Showing posts with label သုညများ. Show all posts
Showing posts with label သုညများ. Show all posts

Thursday, April 24, 2008

သုည

(၁)

သူမကမေးတယ်…ဒီကဗျာရဲ့အဓိပ္ပယ်ကဘာလဲ?

သူက ပြန်ဖြေသည်။

“ကဗျာတစ်ပုဒ်က သုညတစ်လုံးလေ…..ဖတ်တဲ့သူဆိုတဲ့ ၁ ဆိုတဲ့ကိန်းဂဏန်းနောက်မှာပဲ အသုံးချတတ်သလို အကျိုးရှိတာလေ” တဲ့….

ကဗျာရေးသူက မိမိရေးထားသောကဗျာကို အဓိပ္ပယ်ဖွင့်ဆိုခြင်းသည် အနုပညာရာဇဝတ်မှုတစ်ခုကျူးလွန်မှုနှင့် တူသည်။

ပန်းတစ်ပွင့်၏ အလှကိုအသေးစိတ်သိလိုသည့်အတွက် ပွင့်ဖတ်တစ်ဖတ်ခြင်းကို ခြွေချ၍ ကြည့်သလိုမျိုး…နောက်ဆုံးတော့လက်ထဲတွင် ရိုးတံငေါင်စင်းစင်းလေးသာ ကျန်ရစ်ပေမည်။ ကဗျာဆရာများသည်လည်း သူတို့သီကုံးထားသော ကဗျာကို သူတို့ကိုယ်တိုင် အဓိပ္ပယ်ဖွင့်ဆိုရှင်းလင်းခြင်း အလုပ်ကို မနှစ်မြို့တတ်ကြ။ မတူညီသောလူများ သူရေးထားသောကဗျာကို မတူညီသည့်ရှု့ထောင့်ကကြည့်ကာ သူတို့ခံစားချက်အတိုင်း အဓိပ္ပယ်ဖွင့်ဆိုသည်ကိုပင် ကျေနပ်တတ်ကြသည်။

(၂)

သူမက လက်ညှိုးထိုး၍ပြသည်။

မြင်ကွင်း၌ ပိုးတုံးလုံးလေးတစ်ကောင် ပိုးကောင်ဘဝနောက်ဆုံးအဆင့်အဖြစ်ကလွတ်မြောက်ရန် ကြိုးစား၍ သူ၏ အခွံကိုချွတ်နေသည်။ သူ့တစ်ကိုယ်လုံး နတ်ပူးသလိုတုန်ရီကာ ပိုးတုံးလုံးလေး အရမ်းပင်ပန်းနေကြောင်းသိသာနေသည်။

သူမက …သနားပါတယ်..အခွံကိုကူပြီးချွတ်ပေးလိုက်မယ်နော်…

သူဝင်တားရသည်။ ပိုးတုံးလုံးသည် အတောင်ပံရောင်စုံများဖြန့်ကာ ပျော်မြူးနေမည့် လိပ်ပြာအဆင့်သို့မရောက်နိုင်တော့ပေ။ ပိုးကောင်ဘဝဖြင့်ပင် သူ့ဘဝနိဂုံးသတ်သွားလိမ့်မည်။ တစ်ချို့အရာများသည် သူတစ်ပါးကူညီ၍ ရရှိခြင်းထက် ကိုယ်တိုင်ကြိုးစားရယူခြင်းဖြင့် ပိုမိုအနှစ်သာရရှိသော ဘဝတစ်ခုသို့ရောက်ရှိနိုင်သည်။ လောက၌ လိပ်ပြာဘဝမရောက်သော ပိုးတုံးလုံးအရေအတွက်အဘယ်မျှရှိ ပြီနည်းး?

(၃)

ရွာတစ်ရွာတွင် အသက်အရွယ်အိုမင်းသော်လည်း သားသမီးမထွန်းကားသော လယ်သမားဇနီးမောင်နှံရှိသည်။ သူတို့သည် ပတ်ဝန်းကျင်က လူများ မိသားစုသိုက်သိုက်ဝန်းဝန်းနေသည်ကို အားကျ၍ ကလေးရူးရူးနေကြသည်။ ဘေးလူများကလည်း သူတို့တွေ ကံဆိုးလှချည်လားဟု စုတ်တသတ်သတ်ဖြစ်ကြသည်။ သို့သော် တစ်နေ့တွင် သူတို့၌ သားလေးတစ်ဦး ထွန်းကားလာသည်။

ပတ်ဝန်းကျင်က သူတို့တွေ ကံကောင်းလှချည်လားဟု ဆိုပြန်သည်။

တစ်ခါ ထိုသားလေး အသက်ရှစ်နှစ်သားအရွယ်တွင် မြင်းပေါ်မှလိမ့်ကျကာ ခြေတစ်ဘက်ဆာသွားပြန်သည်။

ပတ်ဝန်းကျင်က ကံဆိုးလိုက်တဲ့ အဘိုးအိုလင်မယားဟု ညည်းကျပြန်သည်။

ဒီလိုနှင့်ကလေးက အသက် ၁၈နှစ်ပြည့်လာခဲ့သည်။ သူတို့တိုင်းပြည်၏ စစ်ပွဲအတွက် စစ်သားစုဆောင်းရာတွင် ခြေတစ်ဖက်ဆာနေသောသူမှလွဲ၍ တစ်ရွာလုံးမှာရှိသည့် လူငယ်များ စစ်တွင်းသို့ အတင်းအကြပ်ခေါ်ဆောင်သွားခံရသည်။

ပတ်ဝန်းကျင် က ကံကောင်းလိုက်တဲ့ အဘိုးအိုလင်မယားဟု ညည်းတွားကြပြန်သည်။

တစ်ကယ်တော့ ကံကောင်းခြင်း ဆိုးခြင်းသည် လည်ပတ်နေသော စက်ဝိုင်းတစ်ခုနှင့်သာခပ်ဆင်ဆင်တူလေသည်။

(၄)

ရော့ခ်ကွ…ဟစ်ဟော့ပ်ကွ… မော်ဒန်ကွ…ရီရယ်လစ်ဇင်ကွ…အာဆင်နယ်ကွ..မန်ယူကွ… စသည်ဖြင့် တစ်စုံတစ်ရာ၏ လွှမ်းမိုးမှုကို ခံယူကာ ကိုယ့်အတ္တနောက် ရှေ့နေလိုက်သလို တစ်ကောက်ကောက်လိုက်ရင်း ပတ်ဝန်းကျင်က မတူညီသော အတွေးအခေါ်အယူအဆရှိသူတို့နှင့် လူတို့သည် အားအားယားယား ရန်ဖြစ်တတ်ကြသည်။ တစ်ကယ်တော့ အာကာသယဉ်တစ်ခုခုမှ ကမ္ဘာမြေထုဆီသို့ ငုံ့ကြည့်သည့်အခါ လူဆိုသည်မှာ အစက်အပြောက်အဖြစ်တောင် တွေ့ရတတ်သည်မဟုတ်ပေ။ တိုတောင်းသော အချိန်ခဏအတွင်း ဖွင့်ထားသောစိတ်တံခါးများဖြင့် မနက်သစ်များကိုနှုတ်ဆက်ကာ ဘောင်မခတ်တတ်သောမျက်လုံးများဖြင့် လူသစ်၊ စိတ်သစ်၊ အတွေးအမြင်သစ် များကိုကြိုဆိုသင့်သည်။ တစ်ကယ်တော့ အရာအားလုံးတွင် အကောင်းအဆိုး အနိမ့်အမြင့် ဒွန်တွဲနေတတ်လေသည်။