံးလုံးနဲ့
ဦးနှောက်နဲ့ လုပ်အားထိုးကျွေးလို့ကောင်းတုန်း..
ခင်ဗျား..ဘယ်လောက်ပဲစာနာပါတယ်ပြောပြော
အဝေးရောက်နေတဲ့ လူတစ်ယောက်ရယ်
အိမ်ပြန်စရာမရှိတော့တဲ့ ကလေးငယ်တွေရယ်
သားပျောက်ခဲ့တဲ့ အမေအိုတွေလောက်
သောကပင်လယ်မဝေဘူး…
ခင်ဗျား…ဘယ်လောက်ပဲစာနာပါတယ်ပြောပြော
မျက်လုံးတွေဖွင့်ကြည့်
အပူသည်ရုပ်နဲ့ လူလုံးမလှတဲ့လူတွေ
ဖုန်တွေကြားထဲမှာ တနပ်စာအတွက်
ရုန်းကန်နေကြတယ်
နားတွေစွင့်ကြည့်
မြေကြီးထဲက အော်သံတွေ
ဘဝဂ်လျှံနေတယ်
ရင်ဘတ်တွေဖွင့်ကြည့်
အလင်းမီးတောက်တစ်ပွင့်ကို
ဖျတ်ကနဲမြင်လိုက်ရလိမ့်မယ်..
ကဲ..ကဲ
အိပ်ချင်ယောင်ဆောင်နေလည်း
အိပ်လို့ရအောင်ဆက်အိပ်လိုက်ပါဗျာ
ကျုပ်ကတော့ ကဗျာတစ်ပုဒ်
ရေးလိုက်ဦးမယ်…
ဒီကဗျာလေး ကြိုက်တယ်ဟေ့ ။ ခံစားလို့ရတယ် ။ အပီအပြင်ပဲ ။
ReplyDeleteဆက်အိပ်လိုက်ဦးမယ်..။
ReplyDeleteစာနာပေမယ့်လည်း ကိုယ့်ကိုယ်ကိုတောင် မကယ်နိုင်တဲ့ ဘ၀ အိပ်ချင်ယောင်ဆောင်နေလိုက်တာ အေးပါတယ်..။