Saturday, January 13, 2007

ကိုစက်(၂)

ကိုစက်ဆုတောင်းပြည့်လေပြီ။ ဘေးမသီရန်မခ အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ စက်ရုံးပေါက်ဝကိုရောက်ပြီ။ စက်ရုံးစောင့်က နှုတ်ဆက်သည်။ မင်္ဂလာမနက်ခင်းပါ ဆရာစက်။ သူနှုတ်ဆက်တာအကောင်းမထင်နဲ့ သူကအချိန်မှတ်စက် ဗျ။ သူပဲဒုက္ခပေးနေတာ။ တစ်ခါတစ်လေသူ အချိန်မှားမှတ်ရင်သွားပြီ။ သူ့ကိုပဲ လက်ဘက်ရည်ဖိုး ပေးလို့ပေါင်းထားရသေးတာ။ အခုတော့အေးဆေးပါ ကိုယ်ကအချိန်မှန်နေသည်ပဲ။ သူကိုနူတ်ဆက်ပြီး ကိုယ့်စားပွဲရှိတဲ့ နေရာကိုပဲပြေးသွားမိသည်။ ရောက်တာနှင့်ဘာဆိုဘာမှသတိမရ အလုပ်ထဲမှာပဲ စိတ်နှစ်ထားလိုက်သည်။ တစ်ခြားစက်ရုံးသူရုံးသားတွေရဲ့ အတင်းပြောသံလည်းမကြား၊ နေကြာစေ့ဝါးသံ တစ်ဖြောက်ဖြောက်ကိုလည်းမကြားနိုင်တော့၊ နေ့လည်အမှီ ပြင်ဆင်ရမည်မဟုတ်ပါလော။ ….ကဲ…ဘယ်လောက်တောင်ကြာသွားသည်မသိ ဝမ်းထဲမှတစ်ကြုတ်ကြုတ်မြည်မှ ထမင်းစားရန်သတိရသည်။ မတတ်နိုင်။ လုပ်လက်စကိုလက်စသတ်ပြီး ကန်တင်းကိုချီတက်လိုက်သည်။

နေ့မွန်းတည့်

မထူးဆန်းစွာပဲ ခါတိုင်းစားနေကြအတိုင်း ကြက်ဆီထမင်းကို ရေနွေးကြမ်းနှင့်မျောချလိုက်သည်။ ဂလု….ဒီပုံအတိုင်းဆက်စားရင်တော့ ကိုစက်ကနေ ကိုကြက်ဖြစ်မှာ ကျိန်းသေသည်။ ကြက်သားချည်း ပဲစားနေရသည် မှာကြာပြီ။ စကားမစပ် ဒီခေတ်မှာ ကြက်မွေးမြူရေးကထူးဆန်းသည်။ ကြက်ပုံတူမျိုးပွား နည်းဖြင့်မွေးမြူထားခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်ကတော့ ရွှေထက်ရှားသည်။ သြော်ထူးဆန်းပေစွ…။ သိပ်တွေးနေ၍မဖြစ် စားစရာရှိတာ ဟိုက်စပိဒ် စား၍ရုံးခန်းသို့ပြေးရသည်။ အစည်းအဝေးစတော့မည် မဟုတ်ပါလော။ ထုံးစံအတိုင်းပင် စက်လူကြီးများကလိုအပ်သည်များကို မှာကြားပြီး တစ်ခြားဘယ်သူ့ အကြံဥာဏ်ကိုမှမယူ

သူတို့ပြောချင်တာ (ကိုယ့်ကိုယ်ကို အမွှန်းတင်) ၍ဝသည့် သကာလ အားလုံးကိုအလုပ်ကြိုးစား၍ မခိုမကပ်လုပ်ရန်၊ စကားနည်းနည်းပြော၍ အလုပ်များများလုပ်ရန် ပြော၍အစည်းအဝေးမှ ကျွေးမွေးသည်များစားကာ ပြန်ချေပြီ။ ဟူး…အူး…အူး.. အခုမှကိုစက်အလုံးကြီး ကျချေပြီ။

သြော်…အခုကျတော့လည်း ရုံးခန်းမှာဘာလုပ်စရာမှမရှိတော့ပါလား။ ဘာမှမရှိတာနှင့် အင်တာနက်တက်ကာ Friendster ထဲမှ စက်ရုပ်မလေးများကို လိုက်ကြည့်နေလိုက်သည်။ ဟိုက်ရှားဘား…တစ်ချို့ဆို ဘီကီနီနဲ့ ဘာနဲ့ တော်တော်ကြီးကိုကြွားထားကြပါလား… အနိစ္စတွေ…အပုပ်ကောင်တွေ ဟုစိတ်ကမှတ်ပြီးနောက် လက်ကအလိုလို Add a friend ကိုနှိပ်နှိပ်မိသွားသည်။ မတတ်နိုင် သူတို့ကတောင် လေသလပ်ခံပြီး ပဲများထားတာ ကိုက သူငယ်ချင်းဖြစ်တာ ဘာပင်ပန်းတာလိုက်လို့။ သူတို့ခမျာ ဒီလိုအချမ်းခံထားရတာ သနားပါတယ်။ သူငယ်ချင်းမရှိရင် ပျင်းနေမှာ။ ကရုဏာတရားထားရမယ်တဲ့... စက်ဆရာတော်က ငယ်ငယ်ထဲကကြိမ်နဲ့တို့ကာ ဟောထားသည်မဟုတ်ပါလော။

သြော်..မရှိမကောင်း..ရှိမှကောင်းတွေ..

ဒီလိုနဲ့ပဲ ဟိုဖိုရမ်ဝင် ဒီဝက်ဘ်ဆိုဒ် တက်ရင်းဟိုလျှောက်ပြော ဒီလျှောက်ဖွကာ ရုံးဆင်းလေပြီ။ ရုံးက စက်ဘော်ဒါတစ်ချို့ကတော့ အညောင်းပြေအညာပြေဆိုလား…ဘာဆိုလား… မာဆက်ဆိုပဲ။ မဆက်တော့ပါဘူး။ တစ်ခါအဆက်ကောင်းတာ ဇက်ပါပြုတ်တော့မလို့၊ မာဆက်က စက်ရုပ်မတွေ လက်စွမ်းပြတာ။ ဇက်ပြုတ်လို့ကတော့ အပိုပစ္စည်းဝယ်တပ်လို့မရ၊ ဝပ်ရှော့ပို့စရာ မလို တစ်ခါတည်း မာလကီးယား သွားမှာ။ ကိုယ့်ဒုက္ခကိုယ် ပိုက်ဆံပေးပြီး ရှာပြီးသားပဲ။ သကောင့်သားတွေကတော့ စပယ်ရှယ်ဆားဗစ်ဆိုလား ဘာဆိုလားပြောရင်း တက်ကြွနေလိုက်တာများ အိမ်ကသူတို့ စက်အိမ်ရှင်မတွေကို အတို့အထောင်သွားလုပ်ဦးမှ။ စက်စာရေးကြီးကတော့

“ခေတ်ကြီးကို ကမကောင်းတာပါဗျာ၊ ပိုက်ဆံရှားတာကိုအကြောင်းပြပြီး သူတို့ကလည်းသူတို့။ ဟိုပိုက်ဆံရှိတဲ့ကောင်တွေကလည်း အိမ်ကမိန်းမနဲ့ကလေးတွေမှမထောက် ဖောက်ချင်တိုင်းဖောက်နေကြတာပဲ၊ ကျုပ်တို့အသက်ကြီးမြန်တာတော်သေး” တဲ့။ (သြော် ငယ်ရင်များဝင်နွှဲလေဦးမလား မသိ)

ကိုစက် “ဒီလိုပါဘဲဗျာ… သူတို့ခမျာကတော့ မရှိ ဝမ်းစာ သူအကြောင်းနဲ့သူပေါ့ဗျာ၊ ဘယ်သူမှလည်းဒီနာမည် အတပ်ခံချင်မှာ မဟုတ်ပါဘူး။ ခက်တာကပိုက်ဆံထုပ်ပိုက်ပြီး နောက်ကလိုက်နေတာတွေဗျ။ Demand ရှိမှတော့ Supply လည်းရှိတော့မပေါ့ ဦးကြီးရာ။ ဒါတွေကလည်း ဒီခေတ်မှမဟုတ်ဘူး ဟိုးရှေးခေတ်ကတည်းက ရှိလေတော့ ခက်တယ်ဗျ။ သူ့ခေတ်နဲ့သူ ခိုးစားတဲ့အသီးက ပိုချိုတယ်ဆိုပြီး ကမြင်းကြောထတဲ့လူကတော့ ထမှာပါပဲ။ စားရတဲ့ကလေးငတ်တာပေါ့ ဦးကြီးရာ တားလို့မရပါဘူး”

ပြီးနောက်ဘာစိတ်ကူးပေါက်တယ်မသိ စက်ရွှေရည်ဆိုင်ချီတက်ရန် စက်စာရေးကြီးကအတင်းခေါ်လေသည်။ ဒီစက်ကြီးနဲ့သောက်ရင်တော့ ကိုယ်ရေချိန်ကိုက်သမျှပါ ပျောက်ပျောက်သွားမှာမို့ မလိုက်တော့ဟုအားနာနာနှင့် ငြင်းရလေသည်။ ဒါနဲ့အမြန်ထွက်ခဲ့ရသည် ကိုစက်က ဒါမျိုးဆို နှစ်ခါအခေါ်ခံတာမဟုတ် အားနာနာနှင့်လိုက်သွားမှ မနက်ဖြန်အလုပ်နောက်ကျနေဦးမည်။ ဒီနေ့မှတနင်္လာနေ့စောပါသေးသည်။ သောကြာနေ့လောက်မှသောက်ရင် အကောင်းသား။ လမ်းလျှောက်ရင်းတစ်ယောက်တည်းတွေးနေမိသည်။ ကားပျံရှိရာရောက်မှ အိမ်သို့ဟုပြောရင်းသူမောင်းသည့် နောက်အသာလေးလိုက်ရင်း မှေးကနဲအိပ်ပျော်သွားသည်။

ပြေးသည် သူနောက်ကလိုက်သည်။ ပုန်းသည် သူလိုက်ရှာသည်။ ပန်းခြံကြီးတစ်ခုထဲ၌ ကိုစက်က ချစ်သူ ခင်သီတာစက်ကို VCD ကာရာအိုကေအခွေတွေ ထဲကလိုပြေးတမ်းလိုက်တမ်းကစားနေသည်။ ဘယ်လောက်အထိပြေးခဲ့သည်မသိ ကိုစက်မောနေသည်။ အခုအချိန်ထိလည်းရှာ ခင်သီတာစက်ကိုရှာမတွေ့သေး။ တော်တော်အပုန်းကောင်းသည်။ တွေ့ရင်တော့ဟုစိတ်ထဲက ကြိမ်းရင်းတစ်နေရာအရောက် “ဟဲ့ သောက်ခွေး”… ကိုစက် ခလုတ်တိုက်သည်။ လဲကျသည်။ တော်သေးသည်လဲကျသည့်နေရာ၌ ခွေးပဲပဲ ပုံမရှိ။ ကုန်းထမယ်လုပ်တုန်းမိုးရွာသည်။ ရွာသည့်မိုးက သဲသည်။ ထို့အပြင် ရနံ့ပြင်းပြင်းနံနံ ကြီးပါရနေသည်။ ဖူး…ဖရူး… ဘော်နီ.. ကိုစက်၏အသက်ဗူးစက်ရုပ်ခွေးလေး၊ အလုပ်ကအိမ်အရောက် ကိုစက်ကားပေါ်မှာအိပ်ပျော်နေတုန်း ဘယ်အချိန်တက်လို့ ဘယ်အချိန်ကတည်းက လျက်နေသည်မသိ။ ကိုစက်မျက်နှာတစ်ခုလုံးလည်း ဘော်နီ့တံတွေးတွေချည်း။ ကိုစက်လည်းပင်ပင်ပန်းပန်းနှင့် အိပ်ပျော်သွားလိုက်တာ ကားကအိမ်ပြန်ရောက်နေမှန်းမသိ။ ဘော်နီကို လည်းအပြစ်မတင်ရက်တော့။ ဒါကသူ့အလုပ်၊ ကိုစက်အိမ်ပြန်လာတိုင်းလာ ကြိုနေကြ။ ကိုစက်မှာလည်း ချစ်စရာဆိုလို့ အီးအီးမပါသော စက်ရုပ်ဘော်နီပဲရှိသည် မဟုတ်ပါလော။ သြော်ဘဝဘဝ ဘယ်အချိန်ကြမှ အိမ်ရှင်မကအိမ်ရှေ့ကနေ အာပွာရှလူးနှင့်ကြိုဆိုမည်မသိ။ ထိုခဏ၌တစ်နေ့တာအမောများ ယူပစ်လိုက်သလိုပျောက်သွားမှာပဲ ဟုစဉ်းစားမိလေသည်။ သို့သော် ကုန်ဈေးနှုန်းရန်၊ အလှကုန်ပစ္စည်းဈေးနှုန်းရန်၊ ဟိုဟာဒီဟာဘာညာသာဓကာ ဈေးနှုန်းရန် စတာတွေကို သူရဲဘောကြောင်နေသောကြောင့် အခုချိန်အထိ လက်ထပ်ရန်စကားမဟရဲသေး။ မက်လက်စလေးတောင် ဘယ်ရောက်သွားသည်မသိ။

ဟူး...အူး...အူး....


ဆက်ပါဦးမည်...


1 comment:

  1. ကိုစက်အကြောင်းဆက်ရေးပါဗျို့ ။ အားပေးတယ်

    ReplyDelete