Friday, January 26, 2007

စိမ်းမြွှာ


ခေါင်းစဉ်ကစိမ်းမြွှာ ဆိုလိုလျှောက်မစဉ်းစားကြပါနဲ့ဦး။ အမြွှာညီအစ်မမဟုတ်ပေမယ့် တကယ့်အမြွှာလို့ထင်ရလောက်အောင် ရုပ်ချင်းတူတဲ့ အစိမ်းရောင်ဂါဝန်ကိုယ်စီနဲ့ တီတီတာတာ ညီအစ်မနှစ်ယောက်အကြောင်းရေးမလို့ပါ။

ဒီနေ့ကျွန်တော် PRကိစ္စနဲ့ စလုံး လဝက ကိုရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့ တန်းစီနံပါတ်ယူ ပြီးတော့ကောင်တာနံပါတ် ၂၆ နား နောက်ဆုံးတန်းကခုံလွတ်တွေမှာ သွားထိုင်ပြီးစောင့်နေတာပေါ့။ ကျွန်တော်ထိုင်ပြီး သိပ်မကြာပါဘူး။ လူကြီးမင်းနှစ်ယောက်က အစိမ်းရောင်ဂါဝန်ကိုယ်စီနဲ့ ကျွန်တော့်ကိုလမ်းတောင်းပါတယ်။ သူတို့ကျွန်တော့်ဘေးကခုံမှာ ထိုင်မယ်ပေါ့။ ကျွန်တော်လည်းသူတို့ ဝင်သာအောင် ကိုယ်ကိုရို့ပြီးရှောင်ပေးလိုက်ပါတယ်။ ခုံကိုရောက်တာနဲ့ မထိုင်ပါဘူးဗျာ။ ထိုင်ခုံ ဖင်ထိုင်တဲ့နေရာမှာဒူးထောက် ပြီးတော့ အနောက်ဘက်ခပ်လှမ်းလှမ်းမှာ ရှိတဲ့သူတို့ အမေကို လှမ်းပြောင်ပြနေကြတာ။ ယိမ်းတိုက်ထားသလားအောင့်မေ့ရတယ်၊ နှစ်ယောက်သား ထိုင်ခုံပေါ်ဒူးလေးထောက် နောက်မှီကို ကိုင်ပြီး အတိုင်အဖောက်ညီညီနဲ့ သူတို့အမေကို “စ” နေကြတာ။ ကျွန်တော်ကလည်း အမြွှာညီအစ်မနေမှာပဲဆိုပြီး သူတို့ရဲ့နည်းမျိုးစုံ ပြောင်နည်း တွေကို စိတ်ပါပါနဲ့ကြည့်နေတာပေါ့။

သိပ်မကြာပါဘူး ပစ်မှတ်က ကျွန်တော့်ဆီရောက်လာပါတော့တယ်။ ကျွန်တော့်ကို ကြည့်ပြီးသူတို့ညီအစ်မ ခိုးခိုးခစ်ခစ် နဲ့စနေတာပေါ့။ ဘယ်ရမလဲ ကျွန်တော်ကလည်း ပြန်ပြောင်တာပေါ့။ အဲဒီတော့မှ နှစ်ယောက်စလုံး ရီကြပါတော့တယ်။ နောက်ပြီးတစ်ယောက်က စပြီးမိတ်ဆက်ပါတယ်။ သူ့နာမည်နဲ့ ဘေးကသူ့ညီမ ရဲ့နာမည်ပေါ့။ ပြီးတော့ကရားရေလွှတ် တတွတ်တွတ်နဲ့သူ ဘာကိစ္စလာတဲ့ အကြောင်းသူ့အဖေက ဟိုးအရှေ့နားမှာထိုင်စောင့်နေကြောင်း၊ အမေကတော့ သူတို့အနောက်နားမှာ စောင့်နေကြောင်း။ စုံလို့ပါဘဲဗျာ။ အငယ်မလေးကလည်း ခေသူမဟုတ်ဘူးဗျ။ စကားမပီကလာ ပီကလာနဲ့ ဝင်ဝင်ပြောသေးတာ။ သူပြောတာကတော့ ဘာလဲတော့သေချာမသိဘူးဗျ။ ရေချိုး၊ ထမင်းစား၊ ဒယ်ဒီ၊ မာမီ အဲဒါတွေပဲ ပတ်ချာလည်နေတာ။ ဒါပေမယ့်သူ ပြောတာကိုနားလည်ကြောင်း ကျွန်တော်က ခေါင်းညိတ်တော့မှ တကယ့်လူကြီး အက်တင်နဲ့ သေသေချာချာကို ရှင်းပြတော့တာ။ သူ့အစ်မကလည်း သူ့ညီမက တွေ့သမျှ အရုပ်တွေရော၊ စက္ကူကအစ ဝါးကြောင်း အဲဒါကြောင့်အိမ်မှာ ဆိုသူ့ကိုသတိထားရကြောင်းစုံလို့ပါဘဲ။ အသက်မေးကြည့်တော့မှ အကြီးမက ၅နှစ်၊ အငယ်မလေးက ၄နှစ် ဆိုပဲ။ ဒါပေမယ့်သူတို့ အက်တင် ကလူကြီးပုံဖမ်းထားတာ ဂွတီးဂွကျနဲ့ တော်တော်ချစ်ဖို့ကောင်းပါတယ်။

နောက် ကျွန်တော့် လည်ပင်းမှာ ဆွဲထားတဲ့ MP3 Player ကိုစိတ်ဝင်စားပါတော့တယ်။ အဲဒါနဲ့ကျွန်တော်လည်း သူတို့ဘာလုပ်မလဲဆိုတာသိချင်လို့ သူတို့လက်ထဲ MP3 Player ကိုထည့်လိုက်ပါတယ်။ အဲဒီတော့မှ သဘောကျတော့တာပါပဲ။ ဒါကို ကျွန်တော့် မိုဘိုင်းဖုန်းလား တဲ့ ကျွန်တော်က လည်းမိုဘိုင်းမဟုတ်ကြောင်း သီချင်းသံမြည်ကြောင်း သီချင်းဖွင့်ပြီးသူတို့နားမှာ နားကြပ်ကပ်ပေးလိုက်တော့မှ အမ်ပီသရီး ကိုလက်ထဲကကို မချတော့ပါဘူး။ နားကြပ်ကိုတစ်ယောက်တစ်ဖက် တပ်ပြီးသီချင်းနဲ့အူမြူးနေကြပါလေရော။ အစ်ကြီးမက ကြွားသေးတာဗျ။ သူတို့ကျောင်းမှာဆို ဒါမျိုးအမ်ပီသရီး ပလေယာ ၅ ခုလောက်ရှိကြောင်း ပိုလည်း အကြမ်းခံကြောင်းနဲ့ စုံနေတာပါဘဲ။ ကျွန်တော်ကလည်း သူကြွားတာကိုသဘောကျတာနဲ့ ရီချင်တာပေါ့။ အငယ်မလေးကကြတော့ သူ့အမေက သူ့ကိုဘာလို့ MP3 Player မဝယ်ပေးတာလဲတဲ့။ အဲတော့မှကျွန်တော်လည်း “ဒါပေါ့ ညီမလေးအသက်ကြီးလာရင်ဝယ်ပေးမှာပေါ”့ လို့ရှင်းပြတော့မှ ပြန်ပြီးရွှင်ရွှင်ပြပြ ဖြစ်လာတော့တယ်။

အဲဒီလိုနဲ့ ခါတိုင်းဆိုပျင်းဖို့ကောင်းအောင်စောင့်ရတဲ့ အချိန်တွေ အကုန်မြန်ပြီး ကောင်တာ ၂၆ မှာ ကျွန်တော့်အလှည့်ရောက်လာပါတော့တယ်။ ကျွန်တော်ကအလှည့်ရောက် လို့သွားရမှာဖြစ်ကြောင်းနဲ့ ကျွန်တော့်ကိုခဏစောင့်နေဖို့ သူတို့ကိုပြောပြီး ကောင်တာကိုသုတ်သုတ်သွား၊ ပြောစရာရှိတာပြောပြီး ပြန်လာတော့ ညီအစ်မနှစ်ယောက် က ကျွန်တော် အပြင်ရှေ့ခုံက ဘော်ဒါတစ်ယောက်ရပြီး နေပြီဗျ။ အဲဒါနဲ့ကျွန်တော်လည်း မိတ္တူကူး လုပ်စရာရှိတာလုပ်ပြီး သူတို့နဲ့ ပြန်စကားပြောတာပေါ့။ ထုံးစံအတိုင်းပါပဲ မပီကလာပီကလာနဲ့ သူတို့အမူအရာတွေက ဟန်မလုပ်ဘဲ ချစ်ဖို့ကောင်းပါတယ်။ နောက် သူတို့အမေ နဲ့အဖေကလာခေါ်တော့မှ ကျွန်တော့်လက်ထဲကို အမ်ပီသရီးပလေယာအပ် တာ့တာလုပ်ပြီး အစိမ်းရောင်ဂါဝန်ကိုယ်စီ နှာတံပေါ်ပေါ် မျက်ခုံးထူထူ ဝတ်ထားတဲ့ ညီအစ်မ ပြန်သွားပါတော့တယ်။ အဲဒီတော့မှ ပဲခုနကလှုပ်ရှားံနေတဲ့ ပတ်ဝန်းကျင်က သေသွားသလိုပါပဲ။ လူတွေကသူတို့ခုံ တွေမှာကိုယ်စီငြိမ်ငြိမ်လေး ထိုင်ပြီး ပျင်းဖို့ကောင်းတဲ့ အမူအရာတွေနဲ့ ရှင်လျက်သေနေကြပါတယ်။

အပြန်လမ်းမှာ ကျွန်တော်စဉ်းစားတယ်။ ကလေးတွေရဲ့ ဟန်ဆောင်ကင်း တဲ့ဖြူစင်ခြင်းနဲ့သာ တွေ့သမျှလူကို နှုတ်ဆက်ရင် ကျွန်တော်တို့နေတဲ့ကမ္ဘာ က World Without Strangers …. ဖြစ်လာနိုင်ပါကြောင်း ……

Sunday, January 14, 2007

လုံ့လလည်းထူ၊ မိုးလည်းကူ၊ နောက်ချေးလည်းချ၊ ငါလည်းမ



ဟိုးရှေးရှေးတုန်းက လယ်သမားကြီးတစ်ယောက်ရှိတယ်တဲ့။ သူကမိုးကြိုးပစ်လယ်သမား။ မိုးကြိုးအပစ်ခံရလို့တော့ မဟုတ်ဘူး။ လယ်သမားသာဆိုတယ် တစ်ချိန်လုံး တစ်နေ့ခင်းလုံး လယ်စပ်က သစ်ပင်နားမှာအိပ်, အိပ်နေလို့ သူ့ကို မိုးကြိုးပစ်စေ့လယ်သမား လို့တစ်ခြားရွာသားတွေက နောက်ကျတာ။ သူကတော့ဂရုမစိုက်။ အေးအေးလူလူ အိပ်မြဲအိပ်လျက်။ ဒါပေမယ့်သူက ဆုတောင်းတာတော့ဝါသနာပါတယ်။ အလုပ်သာမလုပ်ချင်တာ သစ်ပင်အောက်မှာအိပ်ကာနီးတိုင်း သစ်ပင်စောင့်ရုက္ခစိုး နား Heat တက်လောက်အောင်ကို ဆုတောင်းတာ ။ တစ်နေ့လည်းထုံးစံအတိုင်းပေါ့ နေ့လည်ခင်းနေကပူပူ သစ်ပင်ရိပ်ကလည်းကောင်းဆိုတော့ လယ်သမားကြီးက အိပ်ခါနီး လက်အုပ်လေးချီ ဆောင့်ကြောင့်လေးထိုင်ပြီး

“ရုက္ခစိုးနတ်မင်းကြီး၊ ကျွှန်ုပ်ဆင်းရဲသား ကျောမွဲပြာမှာ အိပ်စရာလည်းမြေကြီး စားစရာလည်းနထ္တိ သောက်စရာလည်းရေနီ ကံကိုကဆိုးလှပါတယ် အရှင်။

ကျွှန်ုပ်တို့လို ငမွဲတွေကို မစဖို့နေနေသာသာ ဘယ်နတ်မြတ်နတ်ကောင်း နတ်အပေါင်းမှာလည်း ဘယ်ဆီဘယ်ဝှမ်းဂလေ သရမ်းနေလည်းမသိပါဘူး။

အရှင်နတ်ကြီးလည်း အတူတူပဲ။ ဘယ်နတ်ဟော်တယ်တက်ပြီး နတ်မော်ဒယ်မလေးတွေနဲ့ ကုလားကားတွေကြည့်ပြီး နှစ်ပါးသွားကနေလည်းမသိ။ အကျွှန်ုပ်တို့မှာတော့ ဘုရားတရားတ, လည်း မထူး၊ အရှင်တို့က ကျွှန်ုပ်တို့ကို့နှစ်လုံးဂဏန်းပေးဖို့ကို နတ်ကာရာအိုကေမယ်လေးတွေကို Tips ပေးဖို့လောက်မှစိတ်မဝင်စား၊ အောင်မယ်မင်း…ကံကိုကဆိုးလှပါတယ်ဘုရား”

ဆိုပြီး အပြစ်ဆိုငိုချင်းလေးနဲ့ နတ်ကြီးသနားလာအောင်ဆုတောင်းရှာသတဲ့။ နတ်ကြီးကလည်းဂရုစိုက်ဖို့နေနေသာသာ အဖက်တောင်မလုပ်လေတော့ ကိုလယ်သမားလည်း မောမောနဲ့အိပ်ပျော်သွား ရှာသတဲ့ကွယ်။ လယ်သမားကြီးအိပ်ပျော်နေတုန်း ရုက္ခစိုးကြီးကလည်း နတ်သဘင်ညီလာခံမှာ သွားပြီး ရှက်ကီပိတ် အစည်းအဝေးကကျွေးမွေးတာတွေစားပြီး ပြန်လာချိန်ပေါ့။ ဒေါင်ချာကလည်းစိုင်း ယိုင်ထိုးယိုင်ထိုးနဲ့ပေါ့။ သူ့ဘုံဗိမာန်အောက်မှာ ပိုးလိုးပက်လက် တခူးခူးနဲ့အိပ်နေတဲ့လယ်သမားကြီးကိုလည်းတွေ့ရော

“အောင်မာ…သကောင့်သားက မခန့်၊ ငါ့ဘုံဗိမာန်ကိုများစော်ကားမော်ကား ဖောင်ပြင်ပြီးအိပ်နေလိုက်တာ၊ နတ်တို့ပညာမနေသာဆိုသလို ပညာတော့ပြပေဦးမှဆိုပြီး ဖင်ကိုဖနောင့်နဲ့ဖရီးကစ်ပြီး ငြင်ငြင်သာသာလေး နှိုးလိုက်တယ်”

လယ်သမားကြီးလည်း အကြိမ်ပေါင်းများစွာ ဖရီးကစ်ခံရတော့မှ နိုးလာတော့တယ်။

“ဘယ်အကောင်လည်း ငါ့ဇရက်မင်းစည်းစိမ်ကိုဖျက်လိုဖျက်စီးလုပ်တာ။ သတ္တိရှိရင် ဖွက်ဓဲ့။ မင်းတို့မွေးမတွေ မုဆိုးမဖြစ်ကုန်မယ်ဆိုပြီး” အိပ်မှုံစုံမွှား ဝူးတူးဝါးတားနဲ့ပေါ့။ နောက်မျက်လုံးကိုသေသေချာချာပွတ်ပြီး ပြူးပြဲကြည့်မှ ပြောင်ပြောင်လက်လက်ကြီးနဲ့ ကိုယ်ထင်ပြနေတဲ့ ရုက္ခစိုးကြီးကိုသွားတွေ့သတဲ့။ သူ့မျက်လုံးကိုသူမယုံ။သေချာအောင်မေးစမ်းဦးမှ ဆိုပြီး

“အံမယ် ပြောင်ပြောင်လက်လက်တွေနဲ့ ဟိုဘက်ရွာဇာတ်အဖွဲ့က ငနဲကြီးကျုပ်ကို ဘာလာနှောင့်ယှက်တာလည်းဗျ။ ကျုပ်ဘာကျုပ် အိပ်ရင်းနဲ့ငါးပါးသီလစောင့်နေတာ ခင်ဗျားကဘာလာနှောင့်ယှက်တာတုန်းး။ တောသားလက်သီး G3 ကြုံတုန်းမြည်းစမ်းချင်သပလေ။ ဟုတ်စ” လို့ဒေါနဲ့မောနဲ့ မေးလေတယ်။

နတ်ကြီးက “အောင်မာ မင်းလိုလက်တောက်လောက်ကောင်ကများ ရာရာစစ၊ ခါတိုင်းတော့ငါ့နားမခံသာအောင် ငါ့ဗိမာန် သစ်ပင်အောက်မှာ ဆုတောင်းကို Rapping ရွတ်သလိုရွတ်နေပြီး၊ အခုကျတော့ Rocker လိုဒေါသထွက်ပြနေလိုက်တာ။ နတ်သားလက်သီး M16 ကိုမြည်းစမ်းချင်သပေါ့လေ” ဆိုပြီး Rhyme လေးနဲ့ အားကျမခံ မောင်းတင်လိုက်လေတယ်။

လယ်သမားကြီးလည်း အခုမှ နတ်ကြီးမှန်းသိ၊ နှစ်လုံးဂဏန်းလည်းလိုချင်တော့ စာမူလိုချင်တဲ့ ထုတ်ဝေသူထုံးနှလုံးမူ၊ မူလကျီသူနီလုပ်ပြီး “အို..အရှင်နတ်ကြီး ကျွန်တော်မျိုးအမိုက်အမဲကို ခွင့်လွှတ်ပါ။ ဒါဆိုအခု ကျွန်တော်မျိုးကြီးကိုမစတော့မယ်ပေါ့။ လုပ်ပါနတ်ကြီးရာ ပေါက်ကဏန်းရယ်၊ ကုမ္ပဏီတစ်ခုရယ်၊ အိမ်တစ်လုံးရယ်၊ ကားတစ်စီးရယ်၊… အိုဗျာရှုပ်ပါတယ် ကျွှန်ုပ်ဘာကျွှန်ုပ် ဆုတောင်းဖို့ လိုတရလက်စွပ် ၅ ကွင်းလောက်လိုလိုပိုပို သနားမစတော်မူပါဗျား…”

နတ်ကြီးက “အောင်မယ်လေးဗျာ မင်းကိုအဲဒီလောက်ပေးနိုင်မှ ငါတောင်မှ ဒီသစ်ပင်ပေါ်မှာစောင့်မနေဘူး။ ဟာဝိုင်ဟီကျွန်းတစ်ကျွန်းလုံးဝယ်ပြီး နတ်သမီးတစ်ဘက် ၅၀၀ လောက်နဲ့အပြတ်ကဲနေပြီ။ မင်းဆုတောင်းက ဖိုးသိကြားလည်း မတတ်နိုင်ဘူး။ ငါလည်းမတတ်နိုင်ဘူး။ ငါတတ်နိုင်တာ တစ်ခုနဲ့တော့မစနိုင်တယ်။ မင်းယူမလား။”

လယ်သမားကြီးလည်းဘာရရမနည်းဘူးဆိုပြီး။ ခေါင်းညိတ်လိုက်တယ်တဲ့။ နတ်ကြီးက “အေး…ငါပေးမှာ သူဋ္ဌေးဖြစ်ဆေးနည်းပဲ။ ဒီဆေးနည်းအတိုင်းသာလိုက်နာပေတော့” ဆိုပြီး လယ်သမားကို လိုက်ဆိုခိုင်းတယ်။ “လုံ့လလည်းကူ၊ မိုးလည်းကူ၊ နောက်ချေးလည်းချ၊ ငါလည်းမ.. တစ်နေ့ကိုအိပ်ရာဝင်ခါနီး ၁၇ ခါလောက်ရွတ်။ မင်းသူဋ္ဌေးဖြစ်ရော” ဆိုပြီးပြောပြောဆိုဆို ဒိုးသွားလေတော့တယ်။

လယ်သမားကလည်း ပညာမတတ်တော့ပထမ ဘာကိုဆိုလိုမှန်းမသိရှာဘူး။ နောက်မှဆိုလိုရင်းက ဇွဲလုံ့လ ဝီရိယ နဲ့ မြေသြဇာ နောက်ချေးနဲ့ စနစ်တကျ ဥာဏ်သုံးပြီး စိုက်ပျိုးထွန်ယက်၊ ရာသီဥတုကလည်းသမမျှတ ဆိုရင်နတ်ကြီးမစရာတောင်မလိုဘူး အော်တို စီးပွားဖြစ်တယ်ဆိုတာ လိုက်နာကျင့်သုံးရင်းနဲ့ သူဋ္ဌေးကြီးဘဝကို ကိုယ်တွေ့ ရောက်ရှိသွားလေသတဲ့။

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ ညီ၊ ညီမလေးတို့လည်း ဆုတောင်းရုံနဲ့မပြီး ကိုယ်တိုင်လည်းလုံ့လကူ ဥာဏ် စိုက်ထုတ်ပြီး အလုပ်လုပ်မှအောင်မြင်နိုင်ကြောင်း ဒီပုံပြင်လေးကသာဓကတစ်ပုဒ်ဖြစ်ပါတော့တယ်။

ပြီးပါပြီ။

Saturday, January 13, 2007

ကိုစက်(၂)

ကိုစက်ဆုတောင်းပြည့်လေပြီ။ ဘေးမသီရန်မခ အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ စက်ရုံးပေါက်ဝကိုရောက်ပြီ။ စက်ရုံးစောင့်က နှုတ်ဆက်သည်။ မင်္ဂလာမနက်ခင်းပါ ဆရာစက်။ သူနှုတ်ဆက်တာအကောင်းမထင်နဲ့ သူကအချိန်မှတ်စက် ဗျ။ သူပဲဒုက္ခပေးနေတာ။ တစ်ခါတစ်လေသူ အချိန်မှားမှတ်ရင်သွားပြီ။ သူ့ကိုပဲ လက်ဘက်ရည်ဖိုး ပေးလို့ပေါင်းထားရသေးတာ။ အခုတော့အေးဆေးပါ ကိုယ်ကအချိန်မှန်နေသည်ပဲ။ သူကိုနူတ်ဆက်ပြီး ကိုယ့်စားပွဲရှိတဲ့ နေရာကိုပဲပြေးသွားမိသည်။ ရောက်တာနှင့်ဘာဆိုဘာမှသတိမရ အလုပ်ထဲမှာပဲ စိတ်နှစ်ထားလိုက်သည်။ တစ်ခြားစက်ရုံးသူရုံးသားတွေရဲ့ အတင်းပြောသံလည်းမကြား၊ နေကြာစေ့ဝါးသံ တစ်ဖြောက်ဖြောက်ကိုလည်းမကြားနိုင်တော့၊ နေ့လည်အမှီ ပြင်ဆင်ရမည်မဟုတ်ပါလော။ ….ကဲ…ဘယ်လောက်တောင်ကြာသွားသည်မသိ ဝမ်းထဲမှတစ်ကြုတ်ကြုတ်မြည်မှ ထမင်းစားရန်သတိရသည်။ မတတ်နိုင်။ လုပ်လက်စကိုလက်စသတ်ပြီး ကန်တင်းကိုချီတက်လိုက်သည်။

နေ့မွန်းတည့်

မထူးဆန်းစွာပဲ ခါတိုင်းစားနေကြအတိုင်း ကြက်ဆီထမင်းကို ရေနွေးကြမ်းနှင့်မျောချလိုက်သည်။ ဂလု….ဒီပုံအတိုင်းဆက်စားရင်တော့ ကိုစက်ကနေ ကိုကြက်ဖြစ်မှာ ကျိန်းသေသည်။ ကြက်သားချည်း ပဲစားနေရသည် မှာကြာပြီ။ စကားမစပ် ဒီခေတ်မှာ ကြက်မွေးမြူရေးကထူးဆန်းသည်။ ကြက်ပုံတူမျိုးပွား နည်းဖြင့်မွေးမြူထားခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်ကတော့ ရွှေထက်ရှားသည်။ သြော်ထူးဆန်းပေစွ…။ သိပ်တွေးနေ၍မဖြစ် စားစရာရှိတာ ဟိုက်စပိဒ် စား၍ရုံးခန်းသို့ပြေးရသည်။ အစည်းအဝေးစတော့မည် မဟုတ်ပါလော။ ထုံးစံအတိုင်းပင် စက်လူကြီးများကလိုအပ်သည်များကို မှာကြားပြီး တစ်ခြားဘယ်သူ့ အကြံဥာဏ်ကိုမှမယူ

သူတို့ပြောချင်တာ (ကိုယ့်ကိုယ်ကို အမွှန်းတင်) ၍ဝသည့် သကာလ အားလုံးကိုအလုပ်ကြိုးစား၍ မခိုမကပ်လုပ်ရန်၊ စကားနည်းနည်းပြော၍ အလုပ်များများလုပ်ရန် ပြော၍အစည်းအဝေးမှ ကျွေးမွေးသည်များစားကာ ပြန်ချေပြီ။ ဟူး…အူး…အူး.. အခုမှကိုစက်အလုံးကြီး ကျချေပြီ။

သြော်…အခုကျတော့လည်း ရုံးခန်းမှာဘာလုပ်စရာမှမရှိတော့ပါလား။ ဘာမှမရှိတာနှင့် အင်တာနက်တက်ကာ Friendster ထဲမှ စက်ရုပ်မလေးများကို လိုက်ကြည့်နေလိုက်သည်။ ဟိုက်ရှားဘား…တစ်ချို့ဆို ဘီကီနီနဲ့ ဘာနဲ့ တော်တော်ကြီးကိုကြွားထားကြပါလား… အနိစ္စတွေ…အပုပ်ကောင်တွေ ဟုစိတ်ကမှတ်ပြီးနောက် လက်ကအလိုလို Add a friend ကိုနှိပ်နှိပ်မိသွားသည်။ မတတ်နိုင် သူတို့ကတောင် လေသလပ်ခံပြီး ပဲများထားတာ ကိုက သူငယ်ချင်းဖြစ်တာ ဘာပင်ပန်းတာလိုက်လို့။ သူတို့ခမျာ ဒီလိုအချမ်းခံထားရတာ သနားပါတယ်။ သူငယ်ချင်းမရှိရင် ပျင်းနေမှာ။ ကရုဏာတရားထားရမယ်တဲ့... စက်ဆရာတော်က ငယ်ငယ်ထဲကကြိမ်နဲ့တို့ကာ ဟောထားသည်မဟုတ်ပါလော။

သြော်..မရှိမကောင်း..ရှိမှကောင်းတွေ..

ဒီလိုနဲ့ပဲ ဟိုဖိုရမ်ဝင် ဒီဝက်ဘ်ဆိုဒ် တက်ရင်းဟိုလျှောက်ပြော ဒီလျှောက်ဖွကာ ရုံးဆင်းလေပြီ။ ရုံးက စက်ဘော်ဒါတစ်ချို့ကတော့ အညောင်းပြေအညာပြေဆိုလား…ဘာဆိုလား… မာဆက်ဆိုပဲ။ မဆက်တော့ပါဘူး။ တစ်ခါအဆက်ကောင်းတာ ဇက်ပါပြုတ်တော့မလို့၊ မာဆက်က စက်ရုပ်မတွေ လက်စွမ်းပြတာ။ ဇက်ပြုတ်လို့ကတော့ အပိုပစ္စည်းဝယ်တပ်လို့မရ၊ ဝပ်ရှော့ပို့စရာ မလို တစ်ခါတည်း မာလကီးယား သွားမှာ။ ကိုယ့်ဒုက္ခကိုယ် ပိုက်ဆံပေးပြီး ရှာပြီးသားပဲ။ သကောင့်သားတွေကတော့ စပယ်ရှယ်ဆားဗစ်ဆိုလား ဘာဆိုလားပြောရင်း တက်ကြွနေလိုက်တာများ အိမ်ကသူတို့ စက်အိမ်ရှင်မတွေကို အတို့အထောင်သွားလုပ်ဦးမှ။ စက်စာရေးကြီးကတော့

“ခေတ်ကြီးကို ကမကောင်းတာပါဗျာ၊ ပိုက်ဆံရှားတာကိုအကြောင်းပြပြီး သူတို့ကလည်းသူတို့။ ဟိုပိုက်ဆံရှိတဲ့ကောင်တွေကလည်း အိမ်ကမိန်းမနဲ့ကလေးတွေမှမထောက် ဖောက်ချင်တိုင်းဖောက်နေကြတာပဲ၊ ကျုပ်တို့အသက်ကြီးမြန်တာတော်သေး” တဲ့။ (သြော် ငယ်ရင်များဝင်နွှဲလေဦးမလား မသိ)

ကိုစက် “ဒီလိုပါဘဲဗျာ… သူတို့ခမျာကတော့ မရှိ ဝမ်းစာ သူအကြောင်းနဲ့သူပေါ့ဗျာ၊ ဘယ်သူမှလည်းဒီနာမည် အတပ်ခံချင်မှာ မဟုတ်ပါဘူး။ ခက်တာကပိုက်ဆံထုပ်ပိုက်ပြီး နောက်ကလိုက်နေတာတွေဗျ။ Demand ရှိမှတော့ Supply လည်းရှိတော့မပေါ့ ဦးကြီးရာ။ ဒါတွေကလည်း ဒီခေတ်မှမဟုတ်ဘူး ဟိုးရှေးခေတ်ကတည်းက ရှိလေတော့ ခက်တယ်ဗျ။ သူ့ခေတ်နဲ့သူ ခိုးစားတဲ့အသီးက ပိုချိုတယ်ဆိုပြီး ကမြင်းကြောထတဲ့လူကတော့ ထမှာပါပဲ။ စားရတဲ့ကလေးငတ်တာပေါ့ ဦးကြီးရာ တားလို့မရပါဘူး”

ပြီးနောက်ဘာစိတ်ကူးပေါက်တယ်မသိ စက်ရွှေရည်ဆိုင်ချီတက်ရန် စက်စာရေးကြီးကအတင်းခေါ်လေသည်။ ဒီစက်ကြီးနဲ့သောက်ရင်တော့ ကိုယ်ရေချိန်ကိုက်သမျှပါ ပျောက်ပျောက်သွားမှာမို့ မလိုက်တော့ဟုအားနာနာနှင့် ငြင်းရလေသည်။ ဒါနဲ့အမြန်ထွက်ခဲ့ရသည် ကိုစက်က ဒါမျိုးဆို နှစ်ခါအခေါ်ခံတာမဟုတ် အားနာနာနှင့်လိုက်သွားမှ မနက်ဖြန်အလုပ်နောက်ကျနေဦးမည်။ ဒီနေ့မှတနင်္လာနေ့စောပါသေးသည်။ သောကြာနေ့လောက်မှသောက်ရင် အကောင်းသား။ လမ်းလျှောက်ရင်းတစ်ယောက်တည်းတွေးနေမိသည်။ ကားပျံရှိရာရောက်မှ အိမ်သို့ဟုပြောရင်းသူမောင်းသည့် နောက်အသာလေးလိုက်ရင်း မှေးကနဲအိပ်ပျော်သွားသည်။

ပြေးသည် သူနောက်ကလိုက်သည်။ ပုန်းသည် သူလိုက်ရှာသည်။ ပန်းခြံကြီးတစ်ခုထဲ၌ ကိုစက်က ချစ်သူ ခင်သီတာစက်ကို VCD ကာရာအိုကေအခွေတွေ ထဲကလိုပြေးတမ်းလိုက်တမ်းကစားနေသည်။ ဘယ်လောက်အထိပြေးခဲ့သည်မသိ ကိုစက်မောနေသည်။ အခုအချိန်ထိလည်းရှာ ခင်သီတာစက်ကိုရှာမတွေ့သေး။ တော်တော်အပုန်းကောင်းသည်။ တွေ့ရင်တော့ဟုစိတ်ထဲက ကြိမ်းရင်းတစ်နေရာအရောက် “ဟဲ့ သောက်ခွေး”… ကိုစက် ခလုတ်တိုက်သည်။ လဲကျသည်။ တော်သေးသည်လဲကျသည့်နေရာ၌ ခွေးပဲပဲ ပုံမရှိ။ ကုန်းထမယ်လုပ်တုန်းမိုးရွာသည်။ ရွာသည့်မိုးက သဲသည်။ ထို့အပြင် ရနံ့ပြင်းပြင်းနံနံ ကြီးပါရနေသည်။ ဖူး…ဖရူး… ဘော်နီ.. ကိုစက်၏အသက်ဗူးစက်ရုပ်ခွေးလေး၊ အလုပ်ကအိမ်အရောက် ကိုစက်ကားပေါ်မှာအိပ်ပျော်နေတုန်း ဘယ်အချိန်တက်လို့ ဘယ်အချိန်ကတည်းက လျက်နေသည်မသိ။ ကိုစက်မျက်နှာတစ်ခုလုံးလည်း ဘော်နီ့တံတွေးတွေချည်း။ ကိုစက်လည်းပင်ပင်ပန်းပန်းနှင့် အိပ်ပျော်သွားလိုက်တာ ကားကအိမ်ပြန်ရောက်နေမှန်းမသိ။ ဘော်နီကို လည်းအပြစ်မတင်ရက်တော့။ ဒါကသူ့အလုပ်၊ ကိုစက်အိမ်ပြန်လာတိုင်းလာ ကြိုနေကြ။ ကိုစက်မှာလည်း ချစ်စရာဆိုလို့ အီးအီးမပါသော စက်ရုပ်ဘော်နီပဲရှိသည် မဟုတ်ပါလော။ သြော်ဘဝဘဝ ဘယ်အချိန်ကြမှ အိမ်ရှင်မကအိမ်ရှေ့ကနေ အာပွာရှလူးနှင့်ကြိုဆိုမည်မသိ။ ထိုခဏ၌တစ်နေ့တာအမောများ ယူပစ်လိုက်သလိုပျောက်သွားမှာပဲ ဟုစဉ်းစားမိလေသည်။ သို့သော် ကုန်ဈေးနှုန်းရန်၊ အလှကုန်ပစ္စည်းဈေးနှုန်းရန်၊ ဟိုဟာဒီဟာဘာညာသာဓကာ ဈေးနှုန်းရန် စတာတွေကို သူရဲဘောကြောင်နေသောကြောင့် အခုချိန်အထိ လက်ထပ်ရန်စကားမဟရဲသေး။ မက်လက်စလေးတောင် ဘယ်ရောက်သွားသည်မသိ။

ဟူး...အူး...အူး....


ဆက်ပါဦးမည်...


Wednesday, January 10, 2007

ဘာညာ

ဒီနေ့မှ အင်တာနက်ကွန်နက်ရှင် ပြန်ရတယ်… ဘာစာမှ မတင်ဖြစ်တာလည်းကြာပြီ….

အလုပ်ကလည်းထွက်လိုက်ပြီ… အခုလောလောဆယ်တော့ အားအားယားယား လျှောက်ရေးဦးမှပါပဲ…

ကိုစက်ကို လည်းဆက်ပြီးအသက်မသွင်းရ့သေးဘူး…အမြီးမြှောက်လိုက်…အီးပေါက်လိုက်လုပ်နေတာကြာပြီပဲ…