Sunday, August 19, 2007

ပင်လယ်မုဆိုး

သောင်ပြင်ဖြူလွှလွှတွေရယ်

ဒီလှိုင်းရိုက်သံ တဝုန်းဝုန်းကြား

ကြယ်တွေကြားက

လမင်းကိုလည်း ငါ မျှားဘူးတယ်.....

နောက်မှပြန်ကြည့်မိတော့

လမင်းမဟုတ်ပဲ

ငါကိုယ်တိုင်က ငါးမျှားချိတ်တန်းလန်းနဲ့.....




အရှေ့ဆီမှာရောင်နီတောင် မျက်နှာမသစ်သေးဘူး။ အကောင် ၄၀ ရာမဟာ စပိဘုတ်နှစ်စီးက ရေလွှာတွေကိုခွဲယင်း ငှက်တောင်ရှိရာကို အနောက်ယွန်းယွန်းကို ဦးတည်လို့။ ပထမလှေပေါ်မှာ လူလတ်နှစ်ယောက်၊ လူငယ်နှစ်ယောက်ရယ် ဒုတိယလှေမှာ လူငယ်သုံးယောက်၊ လူကြီးနှစ်ယောက် အားလုံးပေါင်း ၉ ယောက် ငါးမျှားတံ ၇ ချောင်းနဲ့ပေါ့။ ငှက်တောင်ရှိရာကို ချောင်းသာကမ်းခြေကနေ မနက်ရေတက်ချိန် ၁ နာရီသာသာလောက် စက်ကုန်မောင်းရတယ်။

လေကိုဆန် ရေစီးကြောင်းကိုဘေးတိုက်မောင်းတော့ လှေကလေးလည်း စက်သံခြစ်ပြီး မောင်းနေရရှာရဲ့။ တစ်ချို့လှိုင်းတစ်လုံးနဲ့တစ်လုံးအကြား လှေက ငြိမ့်ခနဲ။ ငြိမ့်ခနဲ့ နဲ့။ လှိုင်းတစ်ခုကိုခွဲလိုက်တိုင်း ဖွားကနဲ့တက်လာတဲ့ ဆားငန်ရေက ကျွန်တော်ထိုင်တဲ့အနားက လှေလက်ရမ်းကိုလာလာရိုက်လို့။ ကျွန်တော့် အနီရောင်ဂျာကင်လည်း ရွှဲရွှဲစိုလို့ပေါ့။ ဒါပေမယ့်ကျွန်တော် စိုလို့စိုမှန်းတောင်မသိပါဘူး။ မနက်ထွက်ခါစနေနဲ့အတူ လှေနားမှာ လာလာမြူးတဲ့ ငါးပျံလေးတွေကို လိုက်လိုက်ရှာရင်း ပျော်နေမိတယ်။ လှေရဲ့အမြန်နှုန်းအတိုင်း လှေဘေးကနေ ရေပေါ်ကို ရှပ်ပြီးပျံရင်း သူတို့လည်း ပျော်နေလေရဲ့။ လှေနှစ်စီးကလည်း ငါးပျံတွေနဲ့ အပြိုင်ရေပေါ်မှာ စက်ကုန်ဖွင့်ပြီးကူးနေတယ်။

မနက်ခင်းပင်လယ်လေနုအေးကလည်း တသုတ်သုတ်တိုက်လို့....

နေရောင်ခြည်နဲ့အတူ ငါးတွေလည်းအစာရှာနေပြီလေ။

ကျွန်တော်တို့လေမှာပါလာတဲ့ ပင်လယ်လမ်းပြ ချောင်းသာရွာသား ကိုလှညိုက

“အဲဒီ ငှက်တောင်ဝန်းကျင်မှာ ဒီလိုရေတက်အချိန်ဆို ငါးတွေအရမ်းမြူးတယ်။ ရေကလည်း မီတာ ၃၀ လောက်နက်တယ်။ အရောင်ကအစ အပြာရောင် တကယ့်သမုဒ္ဒရာအရောင်ကို ပြောင်းသွားတယ်။”

“ဒါဆို ရေကုးလို့အရမ်းကောင်းမှာပေါ့” လို့ကျွန်တော်ဝင်ပြောတော့...

ကိုလှညိုကပြာပြာသလဲ “မလုပ်လိုက်ပါနဲ့ ငါ့ညီရယ် အဲဒီကို ငါးအသေးဆုံး ငါးပါးနီကအစ အကြီးဆုံး ငါးမန်းဖြူ၊ ကျားငမန်း အထိလာတက်တယ်”

ငါးမန်းဆိုတဲ့အသံကြားတော့ ရေမကူးတတ်တဲ့ကျွန်တော့်သူငယ်ချင်း အောင်သူက “ငါးမန်းအုပ်သာလာလို့ကတော့ သေပြီဆရာ။ လှေတစ်စီးမှာလည်း မှိန်း ကနှစ်ချောင်းပဲပါတယ်။ အလွန်ဆုံးသတ်နိုင် ၄ ကောင်ပဲပေါ့။ နောက်ကျွန်တော်တို့က ငါးအသေးမျှားဖို့လာတာ”

အဲဒီတော့ စပိဘုတ်ရဲ့ စတီယာရင်ကိုင်ရင်း မောင်းနေတဲ့ ဦးလှစိန်က “ဟကောင်ရ ငါးမန်း ကမင်းကို ဘာလုပ်မှာမို့လဲ၊ သူတို့ရှိတဲ့ အချိန်မင်းရေထဲခုန်ချရင်တောင် ကိုက်ချင်မှကိုက်မယ်။ မင်းကိုယ်မှာ သွေးညှီနံ့ရလို့ကတော့ တွယ်မှာစိတ်ချ။ သွေးညှီနံ့မရလို့ကတော့ ဘာမှမလုပ်ဘူး။” လို့ပြောရင်း လှေကိုဆက်မောင်းနေလေရဲ့။ သူက အရင်ရေငုပ်တပ်က တပ်ကြပ်ကြီး။ ရေမှာအတွေ့အကြုံ အများကြီးရှိသူ။

ကိုလှညိုကဆက်ပြီး “ဟိုမှာ ရေကတော့တကယ်ကို ကြည်နေတာပဲ။ ကြည်လွန်းလို့ အောက်မှာကူးနေတဲ့ ငါးတွေကို အုပ်လိုက်အုပ်လိုက် အတိုင်းသားမြင်နေရတယ်။”

“အဲလိုသာဆိုမိုက်ပြီဗျာ။” အသံဝဲဝဲနဲ့ ကျွန်တော့်သူငယ်ချင်း စိုင်းစိုင်း ကဝင်ပြောတယ်။ “ကျွန်တော်လို တောင်ပေါ်သားတစ်ယောက် ဒီလို ပင်လယ်အောက်မှာ ကူးနေတဲ့ငါးတွေကို အတိုင်းသားကြည့်ရဖို့ဆိုတာ မလွယ်ဘူး”

ကျွန်တော်ကဝင်ပြီး “လွယ်ပါတယ်စိုင်းစိုင်းရာ တောင်ကြီးကခြံထဲမှာကန်တူးပြီး ဆားထည့် ပင်လယ်ငါးလေးတွေမွေးထားပေါ့ကွ။”

ကျွန်တော်ဝင်အရွှန်းဖောက်လိုက်တော့ လှေလေးပေါ်မှာ ရယ်သံတွေဆူညံသွားသည်။

တစ်နာရီလောက်ကြာတော့ ကျွန်တော်တို့ရဲ့ဦးတည်ရာ ငှက်တောင်ကိုရောက်ပါပြီ။ အနားမကပ်ခင် ခပ်ဝေးဝေးကပင် မနက်ခင်း ပင်လယ်ပြင် မြူတွေကြား ကောင်းကင်သို့ထိုးဖောက်ထွက်နေသော တောင်ငါးလုံးကိုမြင်ရသည်။ စီတန်းနေသော တောင်များကလည်း တစ်တောင်နဲ့တစ်တောင် ပုံစံတူချည်း။ သေသေချာချာ တိုင်းကာ ထုလုပ်ထားသလား အောက်မေ့ရသည်။ ထူးဆန်းသည်မှာ တောင်များမှာ ကျောက်သားချည်းဖြစ်ပြီး အပင်ဆိုလို့လည်း တောင်ထိပ်ပိုင်းတစ်ဝိုက်တွင်ပင် ကပ်၍ပေါက်နေလေသည်။ အဲဒီအပင်များကြားတွင်လည်း ငှက်သိုက်များရှိကြောင်း ဒါကြောင့်ဒီတောင်များကို ငှက်တောင်ဟုခေါ်ကြောင်းလည်း ကိုလှညိုကရှင်းပြသည်။ အမြင့်မှာ ပေ ၁၅၀ ကျွန်တော့်မျက်မှန်းအမြင်လောက်ရှိပေမည်။ ကြီးလည်းမကြီး သေးလည်းမသေးလွန်းသော ကျောက်ချွန်းများ ကောင်းကင်သို့တိုးထွက်နေသယောင်ယောင်။ ကျွန်တော်သိသည့် ငှက်သိုက်ကျွန်းများမှာ မြိတ်ကျွန်းစုနှင့် တနင်္သာရီကမ်းရိုးတန်းတောင်ဘက်ပိုင်းတွင် သာရှိမည်ထင်ရာ အခုကဲ့သို့ ရခိုင်ကမ်းရိုးတန်းအစတွင်လည်း ရှိမည်ဟုမထင်မိပေ။ ပင်လယ်မှာ အပြောကျယ်လှလေသည်။

ထို့နောက် ပင်လယ်လေကွယ်ရာ တောင်များ၏အနောက်ဘက် လေငြိမ် ရေငြိမ်ကာ ငါးများရှိရာနေရာ၌ ကျွန်တော်တို့လှေငယ်နှစ်စီး ဂီယာမထိုးပဲစက်နှိုးထားလိုက်သည်။ ကျောက်ချ၍မရ အောက်ကရေအနက်မှာ လှေပေါ်မှာပါသော Echo Sounder အရ ၃၂ မီတာလောက်ပြနေသည်။ ကိုလှညိုပြောသည့်အတိုင်းပင် ရေကလည်းကြည်လင်လို့ ရေအောက်ဘယ်နေရာကိုကြည့်ကြည့် အပြာရောင်ချည်းဖြစ်နေသည်။ အပေါ်ကကောင်းကင်အပြာရောင်နှင့် အောက်ကရေအပြာရောင် များကြားထဲတွင် ရောက်နေသည်မှာ စိတ်ကိုကြည်နူးစေလေ၏။ နေရောင်ခြည်ကရေပြာထဲသို့ ထိုးလိုက်၍ အလင်းတန်းများ ဖြာထွက်သွားပုံမှာလည်း ရှုမငြီးအောင်ပင်။

ကျွန်တော်တို့လည်း အစီအစဉ်စကြပြီ။ ကျွန်တော်တို့အားလုံး ငါးစာအတွက် အသင့်ယူလာသော ပုစွန်အစိမ်းများကို ငါးမျှားချိတ်၌တပ်သည်။ ထို့နောက် ရေပြာပြာဘက်ဆီသို့ ကိုင်းတံကိုဝဲကာ လှမ်းပစ်လိုက်သည်။ “ဝှစ်”

ကနဲ လေခွဲသံနှင့်အတူ ကျွန်တော့်ငါးမျှားတံမှာတပ်ထားသော ပုစွန်သေ ရေပြာပြာထဲသို့ ဒိုင်ဗင်ထိုးသွားလေသည်။ မသိရင် ငါးမျှားချိတ်ကပုစွန်သည်လည်း ရေကူးနေသယောင်ယောင်။

အခုအချိန်အထိတော့ ငါးအုပ်များလည်းမတွေ့ရသေး ကျွန်တော်တို့ဆက်စောင့်နေရင်းနဲ့ နေကလည်း တိမ်များပေါ်သို့ တဖြည်းဖြည်းတက်နေလေ၏ မနက် ကိုးနာရီခွဲပြီ။ ငါးတစ်ကောင်မှ မရသေး။ အချိန်ကလည်းကုန်လို့ကုန်မှန်းမသိ။ လှေလေးပေါ်ကလူများမှာလည်း အတွေးကိုယ်စီနှင့် ငြိမ်သက်လို့။ ကျွန်တော်လည်း အရှေ့ကငှက်တောင်ပေါ်မှာ ဝဲပျံနေသော အမျိုးအမည်မသိ ပင်လယ်ငှက်များကို ငေးကြည့်နေမိ၏။ ငှက်အဖေနှင့် ငှက်အမေ များက အသိုက်ထဲမှာရှိသော သူတို့၏နီတာရဲရင်သွေးလေးများအတွက် အစာများကိုချီကာခွံကျွေးနေသည့်ပုံ ကျွန်တော့်မျက်လုံးထဲ မြင်ယောင်လာသည်။

ထိုအချိန်၌ တိတ်ဆိတ်ခြင်းကိုဖြိုခွဲ၍ ဦးလှစိန်က “အေးကွာ မင်းတို့ကိုငါ့စွန့်စားခန်း အကြောင်းပြောပြရဦးမယ်” ကျွန်တော်တို့အားလုံး၏ အကြည့်များသူ့ဆီ၌ ဆုံကြလေသည်။

“ငါတပ်ထဲမှာတုန်းကပေါ့ကွာ။ တစ်နေ့တနင်္သာရီကမ်းရိုးတန်း ရေးမြို့ ဘက်မှာကင်းလှည့်နေတုန်း ငါတို့သင်္ဘောအတွက် ငါရယ် ငါ့သူငယ်ချင်းတစ်ယောက်ရယ် ရိက္ခာရှာဖို့တာဝန်ကျတယ်။ သင်္ဘောပေါ်မှာကွာ ရေခဲစိမ်လာတဲ့ အသားတွေဟင်းသီး ဟင်းရွက်တွေချည်းပဲစားနေရတော့ ငါတို့တစ်ခါတစ်လေကျရင် လည်းကုန်းပေါ်ကလူတွေလို အသားငါး လတ်လတ်ဆတ်ဆတ် စားချင်ကြတာပေါ့။ အဲဒီတော့ သင်္ဘောပေါ်ကနေ ရာဘာဒင်ဂီ (လှေအသေးစား)လေးချ ပြီး ငါးရှိတဲ့ကျောက်ဆောင်တွေနားသွားပြီးတော့ ငါးမိုင်းခွဲ ပြီးဖမ်းတယ်။ ရလာတဲ့ငါး သင်္ဘောပေါ်မှာလည်းစား။ ပိုရင်လည်း အချိုးချပြန်ခွဲပေးနဲ့ပေါ့။ ဒီလိုနဲ့ ငါတို့နှစ်ယောက် ငါးကို ဒိုင်းနမိုက်နဲ့ခွဲတယ်။ ဒိုင်းနမိုက်ဆိုတာ နို့ဆီခွက်လွတ်ထဲမှာ ယမ်းမှုန့်သိပ်ထည့် ပြီးတော့ စနက်တံအလောတော်တပ် ပြီးတော့မှ ငါးအုပ်ထဲကို ပစ်ထည့်။ ပြီးတော့မှ ငါးအသေလိုက်ကောက် အဲဒီလိုဖမ်းတာ။ အခန့်မသင့်လို့ စနက်တံလက်ထဲမှာပေါက်ပြီး လက်ပြတ်တဲ့လူတွေလည်းရှိတယ်။ အဲဒီတော့ သတိထားရတာပေါ့ကွာ။ ငါတို့အဖြစ်က ငါးမိုင်းလည်းခွဲပြီး တအောင့်နေ ငါးလိုက်ကောက်မှ ပြဿနာတက်တော့တာပဲ”

“ဘယ်လိုပြဿနာလဲဗျ” ဒီစကားဝိုင်းမှာ အတက်ကြွဆုံးနားထောင်သူ စိုင်းစိုင်းက မေးတော့...

ဦးလှစိန်က “ဒီလိုကွ ငါတို့မိုင်းကြောင့် သေနေတဲ့ ငါးပါးနီတွေ ငါးကြက်တူ တွေအများကြီး။့ ငါတို့လည်းရေအောက်အထိဆင်း ပြီ်းတစ်ကောင်ပြီးတစ်ကောင် ရေငုပ်ပြီးလိုက်ကောက်နေတုန်း ငါရှေ့တည့်တည့်မှာ စပါးအုံးကြီးတစ်ကောင်ကွာ လုံးပတ်က ဝါးပိုးဝါးအကြီးစားလောက်ရှိတယ်။ အရှည်ကလည်း ဆယ်ပေကျော်တာပေါ့။ အဲကောင်ကြီးက ငါ့ကိုပါးစပ်ကြီးဟပြီး ကြည့်နေတာကွ။ သူကလည်း ငါးအသေတွေကိုလာစားတာ။ ငါလည်းဘာလုပ်ရမလဲမသိဘူး။ ပထမတော့ သတိလက်လွတ်ဖြစ်ပြီး အသက်ရှုပါရပ်သွားတယ်။ နောက်ကျမှ သတိဝင်တော့ လက်ထဲမှာလည်း ဓားမြှောင်တစ်ချောင်းပဲပါတယ်။ ငါလည်းအသင့်အနေအထားပေါ့... ဒီကောင်ကြီးကို ရင်ဆိုင်ဖို့။ ငါ့ကို စိုက်ကြည့်နေတယ်ကွ နောက်ပြီးကျတော့မှ ဘာစိတ်ကူးရတယ်မသိဘူး ဟိုဘက်လှည့်ပြီး ထွက်သွားတယ်ကွ။ သူ့ကို ရန်မမူလို့လည်းပါမှာပေါ့ ငါ့ကို ဘာမှမလုပ်ဘူး။ အဖြစ်အပျက်က မိနစ်ဝက်လောက်ပဲရှိမယ်။ ဒါပေ့မယ့် ငါ့အတွက်ကတော့ တစ်ကမ္ဘာလောက်ကြာတယ် ထင်ရတာ။ တော်သေးတာပေါ့ကွာ ငါလည်းစိတ်ထဲမှာ ရှိသမျှဘုရားတွေတ တာ ဗမာပြည်ကတန်ခိုးကြီးဘုရားတွေလည်း ကုန်ရော”

“ဟား ဟား ဟား...” ထိုအခါကြမှပဲ အားလုံးပေါ့ပေါ့ပါးပါး ဖြစ်သွားပါသည်။ ဒီလိုပါပဲ ဘဝမှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေလည်း ပြန်ပြောတဲ့အခါမှာ ထူးဆန်းစွာ ရီစရာကောင်းနေတတ်သည်။

“ဒါနဲ့ ငမန်းနဲ့ရောတွေ့ဘူးလား ဦး” ကျွန်တော့်သူငယ်ချင်း အောင်သူကဝင်မေးသည်။

“တွေ့ဘူးတယ်ကွ။ ကျားငမန်းအုပ်နဲ့ ၁၀ ကောင်လောက်ရှိမယ်။ ငါတို့က သင်္ဘောပေါ်မှာ ဒီကောင်တွေကရေထဲမှာ။ ငါတို့ဘယ်လိုဖမ်းလည်း သိလား။” ဦးလှစိန်ကပြန်ဖြေသည်။

“ဘယ်လိုဖမ်းလဲဗျ။ မှိန်းနဲ့လား” ကျွန်တော်ဝင်မေးကြည့်သည်။

“မဟုတ်ဘူးကွ၊ တစ်ကောင်လောက်ကို ဂျီ (၃) နဲ့ ပစ်လိုက်တယ်။ အဲဒီအချိန်ကျရင် သွေးညှီနံ့ရတော့ အဲဒီအကောင်ကို ကျန်တဲ့အကောင်တွေက ဝိုင်းခဲ။ သူတို့အချင်းချင်းကိုက်ကုန်ကြရောကွာ။ ပြီးတော့မှ ငါးမန်းအသေတွေကို ငါတို့လိုက်ကောက်တာပေါ့။ ကျားငမန်းတွေက အဲဒီအတိုင်းပဲကွ အရမ်းကြမ်းတယ်.... သွေးညှီနံ့ရလို့ကတော့ အချင်းချင်းလည်းချမ်းသာမပေးဘူး ”

“ကျားငမန်းမှ မဟုတ်ပါဘူးဗျာ။ လူတွေကြတော့ရော။ ငွေညှီနံ့ ရတာနဲ့.....” ကျွန်တော့်စိတ်ထဲမှာ ရေရွတ်နေမိသည်။

အဲဒီအချိန်မှာ နောက်လှေတစ်စီးမှ လှမ်းအော်၍ပြောသည်။

“ကဲ ဘယ်နှစ်ကောင်ရကြပြီလဲ ဟေ့” ကျွန်တော်တို့အားလုံး လက်ခါ ခေါင်းခါပြကြသည်။

ထိုအချိန်တွင်ပဲ ကျွန်တော့်လက်ထဲက ငါးမျှားချိတ်တွင် ရေအောက်က အရာဝတ္ထုတစ်ခုက ဖြေးဖြေးလေး လာဆွဲသလို ခံစားရသည်။
ကျွန်တော် အားရဝမ်းသာ ထအော်လိုက်သည်။ “ဆွဲပြီဗျို့.....” လှေလေးပေါ်၌ အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ပထမဦးဆုံး တွတ်ခြင်းဆိုတော့ အားလုံးက မိစေချင်ကြသည်။ “မလောနဲ့ ဖြေးဖြေး” “ငါးမျှားကြိုးကို အလိုက်သင့်လျှော့ပေး” ကျွန်တော့်ကို အားလုံးကဝိုင်းပြောကြသည်။

ကျွန်တော့်လက်ထဲက ငါးမျှားတံပြန်ပေါ့သွားသည်။ မဆွဲနဲ့ ဦး။ စိတ်ထဲတွင် ရေရွတ်နေမိသည်။ ဤ အချိန်တွင်လောကြီး၍မဖြစ်။ ငါးများကလည်း လည်သည်။ မိပြီထင်၍ ဆွဲလိုက်ကာမှ လွတ်သွားတတ်သည်။

ငါးစက္ကန့်လောက်ငြိမ်ပြီးတော့ ဆွဲအားကကြမ်းလာသည်။ ရေအောက်ကငါးသည်လည်း ပုစွန်အစာကို ဆောင့်ဆွဲကာ ကူးပြေးလေတော့သည်။ ကျွန်တော်လည်း ကြိုးကိုအလိုက်သင့် လျှော့ပေးလိုက် တင်းပေးလိုက်နှင့် ငါးနှင့်ကစားလိုက်သည်။ ချိတ်တွင်သေချာမိပြီဆိုမှ ကြိုးကိုတရစ်ချင်းစီရစ်၍ တင်လိုက်သည်။ ကျွန်တော့်လှုပ်ရှားမှုတွေလည်း တက်ကြွနေလေသည်။ ငါးလည်း ရေထဲမှပေါ်လာပါပြီ။ လူကြီး လက်တစ်ဝါးကျော်ကျော်လောက်ရှိသော ငါးပါးနီလေးတစ်ကောင်။ အားလုံးက ပထမဦးဆုံးရသည့်ငါးဆိုတော့ အထူးအဆန်းအနေနှင့် ဝိုင်းကြည့်ကြသည်။ ကျွန်တော် ပင်လယ်၌ ပထမဆုံးရဘူးသော ငါးလည်းဖြစ်သည်။ ထို့နောက် ဆက်မျှားကြရာ တစ်ယောက်ကို ငါး နှစ်ကောင်လောက်ရသည့်နောက် ကျွန်တော်တို့ရပ်လိုက်ကြသည်။

ထိုငှက်တောင်မှနေ၍ ကျွန်တော်တို့လှေနှစ်စီး ငွေဆောင်ဘက်သို့ ၁၅ မိနစ်ခန့်မောင်းသောအခါ ကျွန်းတစ်ကျွန်းဆီ သို့ရောက်သွားသည်။ ကျောက်တောင်များပေါ်မှ ထုံးဖြူဖြူစေတီလေးတစ်ဆူ၊ မြန်မာတို့၏ ကြည်နှုးဖွယ်ရာဓလေ့က လူသူမရှိသည့် ကျွန်းပေါ်မှာလည်းတွေ့ရလေသည်။ ကျွန်တော်တို့လှေကို ကျွန်း၏ ကျောက်ဆောင်များနည်းရာနေရာမှ ကျွန်းသို့ကပ်၍ ကျောက်ချထားခဲ့သည်။ ကျွန်တော်တို့လူစုလည်း ကျွန်းပေါ်သို့တက်၍ ဟိုဟိုဒီဒီ စပ်စုကြသည်။

တံငါတဲလေးတစ်တဲ တွေ့လေ၏။ တဲလေး၏ ဘေးဝန်းကျင်သောင်ပြင်ပေါ်တွင် ငါးရိုးများ၊ သံပခြုပ်ခွံများက ပြန့်ကြဲနေသည်။ ခနော်နီ ခနော်နဲ့ တဲလေးအတွင်း၌ တံငါသည် နှစ်ယောက်စကားပြောနေသည်။ သူတို့၏ ဆံပင်များက နေလောင်ဖန်များကာ နီကြောင်၍ ဖွာလန်ကြဲနေလေသည်။ အသားများမှာလည်း ဆားငံလေ၊ ရေနှင့် နေဒဏ်ကြောင့် မည်းသည့်အပြင် ပြာနှမ်းနေလေသည်။ သူတို့ဝတ်ထားသည်မှာလည်း ဒဏ်ရာဗရဗွ အင်္ကျီနှင့် ပုဆိုးနွမ်း။ ခြုံကြည့်လိုက်ရင် ချို့တဲ့လှ၏။ သို့သော် သူတို့၏ မျက်နှာများမှာ မြို့သားတို့၏ ပူလောင်မှုဒဏ်မရှိ။ အပြောအဆိုကလည်း ဟန်လုပ်ခြင်းမရှိ။ အရှိကို အရှိအတိုင်း။ ရှင်းရှင်းနှင့် ဘွင်းဘွင်း။ ဤလူမရှိသည့် ကျွန်းပေါ်တွင် မီးမလာလို့လည်း စိတ်ညစ်စရာမရှိ။ ဇိမ်ခံပစ္စည်းဆိုလို့လည်း နတ္ထိ။ ဗိုက်ဆာလို့လည်း ဝယ်စားစရာ ဆိုင်မရှိ။ အပျင်းပြေ ကာရာအိုကေလည်းမရှိ။ သို့သော်

သူတို့လက်ထဲ၌ ပင်လယ်ကြီးတစ်ခုလုံးရှိလေသည်။ သူတို့အလိုရှိတိုင်း ဝမ်းစာအတွက် ကြိုက်သလောက်ဖမ်းယူနိုင်သည်။ တစ်ခုတော့ရှိသည် ကိုယ့်အားကိုယ်ကိုးကာ ကိုယ့်ငါးကိုယ်ဖမ်းရမည်။ သဘာဝကိုအံတုနိုင်ဖို့ ကျောက်ဆောင်လိုစိတ်ဓာတ်လိုသည်။

သူတို့နှင့်ယှဉ်တော့မှ ကိုယ့်ဘဝကိုယ်ပြန်စဉ်းစားမိသည်။

ပုစွန်စာတွေနောက်ကိုလိုက်ရင်း လိုက်ရင်း....

ငွေညှီနံ့ များနဲ့ကိုက်ရင်း....

ကျွန်တော့်ကိုယ်ထဲက ရွှေဝါရောင်အကြေးခွံတွေထွက်လာသည်။

နားရွက်နောက်မှာ ပါးဟတ်လည်းထွက်လာသည်။

ခြေထောက်အစား ရေယက်ထွက်လာသည်။

ကျောကလည်း ဆူးတောင်များနှင့်

ကျွန်တော်သူငယ်ချင်းများကို လှည့်ကြည့်၍နှုတ်ဆက်လိုက်သည်။

မထူးတော့.......

ကျွန်တော်သည်လည်း အမျှားခံရသော ပင်လယ်မုဆိုးတစ်ယောက် ဖြစ်ကြောင်းကိုတော့

ဘယ်သူမှမသိခင်

ပင်လယ်ပြာထဲသို့ ဒိုင်ဗင်ထိုးချလိုက်ကာ

ဟိုးအရှေ့မှာမြင်နေရသော ငါးမျှားချိတ်က ပုစွန်ကိုသာ မရရအောင်လိုက်ဟပ်တော့မည့် အကြောင်း.....။

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. သဘောကျတယ်။
    ဆရာမောင်ချောနွယ်ရဲ့ ငါးကဗျာကို သတိရသွားတယ်.

    ReplyDelete