Wednesday, July 29, 2009

သွေးစုပ်ဖုတ်ကောင်

Vampires are mythological or folkloric beings who subsist by feeding on the life essence (generally in the form of blood) of living creatures. Although typically described as undead, a vampire could be a living person. (source: Wikipedia)


နှင်းစက်နှင်းပေါက်များကြားမှ နေ၏အလင်းတန်းများ ဖြာထွက်စီးဆင်းနေကြပြီ။ သစ်ပင်များထက်မှ ငှက်ငယ်ကလေးများလည်း တီတီတာတာ ကျီကျီကျာကျာဖြင့် အသံပေးနေကြ၏။ သြကာသလောက ယန္တားရားတစ်ခုစတင်လည်ပတ်ပေတော့မည်။ ထိုကဲ့သို့ မနေ့ကနည်းတူရောက်လာသော အရုဏ်မနက်ခင်းသစ်တိုင်းသည် ကျွန်တော့်တစ်နေ့တာ၏ အိပ်တန်းတက်ချိန်များသာလျှင်ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော်……

ကျွန်တော်လူမှန်းသိတတ်စအချိန်က စ၍ အကောင်ငယ်ကလေးများကို မသတ်ရက်။ သူတစ်ပါးအသက်ကို သတ်ခြင်းသည် အကြီးဆုံးသောပြစ်မှုတစ်ခုဟု ခံယူထားပေသောကြောင့်ဖြစ်သည်။ ဘယ်အကြောင်းနှင့်မျှ သူတစ်ပါးအသက်ကို မသတ်ပါရစေနှင့်ဟု ငယ်၇ွယ်စဉ်ကတည်းက အကြိမ်ကြိမ်ဆုတောင်းခဲ့ဘူးသည်။ သို့သော် ကျွန်တော့်ဆုတောင်း မပြည့်ခဲ့ပါ။ ဗီဇအရ ဘိုးဘေးများစွာ၏ မျိုးရိုးစဉ်ဆက်အမွေဆိုးအရ ကျွန်တော်လူလားမြောက်လာသည်နှင့်အမျှ လောကတွင် ကြောက်စရာအကောင်းဆုံး လူသတ်ကောင် တစ်ယောက်သာဖြစ်လာခဲ့သည်။ ကျွန်တော့်အသက်ရှင်သန်ရန်အတွက် လူသားများ၏ သွေးစိမ်းရှင်ရှင်များဖြင့် ကျွန်တော့်သွေးပုပ်များ ပုံမှန်လဲလှယ်ရသည့် Vampire တစ်ကောင်ဖြစ်နေသောကြောင့်ပင်…ဟုတ်သည်။ ကျွန်တော်သည် လောကတွင် စက်ဆုပ်စရာ အကောင်းဆုံး Vampire တစ်ကောင်သာဖြစ်ပေသည်။

ကျွန်တော်တို့ သည် လူသားထဲက လူသားများပင်ဖြစ်သည်။ သို့သော်လည်း သွေးအသစ်မှန်မှန်လဲလှယ်ရန်လိုအပ်နေသော လူနာများလို လူသားများထမင်းဆာရင် စားသလို..သွေးဆာလျှင် သွေးစုပ်ရန်လိုအပ်သည်။ ထိုမှပင်ရှင်သန်နိုင်သည်။
တိရစ္ဆာန်သွေး၊ လူသွေး စသည့်ဖြင့် ရှင်သန်နေသော သက်ရှိများ၏ သွေးလိုအပ်သည်။
သွေးစုပ်ဖုတ်ကောင် တစ်ယောက်အတွက် ရှင်သန်ရန်မျှော်လင့်ချက်ဆိုသည်မှာ ညဘက်တွင်ပျော်မြူးသောလူသားများ တစ်ညထက်တစ်ည များသထက်များလာစေရန်သာဖြစ်သည်။ ထိုကိစ္စအတွက်ကတော့ စိတ်ပူစရာမလိုပါ။ ညစဉ်ကလာပ်များ အရက်ဘားများအနီးတွင် သွားစောင့်နေရုံပင်။ ရုံးပိတ်ရက်များဆိုရင်တော့ ကျွန်တော်တို့ ညီအစ်ကိုများအတွက်ပူစရာမလိုတော့။
ထိုကဲ့သို့ လူသားတိုင်း၏ သွေးများကို နေ့စဉ်သောက်သုံးနေရသော်လည်း ကျွန်တော်တစ်ရက်မှမပျော်နိုင်ပါ။ ထို့အတူ ကျွန်တော်လုံးဝ မသောက်သုံးရက်သော သွေးအမျိုးအစားလည်းရှိသည်။

ထိုသွေးမှာ ကျွန်တော့်ချစ်သူ၏ သွေးပင်ဖြစ်သည်။ သူမက ကျွန်တော့်ဘဝအမှန်ကို မသိရှာပေ။ ကျွန်တော့်၏ ချွန်ထက်နေသောသွားများကို သွားတက်ကလေးတွေက ချစ်စရာကောင်းလိုက်တာဟုပင် ထင်နေသေးသည်။ တစ်ကယ်တမ်းတော့ သွားတက်ပါသည့်လူတိုင်းနီးပါးဟာ ကျွန်တော်တို့အမျိုးတွေသာဖြစ်သည်။ ထိုချစ်စရာကောင်းသော သွားထက်ထက်များဖြင့် လည်ပင်းနုနုများကို ကိုက်ဖောက်တတ်ကြောင်းကို ရိုးအေးသောသူမ မသိရှာ။ သူမအနားရောက်တိုင်း သွေးနံ့များက တလှိုင်လှိုင်စီးကျတတ်စမြဲ။ ကျွန်တော့်စိတ်တွေ ထိန်းမရဖြစ်ကာ အံကို ခဏခဏ ကြိတ်ထားရတတ်သည်။ သူမကတော့ ကလေးတစ်ယောက်လို ကျွန်တော့်ကို တွေ့လျှင် ပျော်ရွှင်တတ်စမြဲပင်။ သို့သော်လည်း ညနေစောင်းမှ လာလာတွေ့သည်ကို သိပ်မကျေနပ်တတ်။ မနက်ဆိုလျှင် အလုပ်လုပ်နေရသည်ဟု လိမ်ထားရသည်။ ထိုအခါတွင်လည်း ယုံလွယ်သောသူမက ဘာမှဆက်မမေးတော့ပဲ စကားတွေသာဖောင်ဖွဲ့နေတတ်လေသည်။

တစ်ည….ဝတ္တုတွေထဲကလို လမိုက်ညမဟုတ်။ ခွေးတွေကလည်း အူမနေ။ သို့သော် ကျွန်တော်တို့လို သွေးစုပ်ဖုတ်ကောင်တွေအတွက် သားကောင်ပြတ်လတ်နေသော ကာလဖြစ်သည်။ လူအများကြားတွင် ကူးစက်ရောဂါပိုးတစ်မျိုးပြန့်နေသောကြောင့် ညနေမိုးချုပ်လျှင် မည်သူမျှအိမ်ထဲက အိမ်ပြင်ပင် မထွက်ကြ။ ဒီမြို့လေး၏ လမ်းများပေါ်မှာ တစပြင် လို ခြောက်ကပ်လို့နေ၏။ အစာအိမ်၏တောင်းဆိုမှုကြောင့် နေဝင်သည်နှင့်တစ်ပြိုင်နက် ကျွန်တော်သားကောင်အရှာထွက်ခဲ့သည်။ တစ်လမ်းဝင် တစ်လမ်းထွက်လျှောက်သွားရင်း တစ်ခါတစ်လေ ကိုယ်လိုသူလို သားကောင်ရှာနေသူများနှင့်သာ တစ်ယောက်စ နှစ်ယောက်စ တွေ့တွေ့နေရသည်။ သို့သော် သူတို့ကိုယ်ပေါ်တွင် ရှင်သန်လတ်ဆတ်ခြင်းဆိုသော လူသား၏သွေးနံ့မရှိတော့။ သားစိမ်းငါးစိမ်းထည့်သည့် ရေခဲသေတ္တာထဲမှ ထွက်လာသော ပုပ်အဲ့အဲ့ အနံ့တစ်မျိုးသာရသည်။ ကျွန်တော့်အနံ့ကိုလည်း ထိုလူတွေရသည်ထင့်…တစ်ချက်ကြည့်၍ လှည့်ထွက်သွားကြသည်။

ကျွန်တော်တို့ကြားထဲတွင် စည်းမျဉ်းတစ်ခုရှိသည်။ လူတစ်ယောက်ကို သားကောင်အဖြစ်တွေ့သည်ဆိုပါစို့…ထိုအချိန်တွင် ကိုယ့်ထက်ဝါရင့်သော အသက်ကြီးသော Vampire တစ်ကောင်က ထိုသားကောင်ကို လိုချင်သည်ဆိုလျှင် ရက်ရက်ရောရော ပေးကမ်းရသည်။ တောတွင်းဥပဒေသလို လမ်းမဥပဒေသ တစ်မျိုးပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုဝါရင့်သူ၏ ဆုံးမတိုက်ခိုက်ခြင်းခံရတတ်သည်။ မြွေကြီးက မြွေငယ်ကိုစားပစ်သကဲ့သို့ပင်။ ဆက်လျှောက်လာရင်း သူမတို့ အဆောင် နားသို့ရောက်လာခဲ့လေပြီ။ သူမက နယ်ဝေးမှလာကာ ဒီမြို့လေးတွင်ကျောင်းလာတက်နေသော အဆောင်သူတစ်ယောက်ဖြစ်သည်။ ချက်ချင်းဆိုသလိုပင် ကျွန်တော့်ကိုယ်ခန္ဓာက သူမအိပ်ခန်းအတွင်းသို့ရောက်ရှိသွားလေသည်။ သူမအိပ်နေပုံမှာ အပြစ်ကင်းစင်လှသော ကလေးငယ်တစ်ယောက် အပူအပင်မရှိစွာ အိပ်စက်နေပုံမျိုး…နိုးသွားမည်စိုး၍ ကျွန်တော်ငြိမ်ငြိမ်လေးထိုင်ကြည့်နေမိသည်။ ဘယ်လောက်ကြာသွားသည်မသိ တိုင်ကပ်နာရီကို ကြည့်တော့မှ မိုးလင်းရန် နာရီအနည်းငယ်သာလိုတော့သည်။ ကျွန်တော့်သွေးတောင်းနေလေပြီ။ အစာရှာထွက်ရပေဦးမည်။ သူမကတော့ အိပ်လို့ကောင်းတုန်း….

ကျွန်တော်လမ်းမဘက်ဆက်ထွက်ခဲ့သည်။ ရုတ်တရက် ရှေ့နားဆီမှ လူနံ့ရလာသည်။ သေသေချာချာ ရှုရှိုက်မိတော့ တကယ့်လူသွေးနံ့ဖြစ်သည်။ ဆာလောင်မွတ်သိပ်မှုနှင့်အတူ ကျွန်တော့်ခြေလှမ်းများ အရှိန်မြှင့်လာသည်။ လမ်းမီးရောင် ဝိုးတဝါးကြားမှ လမ်းမထက်တွင်လူတစ်ယောက် လှဲလျောင်းနေသည်ကိုတွေ့သည်။ ထိုသူသည် ကံဆိုးစွာ ကျွန်တော့် ညစာဖြစ်ရပေဦးမည်။ ကိုယ့်အတွေးနှင့်ကို တစ်ချက်ပြုံးလိုက်ကာ အနားသို့ရောက်အောင် အမြန်လျှောက်မိသည်။ တွေ့လိုက်ရသောအခါ လူကြီးတစ်ယောက်မဟုတ်ပဲ ကျုံလှီချည့်နှဲ့သော ကလေးငယ်တစ်ယောက် အစာအာဟာရပြတ်ကာ အိမ်သို့ပြန်မရောက်နိုင်ရှာပဲ လမ်းမထက်တွင် ပုံလျက်သားလဲကျနေခြင်းဖြစ်သည်။ သူ့အဝတ်အစားများကလည်း စုတ်ပြတ်သတ်လို့။ အိမ်မှရှိပါလေစ။ ငါသူ့သွေးသောက်လို့ကောင်းပ့ါမလား။ ခါတိုင်းဆိုလျှင် ကလေးငယ်သွေးကို မသောက်သော်လည်း ဒီလိုရှားပါးညအတွက်....အို..ဘာပဲဖြစ်ဖြစ်…သူဟာ ငါ့ညစာ ဖြစ်ရမှာပေပဲ။ ကျွန်တော့်သွေးထဲမှ ညစ်ထပ်သော စိတ်နှင့် ဖြူစင်သောစိတ်နှစ်ခု အတွင်းတိုက်ပွဲဖြစ်နေကြခြင်းပင်။ နောက်ဆုံးတော့ ဘာဖြစ်ဖြစ်ဟုတ်စိတ်ကူးပြီး ကလေးငယ်၏လည်မြိုနားသို့ ကျွန်တော့်ပါးစပ်ကပ်လိုက်မိသည်။

ဆက်ပါဦးမည်…

2 comments:

  1. TV series စောင့်ကြည့်ရတာတင် မဟုတ်တော့ဘူး...
    ဘလော့ဂ်တွေမှာတောင် စာတွေကို seriesလိုက်စောင့်ဖတ်နေရပြီ :P

    ဆက်ရန်ကို စောင့်ဖတ်ပါဦးမယ်..။

    ReplyDelete
  2. ကြိုက်ပါတယ်။

    ReplyDelete