Showing posts with label ပုံပြင်များ. Show all posts
Showing posts with label ပုံပြင်များ. Show all posts

Tuesday, March 31, 2009

ရေညှိပင်နဲ့ ဝါးပင်

တနေ့မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့ အားလုံးကို အရှုံးပေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘဝကိုအရှုံးပေးလိုက်မယ်၊ အလုပ်ကိုအရှုံးပေးလိုက်မယ်၊ မိသားစုဘဝကိုလက်လျှော့လိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တောထဲကိုထွက်လာခဲ့တယ်။ တောထဲရောက်တော့ နောက်ဆုံးဘာမှဆက်မလုပ်ရသေးခင် ဘုရားသခင်နဲ့ စကားပြောဖို့ သူဆုံးဖြတ်လိုက်တယ်။

ဘုရားသခင်ကိုသူကပြောတယ် “ဘုရားသခင်ခင်ဗျား- ကျွန်တော်ဘဝကိုအရှုံးပေးတော့မယ်။ ကျွန်တော်အရှုံးပေးသင့်တယ်လို့ပဲ ကျွန်တော်ထင်တယ်။ အရှုံးမပေးသင့်ကြောင်း သက်သေတစ်ခုတောင် ဘုရားသခင်ကျွန်တော့်ကို ပေးစရာမရှိဘူးမဟုတ်လား…” လို့မေးလိုက်တယ်။ ဒါနဲ့ဘုရားကပြန်မေးတယ်တဲ့။
“အသင့်အနားမှာ ရေညှိပင်တစ်ပင်နဲ့ ဝါးပင်တစ်ပင် တွေ့သလား” တဲ့။

သူကတွေ့ကြောင်းပြောတဲ့အခါမှာ ဘုရားက -

“အိုလူသား။ အဲဒီရေညှိပင်နဲ့ ဝါးပင်ကို စပျိုးတုန်းကအတူတူပဲ။ အစေ့နှစ်မျိုးကို ညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။ တူညီတဲ့မြေသြဇာနဲ့ နေရောင်ခြည်ကိုပေးတယ်။ သိပ်မကြာခင်မှာ ရေညှိပင်လေးပေါက်လာတယ်။ မြေပေါ်မှာပေါက်လာပြီး မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်။ ဝါးစေ့ကလေးကတော့ ဘာမှဖြစ်မလာပါဘူး။ ဒါပေမယ့် ငါသူ့အပေါ်မှာ စွန့်လွှတ်အရှုံးမပေးခဲ့ပါဘူး။ ဆက်ပြီးရေလောင်းခဲ့ပါတယ်။

တစ်နှစ်လောက်ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက်တောင် ပိုပြီးပြန့်ပွားလာပါတယ်။ ဝါးစေ့လေးစိုက်ထားတဲ့နေရာမှာတော့ ဘာမှဖြစ်မလာသေးပါဘူး။

၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲ ဘာထူးခြားမှုမှမရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အပေါ်မှာ လက်လျှော့လိုက်ခြင်းမရှိဘဲ ဆက်ပြီးရေလောင်းပေးခဲ့ပါတယ်။ ၅ နှစ်မြောက်မှာတော့ ဝါးပင်ညှောင့်လေး စထွက်လာပါတယ်။ ဒီလိုစထွက်လာပြီး ၆လအတွင်းမှာပဲ ပေ၁၀၀ ကျော်အပင်ကြီးဖြစ်သွားပါတော့တယ်။ ဝါးပင်ဟာ ဒီလိုအချိန်တိုအတွင်းမှာ ဒီလောက်အမြင့်ကြီးတက်နိုင်ဖို့ ၅ နှစ်ကြာအမြစ်တွယ်ယူခဲ့ရတယ်လေ။

ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့အရာ ချမပေးပါဘူး။ သူ့နေရာနဲ့သူဖြစ်လာဖို့ အရည်အချင်းတွေပေးထားတယ်လေ။ ဝါးပင်လေးအပေါ်မှာ လက်မလျှော့သလို အသင့်အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ရေညှိပင်ဟာ ရေညှိပင်နေရာမှာနေပြီး သစ်တောကို စိမ်းလန်းစေသလို၊ ဝါးပင်ဟာ ဝါးပင်နေရာမှာနေပြီး သစ်တောကို လှပစေပါတယ်။

သင့်အလှည့်လာမှာပါ။ သင်အမြင့်ကိုတက်ဖို့ အခု အမြစ်တွယ်ဖို့ အချိန်ပေးထားတာပါ။”…လို့ပြန်ဖြေသတဲ့။

ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက်မြင့်မြင့်တက်မှာလဲ” လို့ပြန်မေးပါတယ်။

လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့ ပြန်ဖြေတော့

ဘုရားက “အေး..အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ တက်လို့ရတယ်။ ကြိုးစားပြီးတက်ပေတော့” လို့ ပြန်ပြောလိုက်ပါတယ်။

ဒီပုံပြင်လေးကို နေးတစ်မြန်မာဖိုရမ်မှာ ပူးကောင်က ရေးထားတာကို သဘောကျလို့ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါတယ်။

Monday, December 31, 2007

ပုံပြင်များနှင့်ခရီးထွက်ခြင်း


လူတစ်ယောက် ခရီးထွက်လာခဲ့သည်။

သူ့လက်ထဲတွင် ဒိုင်အိုချီးနီးစ်၏ မီးအိမ်ကို ကိုင်ဆောင်မထား၊ ဗြဟ္မာကြီးဦးခေါင်းကိုလည်းရွက်မလာ၊ ဇီဝကလို ဆေးလွယ်အိတ်လည်းမလွယ်၊ ခေါင်းထဲတွင် ကွန်ဖြူးရှပ်၏အတွေးအခေါ်တွေလည်းမရှိ...ယုတ်စွအဆုံး ရေဘူးနှင့် ဖိနပ်လည်းမပါ...ဘာဆိုဘာမှ မပါ အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် သုညတစ်လုံးကိုပိုက်၍သာ ခရီးထွက်လာခြင်းဖြစ်သည်။ သူတွင်ရည်မှန်းချက်လည်းမရှိ ခရီးထွက်ချင်လို့သာ ထွက်လာခဲ့ခြင်းဖြစ်သည်။

မောင်ပေါက်ကျိုင်း အဆိုအရ သွားပါများ ခရီးရောက်၊ မေးပါများ စကားရ၊ မအိပ်မနေအသက်ရှည် ဆိုသလို သူ ချောင်းကိုဖြတ် မြစ်ကိုကျော်၍ ခရီးဆက်လာခဲ့လေသည်။

တောအုပ်အစပ်ရောက်တွင်

လပေါ်က ဆန်ဖွပ်သည့် အဘိုးအိုကို သူမြင်တွေ့လိုက်ရသည်။ သူ့ဘေးက ယုန်ကလေးကလည်း နားရွက်ကလေးထောင်လို့ပေါ့။ ဒါနဲ့သူက အဘိုးကို မေးကြည့်သည်။

“အဘိုး မပင်ပန်းဘူးလား တစ်ချိန်လုံး ဆန်ဖွပ်နေရတာ...အခုခေတ်မှာ ဆန်ကိုစက်နဲ့ကြိတ်လို့ရနေပြီလေ..အပင်ပန်းမခံပါနဲ့လား အဘိုးရယ်”

“ဟေ...မင်းဘာသိလို့လဲကွ...ငါက အလုပ်လုပ်ချင်လွန်းလို့ ရှာကြံလုပ်နေရတာကွ...အလုပ်မလုပ်ပဲနေရင် ငါမနေတတ်တော့ဘူး...နောက်ပြီး ကလေးငယ်လေးတွေအတွက် အိပ်ယာဝင်ပုံပြင်တွေထဲမှာ ငါရှိနေချင်တယ်ကွာ...ငယ်ရွယ်နုနယ်တဲ့ ဖြူစင်တဲ့ ကလေးတွေ လသာညတိုင်း ငါ့ကို ထိုင်ပြီးငေးကြည့်နေကြတာ ငါဘဝဘာနဲ့မှမလဲနိုင်ဘူးဟေ”

ယုန်ကလေးကပါ မျက်စောင်းထိုးကြည့်လေသည်။ ဒီလူတယ်ရှုပ်ပါလားဆိုသည့်သဘော... အဲဒါနဲ့သူလည်း အဘိုးအိုနားက အသာလစ်ထွက်လာခဲ့လေသည်။

ဒီလိုနဲ့ တောအုပ်တစ်နေရာအရောက် တိရစ္ဆာန်များ အုတ်အော်သောင်းနင်းဖြစ်နေသည့်အသံများကြား၍ ဘာဖြစ်နေပါလိမ့်ဟု သူဝင်ကြည့်မိသည်။

ယုန်နဲ့လိပ် အပြေးပြိုင်နေခြင်းဖြစ်သည်။

လိပ်က သူ့ကျောခွံကြီးကိုလွယ်ကာ အိပဲ့အိပဲ့နှင့်ပြေးနေခြင်းဖြစ်သည်။ ကိုရွှေယုန်ကတော့ သစ်ပင်ရိပ်မှာ တခူးခူးနှင့် အိပ်ပျော်နေလေသည်။ သွားရည်တောင်ကျနေလိုက်သေး။ ဒါနှင့်သူ ယုန်အနားကိုကပ်၍ သွားနိုးလေသည်။

“ဟေ့...ဖိုးရွှေယုန်..ထ..ထ...ဟိုမှာ လိပ်ကပန်းတောင်ဝင်တော့မယ်ကွ”

အိပ်မှုန်စုံမွှားဖြင့် မျက်လုံးပွတ်ကြည့်သည်။ ထို့နောက် တစ်ဘက်စောင်း၍ ပြန်အိပ်သွားလေသည်။ သူလည်း စိတ်မရှည်ပဲ

ယုန်၏ ထောင်ကားနေသော နားရွက်နားကပ်၍

“ထဟ... ငပျင်းရဲ့ ဟိုမှာ နင့်ထက်အဆတစ်ရာ အပြေးနှေးတဲ့လိပ်က ပန်းဝင်တော့မဟဲ့” ဟု အားကုန်အော်လိုက်လေသည်။

ယုန်သည် အကြီးအကျယ်စိတ်ဆိုးသွားဟန်ဖြင့် သူ့ကို ဘုကြည့်ကြည့်ကာ...

“ဟေ့လူ...ကျုပ်က အနှိုင်တွေ အရှုံးတွေကို အတူတူပဲသတ်မှတ်ထားတယ်...လောကမှာ အိပ်ရေးဝဝအိပ်ပြီး လန်းလန်းဆန်းဆန်းနဲ့ မနက်ခင်းတွေကို နှုတ်ဆက်ရတာလောက် ဘာမှ တန်ဖိုးမထားဘူး။ ခင်ဗျားမအိပ်မနေအလုပ်တွေလုပ် ပိုက်ဆံတွေစု ပိုက်ဆံရှိတိုင်းလည်း ကျုပ်လို သစ်ရိပ်ဝါးရိပ်မှာ အေးအေးလူလူ အိပ်လို့မရဘူး။ နောက်ပြီး ပုံပြင်တွေထဲမှာ ကျုပ်လို အပြေးသမားက အပျင်းကြီးတယ်လို့ ခင်ဗျားတို့ လူတွေကတစ်ဘက်သတ်စွပ်စွဲထားတာ...တန်အောင်အိပ်မယ်ဗျာ...အိပ်ရေးပျက်တယ် သွား..သွား..” ယုန်ကစိတ်ဆိုးမာန်ဆိုးနဲ့ပြောတော့ သူလည်း အမြှီးလေးကုပ်ပြီး ခရီးဆက်ထွက်ခဲ့သည်။

ခရီးဆက်လာရင်း ဒေါင်းတွေဝိုင်းအုံခွပ်ခြင်းခံနေရသော ကျီးတစ်ကောင်ကိုသူတွေ့လေသည်။ သူလည်း တစ်ကောင်နှင့်အများဆိုတော့ ကျီးကိုသနားသည်နှင့် ဒေါင်းတွေအားလုံးကို ခြောက်လှန့်လွှတ်လိုက်သည်။ ဒေါင်းအမွှေးတွေကိုယ်မှာ ကျိုးတိုးကျဲတဲ မဲပြောင်ပြောင်ခန္ဓာကိုယ်အနှံ့ ဒေါင်းခွပ်ခံရသည့် ဒဏ်ရာများနှင့် အသက်မျော့မျော့သာကျန်တော့သော ကျီးကိုတွေ့ရလေသည်။

“ခင်ဗျားဗျာ....ကိုယ်နဲ့မတန်မရာဘာလို့ ဒေါင်းယောင်ဆောင်ရတာလည်းဗျ” သူက ကရုဏာသံနှင့်မေးသည်။

ကိုရွှေကျီးက “ဟာ...တိရစ္ဆာန်ခြင်းအတူတူ သူတို့က တမူးပိုရှုရတယ်လို့ဗျာ... ကျုပ်လည်း လှချင်တာပေါ့ဗျ...ကိုယ့်ကိုယ်ကို လှမလားဆိုပြီး ဒေါင်းသေတစ်ကောင်ဆီက အမွှေးတွေယူပြီး တပ်ကြည့်တာပေါ့..ကျုပ်လှတာကို သူတို့ကမနာလိုကြဘူးလေ..အဲဒါကြောင့်ဝိုင်းခွပ်ကြတာ... နင်လို အသာမည်းငမွဲက ငါ့တို့အရောင်အသွေးနဲ့တူသလား တန်သလားတဲ့... တိရစ္ဆာန်အချင်းချင်း အသားအရောင်အဆင့်အတန်းခွဲခြား အကောင်အတန်းအစား(လူတန်းစားမဟုတ်) ခွဲခြားတာ ကျုပ်မခံနိုင်ဘူး....အု...အု..အု”

ပြောရင်း ဒေါသနှင့်အတူ ကိုရွှေကျီးပါ အသက်ထွက်သွားလေသည်။ သူလည်းကိုရွှေကျီးအလောင်းကို သေသေချာချာမြှုပ်နှံပေးပြီးသည့်နောက် ပညာရှိဦးဇီးကွက်ထံသွား၍ တောကောင်အချင်းချင်း အဆင့်အတန်းခွဲခြားမှုပပျောက်ရေးအကြောင်း အဆိုတင်သွင်းခဲ့လေသည်။

သူရွှေကျီးအတွက် စိတ်ညစ်ညစ်နှင့် တောအုပ်ထဲက ရေကန်ကြီးနံဘေးမှာထိုင်နေလေသည်။ ထိုရေကန်ထဲ၌ ကြာမျိုးငါးပါးပွင့်နေသလို လိပ်ပြာကလေးများကလည်း ကြာပန်းများကြားလွင့်ဝဲနေလေသည်။ ကြာပန်းကြားမှတိုးဝှေ့ကာ ကန်ရေပေါ်မှဖြတ်တိုက်သည့်လေနုအေးလေးကို မျက်လုံးအသာလေးမှိတ်၍ အမောပြေရှုရှိုက်နေတုန်း အလွန်မွှေးပျံ့သောရနံ့တစ်ခုသူရလိုက်သည်။ သူ့မျက်စိဖွင့်ကြည့်လိုက်သည့်အခါ ပန်းပေါင်းစုံနှင့်ရက်လုပ်ထားသော အဝါရောင်ဝတ်ရုံဖြင့် နတ်သမီးတစ်ပါးအား သူရှေ့၌ူမြင်လိုက်ရလေသည်။ သူမ၏ အဖြူရောင်အတောင်ပံတစ်စုံကလည်း လှပလွန်းလှသဖြင့် မျက်စိများမှောက်မှားလေသလားဟု သူ့မျက်လုံးသူသေချာပွတ်ကြည့်မိသည်။ သူ့အမြင်အာရုံလည်းမမှားပေ။ သို့သော် သူ့တစ်သက်နှင့်တစ်ကိုယ် ထိုမျှချောမောလှပသော မိန်းကလေးအား တစ်ခါမျှမမြင်ဘူး။ အဝါရောင်ဝမ်းဆက်ဖြင့် မဟာဆန်စွာ ကျော့ရှင်းလှပလွန်းလှသည်။ သူမ၏ လက်ချောင်းလေးများမှာလည်း နှင်းဆီပန်းတို့နှင့်တူစွာ နှုးညံ့နီထွေးနေသည်။ ထို့အတူ လက်မောင်းများမှာလည်း ရွှေအိုရောင်တောက်ပနေလေသည်။ ထိုအဝါရောင်နတ်သမီးလေးက သူ့အားပြုံးပြုံးလေးစိုက်ကြည့်နေလေသည်။ သူကလည်းပြန်ပြုံးပြလိုက်လေသည်။

“ခင်ဗျား....နာ...နာမည်ဘယ်လိုခေါ်ပါသလဲ” သူ့စကားလုံးများ ထစ်အကုန်သည်။

သူမကသွားလေးပေါ်အောင်ပြုံးကာ “ကျွန်မနာမည်က Eos ပါ.. အရုဏ်ဦးရဲ့ နတ်ဘုရားမပေါ့...မနက်ခင်းဆိုရင် ကျွန်မအစ်ကို နေမင်းကြီး (Helios) ကို နှိုးပေးပြီး ကောင်းကင်ရဲ့တံခါးဝကို ကျွန်မရဲ့ ဟောဒီနှင်းဆီလက်နှစ်ဘက်နဲ့ ကိုယ်တိုင်ဖွင့်ပေးရတယ်လေ.. ”

ဗျာ...နတ်ဘုရားမ..? နှင်းဆီလက်နှစ်ဘက်? ကျွန်တော်အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်?

“မဟုတ်ပါဘူး..”

ဆိုပြီး သူမက လက်ထဲက ပန်းတစ်ပွင့်နှင့်သူ့ဆီသို့ လှမ်းပေါက်လိုက်လေသည်။ ထိုပန်းကလေးသည် သူ့ ဘယ်ဘက်ရင်အုံတည့်တည့်သို့ထိမှန်သွားကာ သူ့ နှလုံးခုန်သံများရပ်တန့်သွားလေသည်။ ထိုသို့နှင့်သူနှင့် သူမ (အဝါရောင်နတ်သမီး) တို့ သူမအစ်ကိုနေမင်းကြီးမနိုးခင် မနက်ခင်းလေပြည်ရနံ့များရှိုက်ရင်း တောအုပ်အလင်းထောင့်ချိုးများရောက်သည် အထိ အတူတူလမ်းလျှောက်ကြသည်။ သူကတော့ နတ်သမီးလေးအလစ်၌ လေရှုးနှင့်အတူ သူ့မျက်နှာပေါ်သို့တစ်ချက်တစ်ချက်ရောက်လာသော သူမ၏ ဆံကေသာများကို ခိုးနမ်းနေမိသည်။

သူမရဲ့ ပန်းပေါင်းစုံဝတ်ရုံရနံ့ကြားမှာ ယစ်မူးရင်း တစ်ခဏလေးအတွင်း ကဗျာဆန်တဲ့အလှမှာ စီးမျောပျော်ဝင်နေလေပြီ။ သူ ခရီးလည်းဆက်မထွက်ဖြစ်တော့ ထိုတောအုပ်အတွင်းမှာ နေထိုင်ရင်း မနက်ခင်းအာရုဏ်တက်ချိန်များ ကိုသာ သူစောင့်မျှော်နေလေ့ရှိသည်။ ဒီလိုနှင့် သူရယ် အဝါရောင်နတ်သမီးရယ် နံနက်ခင်းတိုင်း တောအုပ်ကြီးထဲ၌ လျှောက်သွားကြကာ နေထွက်ကာနီးအချိန်လောက်တွင် သူမက လမ်းခွဲသွားလေ့ရှိသည်။ သူမ၏စံနန်းတော်ဖြစ်သော သမုဒ္ဒရာ အစွန်းတစ်ဘက်ကိုလည်း နတ်မြင်းပျံခြောက်ကောင်ကသော ရထားလုံးဖြင့်ခေါ်သွားလေ့ရှိသည်။ ထို့အတူ ထိုရထားလုံးဖြင့်ပင် ကမ္ဘာကြီးအနှံ လျှောက်လည်ကြလေသည်။ တစ်နေ့တွင် သူတို့နှစ်ယောက်အကြောင်းကို ဇုနတ်မင်းကြီး သိသွားကာ နတ်သမီးလေးအား လူသားနှင့် ချစ်ကြိုးသွယ်မိသည့်အတွက် သူမအား အပြစ်ဒဏ်ခတ်လိုက်ကာ လူပြည့်သို့ မဆင်းရဟု အမိန့်ထုတ်လိုက်လေသည်။

ထိုနေ့မှစ၍ သူသည် မနက်ခင်းတိုင်း နတ်သမီးလေးကို စောင့်မျှော်ပါသော်လည်း နတ်သမီးလေးသူ့ထံမရောက်လာနိုင်တော့ပေ။

ရေကန်ကြီးနား၌လည်းကောင်း၊ သမုဒ္ဒရာအစပ်၌လည်းကောင်း၊ ပန်းပွင့်များကြား၌လည်းကောင်း၊ မနက်ခင်း အရုဏ်မတက်မှီ ကောင်းကင်ပေါ်သို့မော့်ကြည့်၍ လည်းကောင်း နတ်သမီးလေးရှိတတ်မည့် နေရာတိုင်း၌လိုက်ရှာသော်လည်း နတ်သမီးလေးကတော့ ပေါ်မလာတော့ပေ။

နေ့များကို နာရီများစား၍...ရက်များမှသက္ကရာဇ်များကို စားသည့်တိုင်အောင် အဝါရောင်နတ်သမီးအား သူစောင့်နေခဲ့သည်။ သို့သော် သူမ၏အရိပ်တောင်မှ သူမမြင်ရတော့ပေ။

တစ်နေ့ ကြည်လင်သည့်ကန်ရေပြင်ထဲတွင် သူ့ကိုယ်သူ ငုံ့ကြည့်မိသောအခါမှ သူ့တစ်ခေါင်းလုံးဖြူဖွေးကာ အဘိုးကြီးတစ်ယောက်ဖြစ်နေကြောင်း အံ့သြခြင်း စိတ်မကောင်းဖြစ်ခြင်းများစွာဖြင့်တွေ့လိုက်ရ့လေသည်။ အချိန်များမှာမြန်ဆန်လွန်းလှလေသည်။ သူ့၏ငယ်ဘဝကပုံပြင်များသည်လည်း အဘိုးအိုအရွယ်ရောက်နေသည့် သူ့ထံသို့ တစ်ကျော့ပြန်ရောက်မလာနိုင်တော့ကြောင်း သိရသည့်အခိုက်၌ အဘိုးအိုလည်း ကန်စပ်၌ အရုပ်ကြိုးပြတ်လဲကျသွားလေတော့သည်။

Sunday, August 19, 2007

ပင်လယ်မုဆိုး

သောင်ပြင်ဖြူလွှလွှတွေရယ်

ဒီလှိုင်းရိုက်သံ တဝုန်းဝုန်းကြား

ကြယ်တွေကြားက

လမင်းကိုလည်း ငါ မျှားဘူးတယ်.....

နောက်မှပြန်ကြည့်မိတော့

လမင်းမဟုတ်ပဲ

ငါကိုယ်တိုင်က ငါးမျှားချိတ်တန်းလန်းနဲ့.....




အရှေ့ဆီမှာရောင်နီတောင် မျက်နှာမသစ်သေးဘူး။ အကောင် ၄၀ ရာမဟာ စပိဘုတ်နှစ်စီးက ရေလွှာတွေကိုခွဲယင်း ငှက်တောင်ရှိရာကို အနောက်ယွန်းယွန်းကို ဦးတည်လို့။ ပထမလှေပေါ်မှာ လူလတ်နှစ်ယောက်၊ လူငယ်နှစ်ယောက်ရယ် ဒုတိယလှေမှာ လူငယ်သုံးယောက်၊ လူကြီးနှစ်ယောက် အားလုံးပေါင်း ၉ ယောက် ငါးမျှားတံ ၇ ချောင်းနဲ့ပေါ့။ ငှက်တောင်ရှိရာကို ချောင်းသာကမ်းခြေကနေ မနက်ရေတက်ချိန် ၁ နာရီသာသာလောက် စက်ကုန်မောင်းရတယ်။

လေကိုဆန် ရေစီးကြောင်းကိုဘေးတိုက်မောင်းတော့ လှေကလေးလည်း စက်သံခြစ်ပြီး မောင်းနေရရှာရဲ့။ တစ်ချို့လှိုင်းတစ်လုံးနဲ့တစ်လုံးအကြား လှေက ငြိမ့်ခနဲ။ ငြိမ့်ခနဲ့ နဲ့။ လှိုင်းတစ်ခုကိုခွဲလိုက်တိုင်း ဖွားကနဲ့တက်လာတဲ့ ဆားငန်ရေက ကျွန်တော်ထိုင်တဲ့အနားက လှေလက်ရမ်းကိုလာလာရိုက်လို့။ ကျွန်တော့် အနီရောင်ဂျာကင်လည်း ရွှဲရွှဲစိုလို့ပေါ့။ ဒါပေမယ့်ကျွန်တော် စိုလို့စိုမှန်းတောင်မသိပါဘူး။ မနက်ထွက်ခါစနေနဲ့အတူ လှေနားမှာ လာလာမြူးတဲ့ ငါးပျံလေးတွေကို လိုက်လိုက်ရှာရင်း ပျော်နေမိတယ်။ လှေရဲ့အမြန်နှုန်းအတိုင်း လှေဘေးကနေ ရေပေါ်ကို ရှပ်ပြီးပျံရင်း သူတို့လည်း ပျော်နေလေရဲ့။ လှေနှစ်စီးကလည်း ငါးပျံတွေနဲ့ အပြိုင်ရေပေါ်မှာ စက်ကုန်ဖွင့်ပြီးကူးနေတယ်။

မနက်ခင်းပင်လယ်လေနုအေးကလည်း တသုတ်သုတ်တိုက်လို့....

နေရောင်ခြည်နဲ့အတူ ငါးတွေလည်းအစာရှာနေပြီလေ။

ကျွန်တော်တို့လေမှာပါလာတဲ့ ပင်လယ်လမ်းပြ ချောင်းသာရွာသား ကိုလှညိုက

“အဲဒီ ငှက်တောင်ဝန်းကျင်မှာ ဒီလိုရေတက်အချိန်ဆို ငါးတွေအရမ်းမြူးတယ်။ ရေကလည်း မီတာ ၃၀ လောက်နက်တယ်။ အရောင်ကအစ အပြာရောင် တကယ့်သမုဒ္ဒရာအရောင်ကို ပြောင်းသွားတယ်။”

“ဒါဆို ရေကုးလို့အရမ်းကောင်းမှာပေါ့” လို့ကျွန်တော်ဝင်ပြောတော့...

ကိုလှညိုကပြာပြာသလဲ “မလုပ်လိုက်ပါနဲ့ ငါ့ညီရယ် အဲဒီကို ငါးအသေးဆုံး ငါးပါးနီကအစ အကြီးဆုံး ငါးမန်းဖြူ၊ ကျားငမန်း အထိလာတက်တယ်”

ငါးမန်းဆိုတဲ့အသံကြားတော့ ရေမကူးတတ်တဲ့ကျွန်တော့်သူငယ်ချင်း အောင်သူက “ငါးမန်းအုပ်သာလာလို့ကတော့ သေပြီဆရာ။ လှေတစ်စီးမှာလည်း မှိန်း ကနှစ်ချောင်းပဲပါတယ်။ အလွန်ဆုံးသတ်နိုင် ၄ ကောင်ပဲပေါ့။ နောက်ကျွန်တော်တို့က ငါးအသေးမျှားဖို့လာတာ”

အဲဒီတော့ စပိဘုတ်ရဲ့ စတီယာရင်ကိုင်ရင်း မောင်းနေတဲ့ ဦးလှစိန်က “ဟကောင်ရ ငါးမန်း ကမင်းကို ဘာလုပ်မှာမို့လဲ၊ သူတို့ရှိတဲ့ အချိန်မင်းရေထဲခုန်ချရင်တောင် ကိုက်ချင်မှကိုက်မယ်။ မင်းကိုယ်မှာ သွေးညှီနံ့ရလို့ကတော့ တွယ်မှာစိတ်ချ။ သွေးညှီနံ့မရလို့ကတော့ ဘာမှမလုပ်ဘူး။” လို့ပြောရင်း လှေကိုဆက်မောင်းနေလေရဲ့။ သူက အရင်ရေငုပ်တပ်က တပ်ကြပ်ကြီး။ ရေမှာအတွေ့အကြုံ အများကြီးရှိသူ။

ကိုလှညိုကဆက်ပြီး “ဟိုမှာ ရေကတော့တကယ်ကို ကြည်နေတာပဲ။ ကြည်လွန်းလို့ အောက်မှာကူးနေတဲ့ ငါးတွေကို အုပ်လိုက်အုပ်လိုက် အတိုင်းသားမြင်နေရတယ်။”

“အဲလိုသာဆိုမိုက်ပြီဗျာ။” အသံဝဲဝဲနဲ့ ကျွန်တော့်သူငယ်ချင်း စိုင်းစိုင်း ကဝင်ပြောတယ်။ “ကျွန်တော်လို တောင်ပေါ်သားတစ်ယောက် ဒီလို ပင်လယ်အောက်မှာ ကူးနေတဲ့ငါးတွေကို အတိုင်းသားကြည့်ရဖို့ဆိုတာ မလွယ်ဘူး”

ကျွန်တော်ကဝင်ပြီး “လွယ်ပါတယ်စိုင်းစိုင်းရာ တောင်ကြီးကခြံထဲမှာကန်တူးပြီး ဆားထည့် ပင်လယ်ငါးလေးတွေမွေးထားပေါ့ကွ။”

ကျွန်တော်ဝင်အရွှန်းဖောက်လိုက်တော့ လှေလေးပေါ်မှာ ရယ်သံတွေဆူညံသွားသည်။

တစ်နာရီလောက်ကြာတော့ ကျွန်တော်တို့ရဲ့ဦးတည်ရာ ငှက်တောင်ကိုရောက်ပါပြီ။ အနားမကပ်ခင် ခပ်ဝေးဝေးကပင် မနက်ခင်း ပင်လယ်ပြင် မြူတွေကြား ကောင်းကင်သို့ထိုးဖောက်ထွက်နေသော တောင်ငါးလုံးကိုမြင်ရသည်။ စီတန်းနေသော တောင်များကလည်း တစ်တောင်နဲ့တစ်တောင် ပုံစံတူချည်း။ သေသေချာချာ တိုင်းကာ ထုလုပ်ထားသလား အောက်မေ့ရသည်။ ထူးဆန်းသည်မှာ တောင်များမှာ ကျောက်သားချည်းဖြစ်ပြီး အပင်ဆိုလို့လည်း တောင်ထိပ်ပိုင်းတစ်ဝိုက်တွင်ပင် ကပ်၍ပေါက်နေလေသည်။ အဲဒီအပင်များကြားတွင်လည်း ငှက်သိုက်များရှိကြောင်း ဒါကြောင့်ဒီတောင်များကို ငှက်တောင်ဟုခေါ်ကြောင်းလည်း ကိုလှညိုကရှင်းပြသည်။ အမြင့်မှာ ပေ ၁၅၀ ကျွန်တော့်မျက်မှန်းအမြင်လောက်ရှိပေမည်။ ကြီးလည်းမကြီး သေးလည်းမသေးလွန်းသော ကျောက်ချွန်းများ ကောင်းကင်သို့တိုးထွက်နေသယောင်ယောင်။ ကျွန်တော်သိသည့် ငှက်သိုက်ကျွန်းများမှာ မြိတ်ကျွန်းစုနှင့် တနင်္သာရီကမ်းရိုးတန်းတောင်ဘက်ပိုင်းတွင် သာရှိမည်ထင်ရာ အခုကဲ့သို့ ရခိုင်ကမ်းရိုးတန်းအစတွင်လည်း ရှိမည်ဟုမထင်မိပေ။ ပင်လယ်မှာ အပြောကျယ်လှလေသည်။

ထို့နောက် ပင်လယ်လေကွယ်ရာ တောင်များ၏အနောက်ဘက် လေငြိမ် ရေငြိမ်ကာ ငါးများရှိရာနေရာ၌ ကျွန်တော်တို့လှေငယ်နှစ်စီး ဂီယာမထိုးပဲစက်နှိုးထားလိုက်သည်။ ကျောက်ချ၍မရ အောက်ကရေအနက်မှာ လှေပေါ်မှာပါသော Echo Sounder အရ ၃၂ မီတာလောက်ပြနေသည်။ ကိုလှညိုပြောသည့်အတိုင်းပင် ရေကလည်းကြည်လင်လို့ ရေအောက်ဘယ်နေရာကိုကြည့်ကြည့် အပြာရောင်ချည်းဖြစ်နေသည်။ အပေါ်ကကောင်းကင်အပြာရောင်နှင့် အောက်ကရေအပြာရောင် များကြားထဲတွင် ရောက်နေသည်မှာ စိတ်ကိုကြည်နူးစေလေ၏။ နေရောင်ခြည်ကရေပြာထဲသို့ ထိုးလိုက်၍ အလင်းတန်းများ ဖြာထွက်သွားပုံမှာလည်း ရှုမငြီးအောင်ပင်။

ကျွန်တော်တို့လည်း အစီအစဉ်စကြပြီ။ ကျွန်တော်တို့အားလုံး ငါးစာအတွက် အသင့်ယူလာသော ပုစွန်အစိမ်းများကို ငါးမျှားချိတ်၌တပ်သည်။ ထို့နောက် ရေပြာပြာဘက်ဆီသို့ ကိုင်းတံကိုဝဲကာ လှမ်းပစ်လိုက်သည်။ “ဝှစ်”

ကနဲ လေခွဲသံနှင့်အတူ ကျွန်တော့်ငါးမျှားတံမှာတပ်ထားသော ပုစွန်သေ ရေပြာပြာထဲသို့ ဒိုင်ဗင်ထိုးသွားလေသည်။ မသိရင် ငါးမျှားချိတ်ကပုစွန်သည်လည်း ရေကူးနေသယောင်ယောင်။

အခုအချိန်အထိတော့ ငါးအုပ်များလည်းမတွေ့ရသေး ကျွန်တော်တို့ဆက်စောင့်နေရင်းနဲ့ နေကလည်း တိမ်များပေါ်သို့ တဖြည်းဖြည်းတက်နေလေ၏ မနက် ကိုးနာရီခွဲပြီ။ ငါးတစ်ကောင်မှ မရသေး။ အချိန်ကလည်းကုန်လို့ကုန်မှန်းမသိ။ လှေလေးပေါ်ကလူများမှာလည်း အတွေးကိုယ်စီနှင့် ငြိမ်သက်လို့။ ကျွန်တော်လည်း အရှေ့ကငှက်တောင်ပေါ်မှာ ဝဲပျံနေသော အမျိုးအမည်မသိ ပင်လယ်ငှက်များကို ငေးကြည့်နေမိ၏။ ငှက်အဖေနှင့် ငှက်အမေ များက အသိုက်ထဲမှာရှိသော သူတို့၏နီတာရဲရင်သွေးလေးများအတွက် အစာများကိုချီကာခွံကျွေးနေသည့်ပုံ ကျွန်တော့်မျက်လုံးထဲ မြင်ယောင်လာသည်။

ထိုအချိန်၌ တိတ်ဆိတ်ခြင်းကိုဖြိုခွဲ၍ ဦးလှစိန်က “အေးကွာ မင်းတို့ကိုငါ့စွန့်စားခန်း အကြောင်းပြောပြရဦးမယ်” ကျွန်တော်တို့အားလုံး၏ အကြည့်များသူ့ဆီ၌ ဆုံကြလေသည်။

“ငါတပ်ထဲမှာတုန်းကပေါ့ကွာ။ တစ်နေ့တနင်္သာရီကမ်းရိုးတန်း ရေးမြို့ ဘက်မှာကင်းလှည့်နေတုန်း ငါတို့သင်္ဘောအတွက် ငါရယ် ငါ့သူငယ်ချင်းတစ်ယောက်ရယ် ရိက္ခာရှာဖို့တာဝန်ကျတယ်။ သင်္ဘောပေါ်မှာကွာ ရေခဲစိမ်လာတဲ့ အသားတွေဟင်းသီး ဟင်းရွက်တွေချည်းပဲစားနေရတော့ ငါတို့တစ်ခါတစ်လေကျရင် လည်းကုန်းပေါ်ကလူတွေလို အသားငါး လတ်လတ်ဆတ်ဆတ် စားချင်ကြတာပေါ့။ အဲဒီတော့ သင်္ဘောပေါ်ကနေ ရာဘာဒင်ဂီ (လှေအသေးစား)လေးချ ပြီး ငါးရှိတဲ့ကျောက်ဆောင်တွေနားသွားပြီးတော့ ငါးမိုင်းခွဲ ပြီးဖမ်းတယ်။ ရလာတဲ့ငါး သင်္ဘောပေါ်မှာလည်းစား။ ပိုရင်လည်း အချိုးချပြန်ခွဲပေးနဲ့ပေါ့။ ဒီလိုနဲ့ ငါတို့နှစ်ယောက် ငါးကို ဒိုင်းနမိုက်နဲ့ခွဲတယ်။ ဒိုင်းနမိုက်ဆိုတာ နို့ဆီခွက်လွတ်ထဲမှာ ယမ်းမှုန့်သိပ်ထည့် ပြီးတော့ စနက်တံအလောတော်တပ် ပြီးတော့မှ ငါးအုပ်ထဲကို ပစ်ထည့်။ ပြီးတော့မှ ငါးအသေလိုက်ကောက် အဲဒီလိုဖမ်းတာ။ အခန့်မသင့်လို့ စနက်တံလက်ထဲမှာပေါက်ပြီး လက်ပြတ်တဲ့လူတွေလည်းရှိတယ်။ အဲဒီတော့ သတိထားရတာပေါ့ကွာ။ ငါတို့အဖြစ်က ငါးမိုင်းလည်းခွဲပြီး တအောင့်နေ ငါးလိုက်ကောက်မှ ပြဿနာတက်တော့တာပဲ”

“ဘယ်လိုပြဿနာလဲဗျ” ဒီစကားဝိုင်းမှာ အတက်ကြွဆုံးနားထောင်သူ စိုင်းစိုင်းက မေးတော့...

ဦးလှစိန်က “ဒီလိုကွ ငါတို့မိုင်းကြောင့် သေနေတဲ့ ငါးပါးနီတွေ ငါးကြက်တူ တွေအများကြီး။့ ငါတို့လည်းရေအောက်အထိဆင်း ပြီ်းတစ်ကောင်ပြီးတစ်ကောင် ရေငုပ်ပြီးလိုက်ကောက်နေတုန်း ငါရှေ့တည့်တည့်မှာ စပါးအုံးကြီးတစ်ကောင်ကွာ လုံးပတ်က ဝါးပိုးဝါးအကြီးစားလောက်ရှိတယ်။ အရှည်ကလည်း ဆယ်ပေကျော်တာပေါ့။ အဲကောင်ကြီးက ငါ့ကိုပါးစပ်ကြီးဟပြီး ကြည့်နေတာကွ။ သူကလည်း ငါးအသေတွေကိုလာစားတာ။ ငါလည်းဘာလုပ်ရမလဲမသိဘူး။ ပထမတော့ သတိလက်လွတ်ဖြစ်ပြီး အသက်ရှုပါရပ်သွားတယ်။ နောက်ကျမှ သတိဝင်တော့ လက်ထဲမှာလည်း ဓားမြှောင်တစ်ချောင်းပဲပါတယ်။ ငါလည်းအသင့်အနေအထားပေါ့... ဒီကောင်ကြီးကို ရင်ဆိုင်ဖို့။ ငါ့ကို စိုက်ကြည့်နေတယ်ကွ နောက်ပြီးကျတော့မှ ဘာစိတ်ကူးရတယ်မသိဘူး ဟိုဘက်လှည့်ပြီး ထွက်သွားတယ်ကွ။ သူ့ကို ရန်မမူလို့လည်းပါမှာပေါ့ ငါ့ကို ဘာမှမလုပ်ဘူး။ အဖြစ်အပျက်က မိနစ်ဝက်လောက်ပဲရှိမယ်။ ဒါပေ့မယ့် ငါ့အတွက်ကတော့ တစ်ကမ္ဘာလောက်ကြာတယ် ထင်ရတာ။ တော်သေးတာပေါ့ကွာ ငါလည်းစိတ်ထဲမှာ ရှိသမျှဘုရားတွေတ တာ ဗမာပြည်ကတန်ခိုးကြီးဘုရားတွေလည်း ကုန်ရော”

“ဟား ဟား ဟား...” ထိုအခါကြမှပဲ အားလုံးပေါ့ပေါ့ပါးပါး ဖြစ်သွားပါသည်။ ဒီလိုပါပဲ ဘဝမှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေလည်း ပြန်ပြောတဲ့အခါမှာ ထူးဆန်းစွာ ရီစရာကောင်းနေတတ်သည်။

“ဒါနဲ့ ငမန်းနဲ့ရောတွေ့ဘူးလား ဦး” ကျွန်တော့်သူငယ်ချင်း အောင်သူကဝင်မေးသည်။

“တွေ့ဘူးတယ်ကွ။ ကျားငမန်းအုပ်နဲ့ ၁၀ ကောင်လောက်ရှိမယ်။ ငါတို့က သင်္ဘောပေါ်မှာ ဒီကောင်တွေကရေထဲမှာ။ ငါတို့ဘယ်လိုဖမ်းလည်း သိလား။” ဦးလှစိန်ကပြန်ဖြေသည်။

“ဘယ်လိုဖမ်းလဲဗျ။ မှိန်းနဲ့လား” ကျွန်တော်ဝင်မေးကြည့်သည်။

“မဟုတ်ဘူးကွ၊ တစ်ကောင်လောက်ကို ဂျီ (၃) နဲ့ ပစ်လိုက်တယ်။ အဲဒီအချိန်ကျရင် သွေးညှီနံ့ရတော့ အဲဒီအကောင်ကို ကျန်တဲ့အကောင်တွေက ဝိုင်းခဲ။ သူတို့အချင်းချင်းကိုက်ကုန်ကြရောကွာ။ ပြီးတော့မှ ငါးမန်းအသေတွေကို ငါတို့လိုက်ကောက်တာပေါ့။ ကျားငမန်းတွေက အဲဒီအတိုင်းပဲကွ အရမ်းကြမ်းတယ်.... သွေးညှီနံ့ရလို့ကတော့ အချင်းချင်းလည်းချမ်းသာမပေးဘူး ”

“ကျားငမန်းမှ မဟုတ်ပါဘူးဗျာ။ လူတွေကြတော့ရော။ ငွေညှီနံ့ ရတာနဲ့.....” ကျွန်တော့်စိတ်ထဲမှာ ရေရွတ်နေမိသည်။

အဲဒီအချိန်မှာ နောက်လှေတစ်စီးမှ လှမ်းအော်၍ပြောသည်။

“ကဲ ဘယ်နှစ်ကောင်ရကြပြီလဲ ဟေ့” ကျွန်တော်တို့အားလုံး လက်ခါ ခေါင်းခါပြကြသည်။

ထိုအချိန်တွင်ပဲ ကျွန်တော့်လက်ထဲက ငါးမျှားချိတ်တွင် ရေအောက်က အရာဝတ္ထုတစ်ခုက ဖြေးဖြေးလေး လာဆွဲသလို ခံစားရသည်။
ကျွန်တော် အားရဝမ်းသာ ထအော်လိုက်သည်။ “ဆွဲပြီဗျို့.....” လှေလေးပေါ်၌ အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ပထမဦးဆုံး တွတ်ခြင်းဆိုတော့ အားလုံးက မိစေချင်ကြသည်။ “မလောနဲ့ ဖြေးဖြေး” “ငါးမျှားကြိုးကို အလိုက်သင့်လျှော့ပေး” ကျွန်တော့်ကို အားလုံးကဝိုင်းပြောကြသည်။

ကျွန်တော့်လက်ထဲက ငါးမျှားတံပြန်ပေါ့သွားသည်။ မဆွဲနဲ့ ဦး။ စိတ်ထဲတွင် ရေရွတ်နေမိသည်။ ဤ အချိန်တွင်လောကြီး၍မဖြစ်။ ငါးများကလည်း လည်သည်။ မိပြီထင်၍ ဆွဲလိုက်ကာမှ လွတ်သွားတတ်သည်။

ငါးစက္ကန့်လောက်ငြိမ်ပြီးတော့ ဆွဲအားကကြမ်းလာသည်။ ရေအောက်ကငါးသည်လည်း ပုစွန်အစာကို ဆောင့်ဆွဲကာ ကူးပြေးလေတော့သည်။ ကျွန်တော်လည်း ကြိုးကိုအလိုက်သင့် လျှော့ပေးလိုက် တင်းပေးလိုက်နှင့် ငါးနှင့်ကစားလိုက်သည်။ ချိတ်တွင်သေချာမိပြီဆိုမှ ကြိုးကိုတရစ်ချင်းစီရစ်၍ တင်လိုက်သည်။ ကျွန်တော့်လှုပ်ရှားမှုတွေလည်း တက်ကြွနေလေသည်။ ငါးလည်း ရေထဲမှပေါ်လာပါပြီ။ လူကြီး လက်တစ်ဝါးကျော်ကျော်လောက်ရှိသော ငါးပါးနီလေးတစ်ကောင်။ အားလုံးက ပထမဦးဆုံးရသည့်ငါးဆိုတော့ အထူးအဆန်းအနေနှင့် ဝိုင်းကြည့်ကြသည်။ ကျွန်တော် ပင်လယ်၌ ပထမဆုံးရဘူးသော ငါးလည်းဖြစ်သည်။ ထို့နောက် ဆက်မျှားကြရာ တစ်ယောက်ကို ငါး နှစ်ကောင်လောက်ရသည့်နောက် ကျွန်တော်တို့ရပ်လိုက်ကြသည်။

ထိုငှက်တောင်မှနေ၍ ကျွန်တော်တို့လှေနှစ်စီး ငွေဆောင်ဘက်သို့ ၁၅ မိနစ်ခန့်မောင်းသောအခါ ကျွန်းတစ်ကျွန်းဆီ သို့ရောက်သွားသည်။ ကျောက်တောင်များပေါ်မှ ထုံးဖြူဖြူစေတီလေးတစ်ဆူ၊ မြန်မာတို့၏ ကြည်နှုးဖွယ်ရာဓလေ့က လူသူမရှိသည့် ကျွန်းပေါ်မှာလည်းတွေ့ရလေသည်။ ကျွန်တော်တို့လှေကို ကျွန်း၏ ကျောက်ဆောင်များနည်းရာနေရာမှ ကျွန်းသို့ကပ်၍ ကျောက်ချထားခဲ့သည်။ ကျွန်တော်တို့လူစုလည်း ကျွန်းပေါ်သို့တက်၍ ဟိုဟိုဒီဒီ စပ်စုကြသည်။

တံငါတဲလေးတစ်တဲ တွေ့လေ၏။ တဲလေး၏ ဘေးဝန်းကျင်သောင်ပြင်ပေါ်တွင် ငါးရိုးများ၊ သံပခြုပ်ခွံများက ပြန့်ကြဲနေသည်။ ခနော်နီ ခနော်နဲ့ တဲလေးအတွင်း၌ တံငါသည် နှစ်ယောက်စကားပြောနေသည်။ သူတို့၏ ဆံပင်များက နေလောင်ဖန်များကာ နီကြောင်၍ ဖွာလန်ကြဲနေလေသည်။ အသားများမှာလည်း ဆားငံလေ၊ ရေနှင့် နေဒဏ်ကြောင့် မည်းသည့်အပြင် ပြာနှမ်းနေလေသည်။ သူတို့ဝတ်ထားသည်မှာလည်း ဒဏ်ရာဗရဗွ အင်္ကျီနှင့် ပုဆိုးနွမ်း။ ခြုံကြည့်လိုက်ရင် ချို့တဲ့လှ၏။ သို့သော် သူတို့၏ မျက်နှာများမှာ မြို့သားတို့၏ ပူလောင်မှုဒဏ်မရှိ။ အပြောအဆိုကလည်း ဟန်လုပ်ခြင်းမရှိ။ အရှိကို အရှိအတိုင်း။ ရှင်းရှင်းနှင့် ဘွင်းဘွင်း။ ဤလူမရှိသည့် ကျွန်းပေါ်တွင် မီးမလာလို့လည်း စိတ်ညစ်စရာမရှိ။ ဇိမ်ခံပစ္စည်းဆိုလို့လည်း နတ္ထိ။ ဗိုက်ဆာလို့လည်း ဝယ်စားစရာ ဆိုင်မရှိ။ အပျင်းပြေ ကာရာအိုကေလည်းမရှိ။ သို့သော်

သူတို့လက်ထဲ၌ ပင်လယ်ကြီးတစ်ခုလုံးရှိလေသည်။ သူတို့အလိုရှိတိုင်း ဝမ်းစာအတွက် ကြိုက်သလောက်ဖမ်းယူနိုင်သည်။ တစ်ခုတော့ရှိသည် ကိုယ့်အားကိုယ်ကိုးကာ ကိုယ့်ငါးကိုယ်ဖမ်းရမည်။ သဘာဝကိုအံတုနိုင်ဖို့ ကျောက်ဆောင်လိုစိတ်ဓာတ်လိုသည်။

သူတို့နှင့်ယှဉ်တော့မှ ကိုယ့်ဘဝကိုယ်ပြန်စဉ်းစားမိသည်။

ပုစွန်စာတွေနောက်ကိုလိုက်ရင်း လိုက်ရင်း....

ငွေညှီနံ့ များနဲ့ကိုက်ရင်း....

ကျွန်တော့်ကိုယ်ထဲက ရွှေဝါရောင်အကြေးခွံတွေထွက်လာသည်။

နားရွက်နောက်မှာ ပါးဟတ်လည်းထွက်လာသည်။

ခြေထောက်အစား ရေယက်ထွက်လာသည်။

ကျောကလည်း ဆူးတောင်များနှင့်

ကျွန်တော်သူငယ်ချင်းများကို လှည့်ကြည့်၍နှုတ်ဆက်လိုက်သည်။

မထူးတော့.......

ကျွန်တော်သည်လည်း အမျှားခံရသော ပင်လယ်မုဆိုးတစ်ယောက် ဖြစ်ကြောင်းကိုတော့

ဘယ်သူမှမသိခင်

ပင်လယ်ပြာထဲသို့ ဒိုင်ဗင်ထိုးချလိုက်ကာ

ဟိုးအရှေ့မှာမြင်နေရသော ငါးမျှားချိတ်က ပုစွန်ကိုသာ မရရအောင်လိုက်ဟပ်တော့မည့် အကြောင်း.....။

Saturday, June 30, 2007

အလွတ်ရသောပုံပြင်တစ်ပုဒ်

ဒီပုံပြင်က ဆရာအောင်သင်းရဲ့ စာအုပ်ထဲမှာ ဖတ်ဖူးတာပါ....
အရမ်းကြိုက်လို့ ကျွန်တော်အလွတ်ရပြီး သူငယ်ချင်းတွေကိုလည်း ဖောက်သည်ချဘူးပါတယ်... ဒီမှာလည်းပြန်ပြောပါရစေဗျာ....

ဟိုးရှေးရှေးတုန်းက ကန်စပ်တစ်ခုမှာ နွားကျောင်းသားလေးတစ်ယောက်က အေးအေးလူလူ ငါးထိုင်မျှားနေသတဲ့...
ဒီလိုပဲနွာကျောင်းသာလေးကလည်း ကောင်းကင်ကြီးကို ရုတ်တရက်မော့ကြည့်လိုက်သတဲ့... အဲဒီမှာ သူကလေယာဉ်ပျံတစ်စင်းကိုတွေ့သွားတယ်.... ပြီးတော့သူစဉ်းစားတယ်...ငါနွားကျောင်းမယ့်အစား ကြီးလာရင်လေယာဉ်မောင်းတဲ့ ပိုင်းလော့ခ် ကြီးဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲ လို့စဉ်းစားလေတယ်...
နောက်ပြီး နွားကျောင်းသားလေး ရဲ့ဇွဲနဲ့ ကြိုးစားအားထုတ်မှုကြောင့် အသက်ကြီးလာတော့ ခရီးသည်တင်လေယာဉ်မောင်းတဲ့ ပိုင်းလောခ်ကြီးတစ်ယောက်ဖြစ်သွားလေတယ်... တစ်နေ့သူ့တာဝန်အတိုင်း လေယာဉ်မောင်းနေတုန်း လယ်ကန်စပ်တစ်ခုက ဖြတ်သွားသတဲ့... အဲဒီမှာ အေးအေးလူလူ ငါးထိုင်မျှားနေတဲ့ နွားကျောင်းသားလေးတစ်ယောက်ကို တွေ့သွားလေတယ်... သူ့ငယ်ဘဝကိုသတိရပြီး အင်း...ငါလည်းအဲဒီကောင်လေးလို လယ်ကန်သင်းရိုးတစ်လျှောက် အေးအေးလူလူ ငါးထိုင်မျှားရရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ တွေးမိသတဲ့.....

ဒီပုံပြင်လိုပါပဲ....ကျွန်တော်တို့လူသားတွေက ချင်ခြင်းတွေများစွာနဲ့ ကိုယ်ရှိတဲ့ဘဝအစား တစ်ခြားဘဝအတွေ့အကြုံ တစ်ခုကို ကူးပြောင်းဖို့ကြိုးစားရင်း လိုက်ရင်းပြေးရင်း လိုက်ရင်းပြေးရင်း နောက်ဆုံး ငယ်ဘဝကို ပြန်ပြီး တောင့်တပြီး သံသရာလည်တတ်ကြစမြဲပါပဲ....

Monday, February 12, 2007

ကိုစက် (၃)



အခုမှပဲ အလုပ်ကအိမ်ပြန်ရောက်သည်။ လက်ကစက်နာရီကို ကြည့်တော့ ကိုးနာရီ ခွဲ။ အား…လား…လား… စက်ဘဝရဲ့ မသေခင်အချိန်တွေကို စက်ပိုက်ဆံနဲ့လဲ။ ရလာတဲ့ မစွတ်မပွတ် စက်ဆံ နဲ့ စက်ပစ္စည်း တိုလီမုတ်တ စက်နည်းပညာ အသစ်ထွက်သမျှ လိုချင်။ ဒီလိုနဲ့ သမင်မွေးရင်းကျားစားရင်း ကြားက အထက်စက်သူဌေး နဲ့ စက်အထက်လူကြီးကိုလုပ်ကျွေး၊ စက်နိုင်ငံတော်ကို အခွန်ဆောင်၊ စက်ဖုန်းဘေလ်၊ ဟိုဟာဒီဟာ ဘာညာသာဓကာ ကိုဆောင်။ လလည်းကုန် အားလုံးလည်းပေါင်းရော ကိုစက်တက်တက်ပြောင်ပါလေရော။ ဒါတောင်စက်ရွှေရည်ဖိုးနဲ့ စက်ဖွာတော် အတွက်မနည်း စက်ဆံချန်ထားရတာ။ နို့မဟုတ်ရင် စက်ရုပ်အရမ်းပီသတဲ့ ကိုစက်ဖြစ်မှာဆိုးလို့။
စက်သူဌေးတွေကိုတော့ ခင်ဗျားတို့ကျတော့ကျိကျိတက် ကျုပ်ကျတော့ဘာလို့ ပြုတ်ပြုတ်ပြုန်းနေတာလည်း လို့သွားမမေးနဲ့။ ခင်ဗျားကို ဦးနှောက်မှမရှိတာကိုး ဆိုပြောလိမ့်မယ်။ ဘာ…ချမ်းသာဖို့နည်းလား…ဘယ်စက်သူဌေးမှသွားမမေးနဲ့ တက်ကျမ်းထဲကဟာတွေအလွတ်ရွတ်ပြလိမ့်မယ်။ သူတို့ဘယ်လောက်ခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်းခဲ့ရကြောင်း၊ ဘယ်လိုကြိုးစားခဲ့ကြောင်း စတာတွေပေါ့ဗျာ…ဟုတ်တာရောမဟုတ်တာရော ရွှီးလိမ့်မယ်။ ကိုစက်လည်း တက်ကျမ်းဖတ်တာ စာအုပ်ဖိုးကုန်တာပဲ အဖတ်တင်တယ်ဗျို့။ ရေးထားတာတော့ အပီ။ ခက်တာက လက်တွေ့ စက်ဘဝနဲ့ အရမ်းကွာခြားနေတယ်ဗျ။ အဓိက ကတော့ ကျကျမ်းကိုဖတ်ဗျို့။ လဲကျတိုင်း ပြန်ထဖို့ပေါ့။ အဲ…ကိုယ်ကျလို့ကျမှန်းတော့ သိဖို့လိုလိမ်မယ်ဗျ။ ဒါကတော့ ကိုစက်ရဲ့ ဗရွတ်ရွှတ်တ အိုင်ဒီယာနော်။ ကိုစက်က အဆင်းကိုလည်း အမြင်ကတ်ရင် ဘီးတပ်ပေးတပ်တယ်။ ကဲထားပါတော့…

ဒါနဲ့ အိမ်ထဲဝင်ဝင်ချင်း စက်အဝေးထိန်းခလုတ်ကို လှမ်းယူလိုက်သည်။ ထိုခလုတ်ကလည်း ပေါ့သေးသေးတော့မဟုတ်၊ တစ်ခုတည်းပေမယ့် အိမ်ရဲ့မီးအလင်းအမှောင်၊ လေအေးစက်အတိုးအလျော့၊ သုံးဖက်မြင်တီဗွီအဖွင့်အပိတ်၊ သီချင်းသံအတိုးအလျော့ အကုန်ကလိလို့ရသည်။ သြော်....စက်ရုပ်စက်ခလုတ်တွေရဲ့ တန်ခိုးပေကိုး။ ထူးတော့ထူးဆန်းတယ်ဗျ။ ဒီဘက် စက်ခေတ်ကလူတွေ စက်သီချင်းတောင်နားမထောင်တော့ ဘူးဆိုပဲ။ အလုပ်ပဲရှုပ်လို့လား။ နားထောင်ဖို့ အချိန်ပဲ မပေးနိုင်လို့လားမသိ။ ကိုစက်ကတော့ စက်သီချင်းဆို လာထား။ စက်အိုးစည်သီချင်းကစလို့ နောက်ဆုံးပေါ် စက်ရော့ခ် ရော၊ စက်ဟစ်ဟောပ့် အလွတ်ရွတ်ပြမယ်။ ကိုစက်ရဲ့ စက်ဦးနှောက်က တလွဲဆံပင်ကောင်း။ စက်ကျောင်းစာတို့၊ စက်အလုပ် အတွက်တို့ဆို မေ့ချင်မေ့မယ်။ စက်သီချင်းဆိုရင်တော့ စက်သီချင်းကြီးကစလို့၊ စက်မော်ဒန်သီချင်းအထိ အလွတ်ရသည်။ စက်ကျောင်းသားဘဝတုန်းကလည်း အတန်းထဲ ခုံခေါက်၊ စက်ဘော်ဒါတွေနဲ့ စက်သီချင်းအော်ဆိုလို့ စက်ဆရာမက လည်းအားကျမခံ ခေါင်းကို သံပေတံနဲ့ခေါက် စက်ဘုသီးလုံးတောင်အခုထိမပျောက်ချင်သေး။ စက်ကျောင်းတုန်းက ဘော်ဒါတစ်ချို့တောင် စက်ဇီးသီးတွေထုတ် စက်မလေးတွေရဲ့ အသည်းကျော်တောင်ဖြစ်နေပါပေါ့လား။ ကိုစက်မှာတော့ ဆိုရရင်တော်ပါပြီ ဖိုးဆိုချင်ဆိုတာတောင် ဇီးသီးထုတ်ဖို့နေနေသာသာ ဇီးပြားဖိုးပါမနည်းရှာနေရပါလား။
အူး….ဟူး….ဟူး……

ကဲလေမထူးပါဘူး ကိုယ့်ဘာသာကိုပဲဟစ်ဖို့ စက်ကာရာအိုကေဖွင့် စက်မိုက်ကရိုဖုန်းကိုကိုင် စက်စပီကာကို တစ်ဆုံးကျယ် ကိုယ့်အခန်းထဲကို စိတ်ရှိလက်ရှိ တစ်မုန်းအော်ပစ်လိုက်တာပေါ့။ ဘာရမလဲ။ စက်ရုပ်ခွေးကလေး ဘော်နီကတော့အားပေးတယ် ဗျို့။ သူ့သခင် ကိုစက်အသံကြားတာနဲ့ ဘယ်ချောင်သွား ပြီးအသံမကြားရအောင်ပုန်းနေ ပြီလည်းမသိဘူး။ ဒါနဲ့ ဟစ်ကောင်းကောင်းနဲ့ဟစ်လိုက်တာ ဘယ်လောက်ကြာတယ်မသိဘူး။ အခန်းတံခါးကို အပြင်ကလက်ပစ်ဗုံးနဲ့ ထုသလို တစ်ဒုံးဒုံး သံမြည်တော့မှ သိတယ်ဗျို့။ တံခါးပေါက်ကနေလည်း ချောင်းကြည့်ရော စက်ယူနီဖောင်းတွေနဲ့ စက်ရဲကိုကိုတွေရော စက်ရဲမမတွေရော ကျောက်ခဲနဲ့ထုရင်တောင် ကျောက်ခဲကွဲမယ့် မျက်နှာတွေနဲ့။ ဘေးအိမ် တစ်အိမ်အိမ်ကတော့ အမှုတွဲလိုက်ပြန်ပြီနဲ့တူတယ်ဗျို့။ မထူးပါဘူးလေ။ လာမယ့်ဘေးပြေးတွေ့ ရတာပ။
တံခါးလေးဖွင့်လိုက်တာနဲ့

“မင်းဘာကောင်လဲ… မှတ်ပုံတင်ပြ… ဒီအချိန်တစ်ခြားစက်တွေ အနားယူချိန်ဆိုတာမသိဘူးလား…
ကဲကွာလာ..စခန်းရောက်မှရှင်း” စက်ရဲကိုကို ကသူမွေးထားတဲ့သားကျနေတာပဲဗျာ… အော်နေ ဟစ်နေတာ…
အသက်က ယှဉ်ကြည့်ရင်တောင် ကိုစက် ကောင်းကောင်းလမ်းလျှောက်တတ်တဲ့အချိန် သူက ချီးလူးသေးလူး အရွယ်လောက်ရှိဦးမယ်။ ဒါပေမယ့် ကိုကမှားနေတာဆိုတော့ မျက်နှာချိုလေးသွေးပြီး (မှတ်ချက်။ ။ မျက်နှာဘယ်လို ချိုအောင် သွေးရလဲ ကိုစက်မသိပါ၊ တစ်ခါမလည်းမသွေးဘူး) မျက်နှာပေးပြောင်းပြီးမှ…
“မသိလို့ ပါအစ်ကိုရယ်… ကျွန်တော်အလုပ်ကပြန်ရောက်ရောက်ချင်း စိတ်အပန်းပြေအောင် စက်ကာရာအိုကေသီချင်းလေးဆိုနေတာပါဗျာ… ဘယ်အိမ်ကများအလိုက်ကန်းဆိုးမသိ…တိုင်လိုက်လည်းမသိပါဘူး”
အဲလိုပြောပြောချင်း “ဘာအလိုက်ကန်းဆိုးမသိလည်းကွ မင်းကိုတိုင်တာ တစ်အိမ်တည်းတောင်မဟုတ်ဘူး။ အိမ်နီးနားချင်းတွေအကုန်လုံးနီးပါးပဲ။ သီချင်းဆိုချင်လည်း စက်ကာရာအိုကေသွားဆိုပေါ့ကွ။ အခုဟာက မင်းကြီးတော်ပိုင်တဲ့တိုက်မဟုတ်ဘူး။” စက်ရဲကိုကို ကလည်း သည်းမခံပါဘူးဗျာ….
ကိုစက်ကလည်းတောင်းတောင်းပန်ပန်နဲ့ “ဟုတ်ပါပြီအစ်ကိုရယ် ဆောရီးပါ။ ဒီတိုက်ကျွန်တော့် ကြီးတော်ပိုင်ရင်လည်းရောင်းစားပြီး အခွေထုတ်လိုက်ပါပြီ။ သွေးပူချီနော် လို့” မျက်နှာကို ဆီးရွက်လောက် (အလွန်သေးငယ်သည့် ပမာဏ လောက်) ထားပြီးပြောမှ သကောင့်သားက နောက်လိုက်နောက်ပါတွေနဲ့ ကြွမြန်းတော်မူလေတယ်ဗျား… ဒါတောင်ကောင်းကောင်းမသွားဘူး။ စက်မှတ်ပုံတင်နံပါတ်နဲ့ ဖုန်းနံပါတ်မှတ်သွားသေးတယ်ဗျ။ နောက်တစ်ခါဆိုလည်း စက်စခန်းမှာ ကော်ဖီလိုက်သောက်လို့မှာသွားသေးတယ်။ မလိုက်ပေါင်ဗျာ… ဖွာတော်လေးဘာလေးပါမှ စဉ်းစားရင်စဉ်းစားမယ်။
အောင်မငှီး….ဟီး…ဟီး…

ဘယ်နေရာသွားသွား ဘာကိုလုပ်လုပ် အမှုတွဲတွေနဲ့ကို မလွတ်ပါလားဗျာ။ အခုမှဗိုက်ကလည်းဆန္ဒပြလာပြီဗျို့။ ဗိုက်လည်းဆာမှန်းအခုမှသတိရတယ်။ မထူးပါဘူးလေ ပေါင်မုန့်ကို ထောပတ်သုတ်။ ရေနွေးကြမ်းနဲ့မျောချလိုက်တော့မယ်။ ဖြစ်ချင်ရာဖြစ်။ ပေါင်မုန့်လေးချပ်လောက်ကုန်မှပဲ နေသာထိုင်သာရှိသွားတော့တယ်။ ပြီးမှရေချိုးမယ်လုပ်တုန်း ကရင်…ကရင်…ကရင်..(မှတ်ချက်။ ။ဖုန်းသံမြည်ခြင်း) အာ..ဘယ်သူ့ဆီကပါလိမ့်။ သြော်..ခင်သီတာစက်
“ဟဲရို…”
“ဟင်…သေနာ…တစ်နေကုန် ငါ့ကို ပစ်ထားပြီးနင်ကဘယ် စက်ရွလပိုးမနဲ့ နေကျိုးတဲ့အထိ သဝေထိုးပြီး နန့်ကြောထနေလည်းပြောစမ်း…ငါ့ကို စက်ပလာဇာသွား ဖို့လာခေါ်ပါဆိုတာဖုန်းလေးဆက်ဖေါ်တောင်မရဘူး….ငါ့ကိုဒီလောက်တောင်ဂရုစိုက်တာ… နင်နဲ့ငါပြတ်ပြီ…ငါ့ကို ဂရုစိုက်တဲ့ စက်သူဌေးကိုပဲချစ်တော့မယ်”
“ဟာ..ခင် ထင်သလိုမဟုတ်သေး…အလုပ်…အုပ်..အုပ်..” ပြောလို့မှမဆုံးသေး….တစ်ဘက်ကဖုန်းချသံ တူ…တူ…တူ ဆိုသည့်အသံလေးပဲ ကြားရသည်။ ပြန်ခေါ်တော့လည်းမကိုင်…အဲဒီလိုပဲဗျ..စက်မိန်းမတွေက ရမယ်ရှာချင်ရာရှာ….သူတို့ထင်ချင်တာထင်…ပြီးရင်ကောက်ချင်တာကောက်…ပြီးတော့ပြန်မချော့တော့လည်း အာရုံစားသေးသည်။ ရှုပ်နေတာပါပဲ…ပြတ်ဆိုတော့လည်းပြတ်ပေါ့…ဝမ်းသာလိုက်တာ အခုမှပဲ ဒုက္ခရောက်သက်သာတာပေါ့။ ဖုန်းချချပြီးချင်း..ရေနွေးနဲ့ နာရီဝက်နီးပါး ရေနွေးနဲ့ ရေးချိုးလိုက်သည်။ စက်ကိုယ်ထဲရေဝင်ပြီး ရှောခ့်မရိုက်ယုံတမယ် ကိုချိုးလိုက်သည်။ အား..အခုမှ တစ်နေကုန် ညောင်းညာနေတာသက်သာသွားတော့တယ်။ စက်နာရီလည်းကြည့်လိုက်ရော အား…ပါး…ရှား…. ည ၁ နာရီထိုးနေပြီဗျို့။ မဖြစ်သေးပါဘူးလေ။ နောက်နေ့အလုပ်နောက်ကျရင် ရှိစုမဲ့စု စက်ဆံလေး ဒဏ်တပ်ခံထိမှာ။ ဒါနဲ့ စက်နာရီကို သံပတ်ပေး၊ ဘဲဥ ပုတ်နံ့လို အနံ့ကိုတော့ ဖြစ်သလိုစုလိုက်သည်။ (မှတ်ချက်။ ။စက်နာရီအကြောင်းမသိတဲ့လူများ ကိုစက် ၁ တွင်ရှု့) ပြီး စက်စပီကာတွင် စက်ဂီတာ ကလပ်စီကယ် တီးလုံးလေးဖွင့်ပြီး ကိုစက်ယူလေတော့သည်။ ခေါင်းအုံးနဲ့ခေါင်းနဲ့တောင်မထိရသေး ကိုစက်မှာ စက်ရုပ်ဘဝ၊ စက်မြို့တော်သားဘဝ၊ ခင်သီတာစက် စတဲ့ စက်ပါတာတွေအကုန်မေ့ပြီး “အပူအပင်ကင်းတဲ့ ကလေးဘဝလို ပျော်စရာကောင်းသော၊ သဘာဝတရားကို ချစ်ခွင့်ရသော၊ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလိုစာနာစိတ်နဲ့ကူညီလေးစား နှစ်လိုဖွယ်ကောင်းသော၊ မရှိအတူ၊ ရှိအတူ၊ လူသားဆန်သော သာယာကြည်နူးဖွယ် ဘဝ” အကြောင်းကို အိပ်မက် မက်ပါလေတော့သတည်း။

ကိုစက်နဲ့ ၂၄နာရီစာ အလွဲများ ဤတွင် တစ်ခန်းရပ်၏။ ။

Sunday, January 14, 2007

လုံ့လလည်းထူ၊ မိုးလည်းကူ၊ နောက်ချေးလည်းချ၊ ငါလည်းမ



ဟိုးရှေးရှေးတုန်းက လယ်သမားကြီးတစ်ယောက်ရှိတယ်တဲ့။ သူကမိုးကြိုးပစ်လယ်သမား။ မိုးကြိုးအပစ်ခံရလို့တော့ မဟုတ်ဘူး။ လယ်သမားသာဆိုတယ် တစ်ချိန်လုံး တစ်နေ့ခင်းလုံး လယ်စပ်က သစ်ပင်နားမှာအိပ်, အိပ်နေလို့ သူ့ကို မိုးကြိုးပစ်စေ့လယ်သမား လို့တစ်ခြားရွာသားတွေက နောက်ကျတာ။ သူကတော့ဂရုမစိုက်။ အေးအေးလူလူ အိပ်မြဲအိပ်လျက်။ ဒါပေမယ့်သူက ဆုတောင်းတာတော့ဝါသနာပါတယ်။ အလုပ်သာမလုပ်ချင်တာ သစ်ပင်အောက်မှာအိပ်ကာနီးတိုင်း သစ်ပင်စောင့်ရုက္ခစိုး နား Heat တက်လောက်အောင်ကို ဆုတောင်းတာ ။ တစ်နေ့လည်းထုံးစံအတိုင်းပေါ့ နေ့လည်ခင်းနေကပူပူ သစ်ပင်ရိပ်ကလည်းကောင်းဆိုတော့ လယ်သမားကြီးက အိပ်ခါနီး လက်အုပ်လေးချီ ဆောင့်ကြောင့်လေးထိုင်ပြီး

“ရုက္ခစိုးနတ်မင်းကြီး၊ ကျွှန်ုပ်ဆင်းရဲသား ကျောမွဲပြာမှာ အိပ်စရာလည်းမြေကြီး စားစရာလည်းနထ္တိ သောက်စရာလည်းရေနီ ကံကိုကဆိုးလှပါတယ် အရှင်။

ကျွှန်ုပ်တို့လို ငမွဲတွေကို မစဖို့နေနေသာသာ ဘယ်နတ်မြတ်နတ်ကောင်း နတ်အပေါင်းမှာလည်း ဘယ်ဆီဘယ်ဝှမ်းဂလေ သရမ်းနေလည်းမသိပါဘူး။

အရှင်နတ်ကြီးလည်း အတူတူပဲ။ ဘယ်နတ်ဟော်တယ်တက်ပြီး နတ်မော်ဒယ်မလေးတွေနဲ့ ကုလားကားတွေကြည့်ပြီး နှစ်ပါးသွားကနေလည်းမသိ။ အကျွှန်ုပ်တို့မှာတော့ ဘုရားတရားတ, လည်း မထူး၊ အရှင်တို့က ကျွှန်ုပ်တို့ကို့နှစ်လုံးဂဏန်းပေးဖို့ကို နတ်ကာရာအိုကေမယ်လေးတွေကို Tips ပေးဖို့လောက်မှစိတ်မဝင်စား၊ အောင်မယ်မင်း…ကံကိုကဆိုးလှပါတယ်ဘုရား”

ဆိုပြီး အပြစ်ဆိုငိုချင်းလေးနဲ့ နတ်ကြီးသနားလာအောင်ဆုတောင်းရှာသတဲ့။ နတ်ကြီးကလည်းဂရုစိုက်ဖို့နေနေသာသာ အဖက်တောင်မလုပ်လေတော့ ကိုလယ်သမားလည်း မောမောနဲ့အိပ်ပျော်သွား ရှာသတဲ့ကွယ်။ လယ်သမားကြီးအိပ်ပျော်နေတုန်း ရုက္ခစိုးကြီးကလည်း နတ်သဘင်ညီလာခံမှာ သွားပြီး ရှက်ကီပိတ် အစည်းအဝေးကကျွေးမွေးတာတွေစားပြီး ပြန်လာချိန်ပေါ့။ ဒေါင်ချာကလည်းစိုင်း ယိုင်ထိုးယိုင်ထိုးနဲ့ပေါ့။ သူ့ဘုံဗိမာန်အောက်မှာ ပိုးလိုးပက်လက် တခူးခူးနဲ့အိပ်နေတဲ့လယ်သမားကြီးကိုလည်းတွေ့ရော

“အောင်မာ…သကောင့်သားက မခန့်၊ ငါ့ဘုံဗိမာန်ကိုများစော်ကားမော်ကား ဖောင်ပြင်ပြီးအိပ်နေလိုက်တာ၊ နတ်တို့ပညာမနေသာဆိုသလို ပညာတော့ပြပေဦးမှဆိုပြီး ဖင်ကိုဖနောင့်နဲ့ဖရီးကစ်ပြီး ငြင်ငြင်သာသာလေး နှိုးလိုက်တယ်”

လယ်သမားကြီးလည်း အကြိမ်ပေါင်းများစွာ ဖရီးကစ်ခံရတော့မှ နိုးလာတော့တယ်။

“ဘယ်အကောင်လည်း ငါ့ဇရက်မင်းစည်းစိမ်ကိုဖျက်လိုဖျက်စီးလုပ်တာ။ သတ္တိရှိရင် ဖွက်ဓဲ့။ မင်းတို့မွေးမတွေ မုဆိုးမဖြစ်ကုန်မယ်ဆိုပြီး” အိပ်မှုံစုံမွှား ဝူးတူးဝါးတားနဲ့ပေါ့။ နောက်မျက်လုံးကိုသေသေချာချာပွတ်ပြီး ပြူးပြဲကြည့်မှ ပြောင်ပြောင်လက်လက်ကြီးနဲ့ ကိုယ်ထင်ပြနေတဲ့ ရုက္ခစိုးကြီးကိုသွားတွေ့သတဲ့။ သူ့မျက်လုံးကိုသူမယုံ။သေချာအောင်မေးစမ်းဦးမှ ဆိုပြီး

“အံမယ် ပြောင်ပြောင်လက်လက်တွေနဲ့ ဟိုဘက်ရွာဇာတ်အဖွဲ့က ငနဲကြီးကျုပ်ကို ဘာလာနှောင့်ယှက်တာလည်းဗျ။ ကျုပ်ဘာကျုပ် အိပ်ရင်းနဲ့ငါးပါးသီလစောင့်နေတာ ခင်ဗျားကဘာလာနှောင့်ယှက်တာတုန်းး။ တောသားလက်သီး G3 ကြုံတုန်းမြည်းစမ်းချင်သပလေ။ ဟုတ်စ” လို့ဒေါနဲ့မောနဲ့ မေးလေတယ်။

နတ်ကြီးက “အောင်မာ မင်းလိုလက်တောက်လောက်ကောင်ကများ ရာရာစစ၊ ခါတိုင်းတော့ငါ့နားမခံသာအောင် ငါ့ဗိမာန် သစ်ပင်အောက်မှာ ဆုတောင်းကို Rapping ရွတ်သလိုရွတ်နေပြီး၊ အခုကျတော့ Rocker လိုဒေါသထွက်ပြနေလိုက်တာ။ နတ်သားလက်သီး M16 ကိုမြည်းစမ်းချင်သပေါ့လေ” ဆိုပြီး Rhyme လေးနဲ့ အားကျမခံ မောင်းတင်လိုက်လေတယ်။

လယ်သမားကြီးလည်း အခုမှ နတ်ကြီးမှန်းသိ၊ နှစ်လုံးဂဏန်းလည်းလိုချင်တော့ စာမူလိုချင်တဲ့ ထုတ်ဝေသူထုံးနှလုံးမူ၊ မူလကျီသူနီလုပ်ပြီး “အို..အရှင်နတ်ကြီး ကျွန်တော်မျိုးအမိုက်အမဲကို ခွင့်လွှတ်ပါ။ ဒါဆိုအခု ကျွန်တော်မျိုးကြီးကိုမစတော့မယ်ပေါ့။ လုပ်ပါနတ်ကြီးရာ ပေါက်ကဏန်းရယ်၊ ကုမ္ပဏီတစ်ခုရယ်၊ အိမ်တစ်လုံးရယ်၊ ကားတစ်စီးရယ်၊… အိုဗျာရှုပ်ပါတယ် ကျွှန်ုပ်ဘာကျွှန်ုပ် ဆုတောင်းဖို့ လိုတရလက်စွပ် ၅ ကွင်းလောက်လိုလိုပိုပို သနားမစတော်မူပါဗျား…”

နတ်ကြီးက “အောင်မယ်လေးဗျာ မင်းကိုအဲဒီလောက်ပေးနိုင်မှ ငါတောင်မှ ဒီသစ်ပင်ပေါ်မှာစောင့်မနေဘူး။ ဟာဝိုင်ဟီကျွန်းတစ်ကျွန်းလုံးဝယ်ပြီး နတ်သမီးတစ်ဘက် ၅၀၀ လောက်နဲ့အပြတ်ကဲနေပြီ။ မင်းဆုတောင်းက ဖိုးသိကြားလည်း မတတ်နိုင်ဘူး။ ငါလည်းမတတ်နိုင်ဘူး။ ငါတတ်နိုင်တာ တစ်ခုနဲ့တော့မစနိုင်တယ်။ မင်းယူမလား။”

လယ်သမားကြီးလည်းဘာရရမနည်းဘူးဆိုပြီး။ ခေါင်းညိတ်လိုက်တယ်တဲ့။ နတ်ကြီးက “အေး…ငါပေးမှာ သူဋ္ဌေးဖြစ်ဆေးနည်းပဲ။ ဒီဆေးနည်းအတိုင်းသာလိုက်နာပေတော့” ဆိုပြီး လယ်သမားကို လိုက်ဆိုခိုင်းတယ်။ “လုံ့လလည်းကူ၊ မိုးလည်းကူ၊ နောက်ချေးလည်းချ၊ ငါလည်းမ.. တစ်နေ့ကိုအိပ်ရာဝင်ခါနီး ၁၇ ခါလောက်ရွတ်။ မင်းသူဋ္ဌေးဖြစ်ရော” ဆိုပြီးပြောပြောဆိုဆို ဒိုးသွားလေတော့တယ်။

လယ်သမားကလည်း ပညာမတတ်တော့ပထမ ဘာကိုဆိုလိုမှန်းမသိရှာဘူး။ နောက်မှဆိုလိုရင်းက ဇွဲလုံ့လ ဝီရိယ နဲ့ မြေသြဇာ နောက်ချေးနဲ့ စနစ်တကျ ဥာဏ်သုံးပြီး စိုက်ပျိုးထွန်ယက်၊ ရာသီဥတုကလည်းသမမျှတ ဆိုရင်နတ်ကြီးမစရာတောင်မလိုဘူး အော်တို စီးပွားဖြစ်တယ်ဆိုတာ လိုက်နာကျင့်သုံးရင်းနဲ့ သူဋ္ဌေးကြီးဘဝကို ကိုယ်တွေ့ ရောက်ရှိသွားလေသတဲ့။

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ ညီ၊ ညီမလေးတို့လည်း ဆုတောင်းရုံနဲ့မပြီး ကိုယ်တိုင်လည်းလုံ့လကူ ဥာဏ် စိုက်ထုတ်ပြီး အလုပ်လုပ်မှအောင်မြင်နိုင်ကြောင်း ဒီပုံပြင်လေးကသာဓကတစ်ပုဒ်ဖြစ်ပါတော့တယ်။

ပြီးပါပြီ။

Saturday, January 13, 2007

ကိုစက်(၂)

ကိုစက်ဆုတောင်းပြည့်လေပြီ။ ဘေးမသီရန်မခ အနှောင့်အယှက် တစ်စုံတစ်ရာမရှိဘဲ စက်ရုံးပေါက်ဝကိုရောက်ပြီ။ စက်ရုံးစောင့်က နှုတ်ဆက်သည်။ မင်္ဂလာမနက်ခင်းပါ ဆရာစက်။ သူနှုတ်ဆက်တာအကောင်းမထင်နဲ့ သူကအချိန်မှတ်စက် ဗျ။ သူပဲဒုက္ခပေးနေတာ။ တစ်ခါတစ်လေသူ အချိန်မှားမှတ်ရင်သွားပြီ။ သူ့ကိုပဲ လက်ဘက်ရည်ဖိုး ပေးလို့ပေါင်းထားရသေးတာ။ အခုတော့အေးဆေးပါ ကိုယ်ကအချိန်မှန်နေသည်ပဲ။ သူကိုနူတ်ဆက်ပြီး ကိုယ့်စားပွဲရှိတဲ့ နေရာကိုပဲပြေးသွားမိသည်။ ရောက်တာနှင့်ဘာဆိုဘာမှသတိမရ အလုပ်ထဲမှာပဲ စိတ်နှစ်ထားလိုက်သည်။ တစ်ခြားစက်ရုံးသူရုံးသားတွေရဲ့ အတင်းပြောသံလည်းမကြား၊ နေကြာစေ့ဝါးသံ တစ်ဖြောက်ဖြောက်ကိုလည်းမကြားနိုင်တော့၊ နေ့လည်အမှီ ပြင်ဆင်ရမည်မဟုတ်ပါလော။ ….ကဲ…ဘယ်လောက်တောင်ကြာသွားသည်မသိ ဝမ်းထဲမှတစ်ကြုတ်ကြုတ်မြည်မှ ထမင်းစားရန်သတိရသည်။ မတတ်နိုင်။ လုပ်လက်စကိုလက်စသတ်ပြီး ကန်တင်းကိုချီတက်လိုက်သည်။

နေ့မွန်းတည့်

မထူးဆန်းစွာပဲ ခါတိုင်းစားနေကြအတိုင်း ကြက်ဆီထမင်းကို ရေနွေးကြမ်းနှင့်မျောချလိုက်သည်။ ဂလု….ဒီပုံအတိုင်းဆက်စားရင်တော့ ကိုစက်ကနေ ကိုကြက်ဖြစ်မှာ ကျိန်းသေသည်။ ကြက်သားချည်း ပဲစားနေရသည် မှာကြာပြီ။ စကားမစပ် ဒီခေတ်မှာ ကြက်မွေးမြူရေးကထူးဆန်းသည်။ ကြက်ပုံတူမျိုးပွား နည်းဖြင့်မွေးမြူထားခြင်းဖြစ်သည်။ ဟင်းသီးဟင်းရွက်ကတော့ ရွှေထက်ရှားသည်။ သြော်ထူးဆန်းပေစွ…။ သိပ်တွေးနေ၍မဖြစ် စားစရာရှိတာ ဟိုက်စပိဒ် စား၍ရုံးခန်းသို့ပြေးရသည်။ အစည်းအဝေးစတော့မည် မဟုတ်ပါလော။ ထုံးစံအတိုင်းပင် စက်လူကြီးများကလိုအပ်သည်များကို မှာကြားပြီး တစ်ခြားဘယ်သူ့ အကြံဥာဏ်ကိုမှမယူ

သူတို့ပြောချင်တာ (ကိုယ့်ကိုယ်ကို အမွှန်းတင်) ၍ဝသည့် သကာလ အားလုံးကိုအလုပ်ကြိုးစား၍ မခိုမကပ်လုပ်ရန်၊ စကားနည်းနည်းပြော၍ အလုပ်များများလုပ်ရန် ပြော၍အစည်းအဝေးမှ ကျွေးမွေးသည်များစားကာ ပြန်ချေပြီ။ ဟူး…အူး…အူး.. အခုမှကိုစက်အလုံးကြီး ကျချေပြီ။

သြော်…အခုကျတော့လည်း ရုံးခန်းမှာဘာလုပ်စရာမှမရှိတော့ပါလား။ ဘာမှမရှိတာနှင့် အင်တာနက်တက်ကာ Friendster ထဲမှ စက်ရုပ်မလေးများကို လိုက်ကြည့်နေလိုက်သည်။ ဟိုက်ရှားဘား…တစ်ချို့ဆို ဘီကီနီနဲ့ ဘာနဲ့ တော်တော်ကြီးကိုကြွားထားကြပါလား… အနိစ္စတွေ…အပုပ်ကောင်တွေ ဟုစိတ်ကမှတ်ပြီးနောက် လက်ကအလိုလို Add a friend ကိုနှိပ်နှိပ်မိသွားသည်။ မတတ်နိုင် သူတို့ကတောင် လေသလပ်ခံပြီး ပဲများထားတာ ကိုက သူငယ်ချင်းဖြစ်တာ ဘာပင်ပန်းတာလိုက်လို့။ သူတို့ခမျာ ဒီလိုအချမ်းခံထားရတာ သနားပါတယ်။ သူငယ်ချင်းမရှိရင် ပျင်းနေမှာ။ ကရုဏာတရားထားရမယ်တဲ့... စက်ဆရာတော်က ငယ်ငယ်ထဲကကြိမ်နဲ့တို့ကာ ဟောထားသည်မဟုတ်ပါလော။

သြော်..မရှိမကောင်း..ရှိမှကောင်းတွေ..

ဒီလိုနဲ့ပဲ ဟိုဖိုရမ်ဝင် ဒီဝက်ဘ်ဆိုဒ် တက်ရင်းဟိုလျှောက်ပြော ဒီလျှောက်ဖွကာ ရုံးဆင်းလေပြီ။ ရုံးက စက်ဘော်ဒါတစ်ချို့ကတော့ အညောင်းပြေအညာပြေဆိုလား…ဘာဆိုလား… မာဆက်ဆိုပဲ။ မဆက်တော့ပါဘူး။ တစ်ခါအဆက်ကောင်းတာ ဇက်ပါပြုတ်တော့မလို့၊ မာဆက်က စက်ရုပ်မတွေ လက်စွမ်းပြတာ။ ဇက်ပြုတ်လို့ကတော့ အပိုပစ္စည်းဝယ်တပ်လို့မရ၊ ဝပ်ရှော့ပို့စရာ မလို တစ်ခါတည်း မာလကီးယား သွားမှာ။ ကိုယ့်ဒုက္ခကိုယ် ပိုက်ဆံပေးပြီး ရှာပြီးသားပဲ။ သကောင့်သားတွေကတော့ စပယ်ရှယ်ဆားဗစ်ဆိုလား ဘာဆိုလားပြောရင်း တက်ကြွနေလိုက်တာများ အိမ်ကသူတို့ စက်အိမ်ရှင်မတွေကို အတို့အထောင်သွားလုပ်ဦးမှ။ စက်စာရေးကြီးကတော့

“ခေတ်ကြီးကို ကမကောင်းတာပါဗျာ၊ ပိုက်ဆံရှားတာကိုအကြောင်းပြပြီး သူတို့ကလည်းသူတို့။ ဟိုပိုက်ဆံရှိတဲ့ကောင်တွေကလည်း အိမ်ကမိန်းမနဲ့ကလေးတွေမှမထောက် ဖောက်ချင်တိုင်းဖောက်နေကြတာပဲ၊ ကျုပ်တို့အသက်ကြီးမြန်တာတော်သေး” တဲ့။ (သြော် ငယ်ရင်များဝင်နွှဲလေဦးမလား မသိ)

ကိုစက် “ဒီလိုပါဘဲဗျာ… သူတို့ခမျာကတော့ မရှိ ဝမ်းစာ သူအကြောင်းနဲ့သူပေါ့ဗျာ၊ ဘယ်သူမှလည်းဒီနာမည် အတပ်ခံချင်မှာ မဟုတ်ပါဘူး။ ခက်တာကပိုက်ဆံထုပ်ပိုက်ပြီး နောက်ကလိုက်နေတာတွေဗျ။ Demand ရှိမှတော့ Supply လည်းရှိတော့မပေါ့ ဦးကြီးရာ။ ဒါတွေကလည်း ဒီခေတ်မှမဟုတ်ဘူး ဟိုးရှေးခေတ်ကတည်းက ရှိလေတော့ ခက်တယ်ဗျ။ သူ့ခေတ်နဲ့သူ ခိုးစားတဲ့အသီးက ပိုချိုတယ်ဆိုပြီး ကမြင်းကြောထတဲ့လူကတော့ ထမှာပါပဲ။ စားရတဲ့ကလေးငတ်တာပေါ့ ဦးကြီးရာ တားလို့မရပါဘူး”

ပြီးနောက်ဘာစိတ်ကူးပေါက်တယ်မသိ စက်ရွှေရည်ဆိုင်ချီတက်ရန် စက်စာရေးကြီးကအတင်းခေါ်လေသည်။ ဒီစက်ကြီးနဲ့သောက်ရင်တော့ ကိုယ်ရေချိန်ကိုက်သမျှပါ ပျောက်ပျောက်သွားမှာမို့ မလိုက်တော့ဟုအားနာနာနှင့် ငြင်းရလေသည်။ ဒါနဲ့အမြန်ထွက်ခဲ့ရသည် ကိုစက်က ဒါမျိုးဆို နှစ်ခါအခေါ်ခံတာမဟုတ် အားနာနာနှင့်လိုက်သွားမှ မနက်ဖြန်အလုပ်နောက်ကျနေဦးမည်။ ဒီနေ့မှတနင်္လာနေ့စောပါသေးသည်။ သောကြာနေ့လောက်မှသောက်ရင် အကောင်းသား။ လမ်းလျှောက်ရင်းတစ်ယောက်တည်းတွေးနေမိသည်။ ကားပျံရှိရာရောက်မှ အိမ်သို့ဟုပြောရင်းသူမောင်းသည့် နောက်အသာလေးလိုက်ရင်း မှေးကနဲအိပ်ပျော်သွားသည်။

ပြေးသည် သူနောက်ကလိုက်သည်။ ပုန်းသည် သူလိုက်ရှာသည်။ ပန်းခြံကြီးတစ်ခုထဲ၌ ကိုစက်က ချစ်သူ ခင်သီတာစက်ကို VCD ကာရာအိုကေအခွေတွေ ထဲကလိုပြေးတမ်းလိုက်တမ်းကစားနေသည်။ ဘယ်လောက်အထိပြေးခဲ့သည်မသိ ကိုစက်မောနေသည်။ အခုအချိန်ထိလည်းရှာ ခင်သီတာစက်ကိုရှာမတွေ့သေး။ တော်တော်အပုန်းကောင်းသည်။ တွေ့ရင်တော့ဟုစိတ်ထဲက ကြိမ်းရင်းတစ်နေရာအရောက် “ဟဲ့ သောက်ခွေး”… ကိုစက် ခလုတ်တိုက်သည်။ လဲကျသည်။ တော်သေးသည်လဲကျသည့်နေရာ၌ ခွေးပဲပဲ ပုံမရှိ။ ကုန်းထမယ်လုပ်တုန်းမိုးရွာသည်။ ရွာသည့်မိုးက သဲသည်။ ထို့အပြင် ရနံ့ပြင်းပြင်းနံနံ ကြီးပါရနေသည်။ ဖူး…ဖရူး… ဘော်နီ.. ကိုစက်၏အသက်ဗူးစက်ရုပ်ခွေးလေး၊ အလုပ်ကအိမ်အရောက် ကိုစက်ကားပေါ်မှာအိပ်ပျော်နေတုန်း ဘယ်အချိန်တက်လို့ ဘယ်အချိန်ကတည်းက လျက်နေသည်မသိ။ ကိုစက်မျက်နှာတစ်ခုလုံးလည်း ဘော်နီ့တံတွေးတွေချည်း။ ကိုစက်လည်းပင်ပင်ပန်းပန်းနှင့် အိပ်ပျော်သွားလိုက်တာ ကားကအိမ်ပြန်ရောက်နေမှန်းမသိ။ ဘော်နီကို လည်းအပြစ်မတင်ရက်တော့။ ဒါကသူ့အလုပ်၊ ကိုစက်အိမ်ပြန်လာတိုင်းလာ ကြိုနေကြ။ ကိုစက်မှာလည်း ချစ်စရာဆိုလို့ အီးအီးမပါသော စက်ရုပ်ဘော်နီပဲရှိသည် မဟုတ်ပါလော။ သြော်ဘဝဘဝ ဘယ်အချိန်ကြမှ အိမ်ရှင်မကအိမ်ရှေ့ကနေ အာပွာရှလူးနှင့်ကြိုဆိုမည်မသိ။ ထိုခဏ၌တစ်နေ့တာအမောများ ယူပစ်လိုက်သလိုပျောက်သွားမှာပဲ ဟုစဉ်းစားမိလေသည်။ သို့သော် ကုန်ဈေးနှုန်းရန်၊ အလှကုန်ပစ္စည်းဈေးနှုန်းရန်၊ ဟိုဟာဒီဟာဘာညာသာဓကာ ဈေးနှုန်းရန် စတာတွေကို သူရဲဘောကြောင်နေသောကြောင့် အခုချိန်အထိ လက်ထပ်ရန်စကားမဟရဲသေး။ မက်လက်စလေးတောင် ဘယ်ရောက်သွားသည်မသိ။

ဟူး...အူး...အူး....


ဆက်ပါဦးမည်...


Tuesday, December 5, 2006

ကိုစက်

အချိန်ကားနောင်လာမည့်ရာစုနှစ် တစ်ခု။ ထိုအချိန်တွင် မြို့တော်တစ်ခုတည်ရှိသည်။

ထိုမြို့တော်ကို စက်ရုပ်မြို့တော်ဟုခေါ်သည်။ ထိုမြို့တော်တွင်သန်းချီသောစက်ရုပ်များစွာ သက်မဲ့စွာလှုပ်ရှားနေထိုင်လျှက်ရှိသည်။ သူတို့ထဲမှ စက်ရုပ်တစ်ကောင်၏................

နေမင်းမှ မပြူသေး နာရီစက်သံဆူညံစွာဖြင့် ကိုစက်ရုပ်တို့၏ စက်ကာဝမ်ရပ်ကွက်က သြကာသလောက ကိုနူတ်ခွန်းဆက်လေပြီ။ နာရီမှာလည်းခေတ်နှင့် လျော်ညီစွာ တီထွင်ထားသောကြောင့် အပျင်းကြီးသောကိုစက်ရုပ်အား မထမချင်း နားဒုက္ခပေးလေသည်။ နားဒုက္ခသာမက ထိုနောက်ဆုံးပေါ်နာရီတွင် အနံထုတ်လွှတ်နိုင်သော နည်းပညာပါရှိသောကြောင့် ဘဲဥပုပ်နံ့လိုလို တမာရွက်ပြုတ်နံ့ လိုလို အနံ့ဆိုးတစ်မျိုးကလည်း ကိုစက်၏ စက်နှာခေါင်းအား ကလူ၏သို့ မြှု၏သို့လုပ်လေသည်။ အိပ်မက်ထဲတွင် စက်ရုပ်မော်ဒယ်မလေး နှင့်နှစ်ပါးသွားက ခါနီးမှ ထိုအနံ့ဆိုးကို ရသောကြောင့် ကိုစက် နာရီကိုကျိန်ဆဲရင်း မက်လက်စအိပ်မက်ကို ဆက်ရန်လုပ်လိုက်ရလေတော့သည်။ ဝါး…. ကိုစက် သန်းသည်။ သို့သော်စက်ရုပ်ပါးစပ်မှထွက်သော အသံဖြစ်သောကြောင့် ဝါးအနောက်မှပဲ့တင်ထပ်သံက တစ်မျိုးဖြစ်နေသည်။ ဝါး…ဝှက်…ဝှက်…

မနေ့ညဘက်စက်ကလပ်က အရှိန်ကမပြေသေးသောကြောင့် ကိုစက်၏ Memory ကရုတ်တရက်ဘာမှစဉ်းစားလို့မရ။ နောက်မှတစ်ဖြည်းဖြည်း Database ကိုသေသေချာချာခေါ်ကြည့်မှ ဒီနေ့ တနင်္လာနေ့လုပ်ရန်စာရင်းပေါ်လာလေသည်။ ဇက်…စက်…စက်…ဒီနေ့စက်လူကြီးတွေနဲ့ အရေးကြီးသောလပတ်အစည်းအဝေးရှိသည် မဟုတ်ပါလော။ ဘာဆိုဘာမှမပြင်ဆင်ရသေး။ ဒီနေ့မှအလုပ်ကိုအစောကြီးလာကာ ပြင်ဆင်မည်ဟု ပြီးခဲ့သောစနေနေ့ညနေက ကိုယ်ကိုယ်ကို ဆင်ခြေပေးကာ စက်ရွှေရည်ဆိုင်ကိုချီတက်ခဲ့သည် မဟုတ်ပါလော။ ကိုစက် အိပ်ယာမှ ပြူးပြဲထသည်။ စက်သွားတိုက်တံတွင်ဆေးညိုကာ ဒရောသောပါးတိုက်သည်။ သိပ်တော့ပင်ပန်းခံစရာမလို၊ လက်ကအငြိမ်ထားရုံဖြင့် စက်သွားပွတ်တံက သွားကြားကကွမ်းချိုးပါမကျန်ပြောင်အောင်တိုက်ပေးသည်။ တိုက်သည့်နှုန်းကလည်းမြန်မှမြန် ကိုစက်သွားများတောင် ကျွတ်ထွက်ကုန်မလားစိုးရိမ်ရသည်။ ထို့နောက် ရေချိုးသည်။ ရေချိုးရာမှာလည်း အပင်ပန်းခံပြီးခလုတ်နှိပ်စရာမလို။ ရေပန်းအောက်ဝင်ရပ်လိုက်သည်နှင့် အော်တို ရေထွက်ကာ ဆပ်ပြာပါတိုက်ပေးသည်။ ပါးစပ်မှရေနွေး၊ ရေအရှိန်မြုင့်ဟု အော်လိုက်သည်။ စက်ရေပန်းကလိုက်နာသည်။ လိုက်နာတာမှ ရေနွေးမီးသတ်ပိုက်နှင့်ပက်နေသလားအောင့်မေ့ရသည်။

အား….အက်…အက်….

ကိုစက်ရေချိုးပြီးအဝတ်လဲသည်။ စက်ရုပ်အိမ်စေလေးနှယ်ပေးထားသော ပဲပြုတ်ထမင်းဆီဆမ်းစားသည်။ စားသည့်အခါတွင်တော့ ကိုယ့်သွားနှင့်ကိုယ်အမြန်နှုန်းမြှင့်၍ ဝါးရသည်။ ကိုယ့်လျှာကိုယ် ကိုက်မိသည်မှာအခါခါ။ မတတ်နိုင်မြန်ဖို့အရေးကြီးသည်။ လဘ္ဘက်ရည်စက်မှဖျော်ပေးထားသော ပုံမှန်ကျစိမ့်ကို တစ်ကျိုက်လောက်သောက်ကာ လက်ဖဝါးအရွယ်ရှိ စွယ်စုံရကွန်ပြူတာလေးကှိုဆွဲ၍ ကားပျံရှိရာသို့ပြေးသည်။ တော်သေးသည် စက်အိမ်စေလေး ရေမိုးချိုးပေးထားသောကြောင့် ကားပျံက သန့်ပြီးတောက်ပြောင်နေသည်။ ကောင်လေးကိုပြီးမှ ဘောက်ဆူးအနေနှင့် Memory မြှင့်ကာသီချင်းအသစ်တွေထည့်ဖို့ disk space တိုးပေးရဦးမည်။ ကဲကားပေါ်ရောက်ပြီ၊ ရုံးကို အမြန်ဆုံး လို့ပြောလိုက်သည်နှင့် ကားကအော်တိုစက်နှိုးကာ တရှိန်ထိုးထပျံလေသည်။

ဟဲ့….အဲ့…အဲ့……

အရေးထဲမှကိုယ်လိုလူမျိုးတွေ အဲလေ စက်မျိုးတွေ ဘယ်လောက်များသည်မသိ လေထဲကလမ်းတောင်ပိတ်နေသည်။ အပေါ်ရော အောက်ရော ဘေးပတ်လည်ရော ကိုယ်လိုသူလိုအလုပ်နောက်ကျသူတွေ ပြုံနေသည်။ စက်ဘဲဥလည်းမတတ်နိုင်။ စက်မီးပွိုင့်လည်းမနိုင်။ တောက်…အောက်..အောက်…..ကိုစက် တင်းသည်။ ဆက်စောင့်နေရင်အလုပ်နောက်ကျမည်။ မတတ်နိုင် ကားကို အလုပ်ကိုလိုက်လာရန် ပြောသည်။ ကားထဲမှ ကျောပိုးဂျက် ကိုထုတ်၍ ကိုစက် အလုပ်သို့ ပုစဉ်းဖင်ကြားညုပ်သလို သုတ်ခြေပျံ လေတော့သည်။ တော်ရုံတန်ရုံဆို ကျောပိုးဂျက်ကိုမသုံး။ စက်ဆီဈေးများအလွန် ခေါင်ခိုက်နေတဲ့အချိန် လစာလေးပုံ တစ်ပုံကစက်ဆီဖိုးဖြစ်သွားတတ်သောကြောင့်ဖြစ်သည်။ အခုတော့ အမြန်နှုန်းကို ပုဂံလုံးလို မြှင့်ပြီးလမ်းမှာတွေ့သမျှကို ကျော်တက်သည်။ စကပ်တိုတို စက်ရုပ်မလေးတွေကိုလည်း ငမ်းချိန်မရှိ။ ရုံးမှ အထက်စက်ရုပ်ကြီးရဲ့ ဘူးသီးပုပ်ဖင် ဆောင့်ကန်ထားသည့်မျက်နှာကြီးကိုသာ မြင်ယောင်နေမိသည်။ သူသဘောကျ အောင်ဖားတဲ့ကောင်တွေ ကျတစ်မျိုး။ သူသဘောမတဲ့ကောင်ကျရင် အလုပ်ထဲမှာ လေလည်တာတောင် စည်းကမ်းထုတ်ပြီး ဒဏ်တပ် တတ်သူ။ ကျန်တဲ့စက်ရုပ်တွေ ရုံးနောက်ကျလို့ကတော့ လကုန်လစာထုတ်ရင်အပြည့်မရ။ သူကတော့ အချိန်မမှန်။ ဒဏ်ငွေတွေကိုစုပြီး တော်တဲ့ စက်ရုံးသူရုံးသား တွေကို ချီးမြုင့်လား။ ဝေးသေး။ သူတို့ စက်လူကြီးတွေ စက်ကာရာအိုကေ။ စက်ဘီယာစတေရှင်။ စက်ပန်းကုံးဖိုးတွေ ဖြစ်ကုန်သည်။ ဒါကြောင့်လည်း စက်ရုံးသားတွေက ဘယ်သူမှရုံှးနောက်မကျ အောင်လာသည်။ စက်လူကြီးတွေကို မသဒ္ဒါသောကြောင့် ဖြစ်သည်။ သူ့ကို ကိုစက် တစ်စက်မျှ ကြည့်မရ။ သို့သော်လည်းသူ့ဆန်ကို စား၍ သူ့ အလုပ်ကိုလုပ်နေသည်မဟုတ်ပါလော။ ကိုစက် တတ်သမျှ မှတ်သမျှ ရွတ်သည်။ စက်သိကြား ကိုလည်းမစဖို့တောင်းပန်သည်။ သက်ပြင်းတွေလည်းရှိုက်နေမိသည်။

ဝူး…ဟူး…ဟူး…


ဆက်ရန်

ကိုစက် ၂

ကိုစက် ၃