Wednesday, July 29, 2009

ကျွန်တော့်ရည်မှန်းချက်

ကျွန်တော်ရေးမည်။ စာရေးမည်။ အသွေးအသားပေါက်ကွဲမှုတစ်မျိုးအဖြစ် အတွေးစနက်တံကိုမီးရှို့ကာ ကျွန်တော့်လက်များဖြင့် လင်းချင်းစေရမည်။ ကျွန်တော်သည် စာရေးဆရာတစ်ယောက်သာဖြစ်ချင်ပါသည်။ စကားကြီးစကားကျယ်ပြောရလျှင် သူ့ပတ်ဝန်းကျင်လောက အတွက် နေမင်း အလင်းမဟုတ်တောင် ပိုးစုန်းကြူးအလင်းခန့် ထွန်းလင်းချင်ပါသည်။ ထို့အတွက် ကုန်သည်မဟုတ်၊ စီးပွားရေးသမားမဟုတ်၊ အရင်းရှင်မဟုတ်၊ ခေါင်းပုံဖြတ်သူမဟုတ်၊ နိုင်ငံရေးသမားမဟုတ်၊ ကျောင်းဆရာမဟုတ်၊ သင်္ဘောသားမဟုတ်၊ သူဠေးမျက်နှာထိုင်ကြည့်နေရသော လခစားမဟုတ်၊ မင်းသား မဟုတ်၊ အင်ဂျင်နီယာမဟုတ်၊ ဆရာဝန်မဟုတ်၊ အဆိုတော် အစရှိသဖြင့် တစ်ခြားနည်းဖြင့် အသက်မွေးဝမ်းကျောင်းမဟုတ်….မဟုတ်…မဟုတ်

သို့အတွက် ကျွန်တော်သည် စာရေးဆရာတစ်ယောက်သာဖြစ်ချင်ပါသည်။ ထို့အတွက်ကြောင့် ငယ်ရွယ်စဉ်က ကျွန်တော့်ရည်မှန်းချက်ဆိုသည့် စာစီစာကုံးကို သတိရမိပါသည်။ ထိုစဉ်က သမာရိုးကျအတိုင်း “ရည်မှန်းချက်မရှိသူလူတစ်ယောက်၏ ဘဝသည် တက်မရှိသော ရွက်လှေတစ်စီး အပြောကျယ်သောပင်လယ်ပြင်တွင် လွင့်မျောနေသကဲ့သို့ ကိုယ်လိုရာကမ်းသို့မကပ်နိုင်ချေ။ ထို့အတွက်ကြောင့် ကျွန်တော့်ရည်မှန်းချက်သည် ……..ဖြစ်သည်ဟု” အခြားလူများနည်းတူ စာစီစာကုံးစာအုပ်မှကူးချကာ ရေးခဲ့ဘူးပါသည်။ ဖြန့်ထွက်တွေး၍ ကိုယ့်ကိုယ်ကို ငါဘာကောင်ဖြစ်ရမည်ဟု အတွင်းမြင်ချင်း သိပ်မရခဲ့ပါ။ ကိုယ့်ကိုယ်တိုင် မရိုးသား မပွင့်လင်းခဲ့ပါ။ ရခဲ့သော်လည်း ထိုကဲ့သို့ ရွေးချယ်မှုအတွက် အကျိုးအဆက်အားလုံးအတွက် ဘာမဆိုရင်ဆိုင်ရဲသည့် သတ္တိရှိရပါမည်။ စာရေးဆရာအဖြစ် နာမည်မကြီးခင် ငတ်သည့်၊ ပြတ်သည့်ဒုက္ခ၊ လူတကာက မေးငေါ့သည့်ဒုက္ခ ထိုကဲ့သို့သော အသေးအဖွဲဒဏ်များသာမက အနီးစပ်ဆုံးအဖြစ် မိသားစု၏ ဖိအားကိုပါခံနိုင်ရည်ရှိရပါမည်။

ရွေးချယ်ခွင့်သိပ်မရှိသော ကျွန်တော်တို့ ပညာရေးခေတ်တွင် ကြီးပြင်းလာရသော ကျောင်းသားပီပီ ယောယိမ်းလိုက်၊ ဘသားယိမ်းလိုက်သော ရည်မှန်းချက်များသာများနေခဲ့ပါသည်။ ဘယ်ကလေးကမှတော့ “ငါကြီးလာရင် စာရေးဆရာကြီးဖြစ်ရမည်” ဟု သူ့စာစီစာကုံးတွင်ထည့်ရေးလေ့ရှိမည်မဟုတ်။ ထိုသို့ရေးသည်နှင့် အမှတ် ၁၀၀ မရသည့်အပြင် ဆရာမ၏ ကြိမ်တုတ်သာ လက်ဆောင်မွန်အဖြစ်ရရှိပေလိမ့်မည်။ ထို့အတူ ကတ်ထူစာရွက်တစ်ခုဖြစ်သော ဘွဲ့လက်မှတ်တစ်ခုနှင့် အတူ လူ့စီးမျောမှုတစ်ခုအတွင်း ဝင်၍ အိမ်ထောင်သားမွေးလုပ်ကာ မီးဇာကုန် ဆီခန်းဖြစ်မလား၊ မီးဇာမကုန် ဆီမခန်းခင် နောက်ထပ် မီးတောက် မီးပွင့်များ ကူးပေးနိုင်ခဲ့သလား၊ ဖန်တီးချင်သေးလား စသည်ဖြင့် စဉ်းစားမိပါသည်။

Oxford တက္ကသိုလ်မှ အင်္ဂလိပ်စာပါမောက္ခ G. Gordon ရဲ့အဆိုအရ စာပေအနုပညာဟာ လုပ်ငန်းတာဝန်သုံးခုကို ယူရလိမ့်မယ်တဲ့။ တစ်ခုက နှစ်သက်ကြည်နူးမှုရသကိုပေးမှု၊ တစ်ခုက အမှားအမှန်ညွှန်ကြားဖို့၊ နောက်တစ်ခုက လူတွေရဲ့ ဝိဥာဉ်ကို ကယ်တင်ဖို့နဲ့ နိုင်ငံတော်ကို ကုစားဖို့တဲ့။ (ဇော်ဇော်အောင်- ဝေဝေရီရီဝတ္တု စာမျက်နှာ ၁၁၀တွင်ရှု့) ဒီစကားလုံးတွေက ကျွန်တော့် လမိုက်ညကောင်းကင်တွင် မီးပုံးပျံထွန်းညှိလိုက်သလို လင်းချင်းသွားစေသည်။ ကျွန်တော်တို့ အဘယ်တာဝန်ကို ယူနိုင်ပါသနည်း?

ထိုစာအုပ်ထဲတွင်ပင် စာရေးဆရာဇော်ဇော်အောင်က နိုင်ငံတစ်နိုင်ငံ ချမ်းသာကြွယ်ဝရန် အချက်အလက် မျာမှာ စီးပွားရေးပေါ်လစီမှန်ရမည်။ ကမ္ဘာနှင့်လိုက်လျောညီထွေရှိရမည်။ အလုပ်ကြိုးစားမည်ဆိုလျှင် သယံဇာတမထွက်သော စင်္ကာပူနိုင်ငံပင် ချမ်းသာလာနိုင်သည်။ ဂျပန်လိုကျွန်းငယ်ပင် ပြာပုံထဲမှ နိုးထလာနိုင်သည်။ ရုပ်ပစ္စည်း ချမ်းသာဖို့၊ ကြွယ်ဝဖို့၊ ပြည့်စုံဖို့ဆိုတာ သိပ်မခက်ပါ။ စိတ်ဓာတ်ရေးရာမှာ အားနည်းခြင်း၊အောက်တန်းကျခြင်း၊ချွတ်ချုံကြခြင်းများကို ဖြည့်ဆည်းနိုင်ရန်ခက်သည်။ သိပ္ပံနည်းပညာများဖြင့် မကယ်နိုင် စိတ်ဓာတ်တွင်စွဲကပ်နေသော နာတာရှည် ရောဂါကို ကယ်တင်ရန် စာပေအနုပညာ သာရှိသည်။ နိုင်ငံရေးသမားတွေမကယ်နိုင်၊ သိပ္ပံပညာ၇ှင်တွေ၊ စီးပွားရေးပညာရှင်တွေ၊ ဒဿနပညာရှင်တွေမကယ်နိုင်၊ စာရေးဆရာတွေ၊ ကဗျာဆရာ၊ ဝတ္တုရေးဆရာတွေ၊ စာပေအနုပညာသမားများသာလျှင် ကယ်တင်နိုင်ပေလိမ့်မည်။ အင်္ဂလိပ်ပါမောက္ခပြောစကားအရ
England is sick and English Literature must save it… To save our souls and heal the state ဟုဆိုလျှင် မြန်မာပြည်ကို အင်္ဂလန်ဆိုသည့် စကားလုံးအစား အစားထိုးကြည့်ချင်သည်။
ကျွန်တော်အပါအဝင် လူအများစု တစ်ခြားနိုင်ငံသို့ထွက်ကာ ပညာရှာကြသည်။ အလုပ်လုပ်ကြသည်။ ထိုအထဲတွင်မှ မိမိဇာတိချက်ကြွေမွေးရပ်မြေ နိုင်ငံကိုအချိန်တန်ရင် ပြန်ကာ ခေါင်းချမည်ဟုကြံသူသာများမည်ဟု ကျွန်တော်ထင်ပါသည်။ (တစ်ချို့လူများအတွက် လွဲကောင်းလွဲနိုင်ပါသည်) သို့သော် ထိုထွက်ခွာသွားသော လူများစုမှ ဘယ်နှစ်ရာခိုင်နှုန်း ပြန်ရောက်၍ ခေါင်းချကာ ဘယ်နှစ်ရာခိုင်နှုန်းက တစ်ခြားနိုင်ငံသား ခံယူသွားကြသနည်း? ကျွန်တော့် အမြင်အရ ဒုတိယလူစားမျိုးက များပေမည်။ အကြောင်းအမျိုးမျိုးကြောင့် မိမိကိုယ်ကို တစ်ခြားနိုင်ငံသားခံယူပေမည်။ ထို့အတွက် ကျွန်တော်အပြစ်မဆိုပါ။ လူသားတိုင်း ခံယူချက် သဘောထားခြင်းမတူစွာ လွတ်လပ်စွာကွဲပြားခွင့်ရှိကြသည်။ သို့သော် ဆရာဇော်ဂျီ၏ ကဗျာကို သတိရမိပါသည်။
သင်သေသွားသော်
သြော် – လူ့ပြည်လောက လူ့ဘ၀ကား
အိုရနာရသေရဦးမည်၊ မှန်ပေသည်တည့်
သို့ပြီးတကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ
သင်တို့ပြည်သည်၊ အခြေတိုးမြင့် ကျန်ကောင်းသင့်၏
သင်၏ မျိုးသား၊ စာစကားလည်း၊ ကြီးပွားတက်မြင့်
ကျန်ကောင်းသင့်၏၊ သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့်၊ သစ္စာအရောင်၊ ဉာဏ်တန်ဆောင်လည်း
ပြောင်လျက်ဝင်းလျက်၊ ကျန်စေတည်း။
ကျွန်တော်စဉ်းစားမိသည်မှာသေသောအခါ သူတစ်ပါးတိုင်းပြည်တွင် သရဏဂုံတင်စရာမရှိသောအဖြစ်ဖြင့် မြေသြဇာဖြစ်ချင်သလား? ဘဝ၏နှောင်းပိုင်းအရွယ်တွင် ဘုရားရိပ် တရားရိပ်ဖြင့် အေးအေးသာသာ ဆီခန်းချင်သလား? ကျွန်တော်မွေးသောမြေသည် ထိုအချိန်အထိ ဖုန်းဆိုးမြေဖြစ်နေပစေ ထိုအရပ်တွင်သာ စိတ်ချလက်ချခေါင်းချလိုပါသည်။ ထိုသို့ခေါင်းမချခင် ထိုမြေအတွက် ဖယောင်းတိုင် တစ်တိုင်လောက်တော့ ထွန်းပေးချင်ပါသည်။ ကျွန်တော်တို့အားလုံး၏ ဖယောင်းတိုင်မီးတောက်များ တစ်ယောက်တစ်လက် ဝိုင်းဝန်းပူးပေါင်းလိုက်မည်ဆိုပါလျှင်….

2 comments:

  1. ရေးထားတာ တော်တော်လေးဖတ်လို့ကောင်းတယ်
    ကိုဒီဝိုင်းရေ
    စာရေးသူရဲ့ ခံစားချက်က ဒီစာတွေထဲမှာ ရေးထားတာပေါ်လွင်ပါတယ်။

    နိုင်ငံနဲ့ လူမျိုးအပေါ်ချစ်တတ် တန်ဖိုးထားတတ်တာ မြန်မာလူမျိုးတွေရဲ့ လေးစားစရာကောင်းတဲ့ စိတ်ဓာတ်လေးတွေပါပဲ။

    ဟုတ်ပါတယ်
    အမိနိုင်ငံ မြန်မာပြည်ကြီး
    ထိုအချိန်အထိ ဖုန်းဆိုးမြေဖြစ်နေပစေ ထိုအရပ်တွင်သာ စိတ်ချလက်ချခေါင်းချလိုပါသည်။

    ထိုသို့ခေါင်းမချခင် ထိုမြေအတွက် ဖယောင်းတိုင် တစ်တိုင်လောက်တော့ ထွန်းပေးချင်ပါသည်။ ကျွန်တော်ကျမတို့အားလုံး၏ ဖယောင်းတိုင်မီးတောက်များ တစ်ယောက်တစ်လက် ဝိုင်းဝန်းပူးပေါင်းလိုက်ကြပါဆို့.....

    ReplyDelete
  2. ကျွန်တော်ကျမတို့အားလုံး၏ ဖယောင်းတိုင်မီးတောက်များ တစ်ယောက်တစ်လက် ဝိုင်းဝန်းပူးပေါင်းလိုက်ကြပါဆို့.....

    သိပ်ကောင်းတဲ့ အနာဂါတ်ကြီးဖြစ်လာမှာပဲဗျာ...။

    အားပေးသွားပါတယ်။

    ReplyDelete