Wednesday, December 16, 2009

ဟတ်ချီး

Material လောကကြီးမှာ
တရက်ပြီးတရက် ငါဟာမောလာပြီ…
ဖျက်ဆီးခဲ့တဲ့ အိပ်မက်တွေ
မပြတ်ခရီးဆက်နေဆဲ
ငါ့မှာ ဓာတ်မီးတစ်လက်လည်းမပါ

အထက်စီးဆန်တဲ့ စကားလုံးတွေ
ဘဝဂ်မီးလျှံတဲ့ အခိုးအငွေ့တွေ
ရမ္မက်ဖီးလ်ထန်စေတဲ့ အထိအတွေ့
ဘာတွေပဲဖြစ်ဖြစ် တစ်နေ့တော့
ငါတို့အားလုံး လက်ချည်းပြန်ရမှာပဲ..

ထပ်မညည်းချင်ပြန်နဲ့ ဒီဒုက္ခကပ်ဆိုးတွေအကြောင်း
လက်ခ်ျမီးနတ်သမီးလည်း မကယ်နိုင်ဘူး
ဓာတ်ကြီးလေးပါးနဲ့ တည်ဆောက်ထားမှတော့
ကိုယ့်ဘာသာကို ဝက်ထီးကန်မှာ ဆက်ပြီး ခံ, စံ
ငါသိတယ်..လူတွေက ခွက်ကြီးလန်အောင် ဝိုင်းရယ်ကြဦးမှာ

လက်သီးချက်တွေများတဲ့ မနက်ဖြန်မှာ
ငါဟာလက်ဝှေ့အိတ်လို ဖက်တီးဟန်ဖြစ်လာ
မပျက်စီးပဲကျန်တာဆိုလို့
ဖြစ်, ပျက် ခြင်းပဲရှိတယ်… အဲဒီတော့ ထပ်သရီး ဆိုပြီး ထပ်ပြီး မမဲ့နဲ့
ပြောရင်းနဲ့တောင် ချေချင်လာပြီ
ဟတ်ချီး…ဟတ်ချီး…

Saturday, December 12, 2009

မှတ်တမ်း

အခုတော့
ဇာတ်လမ်းက မသန်းဖြစ်
ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက်
မိန်းမတွေအကြောင်း မခန့်မှန်းတတ်ခဲ့လို့
ဖက်ကြမ်းတစ်လိပ်နဲ့ပဲ စခန်းသွား

တစ်ခါက
အကွက်ဆန်းထွင်ပြီး
ဓာတ်ကြမ်းတိုက်ကာ
ဖက်နမ်းလိုက်တော့လည်း
ရှက်ရမ်းပြီးပြန်ဝဲလာတဲ့
လက်တစ်ခြမ်းစာသာ ရခဲ့

ငါ့ဘဝက ဗွက်လမ်းထဲက
နတ်နန်းက နင်ဆက်မလှမ်းသင့်တော့ဘူး
ငါသိတယ် ခန့်မှန်းခြေသုည
ထွက်လမ်းမရှိတော့ဘူး
လက်တစ်ကမ်းအပစ် အလိုမှာ
ငါတို့နှစ်ယောက်ရဲ့ မျက်ကန်းအချစ်တွေကို
ရပ်တန်းက ရပ်သင့်နေပြီ
ထပ်မစမ်းသင့်တော့ဘူး

အဲဒီနေ့က ငါ့ရင်ဘတ်ကို
နင့်စကားလုံးတွေက ဘက်ခမ်းကစ် ကစ်သွားသေးတယ်
ဘာတွေပဲဖြစ်ဖြစ် ငါတို့နှစ်ယောက်အချစ်ကို
မှတ်တမ်းအဖြစ်နဲ့ ငါ့နှလုံးသားရဲ့ စက်ခန်းအသစ်ထဲမှာ
ထာဝရသိမ်းထားလိုက်တော့မယ်…

Sunday, October 25, 2009

ပြဿဒါးမကင်းတဲ့ဝိညာဉ်

အဲဒီလူဟာ
အိပ်မက်ထဲမှာတောင် ခဏခဏသေတယ်

ရှင်သန်နေစဉ်မှာလည်း
တိုးတိုးဖော် တစ်ယောက်မှမရှိ

မှန်ထဲကြည့်လိုက်ပြန်ရင်လည်း
ဘာဆိုဘာမှမမြင်ရ
သူ့အတွက် မှန်တိုင်းက ပြဒါးပြယ်နေသတဲ့

သူလည်းလူပဲလေ
ညနေခင်းတွေမှာ ချစ်သူကိုတွဲပြီး
လမ်းလျှောက်ထွက်ချင်သတဲ့
ဒါပေမယ့် သေသာသွားတယ်
အဲဒီကိစ္စက သူ့အတွက်
ညတိုင်းမက်ရတဲ့ တစ်ထောင့်တစ်ည အိပ်မက်

သူဟာ နားရွက်တွေကိုနှစ်သက်တယ်
လူတွေနဲ့ အနီးဆုံးနေပြီး
လူတွေက သိပ်စိတ်မဝင်စားတဲ့အရာ
ဒါပေမယ့် သူ့ချစ်သူအတွက်တော့
သူက ဗင်ဂိုးရဲ့နားရွက်တစ်ဖက်
ကျွန်တော်အဲဒီလိုရေးမယ်လို့ ခင်ဗျားကြိုသိရင်သိနိုင်တယ်..

အဲဒီလူက လူကိုတော့စားချင်ရာစားခိုင်းပြီး
စိတ်ကိုတော့ ဝိတ်မခိုင်းတတ်တယ်…
အဲလိုလူစားမျိုး…
ဟိုလိုမျိုး..ဒီလိုမျိုး…

သူ့ကဗျာတွေကလည်း
ခပ်ညံ့ညံ့အချစ်ဝတ္ထုထဲက စကားလုံးထက်မပိုတဲ့သူ
အဲဒီလို စွဲချက်တင်ခံရတဲ့နေ့မှာတင်
အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရသတဲ့လေ…
ကျုပ်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး
ကောင်းရာသုဂတိလားပါစေသား…

Sunday, October 11, 2009

ခရီးသည်

ဖွင့်ထားတဲ့ပြတင်းပေါက်က
ငါ့စိတ်တွေ ရွှက်လွှင့်ထွက်ခွာသွားရင်း
စန့်စန့်ကြီးလှဲလျောင်းနေတဲ့ ကောင်းကင်တောက်လျှောက်
ကဗျာတစ်ပုဒ် တီးတိုးရွတ်ဆိုရင်း
ကဗျာတစ်ပုဒ် နဲ့အတူ ရထားတစ်စီးတည်းစီးရင်း
ကဗျာတစ်ပုဒ် နဲ့အတူ ငှက်ပစ်ထွက်ရင်း
ကဗျာတစ်ပုဒ် နဲ့အတူ ဖိုမဆက်ဆံရင်း
ကဗျာတစ်ပုဒ် နဲ့အတူ ရေငုပ်ရင်း
ကဗျာတစ်ပုဒ် နဲ့အတူ နေပူဆာလှုံရင်း

မျက်စိဖွင့်ကြည့်မိတော့မှ
မွဲခြောက်ခြောက် နံရံတွေကြားမှာ..

Thursday, September 3, 2009

မှန်ကြည့်ခြင်း

မှန်မကြည့်ဖြစ်တာဘယ်လောက်ကြာပြီမသိ။ ရုတ်တရက် မှန်ထဲကိုသေချာကြည့်လိုက်မိတယ်။ ကျွန်တော်ဟာ ကျွန်တော်မဟုတ်သလို ခံစားလိုက်ရ။ ကျွန်တော့်ပုံစံနဲ့ ချွတ်စွပ်မတူသူတစ်ယောက်က စိမ်းစိမ်းစိုက်ကြည့်နေသလိုမျိုး။ သေချာပြန်ကြည့်လိုက်တော့လည်း ကျွန်တော်မှ ကျွန်တော်အစစ်။ ဝှုး…လေပူတစ်ချက်မှုတ်ထုတ်လိုက်တော့ မှန်ထဲက ကိုယ်တော်ကလည်း ကျွန်တော်လုပ်သလို လိုက်လုပ်ပြန်တယ်။ အင်းဘာမှားနေသလဲ။ ကိုယ့်ခန္ဓာကိုယ် ကို သေချာပြန်ကြည့်မိတော့မှ အရင်က ကျွန်တော်ထက် ဗိုက်ကပူနေတယ်(ဘီယာချတာများလို့)။ မျက်လုံးထောင့်မှာလည်း အရေးကြောင်းတစ်ချို့က ပီပြင်ထင်ရှားလာ။ ကိုယ်လက်လှုပ်ရှားခြင်းသိပ်မရှိတော့ အဆီပိုတွေက နေရာတစ်ချို့မှာ ပြန့်ကျဲ။ နှုတ်ခမ်းမွေးက ကျိုးတို့ကျဲတဲ။ မုတ်ဆိတ်မွှေးနှစ်ပင်တောင်ရှည်နေပြီ။ ရိတ်ဦးမှ။ အအိပ်ပျက်တော့ ဝက်ခြံကတစ်လုံးစ နှစ်လုံးစ။ ဆံပင်တွေကလည်း ဂုတ်ထောက်။ ဒါပေမယ့် ထိပ်က ဆံပင်တွေပါးချင်နေပြီ။ နဖူးကြောတစ်ချို့သိသိသာသာ ရှုံ့တွလာ။ အရင်ကနဲ့တူတာဆိုလို့ ဒူးခေါင်းက အမာရွတ် ချုပ်ရိုးရှည်နဲ့ မျက်လုံးစစ်စစ်နှစ်လုံးကိုပဲရှာဖွေ့တွေ့လိုက်ရ။ တော်သေးတယ်။ ခုမှသက်ပြင်းချလိုက်မိ။
မှန်ထဲက ငါမှငါစစ်စစ်…

Monday, August 31, 2009

တနင်္ဂနွေမနက်ခင်း

ကိုယ့်အခန်းထဲကိုယ်နေရင်းက
ငါဟာ တာဝေးအပြေးသမားတစ်ယောက်လို
နံရံတွေပြောတဲ့စကားသံတွေ
နားနဲ့ဆတ်ဆတ်ကြားရမယ်မထင်ဘူး…

စာမေးပွဲမေးခွန်းက
အချစ်ဆိုတာ
ခဲသတ္တုခွံလေးထဲက
ရာဘာပစ္စည်းလေးတစ်ခုမဟုတ်ကြောင်း
အထောက်အထားနဲ့ သက်သေပြပါတဲ့

ရာသီဥတုသာယာပါတယ်
နာမ်ထဲမှာ မုန်တိုင်းကျနေတာတစ်ခုပဲ

ဘဝဆိုတာ
စိတ်ကြိုက်ခေါ်ပြီး
ဖြည်းဖြည်းချင်းပွတ်ကြည့်
နောက်ဆုံး
“ဗြန်း” ကနဲ ရိုက်ချလိုက်ကာမှ
ဗလာဖဲတစ်ချပ်ဖြစ်နေတတ်တယ်
အဲဒီလိုလည်း သင်အံတတ်မြောက်ခဲ့

မီးစိမ်းအပြ
လေအဝှေ့
ခိုတစ်ကောင် တောင်ပံအခတ်မှာ
သစ်ရွက်တွေ လွင့်သွားကြ
စကပ်အနားကဇာဖြူတစ်စ လွင့်သွား
လူတွေပြိုဆင်းသွားကြတယ်
မီးစိမ်းနေပြီ….

ဘောလ်ပင်တွေ
ဘောလ်ပင်တွေ
တစ်ချောင်းချင်းစမ်းပေမယ့်
ဘယ်ဘောလ်ပင်မှ
မင် မထွက်လာခဲ့ဘူး…
ကောင်မလေးတွေဟာ ဘောလ်ပင်တွေဟုတ်ပါသလား?

အေးအေးဆေးဆေးပါပဲ
ပြည့်တန်ဆာတန်းမှာ
မနက်စောစော လမ်းလျှောက်ထွက်ရတဲ့အခါ
ညကအစွမ်းကုန် ကပြအသုံးတော်ခံထားတဲ့
ပြဇာတ်ရုံတစ်ခုလို
ဈေးပေါင်ကျိုးတစ်ချို့နဲ့
အမှိုက်သရိုက်တစ်ချို့ကလွဲရင်
ခင်ဗျားကိုဘယ်သူမှဆွဲမှာမဟုတ်ပါဘူး…
အေးအေးလူလူပါပဲ

ဟော..ဟိုမှာ
မိုးဖွားတွေကျလာပြီ
ကော်ဖီရောင် ကော်ဖီတစ်ခွက်ကိုသောက်
စက်ရုပ်လူအုပ်ထဲဝင်ပြီး
မိုးမရွာခင်…နေမပူခင်…မိုးမချုပ်ခင်
ခပ်သုတ်သုတ် လျှောက်ရဦးမယ်လေ…

Saturday, August 29, 2009

ဗီလိန်တွေနေတဲ့ရွာ

ဟိုး…ရှေးရှေးမနီးမဝေးလောက်တုန်းက ရွာတစ်ရွာလုံးက လူဆိုးတွေပဲနေကြသတဲ့။ သူတို့ကလူဆိုးဆိုတော့ ရိုင်းစိုင်းတယ်၊ ရက်စက်တတ်တယ်။ဲဒါပေမယ့် ကောက်ကျစ်တဲ့အလုပ်ကိုတော့ သူတို့ကိုယ်တိုင် ရွံရှာသတဲ့။ အဲဒီရွာကိုအများက……….အဲလိုသမုတ်ကြတယ်.။

အိမ်နံပါတ်(၁)

ဒေါက်…ဒေါက်…ဒေါက်…

မြေခွေး။ ။ ဘယ်သူလဲဟေ့…(အိမ်ထဲမှနေ၍)

ဧည့်သည်။ ။ ကျွန်တော် ဝက်သုံးကောင်ပုံပြင်ထဲက အငယ်ဆုံးဝက်ကလေးပါဗျာ…

မြေခွေး။ ။ ဟာ..မင်းဘာလာလုပ်ပြန်တာလဲ..မင်းနောက်ကိုငါ မလိုက်ဖြစ်တာကြာပြီ..မင်းအသားကိုလည်း ငါစားချင်စိတ်မရှိတော့ဘူး…စားရတာနည်းနည်ဲး..ငါ့ကိုလူမုန်းတာကများများ…သွား..သွား..
သွား…

ဝက်ငယ်။ ။ ဟာဗျာ..ခင်ဗျားက ကျွန်တော့်ကို ကောက်ကျစ်ပြီးဖျားယောင်း..ပြီးတော့ မှ သတ်စား ဒါမှ ပုံပြင်ထဲက အတိုင်းဖြစ်မှာလေဗျာ..လုပ်ပါ..ကျုပ်ကို လူတွေသနားလာအောင်လို့..

မြေခွေး။ ။ ဒီကောင်ကတော့..ငါ့ဟာငါ သတ်သတ်လွတ်သာစားမယ်ဟေ့..မင်းလိုကောင်မျိုး လက်ဖျားနဲ့တောင်မတို့ဘူး…ကြွမှာသာ မြန်မြန်ကြွ

ဝက်ငယ်။ ။ လုပ်ပါဗျာ…ရေလေးတစ်ခွက်လောက်တော့ တိုက်ပါ..အထဲဝင်ပါရစေ…

မြေခွေး။ ။ ဟာ..ပြောလေဆိုးလေ..မန်းလေပြဲလေ ကောင်ပါလား..ငါ ဖုန်းဆက်ပြီး ဦးဇီးကွက်ကိုခေါ်လိုက်ရမလား..

ဝက်ငယ်။ ။ခင်ဗျားက မြေခွေးငကြောက်ကြီးပဲ… ပြောပြောဆိုဆို ဝက်က ခြံတံခါးကို ဆောင့်ကန်ကာ ထွက်သွားလေသည်။

မြေခွေး။ ။ မင်းကြောက်တယ်လို့ထင်ခံရတာ အရေးမကြီးဘူး…အလကားနေရင်းငါ့မှာ ရာဇဝင်ထဲမှာ လူမုန်းများရတယ်…မင်းလိုဝက်မျိုး ဖျားယောင်းစရာတောင်မလိုဘူး..မြေခွေး သိက္ခာကျတယ်… လမ်းမှာတွေ့ ဘယ်သူမှမသိခင် ကွိခနဲ နေအောင်စားလိုက်လို့ရတယ်..ကွ…
အိမ်ထဲမှနေ၍ ကြုံးဝါးပြောလိုက်လေသည်။


အိမ်နံပါတ် (၂)

ဒေါက်…ဒေါက်…ဒေါက်…

ဦးအံ့ကျော်။ ။ ဘယ်သူလဲဟေ့…

ဧည့်သည်။ ။ ကျွန်တော် ရှုတင်မန်နေဂျာပါဗျာ…အစ်ကိုကြီးအလုပ်မဆင်းလို့ လိုက်လာခေါ်တာပါ…

ဦးအံ့ကျော်။ ။ သြော်…လာလာ…ဝင်ကွာ ထိုင်..ဘာသောက်ဦးမလဲ…

မန်နေဂျာ။ ။ မသောက်တော့ပါဘူးဗျာ..အစ်ကို ကို့ ဒါရိုက်တာက အခေါ်တော်လွှတ်လိုက်လို့..နောက်တစ်ကားအတွက်…

ဦးအံ့ကျော်။ ။ သြော်…ဘယ်လိုဇာတ်မျိုးလဲကွ…ထုံးစံအတိုင်းပဲလား…

မန်နေဂျာ။ ။ ထုံးစံအတိုင်းပေါ့ အစ်ကိုကြီးရာ..အစ်ကိုကြီး အက်ရှင်အတိုင်း အပီအပြင် သရုပ်ဆောင်ရမယ့်အခန်းတွေကြီးပဲ…ကြမ်းရမယ်..ရမ်းရမယ်…မိုက်ရမယ်..ဖိုက်ရမယ်…
ဆွဲရမယ်..ရဲရမယ်…

ဦးအံ့ကျော်။ ။ အော်..အင်း..ဒါဆိုလည်း ငါမလိုက်နိုင်တော့ဘူးလို့ မင်းတို့ဆရာသမားကို ပြောလိုက်ပါကွာ။ အသက်အရွယ်ရလာတော့ ပုတီးစိပ် တရားထိုင် ငါလည်းကုသိုလ်ဘာဝနာပွားများချင်လို့…ဒီနေ့တောင် ဥပုသ်စောင့်နေတာကွ…

မန်နေဂျာ။ ။ ခင်ဗျာ..ဒါဆို တစ်ခြား အစားထိုးဖို့ လူကြမ်းတွေရော…သူတို့မှမရှိရင်တော့ ဘယ်သူမှ အဲဒီနေရာမှာ သရုပ်ဆောင်ရဲမှာ မဟုတ်ဘူးဗျ….

ဦးအံ့ကျော်။ ။ အော်..သူတို့လဲ..ချွေးနှဲစာလေးတွေစုပြီး ဒီနေ့ပဲ ရွာဦးဘုန်းကြီးကျောင်းမှာ ဘုံကထိန်လုပ်တယ်…ဒါနလေးမြောက်သွားအောင် မင်းလဲ သွားစားလိုက်ပါဦး…

မန်နေဂျာ။ ။ (ခေါင်းကလေးကုတ်၍) …အော်..ဟုတ်ကဲ့..ကျွန်တော် မသွားတော့ပါဘူး..လက်ဖက်ခြောက်ယူပြီးပဲ ပြန်တော့မယ်..ဒါမှ ဒါရိုက်တာကြီးဆူရင် တန်းခပ်လို့ရအောင်....ပြောပြောဆိုဆို မန်နေဂျာတစ်ယောက် ဒီနေ့အလုပ်မဖြစ်ပေဘူးဆိုသည့် မျက်နှာငယ်လေးနဲ့ ပြန်သွားပါသည်။

အိမ်နံပါတ် (၃)

ဒေါက်…ဒေါက်…ဒေါက်….

အိမ်ရှင်။ ။ ဘယ်သူလဲဟေ့…ဘေးကပတ်ပြီး အိမ်နောက်ဖေးကိုလာခဲ့…

ဧည့်သည်။ ။ ဟား…ကိုရွှေယုန်က ဘာတွေလုပ်နေတာတုန်းဗျ…ပြောပြောဆိုဆို အိပဲ့အိပဲ့ ကိုယ်ခန္ဓာနှင့် ဖိုးရွှေလိပ်က အိမ်နောက်ဖေးဘက်ရောက်သွာသည်။

ရွှေယုန်။ ။ ရွှေယုန် ဘာမှမလုပ်ပါဘူးကွာ…ရွာပတ် အပြေးလေ့ကျင့်ပြီး အိမ်နားမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေတာ…

ရွှေလိပ်။ ။ အတော်ပဲဗျာ..ကျွန်တော်လည်း အဲဒီကိစ္စလာတာ…ခင်ဗျားနဲ့ကျွန်တော့် အပြေးပြိုင်ပွဲ နောက်အပတ်မှာ ထပ်နွှဲလိုက်ရအောင်….

ရွှေယုန်။ ။ တော်ပါပြီကွာ…မင်းက လိပ်သူတော်လုပ်၊ ငါ့ကို နိုင်ချင်ယောင်ဆောင်၊ ငါက ဟန်ဆောင်အရှုံးပေး… အဲဒါအလုပ်ကောင်းတာ အခု ငါ့အမျိုးတွေက ငါ့ကို သတ်ချင်နေကြပြီ…
ငါတို့ ယုန်မျိုးမှာ လိပ်ကိုရှုံးတဲ့ကောင် မရှိဘူးတဲ့…ဒီကြားထဲလူတွေကပါ ငါတို့အမျိုးကို ငပျင်းတွေလို့ထင်ကုန်ကြပြီ။ အဲဒါ..မင်းလုပ်တာ…

ရွှေလိပ်။ ။ အေးပါကွာ…ဒီတစ်ခါ ငါကြိုက်တဲ့လိပ်မလေးက မင်းကို ငါနိုင်အောင်ပြေးနိုင်ပြီဆိုရင် လက်ထပ်မယ်တဲ့…ကူညီပါသူငယ်ချင်းရာ..ပထမတစ်ခါတည်းက ရည်းစားဖြစ်သွားပြီပဲဟာ…လုပ်ပါ…

ရွှေယုန်။ ။ တော်ပြီသူငယ်ချင်းရေ…နော်..မင်းကို အကူကောင်းတာ ငါအမွေဖြတ်ခံရတော့မယ်…မဖြစ်ဘူး…

ရွှေလိပ်။ ။လုပ်ပါကွာ..မင်းကလည်း ငယ်ငယ်တည်းက ပေါင်းလာတာ ဘော်ဒါအကန့်ကိုမရှိဘူး… မင်းအတွက် မုန်လာဥနီ ဝမ်းတေဘယ်လ်နဲ့ ကြိုက်တာချကွာ..ငါပြုစုမယ်…ဒီတစ်ခါ ပြိုင်ရင် သိက္ခာရှိအောင် မင်းခြေချော်လဲလို့ ခြေထောက်ခေါက်ပြီး ငါ့ကို ရှုံးသွားဟန်ဆောင်မယ်..ကဲဘယ်လိုလဲ

ရွှေယုန်။ ။ (တချက်စဉ်းစားပြီးမှ…) အေးလေ အဲဒါဆိုလည်းကြည့်ကျက်လုပ်ကြတာပေါ့…ဒီတစ်ခေါက် ငါ့သိက္ခာမကျရင်ပြီးတာပဲ…ကလေးတွေက အစ ငါ့ကိုတွေ့ရင် မခန့်လေးစားနဲ့..အပြေးချန်ပီယံအမျိုးကွ…

ရွှေလိပ်။ ။ အဲလိုလုပ်ပါကွ…..ကဲကဲ..နောက်တစ်ပတ်တွေ့မယ်…
သူ့အခွံကြီးကို မနိုင်တနိုင်မ၍ အိပဲ့အိပဲ့နှင့်ပြန်သွားလေသည်။ ရွှေယုန်ကတော့ လေ့ကျင့်ခန်းလုပ်ရင်း ကျန်ရစ်သည်။

အိမ်နံပါတ် (၄)

ဒေါက်…ဒေါက်…ဒေါက်….

ကုဠေရှစ်ဆယ်သူဠေးသား။ ။ ဘယ်သူလဲကွ….

ဆားတောင်(တုံ)ဆရာတော်။ ။ငါကွ.မင်းအကြောင်းရေးတဲ့သူ…မင်းငါ့ ဖတ်စာအုပ်ထဲက ပျောက်သွားလို့…

သူဠေးသား။ ။ သြော်…အရှင်ဘုရား…တင့်ပါ့ဘုရား တပည့်တော် လူဆိုးလူမိုက်ဘဝနဲ့ ဆက်ပြီးမနေနိုင်တော့လို့ပါ…

ဆားတောင်ဆရာတော်။ ။ ဟ…ဘယ်ဖြစ်မလဲဟ..မင်းလိုလူမျိုးတွေကိုပြပြီးမှ ငါက နောက်လူတွေကိုပညာပေးရမှာလေ။ မင်း ငါ့စာအုပ်ထဲကထွက်ပြေးလို့ဘယ်ရမလဲ။

သူဠေးသား။ ။ ပျက်အစဉ်ပြင်ခဏပါဘုရား…. တပည့်တော်လည်းအမြင်မှန်ရပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားနေပါတယ်။ အဲဒီစာအုပ်ထဲမှာနေပြီး လူတကာ လက်ညှိုးငေါက်ငေါက်ထိုးပြီး တံတွေးပင်လယ်ထဲပက်လက်မမြောချင်တော့လို့ပါ။

ဆားတောင်ဆရာတော်။ ။ အိမ်း…အိမ်း..ဒီလိုဆိုတော့လည်း မင်းကိုယ်တိုင်တောင် အမြင်မှန်ရပြီပဲ။ ငါလည်းရေးရကျိုးနပ်ပါတယ်။ ဒါပေမယ့် နောက်လူတွေအတွက် ဆုံးမဖို့ရာ သူဠေးသားတစ်ယောက်လိုက်ရှာရတော့တာပေါ့ကွာ….


အဲလိုနဲ့ ရွာထဲမှာ နေ့စဉ်နေထိုင်သွားကြ။ သူတို့ရဲ့မျိုးဆက်တွေက သူတို့အလုပ်တွေကိုဆက်လုပ်ကြနဲ့ စည်စည်ကားကားပါပဲ။ သေချာတာကတော့ အဲဒီဗီလိန်ရွာဟာ ကျွန်တော်တို့ တွေရဲ့စိတ်ထဲမှာရှိနေတယ်ဆိုတာပါပဲ။

Wednesday, August 26, 2009

မှောက်ဖဲတစ်ချပ်နှင့် စီးချင်းထိုးကြည့်ခြင်း

တောမီးစလောင်သလို
အသားစိုင်အချင်းချင်း
လှုပ်ခတ်ပွတ်တိုက်ခြင်းကို
တစ်ချို့က အချစ်လို့ခေါ်တယ်

ချစ်တယ်…ချစ်တယ်…
ရေငတ်တဲ့
ကုလားအုတ်မောင်နှံ
အိုအေစစ်ထဲပြုတ်ကျသလို
အော်နေလေရဲ့….
အဲဒီစက္ကန့်တွေမှာပဲ
မျက်လုံးကိုမှိတ်…
အသံတိတ်အော်နေလိုက်ကြပုံများ
ကမ္ဘာပြိုကျမတတ်…
ချစ်တယ်….ချစ်တယ်…

ပလေတိုးနစ် အချစ်
ကာမအချစ်
ဝတ်ကျေတန်းကျေအချစ်
တစ်ပင်လဲ တစ်ပင်ထူအချစ်
တစ်ပင်မလဲ တစ်ပင်ထူအချစ်
သူငယ်ချင်းအချစ်
၂ အချိုး ၁
ဖြစ်ချင်တာဖြစ် မောင်ဘချစ်

တစ်ချို့လဲ မုန်းနေရာက ချစ်သွားသလို
ချစ်နေရာက မုန်းသွားကြ…
ဒါသဘာဝပါပဲ

တစ်ချို့က ကိုက်ဆွဲ
တစ်ချို့က ကုတ်ဖဲ့
တစ်ချို့က ညည်းညူ
တစ်ချို့က အော်ဟစ်
တစ်ချို့က မှေးစင်း
ကမ္ဘာဦးကတည်းက
ရစ်သမ်မိနေတဲ့ သံဝါသမီးတောက်မီးပွင့်များ
လူသားတွေကို ဝါးမြို နေ..ခဲ့…ဆဲ

တောမှီရဟန်းတွေအတွက်အပူ
လူသားတွေအတွက် ဆေးပေးမီးယူ…
ဘုရားသွားကျောင်းတက်
နောက်မျိုးဆက်သစ်အတွက်
အားကိုးရှာရန်အတွက်
အကြောင်းပြချက်တစ်ခုခုအတွက်..

ဒီမှာသူငယ်ချင်း
ခင်ဗျား မြင်မြင်ချင်းချစ် ရိုမန်တစ်လား
Unconditional Love နဲ့
ချစ်သူလက်ကို ပထမဦးဆုံးအကြိမ် ဆုပ်ကိုင်ရင်း
တစ်ဘဝစာ လက်တွဲချင်သူလား
ရေရှည်လား
ရေတိုလား
ရေလတ်လား
အိုင်တွေ့လို့ခြေဆေးတာလား
ခြေဆေးချင်လို့ အိုင်တွေ့တာလား
ရေလာလို့ မြောင်းပေးတာလား
မြောင်းရှိလို့ ရေလာတာလား

ဘာတွေပဲဖြစ်ဖြစ်
ကျုပ်အတွက်ကတော့
တစ်ဦးကို တစ်ဦးချွင်းချက်မရှိ
နားလည်ယုံကြည်ခြင်းနဲ့
အတ္တကင်းမဲ့စွာ
သစ္စာရှိရှိ
မြတ်နိုးနှစ်သက်ရင်း
ဘဝနှစ်ခုထပ်တူပေါင်းစပ်ပြီး
ဘုရားသခင်ရဲ့ တစ်ချပ်မှောက်ထားတဲ့ဖဲတစ်ပွင့်
အတူတူဖွင့်ကြည့်ဖို့အတွက်လို့
မြင်တယ်…..
ခင်ဗျားရော….??

Tuesday, August 18, 2009

ပုတ်သင်ညို



ငယ်စဉ်က စိတ်တွေက
အဖြူရောင်လက်လက်

ဒေါသထွက်တဲ့အခါ
အနီရောင်ရဲရဲ

ကဗျာတွေရွတ်တဲ့အခါ
လိမ္မော်ရောင်ထူထူ

အတိတ်တွေကို တူးဖော်ကြည့်တော့
အဝါရောင်လွင်လွင်

အသည်းကွဲလိုက်တိုင်းမှာ
အစိမ်းရောင်ရင့်ရင့်

နှုတ်ခမ်းထက်က အနမ်းဟာ
အပြာရောင်လဲ့လဲ့

ဘာသာတရားဟာ
ခရမ်းရောင်ပါးပါး

နောက်ဆုံး စီရင်ချက်ချခံလိုက်ရတော့
အနက်ရောင်မှိုင်းမှိုင်း

ငါဟာ လူရိုင်းတစ်ယောက်သာ...

လက်ဆောင်

ဟိုးရှေးရှေးတုန်းက ကျွန်တော်ပေးခဲ့ဖူးသော လက်ဆောင်တစ်ခု...အမှတ်တရ ဘလောခ့်မှာ သိမ်းထားချင်လို့ပါ...ဗွေမယူလောက်ပါဘူးနော်..

(၁)

လူတွေက မျှော်လင့်ချက်အတွက် ခရီးဆက်တယ်
ဒါပေမယ့် ငါ့အတွက်ဒီခရီးက မျှော်လင့်ခြင်းကမ်းဆုံးပဲ….


ဒီလိုနဲ့ပဲ တစ်ဘဝစာ မျှော်လင့်ခြင်းတွေပိုက်ပြီး ကျွန်တော်လေဆိပ်ထဲဆိုက်ကပ်ခဲ့တယ်။ သူမရဲ့ သာယာလေးနက်တဲ့ အသံရယ်၊ လျှို့ဝှက်မှုတွေရယ်၊ ဝိုးတဝါးနဲ့သူမပုံရိပ်တွေကတော့ ဦးနှောက်ထဲမှာ အလွတ်ရနေပြီ။ အဲဒီဓာတ်ပုံကိုင်ပြီးပဲ ကျွန်တော် ကျီးကန်းတောင်းမှောက်ခဲ့ပါတယ်။ အလင်းချိုးတဲ့တစ်ထောင့်မှာတော့ ကျွန်တော့်နတ်သမီး ကျက်သရေရှိတဲ့ဝတ်စုံနဲ့။ ကျွန်တော့်နှလုံးသားတွေကျိန်းသွားတယ်…. ဘေးမှာလည်းအစ်ကိုတစ်ယောက၊် သူတို့ အပြုံးချင်းချိတ်လို့။ ဘုရား…ဘုရား…သူမအရင်ကပြောတဲ့အတိုင်း မဟုတ်ပါစေနဲ့။ ကျွန်တော့်မျှော်လင့်ချက်တွေ သေတ္တာထဲတည့်ပြီး လာလမ်းကိုပဲပြန်လှည့်ရမလား? ခရီးဆုံးကိုလှမ်းရမလား? ချီတုံချတုံဖြစ်နေတုန်းပဲ သူမ ကျွန်တော့်ကိုတွေ့သွားခဲ့ပါတယ်။ ကျွန်တော်အငတ်မွတ်ဆုံး အပြုံးတစ်ခုကိုလှစ်ဟလို့….. ကျွန့်တော့်ဘဝတစ်ခုစာ ပျော်ဝင်စေလောက်တာပေါ့။ သူမကစကားဆိုတယ်….

“ကိုဒီပါလင်း ဟုတ်ပါတယ်နော်…”

“ဟုတ်…ဟုတ်ပါတယ်” သူမနဲ့တွေ့မှ ကိုယ့်ကိုယ်ကို ယုံကြည်လှချည်ရဲ့ဆိုတဲ့ ကျွန်တော့်အသံတွေ အက်ရှကုန်တယ်။

“အင်း…ဓာတ်ပုံထဲကထက် ပိုငယ်တယ်ထင်ရတယ်နော်။”
အနီရောင်နှုတ်ခမ်းတစ်စုံနဲ့တင် သေလောက်ရဲ့။ သူမကျွန်တော့်ကိုစေ့စေ့ကြည့်ပြီးပြောလိုက်ပုံများ… အမှန်တော့ကျွန်တော်က ဥုံဖွဆိုပြီး အသက်ပိုကြီးချင်နေတာ သူမမှ မသိပဲ။

“ထင်လို့ပါ…မ…။ ဒါနဲ့…” ကျွန်တော့်မျက်လုံးရဲ့အဓိပ္ပါယ်ကိုသူမသိတာပေါ့။

“သြော်ဒါက… ကိုအောင်ထွန်းပါ။ မ….ရဲ့ ခင်ပွန်းလောင်းပေါ့။”
သေချာသွားပါပြီ။ အရာအားလုံးခဏရပ်တန့်သွားတယ်။ သူကအောင်မြင်စွာပြုံးပြီး လက်ဆွဲနှုတ်ဆက်တယ်။ ကျွန်တော့်နက္ခတ်ကို ဂဠုန်ခွစီးလိုက်သလိုပါပဲ။

“တွေ့ရတာဝမ်းသာပါတယ်…” ကျွန်တော့်ဘဝမှာ ဝမ်းအနည်းဆုံး အခိုက်အတန့်ဆိုတာတော့ မျက်နှာမှာ မပေါ်စေရပါဘူး။

“ဟုတ်ကဲ့ အကူအညီလိုရင်လည်းပြောပါ။ ကျွန်တော်ကဒီရောက်နေတာကြာပြီ။”


လူယောင်ဆောင်ထားတဲ့ ဂဠုန်ကြီးက ပြုံးဖြီးဖြီးနဲ့ ပြောတယ်။ အဲဒီအချိန်ကြမှ ကျွန်တော့်ကိုလာကြိုတဲ့သူငယ်ချင်းဇာနည်က နောက်ကြခြင်းနဲ့ ရောက်လာပါတော့တယ်။ ထုံးစံအတိုင်း အလာပသလာပ ပြောပြီးကျွန်တော်တို့လမ်းခွဲခဲ့ပါတယ်။

သူ့အိမ်အပြန်လမ်းမှာ ကျွန်တော့်သူငယ်ချင်းကမေးတယ်။ ကျွန်တော်ဖြေဖို့တောင် အားမရှိတော့သလိုပဲ။
ကျွန်တော်ငြင်းပယ်ခံရတဲ့နောက်တော့ လာလမ်းအတိုင်းပြန်မယ် စိတ်ကူးသေးတယ်။ ဒါပေမယ့် ခံနိုင်ရည်မွေးပြီး ရင်ဆိုင်ရဲရမှာပေါ့။ ဘုရင့်နောင်ဖောင်ဖျက်တဲ့ အသံလည်း နားထဲမှာ တဝုန်းဝုန်းနဲ့ပေါ့။ သွေးပျက်လောက်ရဲ့။

အပြန်လမ်းတစ်လျှောက်
သစ်ပင်တွေလည်းဖျားလို့…..
ငှက်တွေလည်းအတောင်ကျိုး….
နေဝင်ချိန်လည်း အရောင်မရှိတော့သလိုပါပဲ။






(၂)

လူဆိုတာကမျှော်လင့်ထားသလိုမဖြစ်ရင်၊ ငြင်းပယ်ခံရရင် စိတ်ဓာတ်ကျတတ်တယ်
ကျွန်တော်လဲလူထဲကလူပါပဲ ဒါပေမယ့် အရှုံးတွေနဲ့ကျွန်တော် သူငယ်ချင်းဖြစ်နေပါပြီ…..


ရရာအလုပ်ဝင်လုပ်ရင်း သူမကိုတွေ့ခွင့်မရှိတဲ့ မျှော်လင့်ချက်မဲ့မြို့မှာ အသက်ဆက်ခဲ့တယ်။ မရှိမဲ့ရှိမဲ့မာနကိုပိုက် ကျွန်တော်ငတ်တစ်လှည့် ပြတ်တစ်လှည့်နဲ့ပေါ့။ ကျွန်တော်မှာအမြဲတမ်းချမ်းသာတာဆိုလို့ ဂစ်တာတစ်လက်ရယ်၊ ကော်ဖီသောက်တဲ့ခွက်တစ်ခွက်ရယ်၊ ဆေးလိပ်တစ်ဘူး နဲ့ ဇစ်ပိုမီးခြစ်တစ်လုံးရယ် ကျွမ်းနေတဲ့နှလုံးသားတစ်ခုရယ်ပါပဲ။ သြော်..သူမအတွက် စုထားတဲ့ ပန်းမျိုးစေ့တွေရယ်ပေါ့။ ဒီလိုနဲ့ ဇကာပေါက်အဆုတ်ပါ အဆစ်တိုးလာတယ်တဲ့ ဆရာဝန်ကပြောတယ်။ ကျွန်တော်နောက်ဆုံးထွက်သက်ရက်တွေကို ရေတွက်နေပါတယ်။ ထွက်ပြေးတာတော့မဟုတ်ပါဘူး။ ချုပ်ငြိမ်းချင်တာပါ။

အဲဒီနေ့က….
ကောင်းကင်ကမှောင်မည်း
အနက်ရောင်အဆုပ်လိုက်တိမ်တွေရယ်
လေပြင်းတွေက တွေ့သမျှကိုဝါးမြိုလို့
ကျွန်တော့်ဝိဥာဉ်ကိုထမ်းထုတ်မယ့်နေ့ပေါ့


ပြတင်းပေါက်ကဝင်လာတဲ့ လေပြင်းကခပ်ကြမ်းကြမ်းနမ်းလိုက်လို့ အခန်းထဲက ပြက္ခဒိန်က ပြုတ်ထွက်မတတ်။ ပြာခွက်ထဲကဆေးလိပ်ပြာ တွေကလည်း စားပွဲပေါ်မှာ ပြန့်ကျဲ။ နံရံမှာထောင်ထားတဲ့ ဂစ်တာကလည်း ကြိုးတွေပြတ်လို့။ ကျွန်တော့်ကမ္ဘာ ဖရိုဖရဲနဲ့ပေါ့။ တံခါးသံကြားလို့ ကျွန်တော်ဖွင့်ကြည့်တော့ သူမ…။ အဖြူရောင်ဝတ်စုံလေးနဲ့ အပြုံးထူထူလေးဆင်မြန်းပြီး တံခါးရှေ့မှာ ရပ်လို့…
ကျွန်တော်တံခါးဖွင့်ပေးတော့….

“နေပါစေ..မဝင်တော့ပါဘူး… ဖိတ်စာလာပေးတာ”

“ဗျာ…လာဖိတ်တာ?”

“လာမည့်စနေနေ့မှာ မ…ရဲ့မင်္ဂလာဆောင်ရှိတယ်လေ… ဘုရားကျောင်းမှာ…”
သူမစကားအဆုံး ကျွန်တော့်နားထဲမှာ ခေါင်းလောင်းသံတွေ ညံသွားတယ်။ ကျွန်တော်ဘယ်လို အင်အားမျိုးနဲ့သွားရမလဲ? တွေးနေတုန်း ကျွန်တော် လက်နဲ့ပါးစပ်ကိုပိတ်လို့ ချောင်းတစ်ချက်ဆိုး လိုက်တယ်။ ကျွန်တော်ချောင်းအရှိန်ကို သိတော့ သူမက

“ဟာ မင်းချောင်းတွေတော်တော်ဆိုးနေတာပဲ….မျက်နှာကလည်းအားမရှိဘူး…ဆေးရောသောက်ရဲ့လား?”

“ဟုတ်…သောက်ပါတယ်…မ…”
တကယ်တော့ကျွန်တော် လမ်းဆုံးနေပြီ။

“ရော့…….ချောင်းဆိုးရင်သုံးဖို့…” ပြောပြောဆိုဆိုသူမရဲ့ လက်ကိုင်ပဝါဖြူလေးကို ထုတ်ပေးတယ်။ ကျွန်တော်တစ်ချက်တော့ ကြည်နူးမိတာပေါ့။

“အထဲဝင်ဦးလေ…မ…..”

“မဝင်တော့ဘူး….အောက်မှာ အထွန်း စောင့်နေတယ်။ ကျန်းမာရေးကိုဂရုစိုက်…သွားတော့မယ်နော်…”

“ဟုတ်….ဟုတ်ကဲ့” ပြောပြောဆိုဆိုသူမလှည့်ထွက်သွားတော့ သူမရဲ့ ရနံ့တစ်ချို့ပဲကျွန်တော်နဲ့ ကျန်ခဲ့တာပေါ့။
သူမတို့ ကားလေးမီးခိုတန်းသွားတဲ့အထိ ကျွန်တော်ချောင်းကြည့်မိတယ်။ အဲဒီနောက်တော့ လေပြင်းနဲ့အတူ ကျွန်တော့်အဆုတ်ထဲကလည်း လေတွေရော အနီရောင်တွေရော တလဟောပြိုကျလာပါတော့တယ်။ သူမပေးခဲ့တဲ့ လက်ကိုင်ပဝါလေး ချင်းချင်းနီတဲ့အထိပေါ့။ ကျွန်တော်သိတယ် နောက်ဆုံးပြင်ဆင်ခြင်းအဖြစ် ဇာနည်ရယ် နောက်ပြီးရင်ခွဲရုံရယ်ကို ကျွန်တော်ဖုန်းဆက်လိုက်တယ်။ ဖုန်း စကားပြောခွက်ကို ချချလိုက်ခြင်း ကျွန်တော့်ခန္ဓာကိုယ်အထဲက ရှိသမျှအရာတွေ ဆန်တက် ထွက်ကြလာလောက်အောင် ပြင်းပြင်းထန်ထန်ချောင်းတစ်ချက်ဆိုးလိုက်တယ်။ ထွေးခံတင်မက၊ ကျွန်တော့် အိပ်ယာခင်းအဖြူလည်း ချင်းချင်းနီသွားတာပါပဲ။ အဲဒီလိုနဲ့ ခဏ ငြိမ်သက်ပြီး ဝင်သက်ထွက်သက် မှတ်နေတုန်း ကင်းဗတ်စ် အဖြူတစ်ချပ်ကို ပိတ်စအမည်းရောင်နဲ့ ဖုံးအုပ်လိုက်သလို ကျွန်တော့်ကမ္ဘာအမှောင်အတိကျသွား။ ကျွန်တော်တစ်ယောက် လေနှင့်အတူ လွင့်မျောသွားပါတော့တယ်။

ကျွန်တော့်ဈာပနကတော့ ထူးထူးခြားခြားမရှိ။
ကျွန်တော်စီစဉ်ထားတဲ့အတိုင်း ဒီမြို့ကအပယ်ခံလူတွေပဲတက်ရောက်လာပါတယ်။
သူတို့အတွက်တော့ ကျွန်တော့်ချွေးနဲစာထဲက လိုအပ်မယ့်အသုံးအဆောင်လေးတွေ ပြန်ပေးလိုက်နိုင်ပါတယ်။
တစ်ခြားသိတာဆိုလို့ ဇာနည်ရယ်။ ရင်ခွဲရုံက ကျွန်တော့်သူငယ်ချင်းရယ်ပါပဲ။

မပူပါနဲ့ မ…ရယ် မရဲ့မင်္ဂလာဆောင်ကို ကျွန်တော်မရောက်ရောက်အောင်လာမှာပါ။
ကျွန်တော်မလာနိုင်ရင်တောင် ကျွန်တော့်လက်ဆောင်လေးဖြစ်ဖြစ်ပေါ့။






(၃)

လူတွေက လက်ဆောင်အတွက်ငွေကိုပေးတယ်
ကျွန်တော်ကတော့ သူမအတွက်နှလုံးသားကိုပဲ လက်ဆောင်ပေးပါရစေ…


လမ်းပေါ်မှာမာကျူရီလည်း အစွမ်းကုန်အသက်လုနေတယ်။
လခြမ်းပဲ့ကလည်း ကုန်ခါနီးမီးစာလို ဟုန်းခနဲတောက်ပြီး ငြိမ်းတော့မလို။
ပုရစ်တွေကရဲ့ တတွီတွီနဲ့ အာခြစ်နေသံက
နားထဲမှာ ငှက်ဆိုးတစ်ကောင်ရဲ့ ရက်ပ် ရွတ်သံအလား….
လေအေးတစ်ချက်ဝှေ့လိုက်တိုင်း အသည်းထဲအထိစိမ့်ကနဲ…


အမှန်အတိုင်းဝန်ခံရရင်တော့ ဒီခရီးဒီလမ်းကို အချိန်မတော်တစ်ကိုယ်တည်းလာဖို့ ဇာနည့် တစ်သက်နဲ့တစ်ကိုယ် စိတ်ကူးမိမှာမဟုတ်။ ကျွန်တော့်သူငယ်ချင်းတွေကြားမှာ ဇာနည်ကမကြောက်တတ်ဆုံး။ ဒါတောင်ဘာမှန်းမသိ ဒီတစ်ခါ တော့ဇာနည်ရွံ့ နေတာကို ကျွန်တော်တွေ့နေရတယ်။

“အေးကွာငါ့ကိုကူညီပါဦး…. မင်းခိုင်းတဲ့အတိုင်းငါလုပ်ပါ့မယ်။
အားလုံးချောချောမွေ့မွေ့ဖြစ်ရင် ပြီးတာပဲ။
ဒါပေမယ့် မတန်ဘူးကွာ။ မိန်းမတစ်ယောက်အတွက်နဲ့များ…အံ့ပါ့။
မင်းလိုငပေါတွေကြောင့် မိန်းမတွေဈေးတက်တာကွ…”


ကျွန်တော့်ဘေးမှာ ဇာနည်တစ်ယောက်တည်း ရင်ခွဲရုံကအပြန် ကားမောင်းရင်းပြောနေတယ်။ ကျွန်တော့်ကိုရည်ရွယ်ပြီးပေါ့။
သူ့မျက်နှာမှာတော့ စိတ်မကောင်းခြင်းးနှင့် ဝမ်းနည်းခြင်းရောယှက်ပြိုင်နေလေရဲ့။
ဒါမှလည်းသူစိတ်သက်သာရာရမှာပေါ့ ပြောပါစေ။ အခုအချိန်မှာ ကျွန်တော့်ခန္ဓာကိုယ်ကို ဇာနည်ကလည်းမမြင်တော့။ ဘယ်သူကမှမမြင်တော့။
ကျွန်တော်အချစ်ဆုံး ဆိုသည့်အရာသည်လည်း အခုအချိန်မှာ ထိတွေ့ခွင့်တောင်မရှိတော့။ ဘာဆိုဘာမှမရှိတော့သောဘဝမှာ ကျွန်တော့်အတွက်မနက်ဖြန်ဆိုတာက နထ္တိ။ တစ်ယောက်တည်းတွေးရင်း စိတ်ညစ်ညစ်နှင့် လေတစ်ချက်ချွန်လိုက်မိတယ်။ ကျွန်တော်လေချွန်တာကို ဇာနည်ကြားသွားပြီး

“ငဒီ မင်းပါလာလား။ အေးကွာ ငါနဲ့စကားလေးဘာလေးပြောပါဦး… ငါတစ်ကောင်တည်းကားမောင်းပျင်းတာ မင်းလည်း သိသားနဲ့။”


ကျွန်တော်လည်းသိပါသည်။ ကျွန်တော်သူနှင့် အခုအချိန်မှာ စကားပြောလို့မရမှန်း။ ဒါတောင်သူ့ဝသီအတိုင်း နောက်လိုက်ပြောင်လိုက် လုပ်နေတုန်း။ ကျွန်တော်လည်းသူ့ကို စချင်နောက်ချင်စိတ်ပေါက်လာတယ်။
ကျွန်တော် ကားကက်ဆက်ခလုတ်ကိုနှိပ်လိုက်တယ်။ ဘယ်လိုမှနှိပ်လို့မရ။ ထိလို့မရ။ အာရုံတွေကိုစုစည်း ကျွန်တော်ထပ်နှိပ်တယ်။ ဘယ်လိုမှမဖြစ်။ စိတ်တွေကစုစည်းလို့မရ။ ကျွန်တော်လက်လျှော့ချင်လာတယ်။ ဒါပေမယ့်နောက်ဆုံးအကြိမ် ကျွန်တော်ရှိသမျှအာရုံကိုစုစည်း စိတ်ကိုတတ်နိုင်သလောက်အငြိမ်ဆုံးထား ကက်ဆက်ခလုတ်တစ်ခုတည်း ကိုသာဆောင့်နှိပ်ချလိုက်တယ်။
“အုန်း….”စပီကာအသံ မတိုးရသေးသည့်အတွက် သီချင်းသံကအကျယ်ကြီး ထမြည်လေရော။

ဟဲ့ သောက်ခွေး… ဇာနည်လန့်သွားတယ်။ သူလန့်တာကိုကြည့်ပြီးကျွန်တော်အားရပါးရ ရယ်မိတယ်။ ဒီအဖြစ်အပျက်တွေဖြစ်ပြီးနောက် ပထမဦးဆုံးအကြိမ် ရယ်မောခြင်း။ ဒါပေမယ့် ကျွန်တော့်ရယ်သံက ရေတွင်းပျက်ထဲက အသံတစ်ခုလို တိုးဝင်နွမ်းလျသွား...

သူ့ကို ထိတ်လန့်အောင်လုပ်မိသည့်အတွက် ဇာနည်ကျွန်တော့်ကိုဆဲတယ်။ သူဆဲသည့်အသံမှာ အခုအချိန်မှာ အသာယာဆုံးအသံဟုကျွန်တော်ထင်မိသည်။ ဘာပဲပြောပြော ဇာနည့်ကိုကျွန်တော်ကျေးဇူးတင်သည်။ တော်ရုံလူသွေးပျက်မည့် အလုပ်ကိုစိတ်စေတနာနှင့် ကျွန်တော့်အတွက် လုပ်ပေးသောကြောင့်ဖြစ်သည်။ ထို့နောက်ဇာနည့်ထံမှ ဘာအသံမှမကြားရတော့ပေ။ သေချာပါသည်။ ကားစပီကာကလွင့်ပျံ့နေသော “သတိ” ဆိုသည့် ကျွန်တော်အလွန်နှစ်သက်သော သီချင်းသံကြားရင်း ဇာနည်ကျွန်တော့်အတွက်စိတ်မကောင်းဖြစ်နေပေလိမ့်မည်။

မနက်ဖြန်တွေ့ဖို့ရောက်အောင်လာပါ မင်းမမေ့နဲ့ဦး
ငါ့ကိုချိန်းပြီးအဲဒီ နေ့ကတည်းက
နောက်တစ်ခါ ဘယ်တော့မှ
ပြန်မတွေ့ရတော့မယ့် သူငယ်ချင်းတစ်ယောက်

လက်ပြပြီးတော့ကားပေါ်တက်သွား ဆေးလိပ်ဖြတ်ဦးတဲ့
ကျန်းမာရေးကသိပ်ချူချာတာ
ငါ့ကို သတိပေးသွား
နောက်ဆုံးတွေ့လိုက်တဲ့နေ့တုန်းက

ခဏခဏ မေ့ထား
သေခြင်းသေခြင်းရဲ့တရား
သတိ သတိ သတိတော့ထား
သေခြင်း သေခြင်းရဲ့တရား


ကျွန်တော်ကိုယ်တိုင်သီချင်းမှာမျောပါနေတုန်း ဇာနည်ကကားစက်ကိုသတ်လိုက်သည်။ သြော်…ကျွန်တော်သူမကိုလွမ်းရင် လာမျှော်လေ့ရှိသော သူမတို့အိမ်အနောက်ဖက်ကိုတောင်ရောက်နေခဲ့ပြီဲ။
အဖြူရောင်နှစ်ထပ်တိုက်အိမ်လေးကတော့ အမှောင်အောက်မှာသူမဟုတ်သလို ငြိမ်ကုပ်လို့။ ညမီးအနီရောင်မှိန်မှိန်လေးထွန်းထားတဲ့အခန်းထဲက အပေါ်ထပ်ဘယ်ဘက်ထောင့်စွန်းက သူမအခန်းကိုကြည့်မိ။ အရာအားလုံးလှပစွာ သူမနဲ့အတူ အိပ်မောကျနေမှာပါ။ အိမ်နောက်ဖေးမြေကွက်လပ်မှာ သူမကိုယ်တိုင်စိုက်ထားသော ပန်းရနံ့မျိုးစုံက ကျွန်တော့်ရင်ဘတ်ထဲအထိ ရောက်လာလေသည်။ ဇာနည်ကကားပေါ်မှဆင်း၍ ကားနောက်ဖုံးထဲမှ အထုပ်တစ်ခုကိုယူလိုက်လေသည်။ ထိုခဏ၌ ကျွန်တော့်ဘယ်ဘက်ရင်အုံ ဟာခနဲဖြစ်သွားလေသည်။ အထုပ်ကိုသတိကြီးစွာထား၍ကိုင်ရင်း ဇာနည်ကခြံကိုကျော်တက်ဖို့အတွက် နေရာရှာနေသည်။
အထုပ်ထဲကဘူးကလေးထဲမှာတော့ သူမအတွက်ကျွန်တော်စုထားတဲ့ ပန်းမျိုးစေ့တွေကို အနီရောင်စွန်းနေတဲ့သူမရဲ့ လက်ကိုင်ပဝါလေးနဲ့ထုပ်လို့်…..နောက်ပြီး……နောက်ပြီး…….

ညကလည်း နှင်းမြူတွေသုတ်လိမ်းလို့
ပန်းရနံ့တွေထုံနေတုန်း
ဒါပေမယ့် လမင်းနဲ့အတူ ကြယ်တွေက
ကျွန်တော့်အတွက် ငိုကြွေးနေလားမပြောတတ်…
အရောင်တွေမတောက် မှိန်ဖျော့တော့စွာ…






ဇာတ်သိမ်း

အာဒမ်ကအရာရာကို အံတုပြီး ဘုရားသခင်က သူ့ဘယ်ဘက်နံရိုးနဲ့ သွန်းလုပ်ပေးထားတဲ့ ချစ်သူ ဧဝ အတွက် ပန်းသီးတစ်လုံးဆွတ်ခဲ့တယ်။
ကျွန်တော်ကဖြစ်နိုင်ရင် ကမ္ဘာပေါ်မှာမရှိသေးတဲ့ ပန်းဥယျာဉ်အသစ်တစ်ခု နှလုံးသားနဲ့ ဖန်ဆင်းပေးချင်တာပါ။


အရှေ့ဆီမှာရောင်နီနိုးလာပြီ။ ညအမှောင်ထုကိုခွဲပြီး ပထမအလင်းတန်းတွေထိုးထွက်တော့ ကောင်းကင်မှာ အမည်းနဲ့ အပြာရောင်ကဘောင်အနားကွပ်လို့ ခရမ်းနုရောင်၊ ပန်းဆီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်နဲ့ အနီရောင်အပြင် မနက်ခင်းအရောင်စုံက နေမင်းကြီးထွက်အလာကို ခစားနေကြတယ်။
ငှက်ကလေးတွေလည်း အိပ်မှုန်စုံမွှားနဲ့ အချင်းချင်းတွတ်ထိုးလို့။
သာယာလိုက်တာ…..

ဇာနည်ပြန်သွားပြီ်။ ကျွန်တော်ခြံအနောက်ဘက်က ဒန်းလေးပေါ်မှာထိုင်ရင်း မနက်ခင်းရဲ့သံစဉ်ကို ကြိုးညိုနေမိတယ်။ တစ်ခြားပန်းပင်တွေ ဝိုင်းအုံနေတဲ့အလယ် ဇာနည်ခုနကတူးဆွသွားတဲ့နေရာကို မမှိတ်မသုန်စိုက်ကြည်နေတုန်း ကျွန်တော်အရမ်းပျော်သွားတယ်။ ကျွန်တော့်အနှစ်နှစ်အလလက ဆုတောင်းတွေပြည့်ပြီပေါ့။

နေရောင်ခြည်ရဲ့ အနမ်းထိုမြေပြင်ပေါ်ကိုရောက်ရှိတာနဲ့ ပင်စည်လေးတစ်ခုမြေကြီးထဲကထိုးထွက်လာတယ်။
နောက်ပြီး ပင်စည်ကနေကြီးထွားလာလိုက်တာ အကိုင်း၊ အခက်၊အလက်၊ အရွက်တွေနဲ့ခဏချင်းဝေဆာလို့ပေါ့။
အပင်လေးက ကျွန်တော့်ခါးအလယ်လောက်ရောက်တော့ ဆက်မတက်တော့ဘူး။ ရပ်သွားတယ်။ ကျွန်တော်လည်း မျက်လုံးမှိတ်ပြီး ကျွန်တော့်ဆီမှာရှိသမျှ စိတ်စွမ်းအားတွေ စုစည်းပြီး အပင်လေးထဲ မှာ အာရုံစူးနှစ်ထားလိုက်တယ်။ နောက်ခဏအကြာ ကျွန်တော်အမျိုးအမည်မသိတဲ့ စိတ်ကိုကြည်နူးစေတဲ့ရနံ့လေးတစ်ခုရလိုက်လို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ထူးဆန်းတဲ့ပန်းလေးတစ်ပွင့် ခုနကအပင်လေးထိပ်က အရွက်လေးတွေကြားထဲမှာပွင့်လို့။
သူ့အရောင်အဆင်းက မနက်ခင်းအရောင်လိုပါပဲ။ စုတ်ချက်ပိုင်တဲ့ ပန်းချီဆရာတစ်ယောက် နူးညံ့တဲ့ အရောင်အားလုံးကိုစပ်ပြီး သေသေချာချာ အနုစိတ်ခြယ်ထားလိုက်တော့ နာမည်တပ်လို့မရသလို ကျွန်တော်အရင်က မမြင်ဘူးသေးတဲ့အရောင်ပါ။ သူ့ရနံ့ကလည်း ကောင်ကင်အထိကိုပျံ့လွင့်ပြီး ရနံ့ရသူတိုင်း သူတို့ငယ်ဘဝကပျော်ရွှင်မှုတွေကို ပြန်တွေးမိသလိုမျိုး စိတ်ကိုကြည်နူးစေတာပေါ့။ သူ့ရနံ့ရလို့လားမသိဘူး ခြံထဲမှာရှိတဲ့ တစ်ခြားအပင်ပေါင်းစုံကလည်း အပြိုင်အဆိုင်ပွင့်လာကြတာ အလှပေါ်အယဉ်ဆင့်သလို ဝန်းကျင်တစ်ခုလုံး သင်းထုံလို့ပေါ့…..

ကျွန်တော်အရမ်းကိုပျော်မြူနေတုန်း သစ်ရွက်ခြောက်နင်းသံကြားတော့ အနောက်ကိုလှည့်ကြည့်မိတယ်။ သူမ…..သေချာတော့ပေါ့ ကျွန်တော့်နတ်သမီး….အပင်တွေကိုမနက်ခင်းအစောပိုင်းရေလောင်းနေကျ သူမ….. ညအိပ်ဝတ်စုံအဖြူရောင် လေးနဲ့ ရေပုံးနဲ့ရေခွက်လေးကိုကိုင်ပြီး တအံ့တသြနဲ့ ကျွန်တော့်မျက်နှာချင်းဆိုင်မှာရပ်နေတယ်။ သူမဆံနွယ်ရှည်တွေကလည်း ကပိုကယိုနဲ့ပုခုံးကိုမှီလို့…မိန်းကလေးတစ်ယောက်ရဲ့အလှကို သိချင်ရင် မနက်ခင်းအိပ်ယာထတဲ့ အချိန်ကိုကြည့်တဲ့။ တကယ်လို့သာအဲဒီလိုကြည့်ရရင် ကျွန်တော့်နတ်သမီးကအလှဆုံးနေမှာပါ။ ကျက်သရေရှိတဲ့သူမမျက်နှာပေါ်မှာ ဝိုင်းစက်အရောင်တောက်တဲ့မျက်လုံးတွေက အရောင်ပိုတောက်လို့ သူမနှုတ်ခမ်းလေးကလည်း လေးကိုင်းလိုကွေးညွှတ်လို့ အံ့သြနေလေရဲ့။ ကျွန်တော်က ယောင်ပြီးသူမနာမည်ကို လှမ်းခေါ်မိတယ်။ ဒါပေမယ့် မသိသလိုနဲ့ ကျွန်တော့်ကိုယ်ခန္ဓာရှိတဲ့နေရာကို တိုး…ဝင်…ခွဲ…ထွက် ပြီး ပန်းပွင့်ရှိရာကိုပြေးသွားလေရဲ့။ နောက်ပန်းပွင့်လေးကို ကိုင်ကြည့်ပြီး သူမတစ်ကိုယ်တည်း…

“ဟယ်…လှလိုက်တာ….အနံ့လေးကလည်းသင်းလို့”

“နေပါဦး…ဒီပန်းပင်လေးက ဘယ်လိုလုပ်ီခြံထဲကိုရောက်နေပါလိမ့်?” သူမတစ်ကိုယ်တည်း ရေရွတ်ရင်း ကလေးတစ်ယောက်လိုပျော်ရွှင်စွာ မြူးပျော်နေလေရဲ့…

“အော်..ဟုတ်ပြီ ဒီနေ့မင်္ဂလာဆောင်ဝတ်စုံလေးနဲ့ဆိုရင် ဒီပန်းလေးကအရမ်းလှမှာ….”

“ဟာ… တစ်ခြားပန်းတွေလည်းပွင့်လို့ပါလား……..”


သူမအရမ်းပျော်ပြီး ကလေးလေးတစ်ယောက်လို ပန်းလေးတွေကြားမှာ ခုန်ပေါက်နေတာပေါ့၊ အဲဒီမြင်ကွင်းကိုကြည့်နေရင်းကျွန်တော်မှာ ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းရယ်လွန်ဆွဲနေတယ်။ အရမ်းပျော်ရရင် ငိုရတတ်တယ်တဲ့။ ဒါနဲ့ကျွန်တော်အပျော်တွေကိုပဲ သိမ်းပိုက် အနိုင်နဲ့ပိုင်းပြီး သူမတို့ခြံထဲကနေလှည့်ထွက်လာခဲ့တယ်။
ကျွန်တော့်လက်ဆောင်လေးနဲ့ မင်္ဂလာဆောင်မှာ သူမဒီနေ့အစွမ်းကုန်ကို လှနေမှာပါ။ နောက်ပြီး ခေါင်းလောင်းသံတွေဝေဆာနေတဲ့ ဘုရားကျောင်းထဲက တွေ့သမျှလူတွေကလည်း သူမကိုငေးမောနေမှာပေါ့။ သူမတို့နှစ်ယောက်ဘဝတစ်သက်တာ ပျော်ရွှင်နိုင်ပါစေ။

ကျွန်တော့်ခြေလှမ်းတွေက ထွက်ပြူစနေမင်းကြီးဆီကိုဦးတည်လို့….
အလင်းတန်းတွေရောပြွမ်းနေတဲ့နေရာဆီကို လေပြည်ကိုဆန်ရင်း ကူးခတ်ဆဲပေါ့…
စိတ်ထဲမှာ မျိုးကြီးရဲ့ သူစိမ်းတစ်ယောက်ပါဆိုတဲ့ သီချင်းကိုဆိုညည်းရင်း….

မှောင်လွန်းတဲ့ဘဝမှာ သေတဲ့အထိဆက်ချစ်မှာ
ငါ့အတွက်တစ်ထောင့် တစ်နေရာမှာနေထိုင်ဆဲ
သေသည့်တိုင်ဒီဘဝထဲ ငါမင်းသာအချစ်ဆုံးပဲ
ဒီမှာအသက်နဲ့အမျှ ရှင်သန်ဆဲ

ဆုံမှတ်တို့လွဲချော်ခဲ့ မျော်လင့်ချက်မဲ့နေခဲ့
ဘယ်ဘဝမှတို့ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့
သူစိမ်းတစ်ယောက်ပါ…..

(D’vine)

Monday, August 17, 2009

သတင်းခေါင်းစဉ်

အဲဒီသတင်းကြားကြားခြင်း
တောအုပ်ကြီးတစ်ခုလုံး
ကဗြောင်းကဗြန်ဖြစ်ကုန်
ကဗြောင်းကဗြန်ဖြစ်ကုန်
တောအုပ်ကြီးတစ်ခုလုံး

ပုရွက်ဆိတ်အချင်းချင်းရဲ့
နေ့စဉ်သတင်းစာထဲမှာလည်းပါတယ်

တောက်တဲ့နဲ့
တစ်တီတူးမတွေ
သစ်ခေါင်းကို
တတောက်တောက်ခေါက်ကာလည်း
အတင်းပြောကြတယ်

မျောက်မတွေသန်းတုပ်တဲ့နေရာမှာတော့
မျောက်မအလင်းအတင်းတွေဖြစ်ကုန်ပြန်ရော

မနက်အစာရှာထွက်တဲ့နေရာ
ညနေရေသောက်ဆင်းတဲ့ချောင်းစပ်
သားရဲတွင်းချောင်တွေထဲအထိ
နေရာတကာမှာ ဟော့တ်ဖြစ်နေတယ်

အဲဒီသတင်းကြားပြီး
ဟီးရိုးဇာတ်ကောင်တွေက
ရင်ဘတ်စည်တီး
လက်ခုပ်လက်ဝါးတီးကြတယ်
ဖိုးရွှေလိပ်
ကြွက်
ဝက်သုံးကောင်
တွစ်တီ
လိပ်ပြာ
ရွှေသမင်
အစရှိသဖြင့်လူတွေ ဖေဗာရတဲ့အကောင်တွေပေါ့

ဒါပေမယ့် ဗီလိန်ရပ်ကွက်မှာတော့
ခံပြင်းတောက် ခေါက်သံတွေ ဆူညံကုန်တယ်
ဖိုးရွှေယုန်
ကြောင်
မြေခွေး
ခွေးအ
ပင့်ကူ
လဒ
အစရှိသဖြင့် သဘာဝဗီလိန်တွေပေါ့

အဲဒီသတင်းကြောင့်
တောတွင်းလက်နက်ကိုင်ဆင်သူပုန်တွေ ဆူပူလှုပ်ရှားလာတယ်
တောတွင်းအုပ်ချုပ်ရေးအဖွဲ့ပညာတတ်ဘက်မလိုက်ယုန်တွေ ခေါင်းစား
သမ္မတဦးဇီးကွက်လည်း နေ့လည်တရေးတမောနားချိန်မရ
တောတွင်းသတင်းစာရှင်းလင်းပွဲတွေလုပ်
တောတွင်းဥပဒေသအခြေခံမူပြန်လည်ပြဌာန်းဖို့
တောတွင်းညီလာခံခေါ်ဖို့
ဆိုင်းပြင်းနေရပြန်တယ်

မြို့ပေါ်ကလူတွေအတွက်
တောသုံးတောင်သတင်းဌာနက ဒီလို လွှင့်လိုက်တယ်

“ဝံပုလွေတစ်ကောင်မှ စားကျက်မြက်ခင်းစိမ်းတွင် ဖြူဖြူစင်စင်သိုးတစ်ကောင်အား ခြောင်းမြောင်းနေစဉ်
ကျန်သိုးအုပ်တစ်အုပ်လုံးမှ ၄င်းဝံပုလွေအား ဝင်ရောက်ခုန်အုပ် ကိုက်ဖြတ်စားသောက်ကြခြင်း” ….


သတင်းအစုံအလင်မှာ....

Sunday, August 16, 2009

ဒဏ်

ညံ့တဲ့ကောင်

အဲဒီကောင်က
ခပ်ညံ့ညံ့ဝတ္ထုတစ်ပုဒ်ထဲက
အပေါစားစကားလုံးတွေ (ကဗျာတွေ)နဲ့
မိန်းကလေးတစ်ယောက်ကို
ရည်းစားစကားပြောတတ်တယ်

အဲဒီကောင်ဟာ
ခြူးတစ်ပြားမှမကပ်သူ
အမေ့ရဲ့ ဒုက္ခအိုး

အဲဒီကောင်ဟာ
မျက်စိထဲမှာထောင့်ကျဉ်းလာရင်
အမုန်းခံပြီး နောင်ကျဉ်အောင်ပြောတတ်တယ်
(စိတ်လိုက်မာန်ပါ)

အဲဒီကောင်ဟာ
ကြယ်တွေကို တံချုနဲ့ခူးချင်နေတဲ့ကောင်
ခုန်လို့ကို မဝသေး

အဲဒီကောင်ဟာ
မက်ဆေ့ခ်ျပို့တိုင်း
ပြန်မပို့တတ်ဘဲ
နှလုံးသားချင်း နီးနီးချင်နေတဲ့ကောင် (ကြောင်လိုက်ပုံများ)

အဲဒီကောင်ဟာ
တစ်ကိုယ်ကောင်းဆန်မှုကို
ရွံမုန်းတယ် (အဲဒါလည်း တစ်ကိုယ်ကောင်းဆန်ခြင်းတစ်မျိုး)

အဲဒီကောင်ဟာ
မာတောင့်နေတဲ့ ပေါင်မုန့်အကြွေစတစ်ချို့
ကဗျာစာအုပ်တစ်အုပ်ရယ်
မာတီန်ီတစ်ခွက်နဲ့ဆို (ဘီအီးလည်းရတယ်)
သူ့ကိုယ်သူ သမ္မတလို့ထင်နေတဲ့ကောင် (အား…ပါး…ပါး)

အဲဒီကောင်ဟာ
သဝန်တိုတတ်တယ်
ဒါပေမယ့် မချုပ်ချယ်တတ်ဘူး

အဲဒီကောင်ဟာ
လွတ်လွတ်လပ်လပ်တွေးခေါ်ရတာကိုကြိုက်တယ်
ဒါဖြစ်လို့ ဒါဖြစ်တယ်လို့ မြင်လို့ကိုမရဘူး…
(၁+၁ =၁)

အဲဒီကောင်ရဲ့ မှင်နီဟာ
သူကိုယ်တိုင်ပဲဖြစ်တယ်
အမှတ်ခြစ်ထားလိုက်တာ
ရဲဗရောင်းကိုခတ်လို့ (ဘယ်လိုပေါင်းရမှန်းမသိ)

အဲဒီကောင်ရဲ့စာမူတွေဟာလည်း
သူ့လိပ်စာကိုပဲ ပြန်ပြန်ရောက်လာတတ်သတဲ့

အဲဒီကောင်ဟာ
ဘာမှကိုမဟုတ်ဘူး (အဲဒီလောက်ကိုတော်တာ)
ဒါပေမယ့်
အဲဒီကောင်ဟာ
အဲဒီကောင်ကိုယ်တိုင်ပဲဖြစ်တယ်….

မှတ်ချက်။ ။အဲဒီကောင်ကို တွေ့ရင်ဝေးဝေးကသာရှောင်ဗျာ။

so cold- breaking benjamin

Friday, August 14, 2009

လမ်းခွဲခြင်းသတ်ပုံ

နတ်ဆရာ

ဒါလည်း ကဗျာဟောင်းတစ်ပုဒ်ပါ..အခုတလော Photoshop နဲ့လက်သရမ်းချင်နေလို့း)

Wednesday, August 5, 2009

ပါးကွက်သား

ဟိုးအရင်က ကဗျာလေးတစ်ပုဒ်ပါ...

Wednesday, July 29, 2009

Untitled

ဘဝမှာ တစ်ခါမှမရှိတဲ့ အားတွေရရှိလာ
ငါ နပိုလီယန်ကိုတောင် စိန်ခေါ်ရဲလာတယ်
ငါ့အတွက် ကံကောင်းခြင်း ဆေးတစ်စက်ရေ..
မင်းဟာ ငါ့ဘဝတစ်သက်စာဖြစ်တယ်ကွဲ့…

တကယ်ဆို ကိုယ့်စေတနာတွေကအမှန်
တင်ဆက်ပုံက မှားခဲ့ရတာပါ မိခရေရယ်
မင်းမုန်းထိုက်ပါတယ်လေ…
အစကတည်းက ရှုံးမှာသိလည်း
ငါဆိုတာက မြှားမကုန်တတ်ခဲ့ပြန်ဘူးကွ..

စကားနှစ်မျိုးကိုပဲ ကြိုးစားကျက်နေရင်းက
ရထားမမှီလိုက်တဲ့ အဖြစ်ရယ်ပါ
ငါ့အလင်းကားချပ်က စုတ်ချက်ကြမ်းတယ်
မင်းလက်ဖဝါးနုနုနဲ့ မတန်ပါဘူးကွယ်
အပြစ်တင်မယ့်အစား
နေမင်းလို ပြုံးလို့ကြည့်နေလိုက်မယ်…
လင်းသုန်မွှေးပျံ့ပါစေသား…

ပွဲပြီးသွားတဲ့ဘောလုံးကွင်း တစ်ကွင်းလို
ငါအထီးကျန်ဆန်လွန်းလှတယ်
ဘဝဆိုတာ ဘောင်ခတ်ကြည့်တတ်မှ
ပိုမိုကြည်လင်နေတတ်တာ
ကျွန်တော်မှမသိလိုက်တာ မေမေရယ်…
ကာဗွန်နဲ့လုပ်ထားတဲ့ ရေဘူးအသစ်ကြပ်ချွတ်ထဲက
အောက်ဆီဂျင်ကို သောက်နေရသလို
အသက်ရှုကြပ်လွန်းလှရဲ့…

ဟောဟိုမှာ တဖွဲဖွဲနဲ့
လူတွေစီးဆင်းနေကြတယ်
ကျွန်တော်ကတော့ မီးကျွမ်းကြွေကျဓာတ်မီးတိုင်လိုငုတ်တုတ်
ရှုပ်ရှုပ်ရှုပ်ရှုပ် တွေကို
သိပ်စိတ်ဝင်စားလို့မရသေးဘူး…

ဘေးအိမ်က ဒေါ်ဒေါသတရုတ်မ လက်ဝါးက
ကလေးတွေကိုယ်ပေါ်ရောက်သွားကြ
သူ့စိတ်အလိုကိုလိုက် ရိုက်ချင်တိုင်းရိုက်နေပြန်ပြီ
စိတ်ဆိုးရင်ရိုက်
စိတ်ကြည်ရင် ချော့မြူလိုက် သီချင်းဆိုလိုက် နဲ့
ကမ္ဘာပေါ်မှာ အတတ်နိုင်ဆုံးဆိုတာသူပေါ့…

ဟောဒီအမေ ကြတော့
ရထားပေါ်မှာ နို့ချိုတိုက်ကြွေးနေတယ်
လမင်းကြီးဆိုတာ သူ့မျက်နှာပါပဲ
ကျွန်တော့်စိတ် အေးလန်းရပြန်တယ်…

ကုန်းတက်ရင် ဂီယာအကြီးသုံး
ကုန်းဆင်းရင် မျှောချတတ်အောင်
ကျွန်တော် လေ့လာသင်ယူရဦးမယ်
လူ့ဘဝဟာ လမ်းမတွေဖြစ်သွား
အရှိန်မမြန်နိုင်ရင်တောင်
ဘယ်လောက်နှေးနှေးလျှောက်သာလျှောက်ပါ
ရပ်နေတာထက်တော့ ကောင်းတယ်လို့
ကွန်ဖြူးရှပ်က MRTနံရံမှာရေးထားတယ်
ရပ်ကြည့်နေတာကြာပြီထင်ပ
လူတွေတစ်ယောက်ပြီး တစ်ယောက်ကျွန်တော့်ဘေးကနေကြည့်လို့
လူအုပ်အရမ်းကြီးလာတော့ “ချာကနဲ” လှည့်အထွက်
ကွန်ဖြူးရှပ်လို တရုတ်ကြီးတစ်ယောက်နဲ့ ဝင်တိုက်ခဲ့သေးတယ်..

အစကတည်းက အမုန်းခံရမယ်ဆိုတာသိရက်
အာပေါက်မတတ် ပြောထွက်ခဲ့ပြန်တယ်
ဆည်တွေကျိုးကုန်ပြီလေ
သတိရလို့ ကြည့်လိုက်တော့ မျက်ရည်တွေကြား
သူမနစ်မြှုပ်တော့မယ်

၁.
၂.
၃.

ဝုန်းကနဲ ကျွန်တော်ဆင်းဆယ်လိုက်ရတယ်။
သတိရရခြင်း ကျွန်တော့်ဘယ်ဘက်ပါးကို ဖြောင်း ကနဲ နေအောင်ချလို့
ညာဖက်ပါး လှည့်ပေးလိုက်ပါတယ်
သူမက မျက်နှာကို လက်ဝါးနဲ့အုပ်ရင်း ထွက်ပြေး
ပြေးထွက်
ထွက်ပြေး
ပြေး
ထွက်
ပြေး
ထွက်
ရထားလာမည့် လမ်းမှာ
ကျွန်တော် စိတ်ချလက်ချ လှဲအိပ်လိုက်တယ်…
ကံဆိုးချင်တော့ နေသာဝင်သွားတယ်
အဲဒီနေ့က ရထားတစ်စင်းမှမလာတော့ဘူး…
ကျွန်တော်တစ်ယောက်တည်းဆွေးလို့

ကွန်ဖြူးရှပ်လို တရုတ်ကြီးက ဘေးမှာဝင်လှဲရင်းပြောတယ်
ငါဘယ်သူလဲ….မင်းသိလား?
ဘာမှပြန်မပြောရသေးခင် သူကပဲဆက်ပြီး
ပြုံးနေတဲ့ စကားတွေပြောတယ်
ရီစရာပါသလို
မောစရာတွေပါတယ်
ပျော်ရွှင်စရာပါသလို
မော်စကို အကြောင်းပါတယ်
H1N1 အကြောင်းလည်းပါတယ်
၁လုံး, ၂လုံး, ၃လုံး, ၄လုံး တွေအကြောင်းပါတယ်
ဘင်လာဒင်အကြောင်းပါသလို….အိုဘားမားအကြောင်းပါတယ်
The Ants အကြောင်းပါသလို….Greenday အကြောင်းပါတယ်
ချီကော့ဗ်စကီးပါသလို….ကတ်ကိုဘိန်းပါတယ်..
ချီဂွေဗားရားအကြောင်းပါသလို…ဂန္ဒီအကြောင်းလည်းပါတယ်
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပါသလို…ဂဠုန်ဦးစောအကြောင်းပါတယ်
သိန်းဖေမြင့်အကြောင်းပါသလို….မြသန်းတင့်အကြောင်းပါတယ်
Harry Potter အကြောင်းပါသလို…..God Father အကြောင်းပါတယ်
Kat Deluna ရဲ့ကကွက်တွေအကြောင်းပါသလို….လေဘာတီမမြရင်လည်းပါတယ်
Prodigy ရဲ့ စည်းချက်တွေပါသလို…. စိန်ဗိုလ်တင့်ရဲ့တီးချက်တွေပါတယ်
လန်ဗိုမောင်းနေတဲ့သူဠေးသားအကြောင်းပါသလို….ငါးကျပ်၊တစ်ဆယ်တောင်းတတ်တဲ့ ချေးညှော်လေးတွေအကြောင်း…ဆိုက်ကားအုံနာခ ဈေးတက်တဲ့အကြောင်းတွေပါတယ်
မာယာကော့စကီးရဲ့ ဗော့ဒကာအနံ့ပါသလို…အလင်းဆိုင်ထဲက ရနံ့တစ်ချို့အကြောင်းပါတယ်
ဂျမခါနာအကြောင်းပါသလို….ရေဝေးအကြောင်းပါတယ်…
နာဂစ်အကြောင်းပါသလို….တောကြောင်တွေအကြောင်းပါတယ်….
တစ်ရွာပြောင်းတဲ့လူတွေအကြောင်းပါသလို….သေချင်တဲ့ကျားတွေအကြောင်းပါတယ်…
ဂျူမုံအကြောင်းပါသလို….အနော်ရထာအကြောင်းပါတယ်
မင်းတုန်းမင်းအကြောင်းပါသလို….ကွန်ဒုံးအကြောင်းပါတယ်
ဘီယာဆိုင်၊ စင်တင်တေးဂီတတွေပါသလို….ညလုံးပေါက် အလင်းဆိုင်တွေပါတယ်
လျှပ်ပေါ်လော်လီ ပိုက်ဆံနဲ့ အလှအရမ်းမက်တတ်တဲ့ ကောင်မလေးတွေအကြောင်းပါသလို…..ပြည့်တန်ဆာတွေအကြောင်းပါတယ်…
ဦးချစ်အကြောင်းပါသလို….လေထန်ကုန်းအကြောင်းပါတယ်
ဣသာမစ္ဆိရိယအကြောင်းပါသလို… မုဒိတာအကြောင်းပါတယ်
၅၂၈ အကြောင်းပါသလို…. ၁၅၀၀ အကြောင်းပါတယ်…
…………………..ပါသလို………………………….ပါတယ်…

အဲလိုနဲ့
သူကပဲဆက်ပြောနေလိုက်တာ..
ကျွန်တော်က တစ်ခြမ်းပဲ့လကို ငေးကြည့်နေမိတယ်…
သူလည်းပဲငါ့အဖြစ်ကို ကြည့်ပြီးပြုံးနေတာပါလား
ကိုယ့်အဖြစ်ကိုယ် ဆန်းစစ်ရင်း
အဘိုးအိုကို အပြစ်တွေ ကိုယ်တိုင်ဝန်ခံမလို့ဘေးကိုလှည့်ကြည့်လိုက်တော့
သူမရှိတော့ဘူးလေ…ဘယ်ကဘယ်လို
ကျွန်တော့်ကိုယ်ပွား နောက်တစ်ယောက်က
ပြုံးပြုံးကြီး ထိုင်ကြည့်နေတယ်မသိ…
အဲဒါနဲ့ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိပဲ
ယောင်ယမ်းပြီး ပြုံးပြလိုက်မိပါတယ်
မျက်စိတစ်မှိတ်အတွင်းမှာပဲ “ဗြုန်းဆို”
ကျွန်တော့်ကိုယ်ပွားကနေ ခရေပွင့်တစ်ပွင့်ဖြစ်သွား
အဲဒါနဲ့ ကျွန်တော်လှမ်းကောက်ယူမွှေးမြလိုက်တဲ့အချိန်
သံလမ်းပေါ်ကနေ
ကျွန်တော့်ကိုယ်ခန္ဓာဟာ ပေါ့ပါးစွာလွင့်စင်ထွက်သွား
ကျွန်တော်ပျံသန်းလာခဲ့ပါတယ်
တစ်နေ့တော့ “အိမ်” ပြန်ရောက်မှာပါလေ….

သွေးစုပ်ဖုတ်ကောင်

Vampires are mythological or folkloric beings who subsist by feeding on the life essence (generally in the form of blood) of living creatures. Although typically described as undead, a vampire could be a living person. (source: Wikipedia)


နှင်းစက်နှင်းပေါက်များကြားမှ နေ၏အလင်းတန်းများ ဖြာထွက်စီးဆင်းနေကြပြီ။ သစ်ပင်များထက်မှ ငှက်ငယ်ကလေးများလည်း တီတီတာတာ ကျီကျီကျာကျာဖြင့် အသံပေးနေကြ၏။ သြကာသလောက ယန္တားရားတစ်ခုစတင်လည်ပတ်ပေတော့မည်။ ထိုကဲ့သို့ မနေ့ကနည်းတူရောက်လာသော အရုဏ်မနက်ခင်းသစ်တိုင်းသည် ကျွန်တော့်တစ်နေ့တာ၏ အိပ်တန်းတက်ချိန်များသာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော်……

ကျွန်တော်လူမှန်းသိတတ်စအချိန်က စ၍ အကောင်ငယ်ကလေးများကို မသတ်ရက်။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် အကြီးဆုံးသောပြစ်မှုတစ်ခုဟု ခံယူထားပေသောကြောင့်ဖြစ်သည်။ ဘယ်အကြောင်းနှင့်မျှ သူတစ်ပါးအသက်ကို မသတ်ပါရစေနှင့်ဟု ငယ်၇ွယ်စဉ်ကတည်းက အကြိမ်ကြိမ်ဆုတောင်းခဲ့ဘူးသည်။ သို့သော် ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပါ။ ဗီဇအရ ဘိုးဘေးများစွာ၏ မျိုးရိုးစဉ်ဆက်အမွေဆိုးအရ ကျွန်တော်လူလားမြောက်လာသည်နှင့်အမျှ လောကတွင် ကြောက်စရာအကောင်းဆုံး လူသတ်ကောင် တစ်ယောက်သာဖြစ်လာခဲ့သည်။ ကျွန်တော့်အသက်ရှင်သန်ရန်အတွက် လူသားများ၏ သွေးစိမ်းရှင်ရှင်များဖြင့် ကျွန်တော့်သွေးပုပ်များ ပုံမှန်လဲလှယ်ရသည့် Vampire တစ်ကောင်ဖြစ်နေသောကြောင့်ပင်…ဟုတ်သည်။ ကျွန်တော်သည် လောကတွင် စက်ဆုပ်စရာ အကောင်းဆုံး Vampire တစ်ကောင်သာဖြစ်ပေသည်။

ကျွန်တော်တို့ သည် လူသားထဲက လူသားများပင်ဖြစ်သည်။ သို့သော်လည်း သွေးအသစ်မှန်မှန်လဲလှယ်ရန်လိုအပ်နေသော လူနာများလို လူသားများထမင်းဆာရင် စားသလို..သွေးဆာလျှင် သွေးစုပ်ရန်လိုအပ်သည်။ ထိုမှပင်ရှင်သန်နိုင်သည်။
တိရစ္ဆာန်သွေး၊ လူသွေး စသည့်ဖြင့် ရှင်သန်နေသော သက်ရှိများ၏ သွေးလိုအပ်သည်။
သွေးစုပ်ဖုတ်ကောင် တစ်ယောက်အတွက် ရှင်သန်ရန်မျှော်လင့်ချက်ဆိုသည်မှာ ညဘက်တွင်ပျော်မြူးသောလူသားများ တစ်ညထက်တစ်ည များသထက်များလာစေရန်သာဖြစ်သည်။ ထိုကိစ္စအတွက်ကတော့ စိတ်ပူစရာမလိုပါ။ ညစဉ်ကလာပ်များ အရက်ဘားများအနီးတွင် သွားစောင့်နေရုံပင်။ ရုံးပိတ်ရက်များဆိုရင်တော့ ကျွန်တော်တို့ ညီအစ်ကိုများအတွက်ပူစရာမလိုတော့။
ထိုကဲ့သို့ လူသားတိုင်း၏ သွေးများကို နေ့စဉ်သောက်သုံးနေရသော်လည်း ကျွန်တော်တစ်ရက်မှမပျော်နိုင်ပါ။ ထို့အတူ ကျွန်တော်လုံးဝ မသောက်သုံးရက်သော သွေးအမျိုးအစားလည်းရှိသည်။

ထိုသွေးမှာ ကျွန်တော့်ချစ်သူ၏ သွေးပင်ဖြစ်သည်။ သူမက ကျွန်တော့်ဘဝအမှန်ကို မသိရှာပေ။ ကျွန်တော့်၏ ချွန်ထက်နေသောသွားများကို သွားတက်ကလေးတွေက ချစ်စရာကောင်းလိုက်တာဟုပင် ထင်နေသေးသည်။ တစ်ကယ်တမ်းတော့ သွားတက်ပါသည့်လူတိုင်းနီးပါးဟာ ကျွန်တော်တို့အမျိုးတွေသာဖြစ်သည်။ ထိုချစ်စရာကောင်းသော သွားထက်ထက်များဖြင့် လည်ပင်းနုနုများကို ကိုက်ဖောက်တတ်ကြောင်းကို ရိုးအေးသောသူမ မသိရှာ။ သူမအနားရောက်တိုင်း သွေးနံ့များက တလှိုင်လှိုင်စီးကျတတ်စမြဲ။ ကျွန်တော့်စိတ်တွေ ထိန်းမရဖြစ်ကာ အံကို ခဏခဏ ကြိတ်ထားရတတ်သည်။ သူမကတော့ ကလေးတစ်ယောက်လို ကျွန်တော့်ကို တွေ့လျှင် ပျော်ရွှင်တတ်စမြဲပင်။ သို့သော်လည်း ညနေစောင်းမှ လာလာတွေ့သည်ကို သိပ်မကျေနပ်တတ်။ မနက်ဆိုလျှင် အလုပ်လုပ်နေရသည်ဟု လိမ်ထားရသည်။ ထိုအခါတွင်လည်း ယုံလွယ်သောသူမက ဘာမှဆက်မမေးတော့ပဲ စကားတွေသာဖောင်ဖွဲ့နေတတ်လေသည်။

တစ်ည….ဝတ္တုတွေထဲကလို လမိုက်ညမဟုတ်။ ခွေးတွေကလည်း အူမနေ။ သို့သော် ကျွန်တော်တို့လို သွေးစုပ်ဖုတ်ကောင်တွေအတွက် သားကောင်ပြတ်လတ်နေသော ကာလဖြစ်သည်။ လူအများကြားတွင် ကူးစက်ရောဂါပိုးတစ်မျိုးပြန့်နေသောကြောင့် ညနေမိုးချုပ်လျှင် မည်သူမျှအိမ်ထဲက အိမ်ပြင်ပင် မထွက်ကြ။ ဒီမြို့လေး၏ လမ်းများပေါ်မှာ တစပြင် လို ခြောက်ကပ်လို့နေ၏။ အစာအိမ်၏တောင်းဆိုမှုကြောင့် နေဝင်သည်နှင့်တစ်ပြိုင်နက် ကျွန်တော်သားကောင်အရှာထွက်ခဲ့သည်။ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားရင်း တစ်ခါတစ်လေ ကိုယ်လိုသူလို သားကောင်ရှာနေသူများနှင့်သာ တစ်ယောက်စ နှစ်ယောက်စ တွေ့တွေ့နေရသည်။ သို့သော် သူတို့ကိုယ်ပေါ်တွင် ရှင်သန်လတ်ဆတ်ခြင်းဆိုသော လူသား၏သွေးနံ့မရှိတော့။ သားစိမ်းငါးစိမ်းထည့်သည့် ရေခဲသေတ္တာထဲမှ ထွက်လာသော ပုပ်အဲ့အဲ့ အနံ့တစ်မျိုးသာရသည်။ ကျွန်တော့်အနံ့ကိုလည်း ထိုလူတွေရသည်ထင့်…တစ်ချက်ကြည့်၍ လှည့်ထွက်သွားကြသည်။

ကျွန်တော်တို့ကြားထဲတွင် စည်းမျဉ်းတစ်ခုရှိသည်။ လူတစ်ယောက်ကို သားကောင်အဖြစ်တွေ့သည်ဆိုပါစို့…ထိုအချိန်တွင် ကိုယ့်ထက်ဝါရင့်သော အသက်ကြီးသော Vampire တစ်ကောင်က ထိုသားကောင်ကို လိုချင်သည်ဆိုလျှင် ရက်ရက်ရောရော ပေးကမ်းရသည်။ တောတွင်းဥပဒေသလို လမ်းမဥပဒေသ တစ်မျိုးပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုဝါရင့်သူ၏ ဆုံးမတိုက်ခိုက်ခြင်းခံရတတ်သည်။ မြွေကြီးက မြွေငယ်ကိုစားပစ်သကဲ့သို့ပင်။ ဆက်လျှောက်လာရင်း သူမတို့ အဆောင် နားသို့ရောက်လာခဲ့လေပြီ။ သူမက နယ်ဝေးမှလာကာ ဒီမြို့လေးတွင်ကျောင်းလာတက်နေသော အဆောင်သူတစ်ယောက်ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ကျွန်တော့်ကိုယ်ခန္ဓာက သူမအိပ်ခန်းအတွင်းသို့ရောက်ရှိသွားလေသည်။ သူမအိပ်နေပုံမှာ အပြစ်ကင်းစင်လှသော ကလေးငယ်တစ်ယောက် အပူအပင်မရှိစွာ အိပ်စက်နေပုံမျိုး…နိုးသွားမည်စိုး၍ ကျွန်တော်ငြိမ်ငြိမ်လေးထိုင်ကြည့်နေမိသည်။ ဘယ်လောက်ကြာသွားသည်မသိ တိုင်ကပ်နာရီကို ကြည့်တော့မှ မိုးလင်းရန် နာရီအနည်းငယ်သာလိုတော့သည်။ ကျွန်တော့်သွေးတောင်းနေလေပြီ။ အစာရှာထွက်ရပေဦးမည်။ သူမကတော့ အိပ်လို့ကောင်းတုန်း….

ကျွန်တော်လမ်းမဘက်ဆက်ထွက်ခဲ့သည်။ ရုတ်တရက် ရှေ့နားဆီမှ လူနံ့ရလာသည်။ သေသေချာချာ ရှုရှိုက်မိတော့ တကယ့်လူသွေးနံ့ဖြစ်သည်။ ဆာလောင်မွတ်သိပ်မှုနှင့်အတူ ကျွန်တော့်ခြေလှမ်းများ အရှိန်မြှင့်လာသည်။ လမ်းမီးရောင် ဝိုးတဝါးကြားမှ လမ်းမထက်တွင်လူတစ်ယောက် လှဲလျောင်းနေသည်ကိုတွေ့သည်။ ထိုသူသည် ကံဆိုးစွာ ကျွန်တော့် ညစာဖြစ်ရပေဦးမည်။ ကိုယ့်အတွေးနှင့်ကို တစ်ချက်ပြုံးလိုက်ကာ အနားသို့ရောက်အောင် အမြန်လျှောက်မိသည်။ တွေ့လိုက်ရသောအခါ လူကြီးတစ်ယောက်မဟုတ်ပဲ ကျုံလှီချည့်နှဲ့သော ကလေးငယ်တစ်ယောက် အစာအာဟာရပြတ်ကာ အိမ်သို့ပြန်မရောက်နိုင်ရှာပဲ လမ်းမထက်တွင် ပုံလျက်သားလဲကျနေခြင်းဖြစ်သည်။ သူ့အဝတ်အစားများကလည်း စုတ်ပြတ်သတ်လို့။ အိမ်မှရှိပါလေစ။ ငါသူ့သွေးသောက်လို့ကောင်းပ့ါမလား။ ခါတိုင်းဆိုလျှင် ကလေးငယ်သွေးကို မသောက်သော်လည်း ဒီလိုရှားပါးညအတွက်....အို..ဘာပဲဖြစ်ဖြစ်…သူဟာ ငါ့ညစာ ဖြစ်ရမှာပေပဲ။ ကျွန်တော့်သွေးထဲမှ ညစ်ထပ်သော စိတ်နှင့် ဖြူစင်သောစိတ်နှစ်ခု အတွင်းတိုက်ပွဲဖြစ်နေကြခြင်းပင်။ နောက်ဆုံးတော့ ဘာဖြစ်ဖြစ်ဟုတ်စိတ်ကူးပြီး ကလေးငယ်၏လည်မြိုနားသို့ ကျွန်တော့်ပါးစပ်ကပ်လိုက်မိသည်။

ဆက်ပါဦးမည်…

ဘောလုံးပွဲ

အခုဆိုရင်…
သူတို့တွေ
ချွေးသံရွှဲရွှဲနဲ့
မျှော်လင့်ခြင်းတွေကို
ကန်ထုတ်တတ်နေကြပြီ…

အခုဆိုရင်…
သူတို့တွေ
ရာသီတစ်ခုလုံးရဲ့
အကောင်းဆုံးဖလားအတွက်
အသက်ရှုသံတွေပြင်းထန်နေကြပြီ..

အခုဆိုရင်…
သူတို့တွေ
ကိုယ့်လူမျိုးအတွက်ဆိုပြီး
လှေခွက်ချည်းကျန် အလံမလှဲ
မိုးထဲလေထဲမှာ
မောပန်းဖို့မေ့နေလောက်ကြပြီ..

ဖြစ်နိုင်ရင်
လက်ခုပ်လက်ဝါးတီး
ငါကိုယ်တိုင် ဘေးမှာထိုင်ပြီး
အားပေးလိုက်ချင်ရဲ့…

အဲဒီလိုအခွင့်မရရင်တောင်မှ
ဖြစ်နိုင်ရင်
ရုပ်မြင်သံကြားခလုတ်ကှိုနှိပ်
အစီအစဉ်ကြေငြာသူနဲ့
တိတ်တိတ်ရန်ဖြစ်လိုက်ချင်သေးတယ်..

ပျော်ရာမှာမနေရ..
တော်ရာမှာနေရ ဆိုပေမယ့်
နေမခတဲ့ နေ့တွေများလာတဲ့အခါ
ရာသီသုံးလီရှိတဲ့အရပ်ဆီ
ခြေကြွလို့သာလှမ်းချင်ပါတော့တယ်…

ဒီနေ့ညနေ…
အခုလောက်ဆို သုဝဏ္ဏအားကစားကွင်းတွင် လက်ခုပ်လက်ဝါးသံ၊ ဘင်ခရာသံ၊ လက်ခေါက်မှုတ်သံ၊ အားမလို အားမရ ဂိုးနားရောက်မှ ကန်ချက်လွဲသွားသဖြင့် “ဟာ..” ကနဲ အော်သံ စသည့်ဖြင့် သူ့အသင်း၊ ငါ့အသင်း သူ့ထက်ငါအပြိုင်အဆိုင် အားပေးသံများဖြင့် စီညံနေလောက်ပေပြီ။

ကျွန်တော်နိုင်ငံခြားဘောလုံးပွဲများကို အဲဒီလောက်စိတ်မဝင်စားပါ။ သို့သော် မြန်မာနိုင်ငံက ကန်သည့်ပွဲဆိုလျှင်တော့ မလွတ်တမ်းအားပေးဖြစ်သည်သာများသည်။
ငယ်စဉ်ကတည်းက ဘောလုံးကို ရူးခဲ့သော ကျွန်တော်တစ်ယောက် မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားချန်ပီယံလိဂ်ကို ကွင်းထဲတွင်သာ ဆင်း၍ အားပေးလိုက်ချင်ပါသည်။ ကွင်းထဲမရောက်နိုင်ရင်တောင် ရုပ်မြင်သံကြားကြည့်၍ သူကိုယ်တိုင် ဝင်မကန်ရုံတမယ် ကြေငြာနေသောအစီအစဉ်ထုတ်လွှင့်သူနှင့် တစ်ယောက်တည်းရန်ဖြစ်ကာ အားပေးချင်ပါသည်။

အခုလာသော သတင်းအရ.. ပထမပိုင်း ဒုတိယပိုင်း အပြီးတွင် နှစ်ဖက်စလုံးက သရေပွဲဖြစ်နေသည်။ မြန်မာနိုင်ငံ၏ အရင်က မြို့တော် ရန်ကုန်နှင့် ရှေးယခင်ကတည်းက ယဉ်ကျေးမှုဖြစ်တည်ရာ ဒုတိယအကြီးဆုံး မန္တလေးမြို့နှစ်မြို့ ၏ အားပြိုင်ပွဲဆိုလျှင်လည်းမမှားနိုင်ပါ။ ရန်ကုန်အသင်းကလည်း ပြိုင်ပွဲကို နိုင်လျှင် သိန်း ၅၀၀ နှင့် တစ်ထောင်အကြားပေးမည်..စသည်ဖြင့် ပရော်ဖက်ရှင်နယ် အားကစားသမားတွေကို အားပေးသလို ရတနာပုံအသင်းကလည်း ရထားတွဲများကို စီစဉ်ကာ မန်းသူ မန်းသားများအား ရန်ကုန်အထိ သွားလာစရိတ်ငြိမ်း အကုန်အကျခံကာ ဘောလုံးပွဲကို အားပေးရန်စီစဉ်သည်။

ပရိတ်သတ်များကလည်း အခုဆိုရင် သုဝဏ္ဏကွင်းထဲတွင် ပြည့်လျှံနေမည်ဆိုတာ ကျွန်တော့် စိတ်မှန်းထဲတွင်ပင် သေသေချာချာ မြင်ယောင်နေမိပါသည်။ အထူးတန်း၊ အရှေ့ဘက်တန်း၊ တောင်ဘက်တန်း၊ မြောက်ဘက်တန်း စသည့်ဖြင့် ကွင်းလျှံနေလောက်ပြီ။ ရတနာပုံပရိသတ်များကလည်း အပြာရောင်ကို ဝတ်ဆင်လို့…ရန်ကုန်ပရိတ်သတ်များကလည်း အစိမ်းနုရောင်ကို ဝတ်ဆင်လို့ အော်ဟစ်အားပေးနေကြမည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။

ယခုနောက်ဆုံး တင်လိုက်သောသတင်းအရ အချိန်ပိုအထိ သရေဖြစ်၍ ပန်နယ်လ်တီကန် ရာ ရတနာပုံအသင်းက ရန်ကုန်အသင်းကို အနိုင်ရရှိသွားပြီဖြစ်သည်။ ပန်နယ်လ်တီအဆုံးအဖြတ်သည် ပြောရခက်သည်။ ဖြစ်ချင်တိုင်းဖြစ်သွားနိုင်ရာ ယခု ရန်ကုန်အသင်းလည်း ချန်ပီယံဆုဖလားနှင့်ဝေးကွာရပြီဖြစ်သည်။ ရန်ကုန်အသင်း ပရိတ်သတ်များလည်း ကွင်းထဲတွင် ကြိတ်မနိုင်ခဲမရဖြစ်နေကြမည်မှာ အမှန်ပင်ဖြစ်သော်လည်း အနိုင်ရသည့် မန်းသူမန်းသားများကတော့ ပျော်ရွှင်နေကြမည်ပင်ဖြစ်သည်။ ဒါကတော့ နိုင်သူပျော်၊ ရှုံးသူမှိုင်သည့် ဘောလုံးဥပဒေသတစ်ရပ်ပင်။ သို့ပါသော်လည်း အားကစားဆိုသည်မှာ အသင်းစွဲ၊ နိုင်ငံစွဲထက် သူ့ထက်ငါ အနှိုင်မခံ၊ အရှုံးမပေး ယှဉ်ပြိုင်ကြရသည့်ပွဲမို့ ဘောလုံးပွဲများတွင် ကျွန်တော်သည် အသင်းစွဲထက် ဘောလုံးကန်ခြင်းအနုပညာကိုသာ အလေးပေး ကြည့်တတ်သည်။ တစ်ယောက်နှင့်တစ်ယောက် လိမ်ခေါက်ပုံ၊ အပေးအယူ လှပသေသပ်မှု၊ ဘောလုံးအထိန်းအသိမ်း၊ ကန်ချက် အပြင်း အပျော့၊ တစ်ကိုယ်ကောင်းဟုတ်၊ မဟုတ် အသင်းလိုက်ဆောင်ရွက်ချက် စသည်များကိုကြည့်ရသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းသော ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသလိုပင်။ ပြဇာတ်များတွင် စာရေးဆရာ ကောင်းလျှင် ကောင်းသလို ဇာတ်သိမ်းခန်းမည်သို့ ဖြစ်မည်ကို မသိနိုင်သကဲ့သို့ ဘောလုံးပွဲတွင်လည်း ခြေရည်တူသည့် အသင်းနှစ်သင်းတွေ့လျှင် ဘယ်အသင်းနို်င်မည်ဆိုသည်မှာ ဇာတ်ဝင်ခန်း၏ climax တစ်ခုကဲ့သို့ ဆွဲဆောင်အားပြင်းလှပေသည်။

အားကစားများမပေါ်ခင် ရှေးအခါက Gladiator များ အချင်းချင်းသတ်ဖြတ်ခြင်းများကို ကြည့်ကာ လူတို့ ပျော်ရွှင်မှုကို ရှာကြသည်။ ကျွန်များကို သင်တန်းပေး၊ ထို့နောက် ကျွန်အခြင်းခြင်းလှောင်အိမ်ထဲတွင် ကြက်ခွပ်သလို တိုက်ခိုင်းကာ ကြည့်ရှုသူများ ရင်သပ်ရှု့မောပျော်ရွှင်မှုကို ရှာကြသည်။ ထို့နောက်ပိုင်း တွေးခေါ်ပုံအဆင့်အတန်းမြင့်၍ အားကစားနည်းများ ပေါ်ပေါက်လာသောအခါ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူမျိုးတစ်မျိုးနှင့်တစ်မျိုး အားကစားနည်းမျိုးစုံ တွင် ပါဝင်ယှဉ်ပြိုင်ကာ အိုလံပစ်ပြိုင်ပွဲလို ပွဲကြီးများ ကျင်းပ၍ လူသားများကျန်းမာစေရန်နှင့် နိုင်ငံအချင်းချင်း ဂုဏ်သိက္ခာပြိုင်ဆိုင်မှု စိတ်လှုပ်ရှားမှုကို ရှာကြသည်။ ထူးချွန်သူအားကစားသမားများမှာလည်း သူဠေးသူကြွယ်၊ ရုပ်ရှင်မင်းသားမင်းသမီးများ တန်းတူ လူအများ၏ အလေးပေးမှုကို ခံလာရသည်။

အားကစားနည်းမျိုးစုံထဲမှ ဘောလုံးအားကစားမှာကား လူအများကြားရေပန်းအစားဆုံးလူကြိုက်အများဆုံးဖြစ်သည်။ သားရေဘောလုံးမပြောနှင့် ကျွန်တော်တို့ငယ်ငယ်က ပလတ်စတစ်ဘောလုံးတစ်လုံးလောက်နှင့်ပင် ကန်စရာ လမ်းမတစ်ခုရှိလျှင် အလုပ်ဖြစ်သည်။ ထိုကဲ့သို့ဖြင့် လူထုကြားဘောလုံးရောဂါပိုးကူးစက်သလို လျင်လျင်မြန်မြန်ပျံ့နှံ့သည်။ မြန်မာပြည်ရှိ ရပ်ကွက်ကြို ရပ်ကွက်ကြား လမ်းကြို လမ်းကြားများတွင်လည်း ဘောလုံးပွဲများရှိနေသကဲ့သို့၊ တောင်အာဖရိကကဲ့သို့သော နိုင်ငံများရှိ လမ်းကြိုလမ်းမများတွင် နှပ်ချေးတွဲလောင်းများ ကန်နေကြပေဦးမည်။ ထို့အတူ အင်္ဂလန်ရှိမြို့ကြီးပြကြီးများတွင် ငွေကြေးအမြောက်အများ အကုန်အကျခံကာ အသည်းအသန်ကန်နေသကဲ့သို့၊ ကမ္ဘာ့ဖလားကဲ့သို့သော နိုင်ငံတကာ ဘောလုံးပြိုင်ပွဲများမှာလည်း နောက်မျိုးဆက် များစွာတိုင်အောင် ရေပန်းစားနေမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ကျွန်တော့်ရည်မှန်းချက်

ကျွန်တော်ရေးမည်။ စာရေးမည်။ အသွေးအသားပေါက်ကွဲမှုတစ်မျိုးအဖြစ် အတွေးစနက်တံကိုမီးရှို့ကာ ကျွန်တော့်လက်များဖြင့် လင်းချင်းစေရမည်။ ကျွန်တော်သည် စာရေးဆရာတစ်ယောက်သာဖြစ်ချင်ပါသည်။ စကားကြီးစကားကျယ်ပြောရလျှင် သူ့ပတ်ဝန်းကျင်လောက အတွက် နေမင်း အလင်းမဟုတ်တောင် ပိုးစုန်းကြူးအလင်းခန့် ထွန်းလင်းချင်ပါသည်။ ထို့အတွက် ကုန်သည်မဟုတ်၊ စီးပွားရေးသမားမဟုတ်၊ အရင်းရှင်မဟုတ်၊ ခေါင်းပုံဖြတ်သူမဟုတ်၊ နိုင်ငံရေးသမားမဟုတ်၊ ကျောင်းဆရာမဟုတ်၊ သင်္ဘောသားမဟုတ်၊ သူဠေးမျက်နှာထိုင်ကြည့်နေရသော လခစားမဟုတ်၊ မင်းသား မဟုတ်၊ အင်ဂျင်နီယာမဟုတ်၊ ဆရာဝန်မဟုတ်၊ အဆိုတော် အစရှိသဖြင့် တစ်ခြားနည်းဖြင့် အသက်မွေးဝမ်းကျောင်းမဟုတ်….မဟုတ်…မဟုတ်

သို့အတွက် ကျွန်တော်သည် စာရေးဆရာတစ်ယောက်သာဖြစ်ချင်ပါသည်။ ထို့အတွက်ကြောင့် ငယ်ရွယ်စဉ်က ကျွန်တော့်ရည်မှန်းချက်ဆိုသည့် စာစီစာကုံးကို သတိရမိပါသည်။ ထိုစဉ်က သမာရိုးကျအတိုင်း “ရည်မှန်းချက်မရှိသူလူတစ်ယောက်၏ ဘဝသည် တက်မရှိသော ရွက်လှေတစ်စီး အပြောကျယ်သောပင်လယ်ပြင်တွင် လွင့်မျောနေသကဲ့သို့ ကိုယ်လိုရာကမ်းသို့မကပ်နိုင်ချေ။ ထို့အတွက်ကြောင့် ကျွန်တော့်ရည်မှန်းချက်သည် ……..ဖြစ်သည်ဟု” အခြားလူများနည်းတူ စာစီစာကုံးစာအုပ်မှကူးချကာ ရေးခဲ့ဘူးပါသည်။ ဖြန့်ထွက်တွေး၍ ကိုယ့်ကိုယ်ကို ငါဘာကောင်ဖြစ်ရမည်ဟု အတွင်းမြင်ချင်း သိပ်မရခဲ့ပါ။ ကိုယ့်ကိုယ်တိုင် မရိုးသား မပွင့်လင်းခဲ့ပါ။ ရခဲ့သော်လည်း ထိုကဲ့သို့ ရွေးချယ်မှုအတွက် အကျိုးအဆက်အားလုံးအတွက် ဘာမဆိုရင်ဆိုင်ရဲသည့် သတ္တိရှိရပါမည်။ စာရေးဆရာအဖြစ် နာမည်မကြီးခင် ငတ်သည့်၊ ပြတ်သည့်ဒုက္ခ၊ လူတကာက မေးငေါ့သည့်ဒုက္ခ ထိုကဲ့သို့သော အသေးအဖွဲဒဏ်များသာမက အနီးစပ်ဆုံးအဖြစ် မိသားစု၏ ဖိအားကိုပါခံနိုင်ရည်ရှိရပါမည်။

ရွေးချယ်ခွင့်သိပ်မရှိသော ကျွန်တော်တို့ ပညာရေးခေတ်တွင် ကြီးပြင်းလာရသော ကျောင်းသားပီပီ ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်သော ရည်မှန်းချက်များသာများနေခဲ့ပါသည်။ ဘယ်ကလေးကမှတော့ “ငါကြီးလာရင် စာရေးဆရာကြီးဖြစ်ရမည်” ဟု သူ့စာစီစာကုံးတွင်ထည့်ရေးလေ့ရှိမည်မဟုတ်။ ထိုသို့ရေးသည်နှင့် အမှတ် ၁၀၀ မရသည့်အပြင် ဆရာမ၏ ကြိမ်တုတ်သာ လက်ဆောင်မွန်အဖြစ်ရရှိပေလိမ့်မည်။ ထို့အတူ ကတ်ထူစာရွက်တစ်ခုဖြစ်သော ဘွဲ့လက်မှတ်တစ်ခုနှင့် အတူ လူ့စီးမျောမှုတစ်ခုအတွင်း ဝင်၍ အိမ်ထောင်သားမွေးလုပ်ကာ မီးဇာကုန် ဆီခန်းဖြစ်မလား၊ မီးဇာမကုန် ဆီမခန်းခင် နောက်ထပ် မီးတောက် မီးပွင့်များ ကူးပေးနိုင်ခဲ့သလား၊ ဖန်တီးချင်သေးလား စသည်ဖြင့် စဉ်းစားမိပါသည်။

Oxford တက္ကသိုလ်မှ အင်္ဂလိပ်စာပါမောက္ခ G. Gordon ရဲ့အဆိုအရ စာပေအနုပညာဟာ လုပ်ငန်းတာဝန်သုံးခုကို ယူရလိမ့်မယ်တဲ့။ တစ်ခုက နှစ်သက်ကြည်နူးမှုရသကိုပေးမှု၊ တစ်ခုက အမှားအမှန်ညွှန်ကြားဖို့၊ နောက်တစ်ခုက လူတွေရဲ့ ဝိဥာဉ်ကို ကယ်တင်ဖို့နဲ့ နိုင်ငံတော်ကို ကုစားဖို့တဲ့။ (ဇော်ဇော်အောင်- ဝေဝေရီရီဝတ္တု စာမျက်နှာ ၁၁၀တွင်ရှု့) ဒီစကားလုံးတွေက ကျွန်တော့် လမိုက်ညကောင်းကင်တွင် မီးပုံးပျံထွန်းညှိလိုက်သလို လင်းချင်းသွားစေသည်။ ကျွန်တော်တို့ အဘယ်တာဝန်ကို ယူနိုင်ပါသနည်း?

ထိုစာအုပ်ထဲတွင်ပင် စာရေးဆရာဇော်ဇော်အောင်က နိုင်ငံတစ်နိုင်ငံ ချမ်းသာကြွယ်ဝရန် အချက်အလက် မျာမှာ စီးပွားရေးပေါ်လစီမှန်ရမည်။ ကမ္ဘာနှင့်လိုက်လျောညီထွေရှိရမည်။ အလုပ်ကြိုးစားမည်ဆိုလျှင် သယံဇာတမထွက်သော စင်္ကာပူနိုင်ငံပင် ချမ်းသာလာနိုင်သည်။ ဂျပန်လိုကျွန်းငယ်ပင် ပြာပုံထဲမှ နိုးထလာနိုင်သည်။ ရုပ်ပစ္စည်း ချမ်းသာဖို့၊ ကြွယ်ဝဖို့၊ ပြည့်စုံဖို့ဆိုတာ သိပ်မခက်ပါ။ စိတ်ဓာတ်ရေးရာမှာ အားနည်းခြင်း၊အောက်တန်းကျခြင်း၊ချွတ်ချုံကြခြင်းများကို ဖြည့်ဆည်းနိုင်ရန်ခက်သည်။ သိပ္ပံနည်းပညာများဖြင့် မကယ်နိုင် စိတ်ဓာတ်တွင်စွဲကပ်နေသော နာတာရှည် ရောဂါကို ကယ်တင်ရန် စာပေအနုပညာ သာရှိသည်။ နိုင်ငံရေးသမားတွေမကယ်နိုင်၊ သိပ္ပံပညာ၇ှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ ဒဿနပညာရှင်တွေမကယ်နိုင်၊ စာရေးဆရာတွေ၊ ကဗျာဆရာ၊ ဝတ္တုရေးဆရာတွေ၊ စာပေအနုပညာသမားများသာလျှင် ကယ်တင်နိုင်ပေလိမ့်မည်။ အင်္ဂလိပ်ပါမောက္ခပြောစကားအရ
England is sick and English Literature must save it… To save our souls and heal the state ဟုဆိုလျှင် မြန်မာပြည်ကို အင်္ဂလန်ဆိုသည့် စကားလုံးအစား အစားထိုးကြည့်ချင်သည်။
ကျွန်တော်အပါအဝင် လူအများစု တစ်ခြားနိုင်ငံသို့ထွက်ကာ ပညာရှာကြသည်။ အလုပ်လုပ်ကြသည်။ ထိုအထဲတွင်မှ မိမိဇာတိချက်ကြွေမွေးရပ်မြေ နိုင်ငံကိုအချိန်တန်ရင် ပြန်ကာ ခေါင်းချမည်ဟုကြံသူသာများမည်ဟု ကျွန်တော်ထင်ပါသည်။ (တစ်ချို့လူများအတွက် လွဲကောင်းလွဲနိုင်ပါသည်) သို့သော် ထိုထွက်ခွာသွားသော လူများစုမှ ဘယ်နှစ်ရာခိုင်နှုန်း ပြန်ရောက်၍ ခေါင်းချကာ ဘယ်နှစ်ရာခိုင်နှုန်းက တစ်ခြားနိုင်ငံသား ခံယူသွားကြသနည်း? ကျွန်တော့် အမြင်အရ ဒုတိယလူစားမျိုးက များပေမည်။ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကို တစ်ခြားနိုင်ငံသားခံယူပေမည်။ ထို့အတွက် ကျွန်တော်အပြစ်မဆိုပါ။ လူသားတိုင်း ခံယူချက် သဘောထားခြင်းမတူစွာ လွတ်လပ်စွာကွဲပြားခွင့်ရှိကြသည်။ သို့သော် ဆရာဇော်ဂျီ၏ ကဗျာကို သတိရမိပါသည်။
သင်သေသွားသော်
သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။
ကျွန်တော်စဉ်းစားမိသည်မှာသေသောအခါ သူတစ်ပါးတိုင်းပြည်တွင် သရဏဂုံတင်စရာမရှိသောအဖြစ်ဖြင့် မြေသြဇာဖြစ်ချင်သလား? ဘဝ၏နှောင်းပိုင်းအရွယ်တွင် ဘုရားရိပ် တရားရိပ်ဖြင့် အေးအေးသာသာ ဆီခန်းချင်သလား? ကျွန်တော်မွေးသောမြေသည် ထိုအချိန်အထိ ဖုန်းဆိုးမြေဖြစ်နေပစေ ထိုအရပ်တွင်သာ စိတ်ချလက်ချခေါင်းချလိုပါသည်။ ထိုသို့ခေါင်းမချခင် ထိုမြေအတွက် ဖယောင်းတိုင် တစ်တိုင်လောက်တော့ ထွန်းပေးချင်ပါသည်။ ကျွန်တော်တို့အားလုံး၏ ဖယောင်းတိုင်မီးတောက်များ တစ်ယောက်တစ်လက် ဝိုင်းဝန်းပူးပေါင်းလိုက်မည်ဆိုပါလျှင်….

Sunday, July 5, 2009

Sixth Symphony



စာရေးဆရာ အောင်ခင်မြင့်ရေးသားသည့် "တိမ်လွှာမို့မို့လွင်မှသည် ပို့စ်မော်ဒန်အနုပညာဆီသို့"စာအုပ်ထဲတွင်

Sixth Symphony (ဆဋ္ဌမဆင်ဖိုနီ) တေးသွားကတော့ ချီကော့ဗ်စကီးရဲ့ အကောင်းဆုံးလက်ရာ Masterpiece လို့ခေါ်တဲ့တေးသွားပါ။ ဘာလို့လဲဆိုတော့ ချီကော့ဗ်စကီးဟာ အဲဒီအထဲမှာ သူ့ဝိဥာဉ်တစ်ခုလုံးကိုပါထည့်သွင်း ဖွဲ့ဆိုခဲ့လို့ပဲ။ ဒါပေမယ့် ဆဋ္ဌမဆင်ဖိုနီရဲ့ ပထမဆုံးတင်ဆက်မှုဟာ ကျရှုံးမှုတစ်ရပ်ဖြစ်ခဲ့တယ်။ စိန့်ပီတာစဘတ်ဟာ ၁၉ရာစုရဲ့အကောင်းဆုံးလက်ရာတစ်ခုဖြစ်တဲ့ ဆဋ္ဌမဆင်ဖိုနီကို ကျိုးတို့ကျဲတဲသြဘာသံတွေနဲ့ ခြောက်တိခြောက်ကပ် တုံ့ပြန်ခဲ့တယ်။ အဲဒီအချိန်က စိန့်ပီတာစဘတ်ဟာ ဆဋ္ဌမဆင်ဖိုနီကို နားမလည်ခဲ့ဘူး။ ချီကော့ဗ်စကီးဟာ စိတ်ပျက်ပြီးကိုယ့်ကိုကိုယ် သတ်သေခဲ့တယ်။ (သူဟာ ကာလဝမ်းရောဂါဖြစ်ပွားနေချိန်မှာ ကျိုချက်မထားတဲ့ရေကို တမင်သက်သက်သောက်ခဲ့တယ်။)

အထက်ပါအဆိုရဆိုလျှင် ဒီ ဆဋ္ဌမဆင်ဖိုနီထဲတွင် ချီကော့ဗ်စကီးရဲ့ဝိဥာဉ် ကိန်းအောင်းကောင်းကိန်းအောင်းနေနိုင်ပါသည်။ ရှာဖွေကြပါကုန်...

Tchaikovsky - Swan Lake Waltz



ချီကော့ဗ်စကီး အကြောင်း - http://en.wikipedia.org/wiki/Pyotr_Ilyich_Tchaikovsky

Sunday, June 21, 2009

ကျွန်တော်၏…

ကျွန်တော်သည် ဥပရာဇာမဟုတ်
ပွဲတော်က ဝယ်လာသည့်
သန်လျှက်နဲ့
လက်ခမောင်းခတ်ချင်ရုံသက်သက်သာ

လျှာတိုအောင်မရိတ်ခင်
ကမ္ဘာချိုမည့်တေးသွားများ
သခင်ကိုယ်တော်မှိုင်း
မ,စ ခဲ့ပါသည်။
တေးသံများ မရပ်တန့်ပါစေနဲ့…

သင်သည်သင့်ကိုယ်သင်ပိုင်သည်
ထိုစာသားက
မျက်စပစ်ပြလို့
ကျွန်တော့်ကိုယ်ကျွန်တော်
လွှတ်ပေးခဲ့တယ်…
ဘယ်မိုင်တိုင် ရောက်နေပြီလဲမသိ..

အသိုက်အမြုံ
ဂုဏ်ဒြပ်နဲ့
အတွေ့အကြုံများ
ရောစပ်
ဆော်ဒါပြင်းပြင်း တစ်ခွက်နဲ့
မော့ချပစ်ခဲ့
နာရီအန်ဖတ်များ
ဆေးဖက်ဝင်လေမည်လားမသိ…

ကလေးငယ်
သင့်လက်ဝယ်မှာ
အလိုရှိတိုင်းဖြစ်စေဆိုသည့်စာတမ်း
ခေါင်းအုံးအောက်မှာထားခဲ့
မနက်ခင်းတွေ မွှေးပျနေပါလိမ့်မယ်…

စကားလုံးနဲ့ပြောလို့မရတဲ့
ဘာသာဗေဒတစ်ချို့တီထွင်ချင်တဲ့အခါ
အက်ဒီဆင် ရီမောနေမည်လားမသိ..
တိတ်ဆိတ်နေတဲ့ စက္ကန့်သံတွေတစ်ချက်..ချက်နဲ့
ဝုန်းကနဲ ပေါက်ကွဲသွားမယ့်နေ့ဟာ
ကျွန်တော့်ရဲ့ Happy Birthday ပဲလေ..

အတွေးတွေကိုမီးပိတ်
ကိုယ့်အိပ်မက်ထဲဝင်အိပ်လိုက်မယ်
သူငယ်ချင်း…
မနက်ဖြန်တွေမင်းကို စောင့်နေလေရဲ့…

ငါတို့အိမ်

တေးရေး - အရိုး

တေးဆို - ဓီရာမိုရ်




DRaMo06.mp3 - Dramo

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ … ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံဟာ … တွံတေးကြီး တေးသံလား … အမေစံမြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ … စင်တင်ဇာတ်ထုပ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ … ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို … အခုရထားတဲ့ လောကစည်းစိမ်တွေ … နတ်ပြည်နဲ့ မလဲဖို့ …

အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် … နတ်ပေးတဲ့ သြသဓဆေး … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တို့ အိမ်က မခွဲကြေး … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ … ကောင်းချီးသြဘာပေး … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် … တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် … အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် … မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် … အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ … ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ … မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ … အမေ့ရဲ့ တရားသံနာ … လူဟာဘယ်လောက်ထိ အသက်ရှင်လဲ … ဘယ်လောက်အများဆုံး ရနိုင်လဲ … အခုရထားတဲ့ လောကစည်းစိမ်တွေ … ဘယ်လောက် ကြာကြာ မြဲမလဲ …

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ … နှာခေါင်းရှုံ့ လက်ခါမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် … တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …

Wednesday, May 6, 2009

ကျောက်ရုပ်ရင်ကွဲ

မင်းဟာ ငါ့အာရုံခံစားမှုတွေကိုထိန်းချုပ်နိုင်စွမ်းရှိတယ်..
စကားမပြောတာကြာ…ငါ့ကိုယ်ငါ ထိန်းချုပ်ပြီး အဆက်အသွယ်မလုပ်တာတောင်မှ…
မင်းနာမည်ကို အိပ်မက်ထဲမှာ ယောင်ယောင်ခေါ်နေတုန်းပဲ…
ငါမူးတိုင်း မင်းနာမည်က ငါ့ပါးစပ်ဖျားကထွက်လာဆဲပဲ…
ငါက စိတ်ကူးယဉ်တတ်တဲ့လူတစ်ယောက်မဟုတ်ဘူး… ဒါတောင်မှ မင်းရဲ့ ညှို့ချက်ကပြင်းထန်လွန်းလှတယ်…
မင်းဘယ်သူလဲ…မင်းဘယ်သူလဲ
ငါ့နာမည်အရင်းကို မင်းသိပေမယ့်…မင်းနာမည်အရင်းဘယ်သူလဲ…
ငါ့ဓာတ်ပုံကို မင်းမြင်ဘူးပေမယ့်…မင်းရဲ့ဓာတ်ပုံကို ဝိုးတဝါးပဲငါမြင်ဘူးတယ်…
ငါ့အသက်ကို မင်းသိပေမယ့်..မင်းအသက်ကို ငါမသိဘူး…
မင်းနေတဲ့မြို့ကိုသိပေမယ့်…မင်းအိမ်လိပ်စာကိုမသိဘူး…
မင်းကငါ့ ဖုန်းနံပါတ်သိပေမယ့်…ငါမင်းဖုန်းနံပါတ်မသိဘူး…
မင်းကငါ့မွေးနေ့သိပေမယ့်…ငါမင်းမွေးနေ့မသိဘူး…(ငါ့မှတ်ဥာဏ်မကောင်းတာလည်းပါမှာပါ)
မင်းက အပျိုလား…အအိုလား…ရည်းစားရှိလား…ရည်းစားမရှိဘူးလား…
ငါနေမကောင်းတိုင်း မင်းစိုးရိမ်သလို…မင်းနေမကောင်းတိုင်း ငါပါကိုယ်ပူချင်လာတယ်…
မင်းခုချိန်ဘယ်သူနဲ့ ဘာလုပ်နေမလဲ…ဘယ်နေရာရောက်နေမလဲ တွေးနေမိလို့…ကျောက်ရုပ်လို ငါဖြစ်ဖြစ်သွားတတ်တယ်…

လေးဖြူရဲ့ သီချင်းလို..
သံယောဇဉ်..သံယောဇဉ်…ငါလေ အပျက်အပျက်နဲ့သွေးထွက်ခဲ့တယ်..
သံယောဇဉ်..သံယောဇဉ်..လူကို အရူးမီးဝိုင်းစေတယ်…
ဒီသံယောဇဉ်…ဒီသံယောဇဉ်…ဒီသံယောဇဉ်… အိုး…

ဖုန်းဘေးမှာ မင်းဖုန်းကိုမျှော်ရင်း…ငါမင်းဖုန်းနံပါတ်ကိုသိချင်လာတယ်…
ဒါပေမယ့် ငါမေးတိုင်း…ဘာလုပ်ဖို့ဆက်မှာလဲ…ဒီဘက်ကပဲဆက်မယ်တဲ့..
ပိုက်ဆံကုန်တယ်ဟုတ်လား…ခုတော့ ငါ့စိတ်ပါကုန်လာပြီ…
ငါနေတဲ့မြို့ကိုရောက်လာတာတောင် ငါ့ကို ဖုန်းဆက်ဖော်မရဘူး…
မေးတော့… တွေ့ပြီးဘာလုပ်ရမှာလဲ..ဝေဒနာတွေထပ်မဖြစ်ချင်ဘူးတဲ့လား…
ဟား ဟား ဟား..
ငါအဲလိုအော်ရီလိုက်ချင်တယ်…

ငါဘာဆက်လုပ်ရမှာလဲ…ငါဘာဆက်လုပ်ရမှာလဲ…
ငါကမင်းခြံထဲမှာစိုက်ထားတဲ့ ပန်းတစ်ပွင့်မဟုတ်ဘူး…
မင်းအလှမွေးထားတဲ့ ခွေးတစ်ကောင်မဟုတ်ဘူး…
စီးချင်ရင်စီး..မစီးချင်ရင် ဂိုဒေါင်ထဲထည့်ထားတဲ့ ကားတစ်စင်းမဟုတ်ဘူး..
မဟုတ်ဘူး…မဟုတ်ဘူး….
ငါဆိုတာငါပဲ…
အကောင်းဆုံးကတော့ မေ့ပစ်…မေ့ပစ်…မေ့ပစ်…ဒါပဲငါသိတော့တယ်…

ဒါပေမယ့်…

အတိတ်တွေက မှုန်ဝါးပေမယ့်..ငါတို့နှစ်ဦးဇာတ်လမ်းမှာ တစ်ချို့နေရာကအကောင်းအတိုင်းရှိနေဆဲပါပဲ… ဟိုတစ်ကွက် ဒီတစ်ကွက်ပိတ်သားထက် အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်…
အဓိပ္ပယ်မရှိတာသိပေမယ့် တစ်ခါတစ်လေ တိုက်ဆိုင်မှုတွေရှိလာတော့လည်း အမှတ်တမဲ့မင်းကိုလွမ်းပါတယ်…အပေါ်ယံရှပ်ထိသော ဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်…
တွေးရင်မှတ်မိဦးမယ် ထင်ပါတယ်…နှစ်တွေလတွေကအတော်ကြာပြီပဲ..

ဘယ်ဆီကိုမင်းရောက်နေမလဲ…ဘာတွေကိုမင်းလုပ်နေမလဲ…
ဘယ်သူနဲ့မင်းရှိနေမယ်..တွေးမိပါတယ်…လွမ်းမောရင်းနဲ့..စဉ်းစားရင်းနဲ့..ငါသတိရပါတယ်…


မင်းကို ဘယ်တော့မှ ဘလောခ့်မလုပ်ပေမယ့်
မင်းရဲ့ ဂျီတော့ခ်ကိုတော့ ငါပြန်ဖြေမှာမဟုတ်တော့ဘူး…

ဒါပေမယ့်..

အရှုံးတွေထဲမှာလဲပြိုရင်း..အတိတ်တွေထဲမှာပျောက်ဆုံးချိန်..
မြင်နိုင်တဲ့ငါ့အနာဂတ်တို့မှေးမှိန်…ငါဟာကျဆုံးချိန်…
ငါ့ရဲ့နံဘေးကိုမင်းဝင်လာပြီး..လဲပြိုကျသူငါ့ကိုထူပြီး…
အဆီအငေါ်မတည့်တဲ့စကားတွေ နင်ဟာခွင့်လွှတ်သည်းခံရင်း…
တန်ဖိုးများမရှိတော့ဘူးလို့ ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာ တစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ…
အို…ဟူး..အိုး..
နင်ဟာအရှုံးတွေထဲမှာမြောနေခဲ့သူငါ့ကို ဆယ်ရင်း..
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း…
နင်ဟာငါ့အတွက်တော့..နင်ဟာ ငါ့အတွက်တော့
ငွေလမင်းတစ်စင်းလို…

ငါ့ကောင်းကင်ပေါ်မှာ တစ်သက်တာ ထွန်းလင်းခွင့်ပေးထားမှာပါ…

မင်းအတွက်ငါ့မှာ အချိန်နဲ့အမျှ…
အသက်ထွက်လု ငါ့မှာခံစားရ..
တစ်ဘဝအတွက် တစ်ယောက်ရည်ရွယ်ခဲ့သမျှ
အခုတော့ ငါးပါးမှောက်တာ
ဒူးထောက်ထားတယ်ဆိုတော့မှ
ခေါင်းငုံ့ခိုင်းတယ် အဖြစ်မျိုးလား..
နှစ်ဦးသားသဘောတူ ရပ်ဆိုင်းကာ..
အလိုလိုသာကွဲကြစို့ကွာ..
တစ္ဆေသရဲများတွေ့သလို..
ပြန်တွေးတိုင်းငါ့မှာ…အို သွေးပျက်မတတ် တုန်နေရင်းငါ..
ဘာထူးလဲ…အခုအခါ..ဘာထူးလဲ ဘဝမှာ..
ဘာထူးလဲ…အခုငါ အရင်အတိုင်းပါ..
ရင်ကွဲပက်လက်ကျန်ခဲ့တာ…

Tuesday, March 31, 2009

ရေညှိပင်နဲ့ ဝါးပင်

တနေ့မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့ အားလုံးကို အရှုံးပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊ အလုပ်ကိုအရှုံးပေးလိုက်မယ်၊ မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။ တောထဲရောက်တော့ နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင် ဘုရားသခင်နဲ့ စကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်။

ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား- ကျွန်တော်ဘဝကိုအရှုံးပေးတော့မယ်။ ကျွန်တော်အရှုံးပေးသင့်တယ်လို့ပဲ ကျွန်တော်ထင်တယ်။ အရှုံးမပေးသင့်ကြောင်း သက်သေတစ်ခုတောင် ဘုရားသခင်ကျွန်တော့်ကို ပေးစရာမရှိဘူးမဟုတ်လား…” လို့မေးလိုက်တယ်။ ဒါနဲ့ဘုရားကပြန်မေးတယ်တဲ့။
“အသင့်အနားမှာ ရေညှိပင်တစ်ပင်နဲ့ ဝါးပင်တစ်ပင် တွေ့သလား” တဲ့။

သူကတွေ့ကြောင်းပြောတဲ့အခါမှာ ဘုရားက -

“အိုလူသား။ အဲဒီရေညှိပင်နဲ့ ဝါးပင်ကို စပျိုးတုန်းကအတူတူပဲ။ အစေ့နှစ်မျိုးကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေသြဇာနဲ့ နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။ မြေပေါ်မှာပေါက်လာပြီး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ဝါးစေ့ကလေးကတော့ ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ့် ငါသူ့အပေါ်မှာ စွန့်လွှတ်အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီးရေလောင်းခဲ့ပါတယ်။

တစ်နှစ်လောက်ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက်တောင် ပိုပြီးပြန့်ပွားလာပါတယ်။ ဝါးစေ့လေးစိုက်ထားတဲ့နေရာမှာတော့ ဘာမှဖြစ်မလာသေးပါဘူး။

၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲ ဘာထူးခြားမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အပေါ်မှာ လက်လျှော့လိုက်ခြင်းမရှိဘဲ ဆက်ပြီးရေလောင်းပေးခဲ့ပါတယ်။ ၅ နှစ်မြောက်မှာတော့ ဝါးပင်ညှောင့်လေး စထွက်လာပါတယ်။ ဒီလိုစထွက်လာပြီး ၆လအတွင်းမှာပဲ ပေ၁၀၀ ကျော်အပင်ကြီးဖြစ်သွားပါတော့တယ်။ ဝါးပင်ဟာ ဒီလိုအချိန်တိုအတွင်းမှာ ဒီလောက်အမြင့်ကြီးတက်နိုင်ဖို့ ၅ နှစ်ကြာအမြစ်တွယ်ယူခဲ့ရတယ်လေ။

ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့အရာ ချမပေးပါဘူး။ သူ့နေရာနဲ့သူဖြစ်လာဖို့ အရည်အချင်းတွေပေးထားတယ်လေ။ ဝါးပင်လေးအပေါ်မှာ လက်မလျှော့သလို အသင့်အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ရေညှိပင်ဟာ ရေညှိပင်နေရာမှာနေပြီး သစ်တောကို စိမ်းလန်းစေသလို၊ ဝါးပင်ဟာ ဝါးပင်နေရာမှာနေပြီး သစ်တောကို လှပစေပါတယ်။

သင့်အလှည့်လာမှာပါ။ သင်အမြင့်ကိုတက်ဖို့ အခု အမြစ်တွယ်ဖို့ အချိန်ပေးထားတာပါ။”…လို့ပြန်ဖြေသတဲ့။

ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက်မြင့်မြင့်တက်မှာလဲ” လို့ပြန်မေးပါတယ်။

လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့ ပြန်ဖြေတော့

ဘုရားက “အေး..အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ တက်လို့ရတယ်။ ကြိုးစားပြီးတက်ပေတော့” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီပုံပြင်လေးကို နေးတစ်မြန်မာဖိုရမ်မှာ ပူးကောင်က ရေးထားတာကို သဘောကျလို့ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်။

Thursday, March 5, 2009

“ထိထိ ရောက်ရောက် စွမ်းဆောင်ရည်မြင့် လူငယ်တိုရဲ့ အမှုအကျင့် (၇)ပါး” မောင်သစ်ဆင်း

(၁)ငါသာလျှင် ငါကံ၏ အရှင်သခင်စိတ်ဓါတ်(Be Proactive)

(မင်ဘဝ အတွက်မင်းကိုယ်တိုင်တာဝန်ယူ)

(၂)အဆုံးက စစဉ်းစား (Being with the End in mind)

(ရလာတဲ့ဘဝမှာ မင်းဘာလုပ်မှာလဲ၊မင့်ပန်းတိုင်ဘာလဲ)

(၃)ပထမကိစ္စ ပထမထား (Put First Thing First)

(အရေးကြီးဆုံးကိစ္စတွေကို အရင်လုပ်ပါ။)

(၄)အားလုံးကောင်း ဖို့တွေး (Thank Win-Win)

(ဘယ်သူမှ နာစရာမလို တဲ့ အပြုသဘောထားမွေးမြူ)

(၅)နားလည်စရာကို ပထမရှာ၊ကိုယ့်ကိုလည်းနားလည်သွားပါစေ။

(See First to Understand,Then to Be Under tood)

(သူများပြောတာ တည်ကြည်စွာနဲ့နားထောင်)

(၆)ပူးပေါင်းလုပ်နိုင်စွမ်း (Synergize)

(ပိုကောင်းဖို့ အတူအလုပ် လုပ်)

(၇)အကျင့် ကောင်းတွေ ထက်မြက်နေအောင် ကြိုးစားနေ (Sharpen the Saw)

(ကိုယ့်ကိုယ်ကို အသစ်ဖြစ်အောင် အမြဲကျင့်နေ)



အထက်မှာ စဉ်ထားတဲ့အတိုင်း အမှုအကျင့် တွေဟာ တစ်ခုပေါ်တစ်ခုတည်ဆောက်ထားတာပါ။

အမှုအကျင့်(၁) (၂)နဲ့(၃)ဟာကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှုနဲ့ပတ်သက်တယ်။

ဒါကို“အတွင်းအောင်ခြင်း” (Private Victory)လို့ခေါ်လိုက်ကြရအောင်။

အမှုအကျင့်(၄) (၅)နဲ့(၆)ကတော့ လှုမှုဆက်ဆံရေး၊အဖွဲ့နဲ့ အလုပ်လုပ် ရေးနဲ့ပတ်သက်တယ်။

ဒါကို“အပြင်အောင်ခြင်း”(Public victory)လို့အတိုခေါ်လိုက်ကြအောင်။

အဖွဲ့ဝင်ကောင်း တစ်ယောက်မဖြစ်ခင် မင့်ကိုယ်ပိုင်အကျင့်ကောင်းတွေကိုစုစည်းထားရမယ်။

ဘာကြောင့်ဆို အတွင်းမှာအောင်ပြီးမှ အပြင်အောင်မှာမို့ပါ။

နောက်ဆုံးအမှုအကျင့် (၇)ကတော့အမြဲပြန်လည်စမ်းသစ်နေတဲ့ကျင့်စဉ်(Renewal)ပါပဲ။

ကျန်အကျင့်ခြောက်ခုစလုံး သန်မာထက်မြက်နေဖို့ ဒီကျင့်စဉ်ကို လုပ်ရတာ။



ကျင့်စဉ်တွေကရိုးရိုးလေးတွေလိုပဲနော်၊ဒါပေမယ့် သူတို့ဘယ်လောက်တန်ခိုးကြီးတယ်ဆိုတာ မြင်အောင်

သိအောင်လုပ်ပါဦး။ ဒီကျင့်စဉ်(၇)ပါးကို သဘောပေါက်ဖို့ အကောင်းဆုံးနည်းလမ်းကတော့

ဒါတွေရဲ့ဆန့်ကျင်ဘက်တွေကို နားလည်ထားဖို့ပဲ။ဟောဒီမှာကြည့်.........



“ထိထိ ရောက်ရောက် မစွမ်းဆောင်နိုင်တဲ့ လူငယ်တို့ရဲ့ အမှုအကျင့်(၇)ချက်”

(၁)တုန့်ပြန်မှု့

မင့်ပြဿနာအားလုံးအတွက် မိဘတွေ၊ဆရာတွေ၊ပါမောက္ခတွေ၊စိတ်ညစ်စရာကောင်းတဲ့အိမ်နီးချင်း၊ရည်းစား

စတဲ့တစ်ခြားတစ်စုံတစ်ယောက်ကိုအပြစ်တင်တယ်။ ကိုယ့်ကိုယ်ကို သားကောင်လို ခံစားတယ်၊

သားကောင်လိုနေတယ်။ ကိုယ့်ဘဝအတွက်ကိုဘာမှတာဝန်မယူဘူး။ တိရစ္ဆာန်လိုကျင့်တယ်၊

ဆာရင်စားတယ်။ သူများကဆဲရင်ပြန်ဆဲတယ်။ ကိုယ်လုပ်တာ မှားမှန်းသိပေမယ့် လုပ်တာဘဲ။



(၂)အစကစပြီးမတွေးဘူးဘောင်

ဘာဆောင်ရွက်ဖွယ်အစီစဉ်မှမရှိဘူး။ ပန်းတိုင်ဆိုတာဝေလာဝေး။ မနက်ဖန်အကြောင်းမတွေးပါဘူး။

ဖြစ်ချင်တာဖြစ်မောင်ဘချစ်။ မျက်မွှေးတစ်ဆုံးပဲတွေးတယ်။အခိုက်အတန့်လေးထဲမှာပဲနေတယ်။

စားပြီးအိပ်နေ ဘိက္ခဝေ၊ သေရင်ပတ်လက်နတ်ပြည်တတ်။



(၃)ပထဆုံးကိစ္စ နောက်ဆုံးမှ

မရှိလို့ လုပ်စားဖြည်းဖြည်းပေါ့။ ဘဝအတွက် ဘယ်လောက်ပဲအရေးကြီးတဲ့ကိစ္စဖြစ်ဖြစ်

တော်တော်နဲ့မလုပ်ဖြစ်ဘူး။ဖုန်းပြောရင်လဲသိပ်ကြာတယ်။ တီဗီရှေ့ကလည်းတော်တော်နဲ့မထ။

အိမ်စာတွေကျတော့ မနက်ဖြန်ကိုရွှေ့။ အဓိကအလုပ်ကိုမလုပ်မိ၊အသေးအဖွဲတွေကိုသာအရင်လုပ်မိ။



(၄)ငါအနိုင်-မင်းအရှုံးပဲတွေး

ဘဝဆိုတာ အညာတာမဲ့ ရက်စက်ရတဲ့ စစ်ပွဲပဲ။ ကိုယ်ကဦးအောင်သာချပစ်။ ဘယ်သူ့ကိုမှ

အနိုင်မခံလေနဲ့။သူများနိုင်တာ ကိုယ့်ရှုးံတာပဲဆိုတာမမေ့နဲ့။ အေး-ကိုယ်ရှုံးမယ်ပုံပေါ်ရင်တော့

ဆွဲချသွားမယ်။



(၅)ငါ့စကားနွားရပြော၊နားထောင်ချင်ယောင်ဆောင်

ပါးစပ်တစ်ပေါက်နဲ့မွေးလာတာ၊အသုံးချမှာပဲ။များများသာပြော။ ကိုယ့်ဘက်က အမြင်ကိုအရင်ပြော။

ပြီးမှ သူများပြောတာကိုခေါင်းတညိတ်ညိတ်လုပ် “အင်း၊အဲ” နဲ့ နားထောင်ချင်ယောင်ဆောင်။

သူများအမြင်မလိုချင်ပေါင်။ ကိုယ်ကပဲပေးလိုက်မယ်။



(၆)မပူးပေါင်းရေး

သူတစ်ပါးဆိုတာ ကိုယ်လိုမဟုတ်ဘူး။ ကိုယ်နဲ့မတူဘူး။ ဘာကြောင့်ပူးပေါင်းနေရဦးမှာလဲ။

ကိုယ့်မှာစိတ်ကောင်းတွေရှိရင် ကိုယ့်ဘာသာကိုယ် အရာရာပိုကောင်းအောင်လုပ်နိုင်တာပဲ။

ကိုယ့်ကျွန်းကိုယ်ဆောက် ကိုယ့်နေရာကိုယ်နေ။



(၇)ကိုယ့်အားကိုယ်ဖြုန်း

အလုပ်တွေ ပိလွန်းလို့ ကိုယ့်ကိုကိုယ် တိုးတက်အောင်၊အသစ်ပြန်ဖြစ်နေအောင်၊

အချိန်မယူနိုင်ပါဘူး။ဘာအသစ်မှမလေ့လာဖြစ်ဘူး။ ကိုယ်လက်လေ့ကျင့်ခန်းဆို ဝေလာဝေး။

စာအုပ်ကောင်းတွေနဲ့ဝေး၊သဘာဝတရားနဲ့ဝေး ကိုယ့်စိတ်ကို နိုးစေတဲ့ အရာတွေနဲ့လည်း

တစ်ကမ္ဘာစီဝေးနေတယ်။



အထက်မှာပြခဲ့တဲ့ အမူအကျင့်တွေဟာ ကျဆုံးခန်းအတွက် ရုံဝင်ခတွေပါပဲ။

Thursday, February 19, 2009

၂၁ရာစု ပေါက်ကွဲသံစဉ်

ဒီလိုနဲ့ ကျွန်တော်ဟာ
မနက်ခင်းအသစ်တွေမှာ မျက်နှာသေစက်ရုပ်တွေနဲ့အတူ
ကြွက်တစ်ကောင်လို မြေအောက်ကနေသွားလာတတ်လာတယ်..
ဘာသာစကားမတူတာတွေနဲ့အတူ နေ့လည်စာစားသုံး
လေအေးစက်တပ်ထားတဲ့အခန်းထဲမှာ လူတစ်ယောက်ကို နွားတစ်ကောင်လိုခိုင်းတာခံရင်း..
မှားနေတာကိုထောက်ပြရင် အရှိကိုအရှိအတိုင်းပြန်ပြောရင် ခွေးတစ်ကောင်လိုအူတယ် အထင်ခံရတယ်..
အသိပညာရဖို့အချိန်နဲ့ ပျော်ရွှင်မှုအချိန် မိသားစုနဲ့နေဖို့အချိန်က တဖြည်းဖြည်းနဲ့ ကြမ်းပိုးတစ်ကောင်လို သေးငယ်လာတယ်..
ညစာကို နောက်ကျမှ ၀က်တစ်ကောင်လိုစားရင်း နဂါးတစ်ကောင်လိုငိုက်မြည်းတတ်လာတယ်..
အဲဒီလိုနဲ့ ကျန်းမာရေးက တစ်နေ့တစ်ခြား ကျားနာတစ်ကောင်လိုချူချာလာတယ်..

မြို့တဲ့..
သားရဲသံတွေကြား၊ အမ်အာရ်တီတံခါးဖွင့်ပိတ်သံတွေကြား၊
တယ်လီဖုန်းမြည်သံတွေကြား၊ မိုးထိတိုက်တွေကြားမှာ
နောက်ကျောကိုဓားနဲ့ထိုးနေလိုက်ကြတာများ
သူတို့အတွက်တော့ ထမင်းစားရေသောက်သလိုပါပဲ

မြို့တဲ့..
တစ်ပြားကနေ နှစ်ပြားခွာနေလိုက်တာများ
လက်သည်းခွံတွေတောင် ကွဲအက်နေကြပြီ
ဒါတောင် ခွာလို့ကောင်းတုန်း

မြို့တဲ့..
လူတစ်ယောက်ကို ကျွန်လိုခိုင်းစေ
မြေရှင်ပဒေသရာဇ်စနစ်ကို LV လက်ကိုင်အိတ်တပ်ပေးရင်း
အပုပ်နံကို Victoria Secretနဲ့ မလုံ့တလုံ့ ဆင်သေကို ဆိတ်ရေနဲ့ဖုံးရင်း
ခြေသည်းမည်းမည်းတွေကို Gucci ဒေါက်ဖိနပ်ဝတ်ပေးနေကြတယ်
ပေသီးခေါက်သူကို ပန်းသီးကွန်ပြူတာတပ်ပေး
အသားမည်းမည်း ဗိုက်ရွှဲထိပ်ပြောင် ချစ်တီးကို Fair & Lovely ပေးနေသလိုပါပဲ…

မြို့တဲ့..
အသားစိုင်တွေကို လှိုင်အောင်ဖော်ပြရင်း
ဂျီကြိုးနဲ့ အတွင်းခံအရောင်တင် လေလံပွဲတွေခေတ်ထ
ဖန်ခွက်ခြင်းထိကြ၊ မီးရောင်စုံတွေနဲ့ထိကြ
အမှောင်ထဲမှာအတွေ့တွေနဲ့ထိကြနဲ့
ရာဂသားကောင်တွေအသက်သွင်း ကျောက်ခေတ်သို့ပြန်လည်ဆောင်ကြဉ်းနေကြတယ်….

နောက်ဆုံးတော့..အဲဒီမြို့ရဲ့
မြစ်ကမ်းဘေးမှာ ဘီယာသောက်
ဘီတယ်သီချင်းဆိုရင်း ဘဲလ်ဘောင်းဘီဝတ်
ဘူနေသမျှအရာအားလုံးကို
အသံတိတ်စိတ်ထဲကအော်ဆဲလိုက်တယ်
“ကျန်းမာရွှင်လန်းကြပါစေရယ်လို့…..”

Monday, February 16, 2009

ပန်းပွင့်ဆုတောင်း

ပကာသနတွေမပါ
ခဝါချခဲ့တာ ငါ့မာန
ဒါပေမယ့် ဘာရခဲ့သလဲ
ဗရာပွဒဏ်ရာတွေ
ခါချခံရတာတွေ
စသဖြင့် ဘာတွေမှပြန်မရခဲ့ဘူး..
နင့်ခေါင်းပေါ်မှာ မပန်ရပေမယ့်
အဆံကအစ အသုံးဝင်မယ့်
ကံကော်ပွင့်တွေလို
ငါ…ဖြူစင်ပေးခဲ့တယ်
တစ်ချို့က ပန်းဆိုရင်ပန်ချင်တယ်
တစ်ချို့က ခြွေချင်တယ်
တစ်ချို့က လေခလို့ ကြွေကျချိန်ကိုစောင့်တယ်
ငါက..ပန်းဆိုတာကို ဝေနေမှကျေနပ်တဲ့ကောင်..
ဘဝဆက်တိုင်း မင်း ကံ့ကော်ဖြစ်ပါစေသားလို့
ငါဆုတောင်းလိုက်ပါတယ်…..

Friday, February 6, 2009

ကိုတိုးကြီး

ဟေး…ပင်လယ်..
ဟေး…လှဲအိပ်နေတဲ့ ပင်လယ်
အခုထစမ်း..သင့်ဆီငါလာတယ်..
(တာရာမင်းဝေ)


အဲဒီလိုနဲ့ပဲ..လူတစ်ယောက်ဟာ ပင်လယ်ရဲ့ကြမ်းပြင်အောင်ကို ရောက်ရှိသွားခဲ့တယ်။
သူနဲ့အတူ ပူလောင်ခြင်းတွေလည်းပါရဲ့၊ သစ္စာဖောက်ခံရမှုအတွက် တနုံနုံဆွေးမြေ့မှုတွေလည်းပါရဲ့၊
တစ်ဘဝလုံးအတွက်ပုံအောထားသမျှတွေ..အားလုံး..အားလုံးပါပဲ၊ အနှစ်နှစ်အလလ နဖူးကချွေး
သင်္ဘောကြမ်းပြင်တွေ၊ ဖုန်မှုန့်တွေ၊ သံမှုန့်၊ သဲမှုန့်တွေအပေါ်ကျထားခဲ့ရသမျှ..
ဒီလမ်းကိုလိုက်တဲ့အတွက် ကျန်ရစ်သူတစ်ချို့က ပျော့ညံလှချည်လားလို့ စုတ်သတ်ကြလိမ့်မယ်၊
တစ်ချို့ကလည်း အဖန်ငါးရာ ငါးကမ္ဘာမှာ ကျင်လည် ရတော့မှာပဲဆိုပြီး ကရုဏာ သနားကြမယ်၊
တစ်ချို့ကလည်း သတ္တိရှိတယ်လို့ပြောတယ်..ပြောချင်ရာတွေပြောကြ..သူကတော့
ပင်လယ်ကြမ်းပြင်အောက်ကို ရောက်ရှိသွားခဲ့တော့တယ်..

XXXXXXXXXXXXXXXXXXXXXXXXXX XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဟေ့လူကြီး..ခင်ဗျားမိန်းမမယူသေးဘူးလား…
အဲဒီလိုမေးလိုက်တိုင်း ကိုတိုးတစ်ယောက်အမြဲတမ်းပြုံ: ပြတတ်တယ်.. အေးပေါ့ဗျာ..လာမယ်ကြာမယ်ပေါ့..
သူ့ပုံစံအတိုင်း ဖြေးဖြေးနဲ့အေးအေးလေးပြန်ပြောတတ်တယ်။
သူ့ဘဝက သင်္ဘောကျင်း၊ ဒီသင်္ဘောကျင်းကြီးကသူ့ဘဝ။ မနက်ဆို အလုပ်လုပ်ဖို့ ဥသြဆွဲသံနဲ့အတူ အလုပ်တက်၊ သံမှုန်၊ဖုန်မှုန့်တွေကြားမှာ… မှောင်မှောင်မိုက်မိုက် အောက်ဆီဂျင်လုံလုံလောက်လောက် မရှိတဲ့ သင်္ဘောတစ်စီးရဲ့ ဝမ်းဗိုက်ထဲမှာ… ချောင်ကြိုချောင်ကြားထဲမှာ…စက်သံ..အော်သံ..လွှတိုက်သံ..ဂဟေဆော်သံတွေကြားမှာ.. အသက်နဲ့ နပန်းလုံး၊ နေ့လည် မှာ၂ ကျပ်ဖိုးဖြစ်သလိုစား၊ စီးကရက်တစ်လိပ်သောက်၊ တစ်ရေးမှိတ်၊ အလုပ်ပြန်လုပ်၊ ညနေဥသြဆွဲတဲ့ အသံနဲ့အတူ ခြေလက်မသယ်ချင်သယ်ချင် အလုပ်ပြန်၊ ၈ယောက်အတူတူနေတဲ့တစ်ခန်းထဲဝင် ဖြစ်သလိုစား ပုတီးစိပ်၊ အိပ်…အဲဒါက ကိုတိုးရဲ့သမ္မစဉ်..
တစ်ခြားလူတွေလို အရက်မသောက်၊ ပိုကာမဆွဲ၊ အချိန်ပို ရရင် တရားထိုင်ရင်ထိုင် မထိုင်ရင်စာအုပ်တစ်အုပ်နဲ့ အေးအေးလူလူနေတတ်တဲ့လူ။
တစ်ရက်ကြတော့ ဓာတ်ပုံလေးတစ်ပုံကိုင်ရင်း ငိုင်နေလေရဲ့။ အခန်းဖော်တွေကတော့ ဒီလူကြီးမရိုးသားဘူးပေါ့။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဟေ့ညီလေး.. ငါသင်္ကြန်ပြန်လိုက်ဦးမယ်..
ဟောဗျာ..ဆိုင်းမဆင့်ဗုံမဆင့်..
အေးကွာ..အမေနဲ့ရွာကိုလွမ်းလို့..နောက်ပြီး ငါမပြန်ဖြစ်တာလည်း ၄နှစ်လောက်ရှိပြီကွ..
ဟိုဓာတ်ပုံလေးနဲ့ရောဆိုင်လား
ဟားဟားဟား..မင်းကတော့တော်တော်အကင်းပါးတဲ့ကောင်..နဲနဲ့တော့ဆိုင်တယ်..
ကျွန်တော်အကင်းပါးတာမဟုတ်ပါဘူးဗျာ..ကိုတိုးကြီးက ပေါ်တင်ကြီး..
ကျွန်တော်အဲဒီလိုပြောလိုက်တော့.. အရင်ကလို တစ်ခါမှမပြုံးဘူးတဲ့အပြုံးနဲပြုံးရင်း…
အချစ်လေကွာ
အချစ်..ကြီးမှဝက်သက်ပေါက်တာပေါ့ကွာ…

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပြီ..ပိတောက်ပင်တွေလည်း အင်္ကျီလဲဝတ်ပြီးပြီ..ကိုတိုးတစ်ယောက်ပြန်မလာသေး။
ပြန်လာတဲ့လူတွေပြောတာတော့ သူ့ရွာမှာထမင်းရည်ချောင်းစီးအလှူပေးပြီး ကိုတိုးတစ်ယောက်မိန်းမယူပြီ။ ဂေါ်မစွံလူပျိုကြီးမဟုတ်တော့။ အိမ်ထောင်ဦးစီးကိုတိုးကြီးဖြစ်ပြီ။
နောက်တစ်လလောက်ကြာမှ ကိုတိုးရောက်လာသည်။ အရင်ကကိုတိုးမဟုတ်တော့။ ကြည့်လိုက်တိုင်းပြုံးပြုံးရွှင်ရွှင် ရီရီမောမော..အလုပ်ထဲမှာဆိုရင်လည်း တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း အလုပ်ကိုလည်း နှစ်ဆတိုးလုပ်လာလို့ အလုပ်သမားခေါင်းကတောင် လျှော့လုပ်ဖို့တားရသည်။
သြော်…အချစ်ကလည်း ကိုတိုးတစ်ယောက်ကို အင်္ကျီလဲဝတ်ပေးလိုက်လေပြီ၊

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ကိုတိုးတစ်ယောက် အရင်ကလို တရားလည်းမထိုင်တော့။ ကျွန်တော်တို့နဲ့အတူ တစ်ခွက်တစ်ဖလားချရင်း စကားကိုလည်း အာဝဇ္ဖန်းရွှင်ရွှင်ဖြင့်ပြောတတ်လာသည်။ နဂိုထဲက စာဖတ်များသူဖြစ်သောကြောင့် သူ့စကားများကလည်း ကျွန်တော်တို့အားလုံးအတွက် အသစ်တွေချည်း။ မေးကြည့်တော့ သူနဲ့သူ့ရဲ့မမအကြောင်းကိုလည်းပြောပြသည်။
ငါတို့နှစ်ယောက်က အွန်လိုင်းမှာတွေ့တာကွ။ ငါထက်တော့အသက်ကလေးမဆိုသလောက်ကြီးတယ်။ ဒါပေမယ့်ကွာ မင်းသိတဲ့အတိုင်း အချစ်မှာ မျက်စိမှမရှိတာ။ အသက်ဆိုတာကတော့ ဝေလာဝေး…
ညအိပ်ခါနီးလာရင် ကိုတိုးတစ်ယောက် ဖုန်းတစ်လုံးနဲ့အလုပ်ရှုပ်နေပြီ။
မရယ်..မောင်လည်းလာချင်တာပေါ့..ရှေ့ရေးအတွက် … မရယ်..
မ…မောင့်ကိုချစ်တယ်မလား…
စသည်ဖြင့် ဖုန်းကြီးကိုကိုင်ရင်း မျက်ရည်ဖြိုင်ဖြိုင်ကျသည့်အခါကျသည်။ သဘောကျရင်း အော်ကြီးဟစ်ကျယ်လည်း အော်ရီချင်ရီနေတတ်သည်။
ရူးသွားပြီ။ လေလှိုင်းတွေကြားထဲမှာ ကိုတိုးတစ်ယောက် အကြီးအကျယ် အချစ်ရူးရူးသွားလေပြီ။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

တစ်ညတော့ ကိုတိုးကြီးတစ်ယောက် ဖုန်းကို ငိုင်ပြီး အခန်းထောင့်မှာ ငူငူကြီးထိုင်နေသည်။
စကားလည်းမပြော။ ကျွန်တော်တို့မေးတော့လည်း မထူး။ အဲဒီနေ့မှစ၍ ဘယ်သူနဲ့မှလည်း စကားမပြောတော့။
အလုပ်ထဲတွင်လည်း အရင်လိုမဟုတ်တော့။ အားလုံးကိုလည်း ရှောင်နေတတ်လေသည။် သူ့ဝသီဆိုပေမယ့် ကြာလာသည့်အခါ မသင်္ကာတော့။ ကိုတိုးကြီးဘာဖြစ်ပြန်သနည်း။
တစ်ခြားလူတွေပြောတာတော့ သူ့ဇနီးအသစ်စက်စက်လေးက ဖောက်ပြန်သွားသည်။ အနှစ်နှစ်အလလ ကိုတိုးစုထားသည့် ပိုက်ဆံများလည်း နောက်ထပ်တစ်ယောက်နှင့် ကုန်အောင်သုံးဖြုန်းပစ်သည်။
ကိုတိုး၏ လက်ရှိအဖြစ်ကိုကြည့် ရင်းဖြစ်နိုင်ချေရှိနေသည်။ သို့သော်လည်း သူပို၍ စိတ်မကောင်းမဖြစ်အောင် တမင်တကာ မမေးမိ။ သူကလည်း လူတွေနဲ့ ကြာလာလေ ဝေးဝေးနေနေသည်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဟ..ရှာကြပါဦးဟ…ခုချိန်ထိ မတွေ့သေးဘူး။
အလုပ်ထဲတွင် ကိုတိုးပျောက်သွားသည်။ လူတွေခွဲ၍ လိုက်ရှာသည်။ သင်္ဘောကျင်း၏ ချောင်ကြိုချောင်ကြားမှန်သမျှ သူသွားတတ်သောနေရာမှန်သမျှ။ မတွေ့။
နေ့လည် ထမင်းစားချိန်ကတောင် နောက်ဆုံး တွေ့လိုက်သေးတယ်။
တွေ့ပါပြီ။ ကိုတိုးရဲ့ အလုပ်သမားဦးထုပ်၊ မျက်မှန်၊ ဖိနပ်၊ အလုပ်သုံး ပစ္စည်းအားလုံးကို ဆောက်လက်စ သင်္ဘောတစ်ခုရဲ့ အနောက်ပိုင်းမှာ စနစ်တကျ ပုံထားသည်။ ဘေးတွင်တော့ ဖုန်တွေကြားထဲမှာ ထင်းနေသည့် ခြေရာများ၊ ခြေရာတွေဦးတည်နေသည်က ပင်လယ်။

သေချာသွားပါပြီ။ ကိုတိုးတစ်ယောက်ခံစားမှု့အဆုံးအစွန်သို့ရောက်ရှိသွားပြီ။ အဆုံးသတ်မလှသောဘဝတစ်ခု နိဂုံးချုပ်ခဲ့လေပြီ။
အနောက်ဘက်တွင်လည်း ပင်လယ်အောက်သို့ နေလုံးဝင်ရောက်ပျောက်ကွယ်သွားတော့သည်။


XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

ဟး…ပင်လယ်..
ဟေး…လှဲအိပ်နေတဲ့ ပင်လယ်
အခုထစမ်း..သင့်ဆီငါလာတယ်..
(တာရာမင်းဝေ)