Friday, August 31, 2007

စည်းကမ်းဆိုသည့်တန်ဖိုး

စည်းကမ်းဆိုသည် လူ့တန်ဖိုး

စည်းကမ်းမရှိ တန်ဖိုးမရှိ

စည်းကမ်းကြီးလေ တန်ဖိုးရှိလေ

သို့သော်



ဒီနေ့ ကျွန်တော် ဘတ်စ်ကားကို အပေါ်ထပ်ကစီးလာရင်းနဲ့ မြင်ရတဲ့မြင်ကွင်းတစ်ခုပါ။

အဘိုးကြီးတစ်ယောက်က လမ်းဘေးပလက်ဖောင်းပေါ်ကနေ ကျွန်တော်စီးလာတဲ့ ဘတ်စ်ကားကိုတားပါသည်။ လမ်းပိတ်လို့ရပ်ထားတုန်းမှာ တားခြင်းဖြစ်ပါသည်။ သူတားတာလည်း မှတ်တိုင်နှင့် ဝါးတစ်ရိုက်အကွာ လောက်တွင်ရှိသည်။ ကားတံခါးလေးဖွင့်ပေးဖို့ ဒရိုင်ဘာကို အပြင်ကနေ လက်ဟန်ခြေဟန်နဲ့ပြောပါသည်။

ဒါပေမယ့် ဘတ်စ်ကား ဒရိုင်ဘာက တံခါးမဖွင့်ပေးပါ။ မှတ်တိုင်ကို လက်ညိုးထိုးပြပြီး အဲဒီကြမှတတ်ဆိုတဲ့သဘော ကားထဲမှ လက်ဟန်ခြေဟန်နှင့် ပြန်ပြောပြပါသည်။ စကားပြောဖို့တောင် ရှေ့တံခါးမဖွင့်။ သူကစည်းကမ်း လိုက်နာခြင်းဖြစ်ပါသည်။ စည်းကမ်းက ဘတ်စ်ကားသည် မှတ်တိုင်တွင်ပဲ လူအတင်အချ လုပ်ရမည်ဟူ၍။

အဘိုးကြီး ခေါင်းတစ်ချက်ညိတ်သည်။ ထို့နောက် မှတ်တိုင်ဘက်ကို ဦးတည်ပြီး လမ်းဆက်လျှောက်သည်။ သူရဲ့ခြေတစ်လှမ်း လှမ်းသည့်အကွာအဝေးမှာ တကယ့်ခြေတစ်ဖဝါးစာသာရှိပါသည်။ တုန်တုန်ရီရီ ဖြစ်နေပါပြီ။ အသက်ကြီးလို့ လမ်းကောင်းစွာ မလျှောက်နိုင်တော့ပါ။

ထိုအချိန်တွင် ကားလမ်းရှင်းသွားပါသည်။ ကားဆရာက ကားကိုဆက်မောင်းကာ မှတ်တိုင် တွင်ရပ်ပါသည်။ လူအတင်အချ လုပ်ပါသည်။ သို့သော် ထိုအဘိုးကြီးမှာ ထိုအချိန်အထိ ကားမှတ်တိုင်ဆီသို့ မရောက်သေးပါ။ ကျွန်တော် အဘိုးကြီးရှိရာကားနောက်သို့ ပြန်လှမ်းကြည့်မိသည်။ တုန်ချိစွာဖြင့် ကားရှိရာသို့ လျှောက်လာတုန်း ရှိပါသေးသည်။ ကားဆရာက ကားကို ဆက်လက်မောင်းထွက်ပါသည်။ အဘိုးကြီးကိုမစောင့်ပါ။

သူသည် ကားရှိရာသို့ မှိုင်တွေးငေးမောကြည့်ကာ ကျွန်တော့်မြင်ကွင်းမှ ဝေး၍ ဝေး၍ ကျန်ခဲ့လေသည်။

ကားဆရာသည် စည်းကမ်းရှိသူတစ်ယောက်ဖြစ်ပါသည်။

စာအုပ်ထဲကအတိုင်း လိုက်နာကာ သူကိုယ်တိုင် စာအုပ်ထဲတွင် ချောင်ပိတ်ကာ ထွက်ပေါက်ပျောက်နေသည်ဟု ကျွန်တော်ထင်မိပါသည်။

အကယ်၍ သင်သာ ကားဆရာဆိုလျှင်?

Monday, August 27, 2007

လုငယ်နှင့်အကြောက်တရား

“ဟဲ့ ကောင်လေး ဒါမလုပ်နဲ့ဆို လုပ်တယ် ကဲမှတ်ပလား.... ဒေါက်” ကျွန်တော့်ဘေးက ကောင်လေးကို သူ့အမေက ကြိမ်းမောင်း၍ ခေါင်းခေါက်လိုက်ခြင်းဖြစ်ပါသည်။ ကလေးက ငယ်သေးသည် ၁၀နှစ်သားလောက်ပဲရှိဦးမည်။ ကလေးသဘာဝ အငြိမ်မနေ ဟိုဆော့ ဒီဆော့လုပ်နေရင်း၊ စပ်စုရင်း ဟိုပစ္စည်းလည်းစူးစမ်း ဒီပစ္စည်းဆိုလည်း စူးစမ်းကာ လျှောက်ကိုင်နေသောကြောင့် အခေါက်ခံရခြင်းဖြစ်သည်။

အိုးကောင်းဖို့ နာနာခတ်ရမည် မှန်သည်။

သို့သော် အခတ်လွန်၍ ကွဲသွားသော အိုးများမည်မျှရှိ ပြီနည်း။

ကျွန်တော်တို့ငယ်ငယ်ကလည်း ခဏခဏ အရိုက်ခံရသည်။ အထူးသဖြင့် စကားနားမထောင်၍၊ အိမ်စာမပြီး၍၊ အဆော့သန်လွန်း၍ ကျောပြင်ဗျောတင်ခံရလေသည်။ သို့ပေမယ့်လည်း ရိုက်တုန်းခဏပင်။ ဆော့မြဲဆော့သည်။ အိမ်စာဆိုလည်း မလုပ်သည့်အခါမလုပ်။ ကလေးသူငယ်များကို ရိုက်တိုင်း အကျိုးတရားမဖြစ်ထွန်းနိုင်ပါ။ ရိုက်နှက်ခြင်းဖြင့် ပေကပ်ကပ် ဂျစ်ကန်ကန်နှင့် ခေါင်းမာသော ကလေးများသာ များပြားလာပေလိမ့်မည်။ ကျွန်တော်ငယ်ငယ်ကကြားဘူးသည်။ တစ်ချို့ကျောင်းများ၌ ကလေးငယ်များအား ခြေသလုံး အရှိုးရာထင်အောင်ရိုက်သည်။ အိမ်စာမလုပ်သည့်ကလေးများအား ဒူးအောက်တွင် ဇီးစေ့ခံ၍ ဒူးထောက်ခိုင်းသည် စသည့် ဖြင့် အရွယ်နှင့်မမျှသော အပြစ်ဒဏ်များအားပေးသည် ဟူ၍။ ထိုအချိန်က ငါ ထိုကဲ့သို့ကျောင်းများ၌ ကျောင်းသားမဖြစ်သည်မှာ တော်ပေသေး၏ ဟုအောက်မေ့မိသည်။

ကလေးငယ်များကို စစ်သားများအရွယ် သဘောထား၍ အပြစ်ပေး၍ မရ။ ဤနေရာ၌ မရိုက်ပဲနှင့် ဘယ်လိုဆုံးမ မည်နည်းဟူသော စောဒက တက်စရာများရှိလာပါသည်။ ပြောဆိုဆုံးမနိုင်ပါသည်။ အိမ်စာတစ်ပုဒ်မလုပ်သည့် ကလေးတစ်ယောက်အား အိမ်စာနှစ်ပုဒ်လုပ်ခိုင်းနိုင်ပါသည်။ သို့မဟုတ် အလီကျက်ခိုင်းနိုင်ပါသည်။ ထိုနေရာတွင် အိမ်စာ မလုပ်ပဲနေ၍ ဆုံးမခြင်းဆိုသည်ထက် သူတို့အား အိမ်စာ မလုပ်လုပ်ချင်လာအောင် ခိုင်းတတ်ဖို့လိုပါလိမ့်မည်။ ဥပမာ အားဖြင့် “သဘာဝတရား” ဆိုသည့်စာစီစာကုံးကို ရှစ်တန်းကလေးတစ်ယောက်အား အိမ်စာပေးသည်ဆိုပါစို့။ ဒီအတိုင်း ကျောက်သင်ပုန်းပေါ်မှာ ခေါင်းစဉ်ချရေး၍ နောက်နေ့ကျရင် အိမ်စာရေးခဲ့ဟု မှာသည့်ဆရာမထက် အိမ်စာမပေးခင် အတန်းသားများအားလုံးအား သဘာဝတရားဆိုသည်မှာဘာလဲ? သဘာဝတရားနှင့်ပတ်သတ်သော အချက်အလက်များအား အတန်းသားများနှင့် စဉ်းစားရင်း အပြန်အလှန် ဆွေးနွေးကာ သူတို့၏ ထင်မြင်ချက်ကို နားထောင်ချင်သည့်အတွက် နောက်နေ့ကျရင် သဘာဝတရားအကြောင်းရေးခဲ့ဟု ခိုင်းသည့် ဆရာ ဘယ်ဆရာကောင်းသည်ဟုထင်ပါသနည်း။ ကလေးတို့၏ လုပ်ချင်စိတ်၊ စူးစမ်းချင်စိတ်၊ တတ်ချင်စိတ်ကို ဆွပေးကာ နှိုးဆော်ဖို့လိုပေမည်။

ဘုရားအလောင်းမင်းသားလို နှမ်းတစ်ဆုတ်ခိုးစား၍ သူ့ဆရာက ရိုက်၍ဆုံးမသည်။ ထို့ကြောင့် အမှတ်အတေးထားကာ သူဘုရင်ဖြစ်သည့်အခါ၌ သူ့ဆရာကို ခေါ်၍ မေးသည်။ သူ့ဆရာက သူ့အကျိုးကိုလိုလား၍ ဆုံးမကြောင်းပြောပြသည်။ ထိုအခါ ဘုရားအလောင်းက လက်ခံ၍ သူ့ဆရာ ဒိသာပါမောက္ခဆရာကြီးကို ပညာရှိပါသည်ဟု ချီးမွမ်းကာ ပုရောဟိတ်အရာကို တင်မြှောက်လေသည်။ ဒီနေရာ၌ ကျွန်တော်စဉ်းစားမိသည်မှာ သူ့ဆရာက ပါးစပ်ဖြင့် ပြောဆိုဆုံးမ၍ မရပေဘူးလား။ သူများပစ္စည်းကို တစ်နေ့နှမ်းတစ်ဆုတ်မျှ ခိုးယူစားသုံးခြင်းကြောင့် သူများ၏ စီးပွားထိခိုက်တတ်ကြောင်းကို အကျိုးအကြောင်းရှင်းပြကာ ခေါင်းအေးအေးထား၍ ဆုံးမသင့်ပေသည်။ ဘုရားအလောင်းလို ပါရမီဥာဏ်ရင့်သန်သူအဖို့ ထိုမျှလောက်ဆုံးမရုံမျှပင် သူ့ဆရာသည် ပညာရှိပါပေသည်ဟု ထိုနေရာတွင်ပင် ဆင်ခြင်သုံးသပ်မိပေလိမ့်မည်။ တေးမှတ်ကာ ဆရာကို ရာဇဝတ်သားကဲ့သို့ ဆက်ဆံမိပေလိမ့်မည်လည်း မဟုတ်ပေ။

ငယ်ရွယ်သည့်လူများ၌ လည်းသူ့အရွယ်နှင့်သူ အသိဥာဏ်နှင့် ဆင်ခြင်တုံတရားရှိကြောင်းကိုလည်း မမေ့အပ်သင့်ပေ။ သူ့ခေါင်းထဲ၌ အသိဥာဏ်ပညာ လက်ကနဲ လင်းသည်အထိ ဆုံးမသည့် လူများက သု့ရွယ်နှင့်သူ စဉ်းစားတတ်မည့် ဥပမာ များပေး၍ ဆုံးမသင့်သည်။ ဥပမာ၊ ၊ သူတပါးကို နိုင်လိုမင်းထက်လုပ်တတ်သည့် ကလေးတစ်ယောက်အား သူ့အပေါ် သူ့ထက်အားကြီးသည့်သူက အနိုင့်ကျင့်ရင်သူဘယ်လို ခံစားရမည်နည်း ဆိုသည့် မေးခွန်းများမေး၍ သူ့ကို စဉ်းစားခိုင်းသင့်သည်။ ရိုက်နှက်ဆုံးမခြင်းဖြင့် သူလည်း ရိုက်မယ့်သူမရှိသည့် နောက် အနိုင်ကျင့်မြဲကျင့်နေဦးမည် မဟုတ်ဟု မည်သူ အာမခံနိုင်သနည်း။ အကောင်းဆုံးက သူ့ကိုယ်တိုင် ကိုယ်ချင်းစာတတ်ခြင်းဟူသော သဘောကို ကလေးနားလည်အောင် လူကြီးများက ရှင်းပြတတ်ပေရမည်။

ရိုက်နှက်ခြင်းအားဖြင့် ကလေးငယ်အား အကြောက်တရားကို ရိုက်သွင်းသကဲ့သို့ဖြစ်နေပေလိမ့်မည်။ ငယ်စဉ်ကတည်းက အကြောက်တရားများနှင့် ကြီးပြင်းလာသောကလေးငယ်တစ်ယောက်သည် အရာရာ၌လည်း မိမိကိုယ်ကိုယုံကြည်မှု နည်းပါးလာပေလိမ့်မည်။ ငါလုပ်လို့ဖြစ်မှ ဖြစ်ပါမလား။ ငါလုပ်လိုက်လို့၊ ပြောလိုက်လို့ မှားသွားရင် ဘယ်လိုလုပ်မလဲ။ စသည့် ဖြင့် မိမိ၏ ခံစားမှုများ၊ ခံယူချက်အမြင် များကို အများသူငှာရှေ့၌ မပြောရဲ မဆိုရဲ ကြောက်သွားနိုင်သည်။ မှားမည်။ မည်သူမျှအမှားနှင့်မကင်း။ သို့သော် ထိုအမှားများက သင်ခန်းစာယူနိုင်ရန် အရေးကြီးသည်။ ကိုယ်မှားရင်မှားကြောင်းလည်း ရဲရဲဝင့်ဝင့် ဝန်ခံရဲရမည်။ ငယ်စဉ်ကတည်းက ကလေးများမှားရင် ဘာကြောင့်မှားတာလဲဟု စဉ်းစားနိုင်ရန် လမ်းကြောင်းပေးသင့်သည်။ ထိုအခါမှ ထိုအမှားများမှတဆင့် အသီးအပွင့်များကို ကလေးငယ်များ ခံစားနိုင်ပေလိမ့်မည်။ အမှားလုပ်ခြင်းသည် ဘာမှမလုပ်ပဲနေခြင်းထက်တော့သာသည်။ ဘာအမှားမှ မရှိနိုင်ရင်တော့ အကောင်းဆုံးပေါ့။ သို့သော် ပညာရဲရင့်ပွဲလယ်တင့်အောင် ကျွန်တော်တို့ အမှားများနှင့် နပန်းလုံးရပေဦးမည်။

အကြောက်လွန်သည့် ကလေးတစ်ယောက်သည် အလကားနေရင်း ဒေါသကြီးနေတတ်သည်။ သူ့ကို ဘယ်သူကဘယ်အချိန်ကြရင် တိုက်ခိုက်မည်နည်းဟု တွေးကာ အကြောင်းအရာတစ်ခုဆိုရင် တရားလွန်တုံ့ပြန်တတ်သည်။ ထို့အပြင် ရှက်တတ်ခြင်းနှင့် ကြောက်တတ်ခြင်းသည် တွဲနေတတ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသာ ရှက်တတ်ကြောက်တတ်နေရင် ကျွန်တော်တို့ လွတ်လပ်ရေးမရနိုင် ထို့အတူ ကျွန်တော်တို့တွေ ရှက်နေကြောက်နေ၍ ထမင်းမဝနိုင် ကိုယ့်နိုင်ငံကိုယ် ပြန်လည်ထူထောင်နိုင်မည်မဟုတ်။ ထို့အပြင် အရှက်အကြောက်ကြီးသူတစ်ယောက်သည် တွေ့သမျှလူနှင့် ရန်လိုတတ်သည့် အလေ့အထလည်းရှိသည်။ အခြားသူများ၏ စဉ်းစားခွင့်တွေးခေါ်ခွင့်ကို အရေးမစိုက် ငါပြောတာကိုလုပ်၊ ငါ ဆိုသည့်အတ္တလည်း အစွန်းရောက်နေပေလိမ့်မည်။ သူတစ်ပါး၏ ခံစားချက်နှင့် အတွေးအမြင်ကို လက်မခံသူတစ်ယောက်သည် လူလူချင်း ဆက်ဆံရေး၌လည်း အဆင်မပြေနိုင်။ အဆင်ပြေရင်လည်း တဒင်္ဂသာဖြစ်နိုင်သည်။ ရေရှည်ဆက်ဆံရေး၌ သူတစ်ပါး၏ ခံယူချက်နှင့် အတွေးအခေါ်ကို လေးလေးစားစား မဆက်ဆံသူသည် လူ့စည်းအပြင်သို့ရောက်နေပေလိမ့်မည်။

ထို့အပြင် တရားလွန်တုံ့ပြန်ခြင်းအနေဖြင့် မလိုအပ်သည့်နေရာများကဲ့သို့ အသေးအဖွဲ ကိစ္စများ၌ပါ လူကို အကြောင်းမဲ့ပြင်းထန်နေစေသည်။ နေရာတကာ ပြင်းထန်ရင်မကောင်းဘူးလား ဟု စောဒကတက်လာနိုင်ပါသည်။ လူတစ်ယောက်အဖို့ ဖိသင့်သည့်နေရာ၌ ဖိ၍ ဖော့သင့်သည့်နေရာ၌ ဖော့သင့်သည်။ ထို့အတူ တင်းသင့်သည့် နေရာ၌ တင်း၍ လျှော့ဖို့လိုသည့် နေရာများ၌လည်း ကျွန်တော်တို့စိတ်ကို လျှော့ပေးသင့်သည်။ ဖိလွန်းရင်နစ်၍ တင်းလွန်းလျှင်ပြတ်တတ်သည်။ စိတ်ဆိုသည့်အရာကို ကိုယ်လိုတိုင်းခိုင်းတတ်ရန်အရေးကြီးပါသည်။ ထို့အတွက်ကျွန်တော်တို့၏ စိတ်ကို အနားပေးသင့်သည့် အသေးအဖွဲများ၌ အနားပေးသင့်ပေသည်။

အချုပ်အားဖြင့်ဆိုသော် အနာဂတ်၏ ထွန်းလင်းတောက်ပသော နိုင်ငံ့ခေါင်းဆောင်ငယ်များ ၏ လက်ရုံးရည်နှင့် နှလုံးရည် မြင့်မားစေရန်အတွက် အလယ်အလတ်လမ်းစဉ်အတိုင်းလိုက်၍ မလျှော့မတင်း စောင်းကြိုးညှင်း ကာ နည်းမှန် လမ်းမှန်ညွှန်ပြတတ်ဖို့ လူကြီးတိုင်း၌တာဝန်ရှိပေသည်။

ကဗျာဆရာ - လင်းနစ်

ဘယ်တော့များမှ နီးရဦးမယ်

မင်းမေ့လာတယ်

ဒီမျက်ဝန်းလေးငေးကြည့်ရင်းကွယ်

သနားမိပါတယ်

လက်ရှိကိုတွေးကာ ဖြေနိုင်ရန်အလွန်ခက်တာ

မင်းမသိနိုင်ခြင်းဟာ


နေ့တိုင်းတွေး ညတိုင်းရေး

စာရွက်အပိုင်းအစ များနဲ့ဆောက်တဲ့ငါ့အခန်းထဲ

နတ်သမီးအိပ်မက်မျိုးကို ဘယ်လိုဖန်ဆင်းရတယ်

ငါတော့မသိ နင်တွေးကြည့်

အဖြေဟာ အကောင်းဆုံးပဲနင်ရလိမ့် မတွေ့ပဲရှိ့

ကဗျာတစ်ပုဒ်ရေးခွင့်နဲ့ငါ ရှင်သန်နေခဲ့ရတာ

ဒီလိုဘဝမှာ ငါတွေးကြည့်တာ

သူရင်ဆိုင်ရဲပါ့မလား.....။


ပုံပြင်အဟောင်းလေးပြောရဦးမယ်

ကိုယ့်ချစ်သူရယ်

တစ်ချိန်မှာ လင်းလက်တောက်ပဦးမယ်

အိပ်မက်တွေရယ်

အားတင်းမျှော်လိုက်ပါ

ဒီအချိန်တွေ လာတော့မှာ

စကားလုံးတွေနဲ့ငါ....


(နေ့တိုင်းတွေး ညတိုင်းရေး

စာရွက်အပိုင်းအစ များနဲ့ဆောက်တဲ့ငါ့အခန်းထဲ

နတ်သမီးအိပ်မက်မျိုးကို ဘယ်လိုဖန်ဆင်းရတယ်

ငါတော့မသိ နင်တွေးကြည့်

အဖြေဟာ အကောင်းဆုံးပဲနင်ရလိမ့် မတွေ့ပဲရှိ့

ကဗျာတစ်ပုဒ်ရေးခွင့်နဲ့ငါ ရှင်သန်နေခဲ့ရတာ

ဒီလိုဘဝမှာ ငါတွေးကြည့်တာ

သူရင်ဆိုင်ရဲပါ့မလား.....။)

ထိန်းချုပ်မရခြင်း

လူတိုင်း ထိန်းချုပ်ဖူးပါလိမ့်မည်။ စားချင်သည့်အရာကို ထိန်းချုပ်၍ မစားခြင်း။ ဆန္ဒကို သိက္ခာနှင့် ထိန်းချုပ်ခြင်း။ အရမ်းအိပ်ချင်နေသေးသော်လည်း ထိန်းချုပ်၍ အလုပ်နောက်မကျအောင် အိပ်ယာထခြင်း စသည့်ထိန်းချုပ်မှုများစွာဖြင့် ကျွန်တော်တို့သည် လောကကြီး၏ မနက်ခင်းများစွာကို နှုတ်ဆက်နေကြသူများဖြစ်သည်။

ကျွန်တော့်အတွက်တော့ ထိုထိန်းချုပ်မှုများသည် လူတိုင်း လုပ်နိုင်သော ထိန်းချုပ်မှုဖြစ်၍ လောကတွင် လူတိုင်းမလုပ်နိုင်သော ထိန်းချုပ်မှုများ (သို့) တစ်ခါတစ်ရံ ချုပ်တည်းရန်အလွန်ခက်ခဲသော ကိစ္စများရှိသည် ဟုဆိုချင်ပါသည်။ ထိန်းချုပ်ခက်သည့် ကိစ္စများမှာ

၁) နှာချေခြင်း

၂) ဝမ်းနှုတ်ဆေးသောက်ပြီးသည့်နောက် ထိုအချိန်ကို စောင့်စားနေရခြင်း

၃) ထမင်းစားရင်းနှင့် လေချဉ်တက်ခြင်း၊ လေပြိုခြင်း

၎) ခရီးသွားနေရင်း (သို့) အခန့်မသင့်၍ လမ်း၌ အပေါ့၊ အလေးသွားလိုခြင်း

၅) ခန္ဓာကိုယ်၌ လေဓာတ်လွန်ကဲကာ အပြင်သို့ မှုတ်ထုတ်ခြင်း (ပီ သို့ ဘူ ကနဲ)

၅) သံချဆေးစားပြီး သည့်နောက်တွင်........ဒန်တန်တန်တန်.....

စသည် စသည့် ထိန်းချုပ်မရမှုများလည်း ကျွန်တော်တို့ နေ့တိုင်းကြုံတွေ့နေရပါကြောင်း အောက်က သာဓကလေးဖြင့် လူစုံတုန်းလေး ပြောပြချင်ပါသည်။

ထိုနေ့ကမှတ်မှတ်ရရ ၁၀ တန်း ပထမဆုံး တက်ရသည့်နေ့ပေါ့။ ထုံးစံအတိုင်း ၃ လလောက်ကွဲကွာ နေတဲ့သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ ကြသည်ဆိုတော့လည်း အတန်းထဲတွင် လက်ပံပင် ဇရက်ကြသည့်အလား တစ်တန်းလုံး ကျွတ်ကျွတ်ညံနေတော့သည်။ ကျောင်းပထမဦးဆုံး စတက်သည့် နေ့ဆိုတော့လည်း စာသင်ချိန်တိုင်းကို ဆရာမ များမဝင်။ ကျွန်တော်တို့အတွက် ပွဲတော်ပေါ့။ လေပန်းရသည်မှာ လည်း မကုန်နိုင်။ အချိန်တိုင်းကတန်ဖိုးရှိနေသည် မဟုတ်ပါလော။ ပြဿနာက ညနေမုန့်စား ဆင်းပြီးသည့် အချိန်လောက်ကစသည်။ မစားရတာကြာသောကြောင့် ကျောင်းမှာ ရောင်းသည့် အသုတ်စုံ၊ ဇီးဖျော်ရည် စသည်ဖြင့် အမျိုးအမည်မရေမတွက် နိုင်လောက်အောင်စားပြီး ဗိုက်ကပြဿနာရှာတော့သည်။ ရစ်၍ ရစ်၍ ကိုအောင့်လာသည်။ ကိစ္စမရှိ ဖြေရှင်းလိုက်လို့ရသည်။ ထို့ကြောင့် မုန့်စားကျောင်းတက်ခါနီးအချိန်၌ ကျွန်တော် အိမ်သာ ဘက်ကိုထွက်ခဲ့သည်။

အား...လား....လား......ကျောင်းစတက်သည့်နေ့ အဆောင်သစ်ကြီးပင်ဖြစ်သော်လည်း အိမ်သာအခန်းတိုင်းမှာ ရစရာမရှိ။ အိမ်သာတက်ဖို့ အခန်းတံခါးဖွင့်လိုက်သည်နှင့် ကျွန်တော် အိမ်သာတက်ချင်စိတ်တွေပျောက်ကုန်သည်။ ဘယ်အမျိုးကောင်းသားတွေများ ပစ်မှတ်မထိအောင် ပစ်ထားမှန်းမသိ။ ချေခြစရာပင် နေရာမရှိ။ သာမန်ဆိုရင်တော့ ကျွန်တော်ကျောင်း၌ ဘယ်တော့မှ အိမ်သာမသွား။ အိမ်ပြန်ရောက်မှသာ ထိုကိစ္စကို ဆောက်ရွက်သည်။ အခုတော့ မရတော့ ကိစ္စက ထိပ်ဝရောက်နေသည် မဟုတ်ပါလော။ ကျွန်တော့်မှာ ဆုတ်လည်းဆူး၊ စားလည်းရူး မတက်လို့ကလည်းမဖြစ်ပြန် တက်ရမည်ဆိုတော့လည်း မရ။ အီလည်လည်ကြီးနှင့် အတန်းထဲကို ကျွန်တော်ပြန်လာခဲ့သည်။

အို..ယောက်ျားဘသား တောင့်ခံမယ်ကွ ဟု မဟာဇနကထုံးနှလုံးမူ၍ စိတ်ကိုအတင်းထိန်းချုပ်ကာ အတန်းထဲ၌ ပြန်ထိုင်သည်။ စာသင်ချိန်များကုန်ဆုံးရန်လည်း ၁ နာရီသာသာလောက်သာလိုတော့၏။

ဒီလိုနှင့် ခုံမှာပြန်ရောက်ပြီးသည့်နောက် ကျွန်တော့်ဘဝ၏ အခက်ခဲဆုံးအချိန်များကို ကျော်လွန်ရတော့၏။ ဘဝမှာ တစ်ခါမှ ဒီလောက်အထိ အဖြစ်မဆိုးစဘူး။ နာရီစက္ကန့် တံများမှာ လည်းနှေးလွန်းလှသည်ဟုထင်မှတ်ရသည်။ ပထမ ဗိုက်ထဲက ရစ်၍ ရစ်၍ အောင့်ကာ အီလည်လည်ကြီးဖြစ်နေ၏။ နောက်တော့ ဇောချွေးများပါ ပြန်လာသည်။ ချွေးသီးချွေးပေါက်များကြောင့် ကျွန်တော့်အင်္ကျီတစ်ခုလုံး ရွှဲနစ်နေသည်။ ဆရာမရှေ့က ဘာပြောနေမှန်းလည်းမသိတော့။ နာရီကိုသာကြည့်ကာ ကျွန်တော့်တစ်ကိုယ်လုံး နတ်ပူးနေသလားအောင်မေ့ရအောင် တဆတ်ဆတ်တုန်နေလေတော့သည်။ ခေါင်းထဲမှာလည်း ခုနကခြေချစရာမရှိသော အိမ်သာကိုသာပြေးပြေးမြင်ယောင်နေလေသည်။ ဒီလိုနှင့် စက္ကန့်ကနေ မိနစ် ဖြင့် ကျောင်းဆင်းရန် ၁၅ မိနစ်သာလိုတော့သည်။ ကျွန်တော့်အတွက် တော့ ၁၅ မိနစ်မှာ ကမ္ဘာပျက်သလောက်ဖြစ်နေပြီ။

၁၀ မိနစ်ကုန်ဆုံးသွားပြီ။ ပန်းတိုင်ရောက်ဖို့ ၅ မိနစ်သာလိုတော့သည်။ ကျွန်တော့်အတွက်တော့ ပန်းတိုင်မှာ အရေးကြီးလွန်းသော ပန်းတိုင်ဖြစ်နေ၏။ ကျွန်တော် တောင့်ခံသည်။ အံကြိတ်၍ ချုပ်သည်။ တစ်သက်လုံးစုစည်းထားသည့် အတွင်းအားနှင့်ပိတ်သည်။

နောက်ဆုံးတော့.....နောက်ဆုံးတော့.....

မရ...ခန္ဓာကိုယ်၏ ပြောင်းလဲတတ်သော သဘာဝတရားကို လက်မြှေုာက်အရှုံးပေးလိုက်ရတော့၏။

ဘူကနဲနှင့် ဘောင်းဘီထဲသို့ ထွက်ကျကုန်တော့သည်။ ထိုအချိန်တွင်ပဲ ကျွန်တော်တစ်ခါမှ မမျှော်လင့်ဘူးသော မျှော်လင့်ခြင်းဖြင့် စောင့်နေရသော ကျောင်းဆင်းခေါင်းလောင်းထိုးသံထွက်ပေါ်လာလေသည်။

အောင်နိုင်သူကြီး တစ်ယောက်လို တစ်ချက်တော့ပြုံးမိလိုက်သေးသည်။ တော်သေး၏ သိပ်များများစားစားမထွက်။ အနံ့ကတော့ ထောင်းခနဲ။ ဘေးကသူငယ်ချင်းများက ရှုံ့ပွရှုံ့ပွလုပ်သည်။ ကျွန်တော်ကလည်း သူတို့လို ရှုံ့ပွရှုံ့ပွလုပ်ကာ အနံ့ရကြောင်း ဘယ်နားကရမှန်းမသိသော မျက်နှာပေးမျိုးလုပ်ပြရ၏။ သူတို့ကို မျက်နှာချိုသွေးကာ ပြုံးပြုံးပြရသည်မှာလည်းအမော။ သိပ်တော့မကြာလိုက်ပါ ဘေးကသူငယ်ချင်းများ အားလုံး သူတို့ပစ္စည်းများကို လွယ်အိတ်များထဲထည့်ကာ ကျောင်းဆင်းကြတော့၏။

ကံကောင်းချင်တော့ ကျွန်တော်ထိုင်သည့်ခုံ၏နောက်တွင် ကပ်ရက်ခုံမရှိ။ ရှိသည့်ခုံကလည်း တံခါးမကြီးတစ်ပေါက်စာလောက်ခြားထားသည်။ ပြီးတော့ကျွန်တော်က တံခါးမအပေါက်ဝနားမှာ ထိုင်သော ထောင့်ဆုံးလူ။ အဲဒီတော့ သိပ်မသိသာ။ ဒါပေမယ့် ကံဆိုးချင်တော့ ကျွန်တော့်နားကတံခါးကနေ တစ်ယောက်ပြီးတစ်ယောက် အခန်းအပြင်ထွက်ကြသည်။ ကျွန်တော်ကတော့ မထသေး ယောင်ပေပေနှင့်ထိုင်နေလေသည်။ ထလို့မဖြစ် ထလိုက်မှ သူငယ်တန်းမှစ၍ ၁၀ တန်းအထိ ထိန်းသိမ်းလာသော သိက္ခာများ အေးချမ်းမေလို တစ်စစီ ကျိုးပဲ့ကုန်လိမ့်မည်။ ငယ်ငယ်တုန်းကတော့ အတန်းထဲ မထွက်ကျ။ ၁၀ တန်းရောက်မှ အပြောခံရလျှင်မဖြစ်။ အမည်းစက်ဖြစ်သွားနိုင်သည်။

စက္ကူနှစ်ရွက်လောက်ကိုတော့ ကျွန်တော်ခုံနှင့် တင်ပါးအောက်တွင် အနံ့အသက်စုပ်စေရန်သဘောနှင့် အခုအခံလုပ်ထားလိုက်သည်။ သို့သော်လည်း ကျွန်တော့်နောက်က ဖြတ်သွားမိန်းကလေးတစ်ချို့၏ ပြောသောစကားများက

“ ဟဲ့ ဒီနားက အီးနံရတယ်ဟဲ့” ဟုပြောကာ ကျွန်တော့်ကို ကြည့်၏။ ကျွန်တော်က လည်းမသိချင်ယောင်ဆောင်ကာ အင်္ဂလိပ်စာ ဖတ်စာအုပ်ကို အရမ်းစိတ်ဝင်စားသည့်ဟန်ဖြင့် ဖတ်နေလေ၏။ မဖြစ်ဘူး....မှင်နဲ့နေမှ....

ခါတိုင်းကျောင်းဆင်းရင်ရှေ့ဆုံးက ဆင်းသောကျွန်တော် တစ်တန်းလုံးက ကျောင်းသားများ ပြန်သည်အထိစောင့်ရသည်မှာ ပင်ပန်းလှ၏။ သူငယ်ချင်းများကလည်း ဘာဖြစ်လဲဆိုသည့်သဘောနှင့် ပြန်ကာနီး ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသေးသည်။ နည်းမျိုးစုံ သရုပ်ဆောင်ကာ ကျွန်တော် သရုပ်မှန်ကိုဖုံးအုပ်ထားရသည့်ဒုက္ခမှာလည်းမသေးလှ။ ထိုအချိန်တွင် အကယ်ဒမီပေးပွဲလုပ်ရင်တော့ ကျွန်တော်ရမလား မပြောတတ်။ ကျွန်တော့်မျက်နှာ အမူအရာများမှာ မင်းသားရှုံးအောင်ကို သရုပ်ဆောင်နေရသည်။ နောက်ဆုံးတော့ ကျွန်တော်မျှော်လင့်ထားသောအချိန်ကို ရောက်ပြီလေ။ အတန်းသားအားလုံးကုန်ပြီ။ ထိုအချိန်တွင်မှ ကျွန်တော် မတ်တတ်ရပ်ရဲ၏။ အား...လား...လား....ကိုယ့်အနံ့ပင်ကိုယ်မခံနိုင်။ ကိစ္စမရှိ လွယ်အိတ်ကိုဒီအတိုင်းထား။ ခြေချစရာမရှိသော အိမ်သာသို့သာပြေးရလေတော့သည်။

ဘဝဆိုသည်မှာ ဒီလိုပါပဲ....အတင်းအောင့်အည်းသည်းခံပါသော်လည်း တစ်ခါတစ်လေ ထိန်းချုပ်မရသည့် အဖြစ်အပျက်များလည်း ရှိတတ်ပါကြောင်း။း)

မှတ်ချက်။ ။ သူငယ်ချင်းတစ်ယောက်၏ ရင်ဖွင့်သံကို ဘာသာပြန်ပါသည်။

Sunday, August 19, 2007

ပင်လယ်မုဆိုး

သောင်ပြင်ဖြူလွှလွှတွေရယ်

ဒီလှိုင်းရိုက်သံ တဝုန်းဝုန်းကြား

ကြယ်တွေကြားက

လမင်းကိုလည်း ငါ မျှားဘူးတယ်.....

နောက်မှပြန်ကြည့်မိတော့

လမင်းမဟုတ်ပဲ

ငါကိုယ်တိုင်က ငါးမျှားချိတ်တန်းလန်းနဲ့.....




အရှေ့ဆီမှာရောင်နီတောင် မျက်နှာမသစ်သေးဘူး။ အကောင် ၄၀ ရာမဟာ စပိဘုတ်နှစ်စီးက ရေလွှာတွေကိုခွဲယင်း ငှက်တောင်ရှိရာကို အနောက်ယွန်းယွန်းကို ဦးတည်လို့။ ပထမလှေပေါ်မှာ လူလတ်နှစ်ယောက်၊ လူငယ်နှစ်ယောက်ရယ် ဒုတိယလှေမှာ လူငယ်သုံးယောက်၊ လူကြီးနှစ်ယောက် အားလုံးပေါင်း ၉ ယောက် ငါးမျှားတံ ၇ ချောင်းနဲ့ပေါ့။ ငှက်တောင်ရှိရာကို ချောင်းသာကမ်းခြေကနေ မနက်ရေတက်ချိန် ၁ နာရီသာသာလောက် စက်ကုန်မောင်းရတယ်။

လေကိုဆန် ရေစီးကြောင်းကိုဘေးတိုက်မောင်းတော့ လှေကလေးလည်း စက်သံခြစ်ပြီး မောင်းနေရရှာရဲ့။ တစ်ချို့လှိုင်းတစ်လုံးနဲ့တစ်လုံးအကြား လှေက ငြိမ့်ခနဲ။ ငြိမ့်ခနဲ့ နဲ့။ လှိုင်းတစ်ခုကိုခွဲလိုက်တိုင်း ဖွားကနဲ့တက်လာတဲ့ ဆားငန်ရေက ကျွန်တော်ထိုင်တဲ့အနားက လှေလက်ရမ်းကိုလာလာရိုက်လို့။ ကျွန်တော့် အနီရောင်ဂျာကင်လည်း ရွှဲရွှဲစိုလို့ပေါ့။ ဒါပေမယ့်ကျွန်တော် စိုလို့စိုမှန်းတောင်မသိပါဘူး။ မနက်ထွက်ခါစနေနဲ့အတူ လှေနားမှာ လာလာမြူးတဲ့ ငါးပျံလေးတွေကို လိုက်လိုက်ရှာရင်း ပျော်နေမိတယ်။ လှေရဲ့အမြန်နှုန်းအတိုင်း လှေဘေးကနေ ရေပေါ်ကို ရှပ်ပြီးပျံရင်း သူတို့လည်း ပျော်နေလေရဲ့။ လှေနှစ်စီးကလည်း ငါးပျံတွေနဲ့ အပြိုင်ရေပေါ်မှာ စက်ကုန်ဖွင့်ပြီးကူးနေတယ်။

မနက်ခင်းပင်လယ်လေနုအေးကလည်း တသုတ်သုတ်တိုက်လို့....

နေရောင်ခြည်နဲ့အတူ ငါးတွေလည်းအစာရှာနေပြီလေ။

ကျွန်တော်တို့လေမှာပါလာတဲ့ ပင်လယ်လမ်းပြ ချောင်းသာရွာသား ကိုလှညိုက

“အဲဒီ ငှက်တောင်ဝန်းကျင်မှာ ဒီလိုရေတက်အချိန်ဆို ငါးတွေအရမ်းမြူးတယ်။ ရေကလည်း မီတာ ၃၀ လောက်နက်တယ်။ အရောင်ကအစ အပြာရောင် တကယ့်သမုဒ္ဒရာအရောင်ကို ပြောင်းသွားတယ်။”

“ဒါဆို ရေကုးလို့အရမ်းကောင်းမှာပေါ့” လို့ကျွန်တော်ဝင်ပြောတော့...

ကိုလှညိုကပြာပြာသလဲ “မလုပ်လိုက်ပါနဲ့ ငါ့ညီရယ် အဲဒီကို ငါးအသေးဆုံး ငါးပါးနီကအစ အကြီးဆုံး ငါးမန်းဖြူ၊ ကျားငမန်း အထိလာတက်တယ်”

ငါးမန်းဆိုတဲ့အသံကြားတော့ ရေမကူးတတ်တဲ့ကျွန်တော့်သူငယ်ချင်း အောင်သူက “ငါးမန်းအုပ်သာလာလို့ကတော့ သေပြီဆရာ။ လှေတစ်စီးမှာလည်း မှိန်း ကနှစ်ချောင်းပဲပါတယ်။ အလွန်ဆုံးသတ်နိုင် ၄ ကောင်ပဲပေါ့။ နောက်ကျွန်တော်တို့က ငါးအသေးမျှားဖို့လာတာ”

အဲဒီတော့ စပိဘုတ်ရဲ့ စတီယာရင်ကိုင်ရင်း မောင်းနေတဲ့ ဦးလှစိန်က “ဟကောင်ရ ငါးမန်း ကမင်းကို ဘာလုပ်မှာမို့လဲ၊ သူတို့ရှိတဲ့ အချိန်မင်းရေထဲခုန်ချရင်တောင် ကိုက်ချင်မှကိုက်မယ်။ မင်းကိုယ်မှာ သွေးညှီနံ့ရလို့ကတော့ တွယ်မှာစိတ်ချ။ သွေးညှီနံ့မရလို့ကတော့ ဘာမှမလုပ်ဘူး။” လို့ပြောရင်း လှေကိုဆက်မောင်းနေလေရဲ့။ သူက အရင်ရေငုပ်တပ်က တပ်ကြပ်ကြီး။ ရေမှာအတွေ့အကြုံ အများကြီးရှိသူ။

ကိုလှညိုကဆက်ပြီး “ဟိုမှာ ရေကတော့တကယ်ကို ကြည်နေတာပဲ။ ကြည်လွန်းလို့ အောက်မှာကူးနေတဲ့ ငါးတွေကို အုပ်လိုက်အုပ်လိုက် အတိုင်းသားမြင်နေရတယ်။”

“အဲလိုသာဆိုမိုက်ပြီဗျာ။” အသံဝဲဝဲနဲ့ ကျွန်တော့်သူငယ်ချင်း စိုင်းစိုင်း ကဝင်ပြောတယ်။ “ကျွန်တော်လို တောင်ပေါ်သားတစ်ယောက် ဒီလို ပင်လယ်အောက်မှာ ကူးနေတဲ့ငါးတွေကို အတိုင်းသားကြည့်ရဖို့ဆိုတာ မလွယ်ဘူး”

ကျွန်တော်ကဝင်ပြီး “လွယ်ပါတယ်စိုင်းစိုင်းရာ တောင်ကြီးကခြံထဲမှာကန်တူးပြီး ဆားထည့် ပင်လယ်ငါးလေးတွေမွေးထားပေါ့ကွ။”

ကျွန်တော်ဝင်အရွှန်းဖောက်လိုက်တော့ လှေလေးပေါ်မှာ ရယ်သံတွေဆူညံသွားသည်။

တစ်နာရီလောက်ကြာတော့ ကျွန်တော်တို့ရဲ့ဦးတည်ရာ ငှက်တောင်ကိုရောက်ပါပြီ။ အနားမကပ်ခင် ခပ်ဝေးဝေးကပင် မနက်ခင်း ပင်လယ်ပြင် မြူတွေကြား ကောင်းကင်သို့ထိုးဖောက်ထွက်နေသော တောင်ငါးလုံးကိုမြင်ရသည်။ စီတန်းနေသော တောင်များကလည်း တစ်တောင်နဲ့တစ်တောင် ပုံစံတူချည်း။ သေသေချာချာ တိုင်းကာ ထုလုပ်ထားသလား အောက်မေ့ရသည်။ ထူးဆန်းသည်မှာ တောင်များမှာ ကျောက်သားချည်းဖြစ်ပြီး အပင်ဆိုလို့လည်း တောင်ထိပ်ပိုင်းတစ်ဝိုက်တွင်ပင် ကပ်၍ပေါက်နေလေသည်။ အဲဒီအပင်များကြားတွင်လည်း ငှက်သိုက်များရှိကြောင်း ဒါကြောင့်ဒီတောင်များကို ငှက်တောင်ဟုခေါ်ကြောင်းလည်း ကိုလှညိုကရှင်းပြသည်။ အမြင့်မှာ ပေ ၁၅၀ ကျွန်တော့်မျက်မှန်းအမြင်လောက်ရှိပေမည်။ ကြီးလည်းမကြီး သေးလည်းမသေးလွန်းသော ကျောက်ချွန်းများ ကောင်းကင်သို့တိုးထွက်နေသယောင်ယောင်။ ကျွန်တော်သိသည့် ငှက်သိုက်ကျွန်းများမှာ မြိတ်ကျွန်းစုနှင့် တနင်္သာရီကမ်းရိုးတန်းတောင်ဘက်ပိုင်းတွင် သာရှိမည်ထင်ရာ အခုကဲ့သို့ ရခိုင်ကမ်းရိုးတန်းအစတွင်လည်း ရှိမည်ဟုမထင်မိပေ။ ပင်လယ်မှာ အပြောကျယ်လှလေသည်။

ထို့နောက် ပင်လယ်လေကွယ်ရာ တောင်များ၏အနောက်ဘက် လေငြိမ် ရေငြိမ်ကာ ငါးများရှိရာနေရာ၌ ကျွန်တော်တို့လှေငယ်နှစ်စီး ဂီယာမထိုးပဲစက်နှိုးထားလိုက်သည်။ ကျောက်ချ၍မရ အောက်ကရေအနက်မှာ လှေပေါ်မှာပါသော Echo Sounder အရ ၃၂ မီတာလောက်ပြနေသည်။ ကိုလှညိုပြောသည့်အတိုင်းပင် ရေကလည်းကြည်လင်လို့ ရေအောက်ဘယ်နေရာကိုကြည့်ကြည့် အပြာရောင်ချည်းဖြစ်နေသည်။ အပေါ်ကကောင်းကင်အပြာရောင်နှင့် အောက်ကရေအပြာရောင် များကြားထဲတွင် ရောက်နေသည်မှာ စိတ်ကိုကြည်နူးစေလေ၏။ နေရောင်ခြည်ကရေပြာထဲသို့ ထိုးလိုက်၍ အလင်းတန်းများ ဖြာထွက်သွားပုံမှာလည်း ရှုမငြီးအောင်ပင်။

ကျွန်တော်တို့လည်း အစီအစဉ်စကြပြီ။ ကျွန်တော်တို့အားလုံး ငါးစာအတွက် အသင့်ယူလာသော ပုစွန်အစိမ်းများကို ငါးမျှားချိတ်၌တပ်သည်။ ထို့နောက် ရေပြာပြာဘက်ဆီသို့ ကိုင်းတံကိုဝဲကာ လှမ်းပစ်လိုက်သည်။ “ဝှစ်”

ကနဲ လေခွဲသံနှင့်အတူ ကျွန်တော့်ငါးမျှားတံမှာတပ်ထားသော ပုစွန်သေ ရေပြာပြာထဲသို့ ဒိုင်ဗင်ထိုးသွားလေသည်။ မသိရင် ငါးမျှားချိတ်ကပုစွန်သည်လည်း ရေကူးနေသယောင်ယောင်။

အခုအချိန်အထိတော့ ငါးအုပ်များလည်းမတွေ့ရသေး ကျွန်တော်တို့ဆက်စောင့်နေရင်းနဲ့ နေကလည်း တိမ်များပေါ်သို့ တဖြည်းဖြည်းတက်နေလေ၏ မနက် ကိုးနာရီခွဲပြီ။ ငါးတစ်ကောင်မှ မရသေး။ အချိန်ကလည်းကုန်လို့ကုန်မှန်းမသိ။ လှေလေးပေါ်ကလူများမှာလည်း အတွေးကိုယ်စီနှင့် ငြိမ်သက်လို့။ ကျွန်တော်လည်း အရှေ့ကငှက်တောင်ပေါ်မှာ ဝဲပျံနေသော အမျိုးအမည်မသိ ပင်လယ်ငှက်များကို ငေးကြည့်နေမိ၏။ ငှက်အဖေနှင့် ငှက်အမေ များက အသိုက်ထဲမှာရှိသော သူတို့၏နီတာရဲရင်သွေးလေးများအတွက် အစာများကိုချီကာခွံကျွေးနေသည့်ပုံ ကျွန်တော့်မျက်လုံးထဲ မြင်ယောင်လာသည်။

ထိုအချိန်၌ တိတ်ဆိတ်ခြင်းကိုဖြိုခွဲ၍ ဦးလှစိန်က “အေးကွာ မင်းတို့ကိုငါ့စွန့်စားခန်း အကြောင်းပြောပြရဦးမယ်” ကျွန်တော်တို့အားလုံး၏ အကြည့်များသူ့ဆီ၌ ဆုံကြလေသည်။

“ငါတပ်ထဲမှာတုန်းကပေါ့ကွာ။ တစ်နေ့တနင်္သာရီကမ်းရိုးတန်း ရေးမြို့ ဘက်မှာကင်းလှည့်နေတုန်း ငါတို့သင်္ဘောအတွက် ငါရယ် ငါ့သူငယ်ချင်းတစ်ယောက်ရယ် ရိက္ခာရှာဖို့တာဝန်ကျတယ်။ သင်္ဘောပေါ်မှာကွာ ရေခဲစိမ်လာတဲ့ အသားတွေဟင်းသီး ဟင်းရွက်တွေချည်းပဲစားနေရတော့ ငါတို့တစ်ခါတစ်လေကျရင် လည်းကုန်းပေါ်ကလူတွေလို အသားငါး လတ်လတ်ဆတ်ဆတ် စားချင်ကြတာပေါ့။ အဲဒီတော့ သင်္ဘောပေါ်ကနေ ရာဘာဒင်ဂီ (လှေအသေးစား)လေးချ ပြီး ငါးရှိတဲ့ကျောက်ဆောင်တွေနားသွားပြီးတော့ ငါးမိုင်းခွဲ ပြီးဖမ်းတယ်။ ရလာတဲ့ငါး သင်္ဘောပေါ်မှာလည်းစား။ ပိုရင်လည်း အချိုးချပြန်ခွဲပေးနဲ့ပေါ့။ ဒီလိုနဲ့ ငါတို့နှစ်ယောက် ငါးကို ဒိုင်းနမိုက်နဲ့ခွဲတယ်။ ဒိုင်းနမိုက်ဆိုတာ နို့ဆီခွက်လွတ်ထဲမှာ ယမ်းမှုန့်သိပ်ထည့် ပြီးတော့ စနက်တံအလောတော်တပ် ပြီးတော့မှ ငါးအုပ်ထဲကို ပစ်ထည့်။ ပြီးတော့မှ ငါးအသေလိုက်ကောက် အဲဒီလိုဖမ်းတာ။ အခန့်မသင့်လို့ စနက်တံလက်ထဲမှာပေါက်ပြီး လက်ပြတ်တဲ့လူတွေလည်းရှိတယ်။ အဲဒီတော့ သတိထားရတာပေါ့ကွာ။ ငါတို့အဖြစ်က ငါးမိုင်းလည်းခွဲပြီး တအောင့်နေ ငါးလိုက်ကောက်မှ ပြဿနာတက်တော့တာပဲ”

“ဘယ်လိုပြဿနာလဲဗျ” ဒီစကားဝိုင်းမှာ အတက်ကြွဆုံးနားထောင်သူ စိုင်းစိုင်းက မေးတော့...

ဦးလှစိန်က “ဒီလိုကွ ငါတို့မိုင်းကြောင့် သေနေတဲ့ ငါးပါးနီတွေ ငါးကြက်တူ တွေအများကြီး။့ ငါတို့လည်းရေအောက်အထိဆင်း ပြီ်းတစ်ကောင်ပြီးတစ်ကောင် ရေငုပ်ပြီးလိုက်ကောက်နေတုန်း ငါရှေ့တည့်တည့်မှာ စပါးအုံးကြီးတစ်ကောင်ကွာ လုံးပတ်က ဝါးပိုးဝါးအကြီးစားလောက်ရှိတယ်။ အရှည်ကလည်း ဆယ်ပေကျော်တာပေါ့။ အဲကောင်ကြီးက ငါ့ကိုပါးစပ်ကြီးဟပြီး ကြည့်နေတာကွ။ သူကလည်း ငါးအသေတွေကိုလာစားတာ။ ငါလည်းဘာလုပ်ရမလဲမသိဘူး။ ပထမတော့ သတိလက်လွတ်ဖြစ်ပြီး အသက်ရှုပါရပ်သွားတယ်။ နောက်ကျမှ သတိဝင်တော့ လက်ထဲမှာလည်း ဓားမြှောင်တစ်ချောင်းပဲပါတယ်။ ငါလည်းအသင့်အနေအထားပေါ့... ဒီကောင်ကြီးကို ရင်ဆိုင်ဖို့။ ငါ့ကို စိုက်ကြည့်နေတယ်ကွ နောက်ပြီးကျတော့မှ ဘာစိတ်ကူးရတယ်မသိဘူး ဟိုဘက်လှည့်ပြီး ထွက်သွားတယ်ကွ။ သူ့ကို ရန်မမူလို့လည်းပါမှာပေါ့ ငါ့ကို ဘာမှမလုပ်ဘူး။ အဖြစ်အပျက်က မိနစ်ဝက်လောက်ပဲရှိမယ်။ ဒါပေ့မယ့် ငါ့အတွက်ကတော့ တစ်ကမ္ဘာလောက်ကြာတယ် ထင်ရတာ။ တော်သေးတာပေါ့ကွာ ငါလည်းစိတ်ထဲမှာ ရှိသမျှဘုရားတွေတ တာ ဗမာပြည်ကတန်ခိုးကြီးဘုရားတွေလည်း ကုန်ရော”

“ဟား ဟား ဟား...” ထိုအခါကြမှပဲ အားလုံးပေါ့ပေါ့ပါးပါး ဖြစ်သွားပါသည်။ ဒီလိုပါပဲ ဘဝမှာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေလည်း ပြန်ပြောတဲ့အခါမှာ ထူးဆန်းစွာ ရီစရာကောင်းနေတတ်သည်။

“ဒါနဲ့ ငမန်းနဲ့ရောတွေ့ဘူးလား ဦး” ကျွန်တော့်သူငယ်ချင်း အောင်သူကဝင်မေးသည်။

“တွေ့ဘူးတယ်ကွ။ ကျားငမန်းအုပ်နဲ့ ၁၀ ကောင်လောက်ရှိမယ်။ ငါတို့က သင်္ဘောပေါ်မှာ ဒီကောင်တွေကရေထဲမှာ။ ငါတို့ဘယ်လိုဖမ်းလည်း သိလား။” ဦးလှစိန်ကပြန်ဖြေသည်။

“ဘယ်လိုဖမ်းလဲဗျ။ မှိန်းနဲ့လား” ကျွန်တော်ဝင်မေးကြည့်သည်။

“မဟုတ်ဘူးကွ၊ တစ်ကောင်လောက်ကို ဂျီ (၃) နဲ့ ပစ်လိုက်တယ်။ အဲဒီအချိန်ကျရင် သွေးညှီနံ့ရတော့ အဲဒီအကောင်ကို ကျန်တဲ့အကောင်တွေက ဝိုင်းခဲ။ သူတို့အချင်းချင်းကိုက်ကုန်ကြရောကွာ။ ပြီးတော့မှ ငါးမန်းအသေတွေကို ငါတို့လိုက်ကောက်တာပေါ့။ ကျားငမန်းတွေက အဲဒီအတိုင်းပဲကွ အရမ်းကြမ်းတယ်.... သွေးညှီနံ့ရလို့ကတော့ အချင်းချင်းလည်းချမ်းသာမပေးဘူး ”

“ကျားငမန်းမှ မဟုတ်ပါဘူးဗျာ။ လူတွေကြတော့ရော။ ငွေညှီနံ့ ရတာနဲ့.....” ကျွန်တော့်စိတ်ထဲမှာ ရေရွတ်နေမိသည်။

အဲဒီအချိန်မှာ နောက်လှေတစ်စီးမှ လှမ်းအော်၍ပြောသည်။

“ကဲ ဘယ်နှစ်ကောင်ရကြပြီလဲ ဟေ့” ကျွန်တော်တို့အားလုံး လက်ခါ ခေါင်းခါပြကြသည်။

ထိုအချိန်တွင်ပဲ ကျွန်တော့်လက်ထဲက ငါးမျှားချိတ်တွင် ရေအောက်က အရာဝတ္ထုတစ်ခုက ဖြေးဖြေးလေး လာဆွဲသလို ခံစားရသည်။
ကျွန်တော် အားရဝမ်းသာ ထအော်လိုက်သည်။ “ဆွဲပြီဗျို့.....” လှေလေးပေါ်၌ အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

ပထမဦးဆုံး တွတ်ခြင်းဆိုတော့ အားလုံးက မိစေချင်ကြသည်။ “မလောနဲ့ ဖြေးဖြေး” “ငါးမျှားကြိုးကို အလိုက်သင့်လျှော့ပေး” ကျွန်တော့်ကို အားလုံးကဝိုင်းပြောကြသည်။

ကျွန်တော့်လက်ထဲက ငါးမျှားတံပြန်ပေါ့သွားသည်။ မဆွဲနဲ့ ဦး။ စိတ်ထဲတွင် ရေရွတ်နေမိသည်။ ဤ အချိန်တွင်လောကြီး၍မဖြစ်။ ငါးများကလည်း လည်သည်။ မိပြီထင်၍ ဆွဲလိုက်ကာမှ လွတ်သွားတတ်သည်။

ငါးစက္ကန့်လောက်ငြိမ်ပြီးတော့ ဆွဲအားကကြမ်းလာသည်။ ရေအောက်ကငါးသည်လည်း ပုစွန်အစာကို ဆောင့်ဆွဲကာ ကူးပြေးလေတော့သည်။ ကျွန်တော်လည်း ကြိုးကိုအလိုက်သင့် လျှော့ပေးလိုက် တင်းပေးလိုက်နှင့် ငါးနှင့်ကစားလိုက်သည်။ ချိတ်တွင်သေချာမိပြီဆိုမှ ကြိုးကိုတရစ်ချင်းစီရစ်၍ တင်လိုက်သည်။ ကျွန်တော့်လှုပ်ရှားမှုတွေလည်း တက်ကြွနေလေသည်။ ငါးလည်း ရေထဲမှပေါ်လာပါပြီ။ လူကြီး လက်တစ်ဝါးကျော်ကျော်လောက်ရှိသော ငါးပါးနီလေးတစ်ကောင်။ အားလုံးက ပထမဦးဆုံးရသည့်ငါးဆိုတော့ အထူးအဆန်းအနေနှင့် ဝိုင်းကြည့်ကြသည်။ ကျွန်တော် ပင်လယ်၌ ပထမဆုံးရဘူးသော ငါးလည်းဖြစ်သည်။ ထို့နောက် ဆက်မျှားကြရာ တစ်ယောက်ကို ငါး နှစ်ကောင်လောက်ရသည့်နောက် ကျွန်တော်တို့ရပ်လိုက်ကြသည်။

ထိုငှက်တောင်မှနေ၍ ကျွန်တော်တို့လှေနှစ်စီး ငွေဆောင်ဘက်သို့ ၁၅ မိနစ်ခန့်မောင်းသောအခါ ကျွန်းတစ်ကျွန်းဆီ သို့ရောက်သွားသည်။ ကျောက်တောင်များပေါ်မှ ထုံးဖြူဖြူစေတီလေးတစ်ဆူ၊ မြန်မာတို့၏ ကြည်နှုးဖွယ်ရာဓလေ့က လူသူမရှိသည့် ကျွန်းပေါ်မှာလည်းတွေ့ရလေသည်။ ကျွန်တော်တို့လှေကို ကျွန်း၏ ကျောက်ဆောင်များနည်းရာနေရာမှ ကျွန်းသို့ကပ်၍ ကျောက်ချထားခဲ့သည်။ ကျွန်တော်တို့လူစုလည်း ကျွန်းပေါ်သို့တက်၍ ဟိုဟိုဒီဒီ စပ်စုကြသည်။

တံငါတဲလေးတစ်တဲ တွေ့လေ၏။ တဲလေး၏ ဘေးဝန်းကျင်သောင်ပြင်ပေါ်တွင် ငါးရိုးများ၊ သံပခြုပ်ခွံများက ပြန့်ကြဲနေသည်။ ခနော်နီ ခနော်နဲ့ တဲလေးအတွင်း၌ တံငါသည် နှစ်ယောက်စကားပြောနေသည်။ သူတို့၏ ဆံပင်များက နေလောင်ဖန်များကာ နီကြောင်၍ ဖွာလန်ကြဲနေလေသည်။ အသားများမှာလည်း ဆားငံလေ၊ ရေနှင့် နေဒဏ်ကြောင့် မည်းသည့်အပြင် ပြာနှမ်းနေလေသည်။ သူတို့ဝတ်ထားသည်မှာလည်း ဒဏ်ရာဗရဗွ အင်္ကျီနှင့် ပုဆိုးနွမ်း။ ခြုံကြည့်လိုက်ရင် ချို့တဲ့လှ၏။ သို့သော် သူတို့၏ မျက်နှာများမှာ မြို့သားတို့၏ ပူလောင်မှုဒဏ်မရှိ။ အပြောအဆိုကလည်း ဟန်လုပ်ခြင်းမရှိ။ အရှိကို အရှိအတိုင်း။ ရှင်းရှင်းနှင့် ဘွင်းဘွင်း။ ဤလူမရှိသည့် ကျွန်းပေါ်တွင် မီးမလာလို့လည်း စိတ်ညစ်စရာမရှိ။ ဇိမ်ခံပစ္စည်းဆိုလို့လည်း နတ္ထိ။ ဗိုက်ဆာလို့လည်း ဝယ်စားစရာ ဆိုင်မရှိ။ အပျင်းပြေ ကာရာအိုကေလည်းမရှိ။ သို့သော်

သူတို့လက်ထဲ၌ ပင်လယ်ကြီးတစ်ခုလုံးရှိလေသည်။ သူတို့အလိုရှိတိုင်း ဝမ်းစာအတွက် ကြိုက်သလောက်ဖမ်းယူနိုင်သည်။ တစ်ခုတော့ရှိသည် ကိုယ့်အားကိုယ်ကိုးကာ ကိုယ့်ငါးကိုယ်ဖမ်းရမည်။ သဘာဝကိုအံတုနိုင်ဖို့ ကျောက်ဆောင်လိုစိတ်ဓာတ်လိုသည်။

သူတို့နှင့်ယှဉ်တော့မှ ကိုယ့်ဘဝကိုယ်ပြန်စဉ်းစားမိသည်။

ပုစွန်စာတွေနောက်ကိုလိုက်ရင်း လိုက်ရင်း....

ငွေညှီနံ့ များနဲ့ကိုက်ရင်း....

ကျွန်တော့်ကိုယ်ထဲက ရွှေဝါရောင်အကြေးခွံတွေထွက်လာသည်။

နားရွက်နောက်မှာ ပါးဟတ်လည်းထွက်လာသည်။

ခြေထောက်အစား ရေယက်ထွက်လာသည်။

ကျောကလည်း ဆူးတောင်များနှင့်

ကျွန်တော်သူငယ်ချင်းများကို လှည့်ကြည့်၍နှုတ်ဆက်လိုက်သည်။

မထူးတော့.......

ကျွန်တော်သည်လည်း အမျှားခံရသော ပင်လယ်မုဆိုးတစ်ယောက် ဖြစ်ကြောင်းကိုတော့

ဘယ်သူမှမသိခင်

ပင်လယ်ပြာထဲသို့ ဒိုင်ဗင်ထိုးချလိုက်ကာ

ဟိုးအရှေ့မှာမြင်နေရသော ငါးမျှားချိတ်က ပုစွန်ကိုသာ မရရအောင်လိုက်ဟပ်တော့မည့် အကြောင်း.....။

Thursday, August 16, 2007

လမ်း

လမ်း.... လမ်းပျောက်တဲ့ နေ့ရက်များ...

လမ်း.... ဘယ်မှာပြန်တွေ့ရမလဲ.....



နယ်မြေသစ်များစွာ

နယ်မြေသစ်များစွာ..... ရှေ့မှာ

အတူစွန့်စားကြစို့.... မင်းနဲ့ငါ

နယ်မြေသစ်များစွာ..... ရှေ့က

အတူသိမ်းပိုက်မှာပဲ... ဟေ့...

Sunday, August 12, 2007

မြန်မာနိုင်ငံ၏ အကြီးဆုံး ICT Park @ Pyin Oo Lwin

ပြီးခဲ့တဲ့ တနင်္ဂနွေက Voice Journal မှာဖော်ပြခဲ့သည့် မြန်မာနိုင်ငံ၏ အကြီးဆုံး သတင်းအချက်အလက်နှင့် နည်းပညာပြန့်ပွားရေးဋ္ဌာန (ICT Park) ခေါ် ရတနာပုံ ဆိုက်ဖာစီးတီး ကို ဒီနှစ်အကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မကြာသေးမီကပြုလုပ်သော အစည်းအဝေး၌ စာတိုက်, ဆက်သွယ်ရေးနှင့် ကြေးနန်းဝန်ကြီးဋ္ဌာန ဝန်ကြီး ဗိုလ်မှုးချုပ် သိန်းဇော်က ပြောကြားခဲ့ကြောင်း သိရပါသည်။

ယမန်နှစ် နှစ်လယ်လောက်မှစ၍ တောများကိုခုတ်ထွင်ရှင်းလင်းကာ တည်ဆောက်လျက်ရှိသော ရတနာပုံဆိုက်ဖာစီးတီး ပရောဂျက်မှာ အကျယ်အဝန်း ၂၈၃၅ ဟက်တာ ရှိ၍ တည်နေရာမှာ ပြင်ဦးလွင်သို့သွားသည့် အဝေးပြေးလမ်းအနီး မန္တလေးမြို့မြောက်ပိုင်း၏ အရှေ့ဘက် ၆၇ ကီလိုမီတာ အကွာတွင်ရှိမည်ဟုသိရပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် နိုင်ငံသားလုပ်ငန်းရှင်များနှင့် တန်းတူစီးပွားရေးအခွင့်အရေး ပေးကာ ယခုဆီလီကွန် တောင်ကြားမြို့အစီအစဉ် ပိုမိုအောင်မြင် အောင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

အပြည့်အစုံကို ဒီမှာဆက်ဖက်ပါ

ကျွန်တော်ပြောချင်တာက ဒီပရောဂျက်သာပြီးစီးသွားရင် မြန်မာနိုင်ငံသား အိုင်တီပညာရှင်တွေအားလုံးအတွက် အဲဒီ ဆီလီကွန် တောင်ကြားမြို့မှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါများနိုင်ပါကြောင်းနဲ့ ကိုယ်ပိုင်ကွန်ပြူတာ စီးပွားရေးလုပ်ငန်းလုပ်ကိုင်လိုသူများအတွက်လည်း အခွင့်အလမ်းတစ်ရပ်လို့သာပြောချင်ပါတော့တယ်။ ဒီနှစ်ကုန်မှာ အမှန်အကန်ပြီးပါစေဗျား....ဒါမှကျွန်တော်တို့နိုင်ငံရဲ့ ICT ကမ္ဘာနဲ့ပြတ်မကျန်နိုင်တော့ဘူးပေါ့ဗျာ။

Thursday, August 9, 2007

စကားပုံနှင့် စကားများ


နှုတ်ချို လျှိုတစ်ပါး

အချိုလွန်အောင်လုပ်ပြီး သူတစ်ပါးကို

လျှိုထဲတွန်းချတာထက်စာရင်

ငါ တမာရွက်ပဲ ဝါးတော့မယ်။


တစ်ရွာမပြောင်းသူကောင်းမဖြစ်

သေချင်တဲ့ကျား တောပြောင်း

ဒီရွာမှာပဲ သူကောင်းဖြစ်အောင်

ကြိုးစားသင့်၏။ သူကြီးကောင်းရင်ပေါ့ဗျာ။


မိုးလွန်မှထွန်ခ

လယ်သမားဆိုတာ ဘယ်အချိန်မိုးရွာမှာလဲပဲ

ချောင်းနေတာ

အဲလိုတော့ လွန်စရာအကြောင်းမရှိဘူး။


မိုးရွာတုန်းရေခံ

မီးလာတုန်း ရေစက်မောင်း

မရွာခင်ကတည်းက မီးလာတုန်း ရေစုပ်စက်မောင်းထားမယ်

လာလေ့....


ကျွဲပါးစောင်းတီး

ကျွဲသာအနုပညာနားမလည်ရင်

ကျွဲက ဆိုတာ မရှိတော့ဘူး။


ကလေးကျမှ လှေကားထောင်

ကလေးကျမှတော့ အောက်ကမွေ့ယာခင်း

ဒါမှမဟုတ် ပိုက်နဲ့စောင့်နေမယ်။


စကားအရာ အင်္ဂါလေးတန်

၁။ သုဘာသိတ - ကောင်းစွာပြောဆိုရခြင်း၊

၂။ ပီယဝါစာ - ချစ်ခင်နှစ်သက်ဖွယ်ပြောဆိုရခြင်း၊

၃။ သစ္စာ - ဖြောင့်မတ်တည်ကြည်စွာ ပြောဆိုရခြင်း၊

၎။ ဓမ္မ - သဘာဝကျ၍ လိုက်နာကျင့်ဆောင်နိုင်ရန် ပြောဆိုရခြင်း၊


စကားခြောက်ခွန်းလူ၌ထွန်း

လေးခွန်းရှောင်ခွာ၊ နှစ်ခွန်းသာ (ဘုရားဟော)

၁။ ဟုတ်မှန်၍ အကျိုးရှိသည်၊ သူလည်း နာလိုသောစကား ဖြစ်ရမည်။

၂။ ဟုတ်မှန်၍ အကျိုးရှိသော်လည်း၊ သူ မနာလိုသောစကား။

၃။ ဟုတ်မှန်၏ သို့သော် အကျိုးလည်းမရှိ၊ သူလည်း မနာလိုသောစကား။

၎။ မဟုတ်မမှန်သော်လည်း အကျိုးရှိ၍ သူနာလိုနှစ်သက်သောစကား။

၅။ မဟုတ်မမှန် အကျိုးရှိ၊ သူလည်း မနာလို၊ မနှစ်သက်သောစကား။

၆။ မဟုတ်မမှန် အကျိုးလည်းမရှိ၊ သူလည်း မနာလို၊ မနှစ်သက်သောစကား။

ဤစကားခြောက်ခွန်း၌ နံပါတ် ၁ နှင့် ၂ ကိုသာပြောပါလေ။


စကားကြီး (၁၀)မျိုး

၁။ ရေကူးညာတင် (ကိုယ်ပြောမည့်စကားထက် ပို၍ တင်၍ပြောခြင်း)

၂။ ကောက်ပင်ရိတ်လှီး (သူ့ကိုမေးခွန်းမေး သူ့အဖြေပေါ်မူတည်၍ အရင်းမှလှီးပြောခြင်း)

၃။ ရေစီးဖောင်ဆန် (ဥပမာ ဥပမေပယျ တို့ဖြင့်ပြောခြင်း)

၎။ အိုးတန်ဆန်ခတ် (တစ်ချက်တည်းနှင့် ငှက်နှစ်ကောင်ထိအောင်ပြောခြင်း)

၅။ ဆီပွတ်ကျည်ပွေ့ (ပြောလိုသည့်စကားကို အထပ်ထပ်ပြောခြင်း)

၆။ ဆင်ဝှေ့ရန်ရှောင် (အားကြီးသောရန်သူကို တိုက်ရိုက်ရင်မဆိုင်ပဲ ကွေ့ကောက်လှည့်ပတ်၍ ရင်ဆိုင်ပြောခြင်း)

၇။ တောင်သူယာခုတ် (အရေးပါသောစကားများကို တိုက်ရိုက်မပြောပဲ စကားငယ်များကိုအရင်ပြော၍ နောက်ဆုံးမှ အရေးပါသောစကားများကိုပြောခြင်း)

၈။ ကြက်ဆုတ်ခွပ်ပစ် (သူ့အလိုကို အလိုက်အထိုက်ပြော၍ အခွင့်သင့်မှ စကားစီးမိမှသာပြောခြင်း)

၉။ ရေဆစ်ကရား (သူ့စကားကို ပိတ်မိအောင်ပြုပြီးမှ မိမိအလိုသို့ တစ်ခါတည်းပါလာအောင်ပြောခြင်း)

၁၀။ ခက်တင်မောင်းနင်း (စကားကို မတင်မကျပြောခြင်း)


စကားအရာ အင်္ဂါဆယ်ပါး

၁။ စကားကိုပြောခွင့်ရှိမှပြောရခြင်း (ကာလဝါဒီ)

၂။ ဟုတ်မှန်သည်ကိုသာ ပြောရခြင်း (ဘူတဝါဒီ)

၃။ တရားသဖြင့်သာ ပြောရခြင်း (ဓမ္မဝါဒီ)

၎။ အကျိုးစီးပွားရှိသည်ကိုသာ ပြောရခြင်း (အတ္တဝါဒီ)

၅။ ချစ်ခင်ဖွယ်သောစကားကိုသာ ပြောရခြင်း (ပီယဝါဒီ)

၆။ ပြုံးရွှင်မှုရှေ့ထား၍ ပြောဆိုရခြင်း (မိဟိတ ပုဗ္ဗဘာဏီ)

၇။ မတိုမရှည် ချင့်ချိန်၍ ပြောဆိုရခြင်း (မိတ ဘာဏီ)

၈။ အဆောတလျင် မပြောရခြင်း (အ-တုရိတဝါဒီ)

၉။ ရပ်ကြီးသူတို့ အသုံးအနှုန်းကို ယူ၍ပြောရခြင်း (ပေါရီ)

၁၀။ သန့်ရှင်းတိကျ၊ ပြတ်သားစွာ ပြောရခြင်း (ဝိဿဝါဒီ)


ဒါတွေကတော့ ကျွန်တော့်ရဲ့စကားပုံအတွေးနဲ့၊ မှတ်စုပါ။ အပြည့်အစုံကို ဒီစာအုပ်ထဲမှာ ဆက်လက်မှတ်သားနိုင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းပြောတာကတော့

ဆယ်တန်းမအောင်ရင်နေ အထူအပါးနားလည် ပြီးပြောတဲ့ဗျား.....

Monday, August 6, 2007

ကိုစက်နဲ့ SP Myanmar Culture Show

ယောင်တောင်ပေါင်တောင် မောင်စက်တစ်ယောက် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က SP ကျောင်းတော်ကြီးကို ရောက်ရှိခဲ့ပြန်သည် တမုံ။ ကျောင်းသားဘဝကတည်း က ဘယ်ကျောင်းရဲ့ပွဲမှ မလွတ်တမ်းအားပေးသောကိုစက် ကျောင်းပြီးတော့လည်း အရှိန်ကမသေ။ ပွဲကြိုက်တဲ့မောင်ပေါ့ဗျာ။

စင်္ကာပူပေါ်လီကျောင်းတော်ကြီးကိုရောက်ပါပြီ။

အာလား လား လန်ထွက်ပြီး ပျံတက်နေတဲ့ စက်ရုပ်မလေးတွေ၊ မြန်မာရိုးရာဝတ်စုံလေးတွေနဲ့ စက်ရုပ်ယဉ်ယဉ်လေးတွေ အားလုံးက တက်ကြွတဲ့ ကြက်ဖတွေ စက်မတွေဖြစ်လို့ပေါ့။ သူ့တာဝန်ကိုယ့်တာဝန်နဲ့ ရှုပ်ရှက်ခက်နေသူတွေနဲ့ အက်စ်ပီ အော်ဒီ နားတဝိုက်ပျားပန်းခတ်မျှပေါ့…

ထုံးစံအတိုင်း ကိုယ်စက်မရောက်ခင်ကတည်းက….

ပွဲကစပါပြီ။ ကျွန်တော် အော်ဒီထဲဝင်ဝင်ချင်း ခုံပျောက်ပါတယ်။ ဖြစ်ပုံကဒီလို။ အော်ဒီထဲမဝင်ခင် လက်မှတ်ကို အရှေ့ကကောင်တာမှာ Register လုပ်ရပါတယ်။ ကျွန်တော်က နောက်ကျနေတာ့ ဝင်ချင်ဇောနဲ့ လက်မှတ်ကိုပဲကိုင်ထားပြီး ခုံနံပါတ်မယူရသေးလို့ အထဲလည်းရောက်ရော မှောင်မှောင်မဲမဲမှာ ဘုံပျောက်ပါတော့တယ်။ အနားက အက်စ်ပီ အက်ရှာ ကျောင်းသူတစ်ယောက်ကို မေးကြည့်တော့ ခုံနံပါတ်မရှိရင် အထူးတန်း လှေကားပေါ်မှာထိုင်တဲ့။ ဗုဓ်ဒေါ….မရှိမဲ့ရှိမဲ့ ကိုးကျပ်ပေးထာတာလေ။ သာဖိုးကို ဒါမျိုးလာလုပ်လို့ ဘယ်ရမလဲ။ ကျွန်တော်လည်း အပေါက်ဝကိုပြန်ထွက် လက်မှတ်လေးကိုင်ပြီး ယောင်ချာချာဖြစ်နေတုန်း မေးခွန်းပေါင်းများစွာကို ဖြေခဲ့ရပါတယ်။ ငါ့ညီ ဘယ်သွားမလို့လဲ။ လက်မှတ်ပြ။ ရုံထဲကထွက်ရင် ဒီနံပါတ်လေးယူပါ။ ရှုပ်ယှက်တွေကို ခတ်နေတုန်း ကယ်တင်ရှင်တစ်ယောက်နဲ့တွေ့ပါတယ်။ သူမကဘာဖြစ်လို့လဲဆိုတော့မှ ကျွန်တော်လည်း အကြောင်းစုံရှင်းပြ အော်ဒီထဲကတောင်မထွက်ခိုင်းဘဲ လက်မှတ်နောက်ကျောမှာ ခုံနံပါတ်သွားယူပေးပါတယ်။ သူမ ကယ်တော့မှပဲ ခုံနံပါတ်ရပါတယ်။ ကေ ၁ တဲ့။

ကျွန်တော်လည်း အပေါက်ဝမှာ ပြူတစ်ပြူတစ်ဝင်လိုက်ထွက်လိုက်နဲ့ ခုံနံပါတ်ရတော့မှ မှောင်မဲမဲမှာ လိုက်ရှာရပြန်သည် တမုံ….။ (အား လူ့တို့လူ့ပြည်က မီလွယ်ပါလား။ ဝတို့စက်ပြည်မှာဆို ဖျာပေါ်မှာ အပီ ထိုင်ကြည့် မိုးလင်းပေါက်ကြည့်လို့ရတယ်။ ရုံဆိုရင်လည်း လေမီလုံ မိုးမီလုံ ဖျာရုံ။ ကြယ်မြင်လမြင် အော်ဒီတွေနဲ့ အဲယားကွန်းဆိုလည်း လေတီ ဖြူးဖြူး ကံကောင်းရင် မိုးရေတောင်ကျိုးလို့ရသေး…ဒီလို သီဘာဝတရားထဲမှာ ဘီလောက်မိုက်လဲ…ဟူး…. အီခုတော့ ခုံတီခုံရဖို့တောင်…..မီလွယ်ပါလား)

ခုံပေါ်မှာ ထိုင်ထိုင်ချင်းပဲ တွေ့ရတာက….

မြန်မာ့စိတ်ရင်း မြန်မာ့ရှုခင်းသီချင်း လေးနဲ့ မြန်မာတွေရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ စေတီပုထိုးတွေ၊ မြင်သူတိုင်း ငေးမှိုင်လောက်တဲ့ ရှုမျှော်ခင်းတွေရယ် စုံလို့စုံလို့ပါပဲဗျာ…. ကိုစက်ကြည့်ရင်းနဲ့ ပုစဉ်းဖင်ကြားညှပ်ပြီး ရန်ကုန်ပြန်ချင်တဲ့စိတ်တောင်ပေါက်လာပါတယ်ဗျာ…

အဲဒီသီချင်းလေးကတော်တော်ကောင်းပါတယ်.. ဝင်းဦးအသံနဲ့ဆိုရင် ပိုကောင်းမလားပဲ။

နောက်ပြီး ပိန်ပိန်ပါးပါး အမ်စီ အစ်မကြီးတွေက ဘိုလိုကို ပတွတ်ပတွတ်မှုတ်ပြီး အခမ်းအနားအစီအစဉ်ကို ကြေငြာပါတယ်။ (အစီအစဉ်တွေတောင် အစအဆုံးပြန်ခေါ်လို့မရတော့ဘူး၊ စက်မမ်မိုရီ အဲဒီညက ဖော်မတ်ချလိုက်လို့) မှတ်မိသလောက်ပဲ ရေးရတာပ။

ရွှေမင်းသားအက မှာ မြန်မာ့အသံရဲ့ဆိုင်းသံတီလုံးရယ် နောက်ပြီး ပြီးခါနီးမှာ ခုန်ပျံသွားတဲ့သူ့ရဲ့ကကွက် ကလည်း လက်ခုပ်သံတွေတဖြောင်းဖြောင်းပဲ။

ပြီးတော့ သင်္ကြန်တေးသရုပ်ဖော် အဲဒီမှာ အစကတော့ ဟုတ်တုတ်တုတ်ဗျ။ ဖလားလေးတွေကိုင်ပြီးတော့ မြန်မာ့ရိုးရာ ဟန်နဲ့…သီချင်းအလည်လောက်ကျမှ ရက်ပင် ကောက်ရွတ်ပါလေတောာ့တယ်ဗျာ။ မြန်မာဝတ်စုံနဲ့ ရက်ပ်ပါ အထာ ကိုးယို့ကားရားနဲ့ကောင်မလေး တစ်ခြားနိုင်ငံခြားသားမျက်လုံးထဲမှာတော့မသိဘူး ကျွန်တော့်မျက်စိထဲမှာ ကန့်လန့်ကြီးဗျာ။ ဘယ်လိုမှတည့်လို့မရဘူး။

မြန်မာအက ဦးရွှေရိုး ဒေါ်မိုး။ ဒေါ်မိုး ဆာဖူးခီ တာကတော့ မပြောနဲ့တောဗျာ… စင်ပေါ်ကိုတက်ပြီး မပဒါမြေလူးသလို ဖျတ်ဖျတ်ကို လူးနေတာပဲ။ ဦးရွှေရိုးတောင် လက်မှိုင်ချရတယ်။ တော်တော်ရီရတယ်ဗျ။ အိုးစည်ဒိုးပတ်အဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။ သီချင်းလေးဆိုလိုက်တီးလိုက်နဲ့ဗျာ ရွာဘုရားပွဲပြန်ရောက်သွားလား အောင့်မေ့ရတယ်။ တကယ့်မြန်မာ့ရိုးရာ သီချင်းလေးတွေပါပဲ။

နောက်ကရင်ဒုံးယိမ်း ကလည်း ရဲကနဲရဲကနဲနေအောင် ကလို့။ ညီညီညာညာပါပဲ။ ဒီပွဲအတွက် သေချာပြင်ဆင်ထားကြပုံရတယ်ဗျ။

ကရင်ဒုံးပြီးတော့ သွေးစည်းညီအစ်ကိုများ ဆိုတဲ့ ဇော်ဝင်းထွဠ်ရဲ့ သီချင်းနဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း၊၊ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ ကကြတာပေါ့ဗျာ။ ဒီအစီအစဉ်က ကိုစက်တို့ကျောင်းတုန်း ပထမနှစ်ကလည်း လုပ်ဖူးလို့ ကျောင်းသားဘဝကိုတောင် ပြေးမြင်လိုက်မိပါသေးတယ်။ လူမရှိလို့ အိုင်အက်စီက စလုံးတွေ၊ တရုတ်မတွေ၊ တရုတ်တွေ၊ လူမျိုးပေါင်းစုံကို မြန်မာရိုးရာဝတ်စုံတွေဝတ်ခိုင်း။ ပုဆိုးတွေကျွတ်တဲ့သူနဲ့၊ ဆိုင်ကတိုက်ပုံ ကသေးလို့ ကြပ်ကြပ်ထုပ်ထုပ် ဝတ်ရတဲ့လူနဲ့။ ထမိန်စွန်တောင်ဆွဲတဲ့လူကဆွဲ။ ထမိန်မဝတ်တတ်လို့ ပြဿနာတတ်တဲ့လူနဲ့ စုံလိုပါပဲဗျာ။

သြော်…ကျောင်းသာဘဝ ကျောင်းသားဘဝ။

နောက်ပြီးတော့ ပြဇာတ်။ ဒေါက်တာချက်ဖောင်းရဲ့ စေတနာကောင်းချက်တွေရယ်၊ သူနာပြု ဆရာမရဲ့ စိတ်ရှည်သည်းခံ (ပြောင်းပြန်) တွေကြားမှာ လူနာများ ဒုက္ခနဲ့လှလှနဲ့တွေ့တာကို တင်ပြထားတာပါ။ လူနာ ၃ယောက်၊ ကုဋ္ဌေကုဋ္ဌာဟိန်းဆိုတဲ့ပေါင်ကျိုးတဲ့ လူနာရယ်၊ နန်းဆုရေလည်ဆိုး ဆိုတဲ့ ဗိုက်နာတဲ့ အဆိုတော်ရယ်၊ ငါလူမိုက်သီချင်းနဲ့ တက်လာတဲ့ ရက်ပ်ပါ ရယ်။ ကျွန်တော်အကြိုက်ဆုံးလူနာကတော့ နန်းဆုရေလည်ဆိုးပဲ။ စလာကတည်းက Avril ရဲ့ Girlfriend ဆိုတဲ့သီချင်းနဲ့ ငါးပြေမဆားပက်သလို စင်ပေါ်မှာ ဒွန့်ဒွန့်ကိုလူးနေတာ။ ပရိတ်သတ်ရဲ့ အားပေးသံကလည်း ဝက်ဝက်ကွဲပဲပေါ့။ (ပြဇာတ်ပြီးတော့ ဘာပါလိမ့်)

အော်…ပြဇာတ် ပြီးတော့ ၁၅ မိနစ်နားချိန်။ ကိုစက်မှာ အဲဒီကျမှ ဖွာတော်ကို ကမန်းကတန်း ကျောင်းဝင်းအပြင်ထွက်ပြီး ဖွာရတယ်။ အားလပ်ချိန်ပြီးတော့ အငြိမ့်ဗျ။ လူရွှင်တော်တွေကတော့ ပြီးခဲ့တဲ့ သင်္ကြန်တုန်းကလူရွှင်တော်တွေဖြစ်ကြတဲ့ သာဂိ၊ စုတ်ချွန်း၊ လန်ဘား နဲ့ တောက်တဲ့ တို့ပေါ့။ ပွဲအတွက်သေချာပြင်ဆင်ထားပုံရတဲ့အတွက် အပိုအလိုမရှိ အပေးအယူအချိတ်အဆက်မိမိနဲ့ ပရိတ်သတ်ကို ဟာဒယရွှင်ဆေးတိုက်ကျွေးနိုင်တဲ့ လူရွှင်တော်တွေပါပဲ။ တစ်ချို့ပြက်လုံးတွေလောက်ပဲ ဗီဒီယိုအငြိမ့်တွေနဲ့ ထပ်နေတာကိုတွေ့ရတယ်ဗျ။ ခွန်းတောက်တစ်ချို့ရယ် အဲဒီပြက်လုံးတွေရယ် ပြင်လိုက်ရင်တော့ ပရော်ဖက်ရှင်နယ် အငြိမ့်ကစားလို့ရပြီဗျ။ အဲဒီလောက်အထိကို ကောင်းပါတယ်။ ပရိတ်သတ်ရဲ့ အားပေးသံကလည်း ရုံပြည့်ရုံလျှံပါပဲ။

နောက်ပြီးတော့ ကံစမ်းမဲမဟုတ်သော နံပါတ်မဲ။ ကိုယ့်ဆီမှာရှိတဲ့ ကဒ်နံပါတ်ထဲက ပထမဆုံးဂဏန်းရယ်၊ နောက်ဆုံးဂဏန်းရယ် ပေါင်း။ ရလာတဲ့နံပါတ်က အမ်စီတွေပြောတဲ့ နံပါတ်နဲ့ကိုက်ရင် ဆုရ အဲဒီနည်းပါ။ ပြီးခဲ့တဲ့သင်္ကြန်တုန်းကလည်း သူတို့လုပ်ပါတယ်။ ဒီတစ်ခါတော့ နံပါတ်တူသူနှစ်ယောက်တို့ဘာတို့ ပေါ်လာလို့ ဒုက္ခရောက်တာရှိသလို၊ ပရိတ်သတ်ထိုင်ခုံတန်းကနေ အမ်စီတွေရှိရာ စင်နားကို ပြေးဆင်းကြတဲ့အတွက် ဘယ်သူချော်လဲမလဲဆိုပြီး ပရိတ်သတ်ကနေ ရင်တမမနဲ့စောင့်ကြည့်နေရပါတယ်။ ဒီနည်းကိုတော့ ပြောင်းသင့်နေပါပြီဗျာ။ နောက်တစ်ခြား ပရိတ်သတ်နဲ့ Interactive ဖြစ်တဲ့အစီအစဉ်လေးနဲ့ဆို ပိုကောင်းပါလိမ့်မယ်။

အဲဒါပြီးတော့။ ထုံးစံအတိုင်း စတိတ်ရှိုး။ အဆိုတော်တွေအားလုံးထဲမှာ ခပ်ပိန်ပိန်နဲ့ လူတွေက အဆိုအကောင်းဆုံးပါပဲ။(ပြောင်းပြန်) တီးဝိုင်းလည်း ကောင်းပါတယ်။ ဒရမ်ရိုက်ချက်တွေရယ်၊ လိဒ်ဂစ်တာရစ် ရဲ့ ကုပ်ချက်တွေက အမှန်တွေချည်းပဲ။ စင်ပေါ်တက်ဟဲခွင့် မရှိတဲ့ကိုစက်ကတော့ ကိုယ်ရတဲ့ သီချင်းတိုင်းလိုလို ထိုင်ခုံပေါ်မှာပဲ တမုန်းဟဲရတာပေါ့။

နားဒုက္ခ၊ ဟုတ်ပေါင် တေးဂီတအစီအစဉ်လည်းပြီးရော အင်းလေးရဲ့ ပါလေကာ ထမင်းလေးကိုကြက်သားဆီအနှစ်များများနဲ့ မြိန်ရည်ရှက်ရည် သုံးဆောင်ခဲ့ရပါတယ်။ မနက်ကတည်းကနေ ည ခုနှစ်နာရီခွဲအထိ တောင့်ခံထားတဲ့ကိုစက်ရဲ့ ဗိုက်ကလည်း သံစုံတီးလို့။ ထမင်းကနည်းတော့ တစ်ပွဲတည်းနဲ့ ဟတ်ဖီးကြီးတစ်ကာ စင်္ကာပူပေါ်လီကျောင်းတော်ကနေ ကိုစက်လမ်းကြောင်းဆက်တက်ခဲ့ပါတယ်။ တစ်ပွဲလုံးကတော့ အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ။ Organize ဖြစ်တဲ့ပွဲတစ်ပွဲလို့ဆိုရမှာပေါ့ဗျာ။ အခွေထွက်ရင်လည်း အားပေးလိုက်ကြပါဦး။ ဝယ်ပြီးတော့ သိမ်းထားသင့်ပါတယ်။ ကြော်ငြာခကတော့ ကျွန်တော့်ကို အော်ဂနိုက်ဇာတွေက မြိုးမြိုးမြက်မြက်ပေါ့ တစ်ပြားမှပေးပါဘူး။း)

ဒါနဲ့ ၂၀၀၃ ခုနှစ်တုန်းက စင်္ကာပူပေါ်လီရဲ့ မြန်မာပွဲရဲ့ တစ်ချို့အစီအစဉ်တွေကိုတော့ အခုထိသတိရဆဲ။ အဲတုန်းက ပြဇာတ်ကသိပ်မကောင်းဘူး ကျန်တဲ့ အစီအစဉ်တွေဖြစ်တဲ့ ဝါးညှပ်အက၊ ရှင်လောင်းလှည့်ခြင်း၊ အကြောက်တရားပြဇတ် စတဲ့ အစီအစဉ်တွေကတော့ ကိုစက်ရဲ့ မန်မိုရီမှာ ဘယ်တော့မှ ဖျောက်ပစ်လို့ရမှာ မဟုတ်ပါကြောင်း။

ဓာတ်ပုံများကြည့်ရန်

Wednesday, August 1, 2007

ကိုစက်ပျောက်ဆုံးခြင်း

အင်း…ကျွန်တော်မောင်စက် တောင်တက်နေသဖြင့် အာမဟုတ်ပေါင်…

စီးပွားရေးအခြေအနေမကောင်းလို့ ခေါင်းလျှော်ရည်ရောင်း အာ ပိုဆိုးနေပြီ…

အလုပ်များတာ(အဓိကကတော့ အပျင်ကြီးတာရယ်) ပြီးတော့ အလုပ်ထွက်ပြီး သင်္ကြန်ရန်ကုန်ပြန်ကာ သောင်းကျန်းနေပါသောကြောင့် မတ်လနောက်ပိုင်း ဧပြီလတစ်လလုံးနှင့် မေလတစ်လုံး ပေါင်းနှစ်လလုံး ဘလောခ်လောကမှ ပျောက်ခြင်းမလှပျောက်ဆုံးခဲ့ပါသည်။ (မှတ်ချက်။ ။ လူပျောက်မှုဖြင့် ရဲတိုင်စရာမလိုပါ)

မလေးကတော့ ဘာဖြစ်လို့လဲဆိုပြီး စိတ်ပူ၍ မေးမဆုံးပါ။

မြန်မလာ မြန်မာ ဂျစ်စ် ဆိုရင် ရွှေစိတ်တော်ညိုး၍ ပြန်ရောက်လာပြီး (အသံဝင်နေသောကြောင်)့ စကားကို ကောင်းကောင်းမပြောပါ။ (အခုမှ မှန်ချိုစား၍ ပုံမှန်ပြန်ဖြစ်လာပါသည်)

အမည်မဖော်လိုသူ ကိုတက်စ်ဆိုရင်လည်း ဖိုရမ်မှာရင်ဖွင့်၍တဖုံ၊ ပြန်လာတာသံချောင်းမခေါက်လို့ဆူတာ တစ်မျိုးနဲ့ ကျွန်တော့်ကို မေတ္တာပို့ပါသည်။

အခုလို အစ်ကိုကြီးအစ်မကြီးတို့၏ စေတနာမေတ္တာ သဘောထားအမှန်ကို

မသိပဲ လျှောက်သွားကာ စိတ်ဆင်းရဲအောင်လုပ်မိသည့်အတွက် ကိုယ့်ကိုကိုယ် အမြည်းမစားပဲ ဘီယာနှစ်ခွက်ဆင့်သောက်၍ အပြစ်ပေးလိုက်ပါသည်။

တင်ပါးကိုလည်း အရှိုးရာထင်သည်အထိ ကောက်ရိုးနှင့်နာနာ ရိုက်လိုက်ပါသည်။

ညလယ်စာစားပြီးသည့်နောက် ခေါက်ဆွဲပြုတ်မှအပ ကျန်သည့်အစာမစားဘဲ အစာငတ်ခံ၍ အိပ်လိုက်ပါသည်။

ညဆိုလည်းအအိပ်ပျက်ခံကာ နေ့လည်နေဖင်ထဲဝင် သည့်အထိသာအိပ်ပါသည်။

အပြစ်ကျေအောင် ကဗျာတွေ၊ စာတွေလည်း အတိုးချ၍တင်နေပါသည်။

နောက်တစ်ခါ အပြစ်ပေးမခံရအောင် အလုပ်များရင်(အပျင်းကြီးရင်)၊အင်တာနက် နပ်မမှန်ရင်တော့ ကြိုတင် ဘွတ်ကင်လုပ်မည့်အကြောင်း…အသိပေးအပ်ပါသည်ခင်ဗျား…..

ဆီဝေ…ဆီဝေ….ဆီဝေ….၊ကုန်ပြီ….ကုန်ပြီ….ကုန်ပြီ….

ဘလော့ခ် (သို့) ရွှက်လွှင့်ခြင်း

ဘလော့ခ် ဆိုတာ ဘဝပင်လယ်လို့ ဆိုကြပါစို့။

စကားလုံးတွေ ရွက်လုပ်ပြီး မိုးကုပ်စက်ဝိုင်းအထိ ကျွန်တော်တို့လွှင့်နေကြတာပေါ့။

လှေပေါ်မှာ ..........

တစ်ချို့ကသတင်းနဲ့ နည်းပညာတွေပါတယ်။

တစ်ချို့က အားမလိုအားမရမှုရယ် စေတနာတွေရယ်ပါတယ်။

တစ်ချို့က ဝံသာနုစိတ်တွေပါတယ်။


တစ်ချို့ရဲ့ ပေါက်ကွဲမှုတွေပါတယ်။

တစ်ချို့ရဲ့ ထွက်ပေါက်တွေပါတယ်။

တစ်ချို့ရဲ့ သီချင်းတွေပါတယ်။


တစ်ချို့သော ကဗျာတွေပါတယ်။

တစ်ချို့သော အထီးကျန်မှုတွေပါတယ်။

တစ်ချို့သော ဘဝအမောပြေစရာတွေပါတယ်။


ကိုယ့်ရိက္ခာကိုယ်သယ်ပြီး လွှင့်နေကြတာပေါ့။


တစ်ခါတစ်ရံ…..

ဒေါသကို တက်လုပ်တဲ့အခါ

မောဟကို တက်လုပ်တဲ့အခါ

လောဘကို တက်လုပ်တဲ့အခါ

အတ္တကို တက်လုပ်တဲ့အခါ

မာနကို တက်လုပ်တဲ့အခါ

လှေငယ်လူးလွန့်ပြီး....

ကျွန်တော်တို့ပင်လယ် လှိုင်းထန်၊ မုန်တိုင်းဆန်နေတတ်တယ်။

အခန့်မသင့်လို့ တစ်ချို့လှေချင်းတိုက်မိ ခိုက်မိကြတယ်။

မုန်တိုင်းပြီးရင် လေနုအေးသုတ်စမြဲမို့

လှေအပေါက်ကိုဖာ၊ ပြဲတာကိုချုပ်ပြီး ဆက်လွှင့်ကြတာပေါ့။

အားလုံးမှန်နေရင်လည်း မှားနေတော့မှာပေါ့။


ကျွန်တော့်လှေကတော့.....

ခဏတဖြုတ်ကျောက်ချပြီး သဘာဝပတ်ဝန်းကျင် အလှအပရှာတဲ့အခါ ရှာတယ်။

ဝမ်းတထွာ သမုဒ္ဒရာမှာ ရေငုပ်ပြီး သန္တာကျောက်တန်းပေါ်မှာ တက်အိပ်တဲ့အခါ အိပ်တယ်။

ရေစီးကြောင်းကိုဆန် လေနီကို ခွဲထွက်ပြီး ရွက်လွှင့်တဲ့အခါ လွှင့်တယ်။

လှေပေါ်မှာပဲ ဂစ်တာတလက်ရယ် ရင်ဘတ်တစ်ခုရယ်နဲ့ သံစဉ်ရှာတယ်။

လှိုင်းနဲ့မဟုတ်ဘဲ ယမကာနဲ့ဒေါင်ချာစိုင်းတယ်။

နောက်ကျတတ်တဲ့အကျင့်၊ ဂရုမထားတဲ့အကျင့်ကြောင့် ခဏဏသုညကိုက်တယ်။


သေချာတာက ပြိုင်ပွဲဝင်နေကြတာမဟုတ်ဘူး။

နိုင်တာ၊ရှုံးတာကို ဘေးချိတ်၊

သူမပြောသလို....

အဖိနှိပ်ကင်းလွတ်တဲ့စိတ်၊

အကြောက်တရားကင်းတဲ့စိတ်၊

လွတ်လပ်တဲ့စိတ်၊

အချင်းချင်းကူညီဖေးမရင်း ဆရာ မလုပ်တဲ့ ဗမာစိတ်နဲ့

ဆက်လွှင့်လိုက်ကြရအောင်လေ…..

အားလုံးရဲ့ပန်းတိုင် မရောက်မချင်းပေါ့။