Friday, August 31, 2007

စည်းကမ်းဆိုသည့်တန်ဖိုး

စည်းကမ်းဆိုသည် လူ့တန်ဖိုး

စည်းကမ်းမရှိ တန်ဖိုးမရှိ

စည်းကမ်းကြီးလေ တန်ဖိုးရှိလေ

သို့သော်



ဒီနေ့ ကျွန်တော် ဘတ်စ်ကားကို အပေါ်ထပ်ကစီးလာရင်းနဲ့ မြင်ရတဲ့မြင်ကွင်းတစ်ခုပါ။

အဘိုးကြီးတစ်ယောက်က လမ်းဘေးပလက်ဖောင်းပေါ်ကနေ ကျွန်တော်စီးလာတဲ့ ဘတ်စ်ကားကိုတားပါသည်။ လမ်းပိတ်လို့ရပ်ထားတုန်းမှာ တားခြင်းဖြစ်ပါသည်။ သူတားတာလည်း မှတ်တိုင်နှင့် ဝါးတစ်ရိုက်အကွာ လောက်တွင်ရှိသည်။ ကားတံခါးလေးဖွင့်ပေးဖို့ ဒရိုင်ဘာကို အပြင်ကနေ လက်ဟန်ခြေဟန်နဲ့ပြောပါသည်။

ဒါပေမယ့် ဘတ်စ်ကား ဒရိုင်ဘာက တံခါးမဖွင့်ပေးပါ။ မှတ်တိုင်ကို လက်ညိုးထိုးပြပြီး အဲဒီကြမှတတ်ဆိုတဲ့သဘော ကားထဲမှ လက်ဟန်ခြေဟန်နှင့် ပြန်ပြောပြပါသည်။ စကားပြောဖို့တောင် ရှေ့တံခါးမဖွင့်။ သူကစည်းကမ်း လိုက်နာခြင်းဖြစ်ပါသည်။ စည်းကမ်းက ဘတ်စ်ကားသည် မှတ်တိုင်တွင်ပဲ လူအတင်အချ လုပ်ရမည်ဟူ၍။

အဘိုးကြီး ခေါင်းတစ်ချက်ညိတ်သည်။ ထို့နောက် မှတ်တိုင်ဘက်ကို ဦးတည်ပြီး လမ်းဆက်လျှောက်သည်။ သူရဲ့ခြေတစ်လှမ်း လှမ်းသည့်အကွာအဝေးမှာ တကယ့်ခြေတစ်ဖဝါးစာသာရှိပါသည်။ တုန်တုန်ရီရီ ဖြစ်နေပါပြီ။ အသက်ကြီးလို့ လမ်းကောင်းစွာ မလျှောက်နိုင်တော့ပါ။

ထိုအချိန်တွင် ကားလမ်းရှင်းသွားပါသည်။ ကားဆရာက ကားကိုဆက်မောင်းကာ မှတ်တိုင် တွင်ရပ်ပါသည်။ လူအတင်အချ လုပ်ပါသည်။ သို့သော် ထိုအဘိုးကြီးမှာ ထိုအချိန်အထိ ကားမှတ်တိုင်ဆီသို့ မရောက်သေးပါ။ ကျွန်တော် အဘိုးကြီးရှိရာကားနောက်သို့ ပြန်လှမ်းကြည့်မိသည်။ တုန်ချိစွာဖြင့် ကားရှိရာသို့ လျှောက်လာတုန်း ရှိပါသေးသည်။ ကားဆရာက ကားကို ဆက်လက်မောင်းထွက်ပါသည်။ အဘိုးကြီးကိုမစောင့်ပါ။

သူသည် ကားရှိရာသို့ မှိုင်တွေးငေးမောကြည့်ကာ ကျွန်တော့်မြင်ကွင်းမှ ဝေး၍ ဝေး၍ ကျန်ခဲ့လေသည်။

ကားဆရာသည် စည်းကမ်းရှိသူတစ်ယောက်ဖြစ်ပါသည်။

စာအုပ်ထဲကအတိုင်း လိုက်နာကာ သူကိုယ်တိုင် စာအုပ်ထဲတွင် ချောင်ပိတ်ကာ ထွက်ပေါက်ပျောက်နေသည်ဟု ကျွန်တော်ထင်မိပါသည်။

အကယ်၍ သင်သာ ကားဆရာဆိုလျှင်?

3 comments:

  1. မှန်လားမှားလားတော့ မသိဘူး..
    အဲဒီလိုစာအုပ်ကြီးအတိုင်းလိုက်လုပ်ပြီး စာနာမှုမရှိတဲ့လူတွေကိုမကြိုက်ဘူး..
    အဲဒါစည်းကမ်းရှိတာမဟုတ်ဘူး .တစ်ယူသန်ဆန်တာလို့မြင်တာပဲ..
    စည်းကမ်းဆိုတာ လူတွေက လူအချင်းချင်း ပဋိပခ မဖြစ်အောင် စပြီးသတ်မှတ်ခဲ့ကြတာ လို့ထင်တာပဲ .. အဲဒီ့ စည်းကမ်းကို လိုက်နာတဲ့အခါမှာ လှေနံဓါးထစ် လုပ်ပြီး အခုလိုမျိုးလုပ်တာ တော့ စိတ်မကောင်းစရာပဲနော်..
    ခုကိစမှာ တားတဲ့သူက သာမန်သန်သန်စွမ်းစွမ်းဆိုယင်တော့ ကားမောင်းသူလုပ်တာ သူဝတရားပေါ့လေ ..

    အိတော့ အရာရာကို စာအုပ်နဲ့တိုင်းပြီး စည်းတစ်ခုတိုင်းကို ဘယ်အခြေအနေမဆို အသုံးချလို့ရတယ်ဆိုတဲ့ လှေနံဓါးထစ်အယူမျိုးကို သဘောမကျတာ အမှန်ပဲ.

    တိုက်ဆိုင်လို့ အဖြစ်အပျက်လေး တစ်ခု သတိရလို့ ပြောပြမယ်နော် . .ကမ္ဘာ့ဘဏ်က ဆင်းရဲနိုင်ငံတွေကို ပိုက်ဆံ ချေးတာ မှာ အဲဒီပိုက်ဆံတွေရဲ့ ရာခိုင်နှုန်းတစ်ချို့က နိုင်ငံခေါင်းဆောင်တွေရဲ့ အိပ်ကပ်ထဲ တစ်နည်းနည်းနဲ့ရောက်သွား တာ အားလုံးကသိနေကြတယ်.. အကူအညီတော်တော်များများက တကယ်လိုအပ်တဲ့သူတွေဆီ လိုအပ်တဲ့နေရာတွေဆီကို အကြွင်းအကျန်လောက်သာရောက်တာများပါတယ် ..

    အဲဒီ မှာ အခုလိုကူညီတာက ငွေအလွဲသုံးစားလုပ်မှု .. စည်းကမ်းပျက်မှုတွေကို အားပေးတယ်ဆိုပြီး အကူအညီတွေကို ရပ်စဲသင့်သလား ..
    ဒီနေရာမှာ အားလုံးက သိသိနဲ့ပဲ ဆက်ကူညီနေကြတာပါပဲ .. အဲဒီမှာ စည်းကမ်းဆိုတာကို တယူသန်စွဲနေပြီး အကူအညီလိုနေတဲ့သူတွေကို ပစ်ပယ်ထားလို့ မသင့်ပါဘူး..
    စည်းကမ်းတွေဟာ ပုံမှန်အခြေအနေမှာ လိုက်နာတာ အကောင်းဆုံးပါ .. ဒါပေမယ့် စဉ်းစားချင့်ချိန်ပြီးမှ လိုက်နာတာ ပိုကောင်းတယ် လို့ထင်ပါတယ် ..
    ------------
    ခုလိုတွေးစရာ post အတွက်ကျေးဇူး

    ReplyDelete
  2. တခါတလေတော့လည်း စည်းကမ်းဆိုတာ ၊ ကြင်နာတတ်ခြင်းနဲ့ ခုလို conflict ဖြစ်တဲ့အခါ ၊ လူဆိုတာ တာဝန် နဲ့ ၀တ္တရားကို ဦးစားပေးရတယ် ။ ဘာလို့လဲဆိုတော့ တာဝန် နဲ့ ၀တ္တရားက တခြားလူတွေကိုပါ အကျိုးသက်ရောက်စေတယ် ။

    ဥပမာ.. ကားဆရာဟာ သူ့ ကားကို မှတ်တိုင်မှာရပ်ပြီး ၊ အဘိုးအိုကို စောင့်လိုက်မယ်ဆိုရင် ၊ သူ့ ကားပေါ်မှာ ရှိနေတဲ့ ခရီးသည်တွေရဲ့ အချိန်ကို မလေးစားရာ ရောက်သွားနိုင်တယ် ။ ဒါကြောင့် သူဟာ သူ့ တာဝန်ကို ဦးစားပေးခဲ့တယ်လို့ တို့မြင်တယ် ။

    တို့သာ ကားဆရာဖြစ်ခဲ့ရင်.. လူအများဆုံးကို အကျိုးသက်ရောက်စေတဲ့ ရလဒ်ကို ဖြစ်ပေါ်စေတဲ့ ၊ အကြောင်းအရာကို ပိုဦးစားပေးမိမယ် ။

    အဖြစ်အပျက်လေးတခုကနေ အတော်ကောင်းတဲ့ အတွေးတခု ဖြစ်လာအောင် ၊ လမ်းပြထားတာတွက် I truly appreciate this post.

    ReplyDelete
  3. မဂျစ် ကျွန်တော့် မက်ဆေ့ဂ်ျကို မရဘူးနဲ့တူတယ်ဗျ။ ကျွန်တော်ပြောချင်တာ ကြင်နာတတ်ခြင်းနဲ့ တာဝန် ဝတ္တရား ရင်ဆိုင်တွေ့တာမဟုတ်ပါဘူး။ တကယ်လို့ ရင်ဆိုင်တွေ့တယ်ဆိုရင်တောင် ကားဆရာရဲ့ တာဝန်ကဘာလဲ?
    သူရဲ့ တာဝန်ကခရီးသည်တွေကို သူတို့သွားလိုတဲ့နေရာကို လုံခြုံတိကျစွာနဲ့ မှန်ကန်မြန်ဆန်စွာ ရောက်အောင်ပို့ပေးဖို့ပါ။ အဲဒီခရီးသည်ထဲမှာမှ ဦးစားပေးအဆင့်ဆိုတာရှိပါတယ်။ ဒါကြောင့်မို့ ကားတွေပေါ်မှာ အသက်ကြီးတဲ့ လူကြီးတွေကို ဦးစားပေးဖို့ မျက်မမြင်တွေ၊ ဗိုက်ကြီးသည်တွေကို ဦးစားပေးဖို့ အဆင့်တွေသတ်မှတ်ထားတာပါ။ ဘာလို့လဲဆိုတော့ သူတို့ကသာမန်လူတွေလို သွက်လက်ပေါ့ပါးစွာ မလှုပ်ရှားနိုင်တော့ လူလူချင်း ဦးစားပေးပြီး လေးလေးစားစား ဆက်ဆံကြတာပါ။ ဒါကြောင့်မို့ ဘတ်စ်ကားတွေပေါ်မှာ mrt တွေပေါ်မှာ ဦးစားပေးဆိုပြီး ထိုင်ခုံတွေသတ်မှတ်ပေးထားခြင်းအားဖြင့် လူသားချင်းစာနာထောက်ထားတတ်တဲ့ လူလူချင်းရိုင်းပင်းကူညီတဲ့ ဓလေ့တိုးတက်အောင် အားပေးထားခြင်းပါ ခင်ဗျာ။

    အဲဒီအချိန်မှာ ကားက လမ်းပိတ်လို့ အကြာကြီးရပ်ထားပါတယ်။ ကားမောင်းနေတဲ့ အချိန်ဆိုရင် ကျွန်တော်မပြောလိုပါဘူး။ ကားဆရာအတွက်ခလုတ်ကလေးနှိပ်ပြီး တံခါးဖွင့်ဖို့ပဲလိုအပ်ပါတယ်။ ကျွန်တော်ထင်ပါတယ်။ အဲဒီအချိန်မှာ အဘိုးကြီးကိုတင်တဲ့ အတွက် ခရီးသည်တွေအားလုံးက ဒရိုင်ဘာရဲ့စိတ်ဓာတ်ကို လေးစားသွားမှာပါ။ အခုတော့ ဒရိုင်ဘာရဲ့ အပြုအမူကြောင့် စည်းကမ်းကြီးလှပါတယ်(ပြောကြတာပဲ) ဆိုတဲ့ ကားပေါ်က စင်္ကာပူလူမျိုးတွေ အကုန်လုံးစုတ်တသပ်သပ် ဖြစ်သွားပါတယ်။

    အဲဒီအချိန် မှာ ကျွန်တော်တို့ စစ်တိုက်နေတာမဟုတ်ပါဘူး။ ကားပေါ်မှာလည်း အရေးကြီးလူနာ မပါပါဘူး။ အလွန်ဆုံးနောက်ထပ် ၅ မိနစ်လောက်စောင့်လိုက်တာနဲ့ ကားပေါ်ကလူတွေအားလုံးအတွက် ထူးထူးခြားခြား အကျိုးမယုတ်နိုင်ပါဘူး။
    ဦးစားပေးအဆင့်လို့သာပြောရရင် အဘိုးကြီးက ပထမပါ။ သူ့ပုံစံက နွမ်းပါးပါတယ်။ တက်စ်ဆီဖိုးလည်း တတ်နိုင်ပုံမပေါ်ပါဘူး။ သူသာတတ်နိုင်ရင် အခုလို လမ်းကောင်းကောင်းမလျှောက်နိုင်မယ့်အချိန်မှာ ဘတ်စ်ကားစီးမှာ မဟုတ်ပါဘူး။ သူလမ်းကားဂိတ်ကို လမ်းလျှောက်နေတဲ့ပုံကို မဂျစ်မမြင်ရဘူးဗျ။ ကျွန်တော့်မျက်လုံးထဲမှာတော့ သူမြေညီလမ်းမှာလမ်းလျှောက်နေရတာ ဧဝရတ်တောင်တက်နေရသလိုပါပဲ။ ကျွန်တော်လည်း ခြေထောက်ခွဲ ဘူးလို့ ၆ လလောက် လမ်းကောင်းကောင်းမလျှောက်နိုင်ခဲ့ပါဘူး။ ဂျိုင်းထောက်နဲ့လျှောက်နိုင်တဲ့ သန်သန်မာမာကျွန်တော်တောင် အဲလိုအချိန်မှာ လမ်းလျှောက်ရတာဟာ လွယ်မလိုနဲ့ ခက်ခဲမှန်း သိရတာပါ။ အဲဒီအချိန်မှာ ဘေးကကိုယ့်ကိုစောင့်ခေါ်တွဲခေါ်တဲ့လူရှိရင် စေတနာထား ပြီးရိုင်းပင်းသူတွေရှိရင် အားတက်ခဲ့ဘူးပါတယ်။

    အဘိုးကြီးအတွက် အခုလိုအချိန်မှာ သူ့ကို လူသားချင်း စာနာကြောင်း၊ အသက်ကြီးလို့ မသန်စွမ်းတဲ့ အချိန်မှာ ပတ်ဝန်းကျင်က လူတွေက ဖေးမကူညီကြောင်းလေး သူသိလိုက်ယုံနဲ့တင် သူလူဖြစ်ရကျိုးနပ်သွားပါပြီ။ သူ့စိတ်ဓာတ်ခွန်အား အတွက် လူလူချင်း စာနာထောက်ထားမှုလေးတွေပဲ ဒီအရွယ်မှာမျှော်ကိုးတတ်ကြပါတယ်။ အဲဒီအဘိုးကြီးနေရာမှာ ဥပမာ- လီကွမ်ယုက တားတယ်ဆိုရင်တော့ စည်းကမ်းလိုက်နာပါတယ်ဆိုတဲ့ ဒရိုင်ဘာတွေ ဘယ်လိုနေမလဲမသိဘူး။

    နိုင်ငံတစ်နိုင်ငံအတွက် စည်းကမ်းက နိုင်ငံသားတိုင်း လိုက်နာရမယ်ဆိုပေမယ့် တလွဲဆံပင်ကောင်းတဲ့ စည်းကမ်းတွေဆိုရင် နိုင်ငံသားတွေက ပြင်ဆင်နိုင်စွမ်းရှိရပါမယ်။ အစိုးရက ဒီစည်းကမ်းလိုက်နာရမယ်ဆိုလို့ မျက်ကန်းတစ္ဆေမကြောက် လိုက်နာတိုင်း နိုင်ငံသားကောင်းမပီသပါဘူး။ အမြဲတမ်း လူသားတိုင်းအတွက် အကြိုးရှိမယ့် စည်းကမ်းကို ပြည်သူတွေကပဲ ပဲ့တင်ရိုက်နိုင်ပါတယ်။ အစိုးရကလည်း သူချမှတ်တဲ့စည်းကမ်း သူကိုယ်တိုင်လိုက်နာရမှာဖြစ်သလို၊ စည်းကမ်းတွေဟာ ပြည်သူတွေအတွက် အံ့ဝင်ခွင်ကျဖြစ်လား ဘယ်နားပြင်သင့်လည်း ဘာတွေကောင်းအောင်လုပ်ပေးသင့်လဲ လွှတ်တော်နဲ့အမြဲတမ်း တိုင်ပင်နေရမှာပါ။
    စည်းကမ်းတွေကို ကျွန်တော်တို့ မလိုက်နာရဘူးမဟုတ်ဘူး လိုက်နာရမှာပါ။ ဒါပေမယ့် အခုလို လိုအပ်တဲ့ အချိန်ကြရင်တော့ စည်းတွေ ဘောင်တွေကို ရိုက်ချိုးရဲတဲ့ ပျော့ပျောင်းတဲ့စိတ်ဓာတ်သတ္တိ လူသားတိုင်းအတွက်လိုအပ်ပါတယ်။

    ကျွန်တော်တော့ ဒီနိုင်ငံမှာ ကိုယ့်အဘိုးအရွယ်တွေ၊ အဘွားအရွယ်တွေ ဟော်ကာစင်တာမှာ ပန်းကန်လိုက်သိမ်းနေတာတို့ အိမ်သာမှာသန့်ရှင်းရေးလုပ်နေတာတို့ မြင်ရတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲဗျာ။ ကျွန်တော်တို့နိုင်ငံမှာလည်း အဘိုးအရွယ် အဘွားအရွယ်တွေ ငြိမ်းငြိမ်းချမ်းချမ်းတရားအားထုတ်နေတဲ့လူတွေရှိသလို တောင်းစားနေတဲ့ အဘိုးအဘွားတွေလည်း အများကြီးပါ။ ဒါပေမယ့် အဘိုးအရွယ် အဘွားအရွယ်တွေ လမ်းမပေါ်မှာ စည်းကမ်းမဲ့ တောင်းနေတာလည်း တတ်နိုင်တဲ့လူက တတ်နိုင်သလောက် ကူညီကြပါတယ်။ စည်းကမ်းမဲ့ လိုက်တောင်းနေလို့လည်း ဘယ်သူမှအရေးမယူပါဘူး။ ကိုယ့်နိုင်ငံ စီးပွားရေးစနစ်ကြောင့်ဆိုတာ လူတိုင်းသိပါတယ်ဗျာ။ ဒါပေမယ့် စီးပွားရေးစနစ်ကောင်းလှပါတယ်ဆိုတဲ့ ဒီနိုင်ငံကြီးမှာ အဘိုးတွေ အဘွားတွေ အိမ်သာဆေး သူများစားပြီးသားစားပွဲလိုက်ရှင်းနဲ့ ကျွန်တော်ကတော့ ကျွန်တော်တို့နိုင်ငံက အဘိုးအဘွားတွေကမှ သက်ကြီးသူကိုရိုသေရကောင်းမှန်းသိတဲ့ မြန်မာနိုင်ငံမှာ စနစ်မကောင်းတာတောင် အပုံကြီးသာသေးတယ်လို့ပြောချင်ပါတော့တယ်ဗျာ။

    ဒီပို့စ်ရေးတုန်းက ကျွန်တော်တမင်တကာ အပြည့်အစုံမရေးပဲချန်ထားတာပါ။ ဖတ်တဲ့လူတွေ ဖြည့်စွက်တွေးနိုင်အောင်လို့ပါ။

    ReplyDelete