Monday, August 31, 2009

တနင်္ဂနွေမနက်ခင်း

ကိုယ့်အခန်းထဲကိုယ်နေရင်းက
ငါဟာ တာဝေးအပြေးသမားတစ်ယောက်လို
နံရံတွေပြောတဲ့စကားသံတွေ
နားနဲ့ဆတ်ဆတ်ကြားရမယ်မထင်ဘူး…

စာမေးပွဲမေးခွန်းက
အချစ်ဆိုတာ
ခဲသတ္တုခွံလေးထဲက
ရာဘာပစ္စည်းလေးတစ်ခုမဟုတ်ကြောင်း
အထောက်အထားနဲ့ သက်သေပြပါတဲ့

ရာသီဥတုသာယာပါတယ်
နာမ်ထဲမှာ မုန်တိုင်းကျနေတာတစ်ခုပဲ

ဘဝဆိုတာ
စိတ်ကြိုက်ခေါ်ပြီး
ဖြည်းဖြည်းချင်းပွတ်ကြည့်
နောက်ဆုံး
“ဗြန်း” ကနဲ ရိုက်ချလိုက်ကာမှ
ဗလာဖဲတစ်ချပ်ဖြစ်နေတတ်တယ်
အဲဒီလိုလည်း သင်အံတတ်မြောက်ခဲ့

မီးစိမ်းအပြ
လေအဝှေ့
ခိုတစ်ကောင် တောင်ပံအခတ်မှာ
သစ်ရွက်တွေ လွင့်သွားကြ
စကပ်အနားကဇာဖြူတစ်စ လွင့်သွား
လူတွေပြိုဆင်းသွားကြတယ်
မီးစိမ်းနေပြီ….

ဘောလ်ပင်တွေ
ဘောလ်ပင်တွေ
တစ်ချောင်းချင်းစမ်းပေမယ့်
ဘယ်ဘောလ်ပင်မှ
မင် မထွက်လာခဲ့ဘူး…
ကောင်မလေးတွေဟာ ဘောလ်ပင်တွေဟုတ်ပါသလား?

အေးအေးဆေးဆေးပါပဲ
ပြည့်တန်ဆာတန်းမှာ
မနက်စောစော လမ်းလျှောက်ထွက်ရတဲ့အခါ
ညကအစွမ်းကုန် ကပြအသုံးတော်ခံထားတဲ့
ပြဇာတ်ရုံတစ်ခုလို
ဈေးပေါင်ကျိုးတစ်ချို့နဲ့
အမှိုက်သရိုက်တစ်ချို့ကလွဲရင်
ခင်ဗျားကိုဘယ်သူမှဆွဲမှာမဟုတ်ပါဘူး…
အေးအေးလူလူပါပဲ

ဟော..ဟိုမှာ
မိုးဖွားတွေကျလာပြီ
ကော်ဖီရောင် ကော်ဖီတစ်ခွက်ကိုသောက်
စက်ရုပ်လူအုပ်ထဲဝင်ပြီး
မိုးမရွာခင်…နေမပူခင်…မိုးမချုပ်ခင်
ခပ်သုတ်သုတ် လျှောက်ရဦးမယ်လေ…

No comments:

Post a Comment