အဘိုးအိုတွင် အိမ် (သို့) တဲတစ်လုံးရှိသည်။ သူ့တဲ၏ဘေးပတ်ဝန်းကျင်တွင် စမ်းချောင်းတစ်ခုက တသွင်သွင်စီးဆင်းလျှက်… သူစိတ်ညစ်ညူးသည့်အခါတိုင်း စီးဆင်းနေသောစမ်းချောင်းထဲတွင် ရေစိမ်လေ့ရှိကာ သူ့စိတ်အစဉ်ကို ပြန်လည်သန့်စင်တတ်သည်။ စက္ကန့်တိုင်းတွင် စီးဆင်းခဲ့သောရေများသည် အတိတ်၊ အခုသူ့ကိုယ်ကို ပွတ်တိုက်ထိတွေ့နေသော အေးစက်နေသည့်အတွေ့သည် ပစ္စုပ္ပန်၊ အနာဂတ်ကတော့ စမ်းချောင်း၏အထက်ပိုင်းမှ သူ့ဆီသို့ဖြေးညှင်းစွာတိုးဝင်စီးဆင်းလာမည်ဖြစ်သည်။ ထို့အတွက် ဘာမှစိုးရိမ်ပူပန်နေစရာမလိုသလို စီးဆင်းခဲ့သောအတိတ်များအတွက်လည်း နှမြောတသခြင်းမဖြစ်မိ လက်ရှိသူ့ကိုယ်အား ပွတ်တိုက်နေသောရေထုသည်သာလျှင် သူ့ဘဝဖြစ်သည်။ ထိုသို့ဖြင့် သူ့၏စိတ်အစဉ်သည်ပြန်လည် လန်းဆန်းကာငြိမ်းချမ်းသွားလေ့ရှိသည်။
သူ့တွင် ခြံမခတ်ထားသော ဥယျဉ်တစ်ခုလည်းရှိသည်။ ထိုဥယျဉ်ထဲတွင် သူ့၏မျှော်လင့်ခြင်းများကို နေ့စဉ်နေ့တိုင်း အရုဏ်ဦး၏ရောင်ခြည်အချို့နှင့်အတူ ပျိုးထောင်ပေးလေ့ရှိသည်။ သူ့ဥယျာဉ်ထဲတွင် စိုက်ပျိုးထားသော မျှော်လင့်ခြင်း၏ အသီးအပွင့်များနှင့် ပန်းပေါင်းစုံ၏ အလှတရားများကို လိပ်ပြာများ၊ ငှက်ငယ်များ၊ ရွာထဲရှိမိန်းမပျိုများ၊ ကာလသားများ၊ မုဆိုးမ၊ ခေါင်းရွက်ဗျတ်ထိုးဈေးသည်များ၊ ရွာ၏ အပယ်ခံများသာမက အရူးအဆုံး မည်သူမဆို အလိုရှိသလို ယူငင် အသုံးချစေသည်။ မည်သည့်ပညတ်ချက်မှမထား။ ထို့အတွက်လည်း တံခါးနှင့်ဓားမရှိစေရန်အတွက် ခြံမခတ်ထားခြင်းဖြစ်သည်။ သူ့၏ဥယျာဉ်သည် နတ်တို့ဖန်ဆင်းသောဥယျာဉ်အလား မြင်သူတိုင်း စိတ်ကြည်နူးခြင်းတစ်မျိုးကို ဖြစ်ပေါ်စေသည်။ ထိုသို့ ဖြစ်ပေါ်လာသော ပီတိတစ်ချို့နှင့် ဥယျာဉ်ထဲမှ ရာသီသီးနှံတစ်ချို့ကို သူ့ဘဝ၏ နေ့စဉ်အာဟာရအဖြစ်စားသုံးလေ့ရှိသည်။ ဤနည်းဖြင့် သူရှင်သန်သည်။
သူ၏ပန်ဝန်းကျင်တွင် ရေးဆွဲပြီးခဲ့သော ရေးဆွဲလက်စနှင့် ခေါင်းစဉ်တပ်ကာ ဘာမှမဆွဲရသေးသော ပန်းချီကား တစ်ချို့ရှိသည်။ ထိုကားများအတွက် မည်သည့်နည်းဖြင့်ရေးဆွဲမည်ဟု သူ့စိတ်ထဲတွင် သတ်မှတ်မထား၊ သူ့စိတ်ထဲတွင်ပေါ်လာသော နည်းစနစ်ဖြင့် တစ်ခါတစ်လေ ကင်းဗတ်စ၊ တစ်ခါတစ်လေ တောင်နံရံများ၊ တစ်ခါတစ်လေ သစ်ပင်များတွင် ဓားဖြင့်ချိုင်၍ လည်းကောင်း တစ်ခါတစ်လေ လှေကားထောင်၍ သစ်ပင်ပေါ်မှ သစ်ရွက်များကို အပေါက်ကလေးများဖောက်၍ လည်းကောင်း သူစိတ်လွတ်ကိုယ်လွတ်ရေးဆွဲလေ့ရှိသည်။ နေရောင်ထိုးသောအခါ ထိုသစ်ရွက်များကို ဖောက်၍ မြေပြင်ပေါ်သို့ကျနေသော အရိပ်များမှာ သူ့အိမ် (သို့) တဲ ပတ်ဝန်းကျင်တွင် လေဝှေ့တိုင်း ယိမ်းထိုးနေခြင်းဖြင့် ကင်းဗတ်စပေါ်တွင် ငြိမ်သက်နေသော Static Art အပြင် Dynamic Art တစ်ချို့ကိုလည်း သူဖန်တီးတတ်သည်။ သဘာဝအလှတရားသည် သူ့အသက်ရှုသံဖြစ်၍ သွေးကြောများထဲတွင် စိမ့်ဝင်စီးဆင်းလှည့်ပတ်လျှက်ရှိသည်။ ထိုနည်းဖြင့် သူအသက်ရှုသည်။
ညနေခင်းများတွင်တော့ သူ့၏ အိမ်ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များကို လှည်းကျင်းသန့်စင်လေ့ရှိကာ ရွာအဝင်အထွက်လမ်းရှိ ရေအိုးစင်ကိုလည်း ရေပုံမှန်ဖြည့်ပေးလေ့ရှိသည်။ ထိုရေအိုးတွင်ထားသော အုန်းမှုတ်သောက်ရေခွက်၏လက်ကိုင်ကိုလည်း ကနုတ်ပန်းနွယ်ပန်းလက်များ ဖြစ်စေရန် သူကိုယ်တိုင် ဓားဖြင့်အနုစိတ်ထားသည်။ ထိုသောက်ရေခွက်သည်လည်း ခဏခဏပျောက်တတ်သလို ရွာသားတစ်ချို့ကလည်းဖျက်ဆီးတတ်ကြသည်။ ထို့သို့ပျောက်သွားတိုင်း ကျိုးပဲ့သွားတိုင်း အဘိုးအိုကဘာမှမပြော မညည်းတွားပဲ နောက်ထပ်အသစ်တစ်ခုကိုသာပြန်လည် ထုလုပ်လေ့ရှိသည်။ ထို့အတွက် စိတ်အားခိုင်းစရာ အလုပ်တစ်ခုအသစ်တစ်ဖန်ပြန်လည်ရစေသည့်အတွက် ပျော်ပင်ပျော်မိသေးသည်။ သူ့အုန်းမှုတ်ခွက် လက်ကိုင်၏လက်ရာမှာလည်း တစ်နေ့တစ်ခြားပိုမိုကောင်းမွန်လာလေ့ရှိသည်။
ညနေစောင်းလျှင်တော့ တောင်ပေါ်ရှိ ထုံးသုတ်ထားသောစေတီဖြူဖြူရှေ့တွင် တရားထိုင်ကာ ဝတ်ပြုလေ့ရှိသည်။ ထို့နောက် ဆည်းလည်းတို့၏ ပွတ်တိုက်ရိုက်သံများကို နားဆင်ရင်း တိမ်တို့ဘာသာဘာဝ ဆည်းဆာနောက်ဆုံးအချိန်တွင် ရောင်စုံခြယ်ကာ ကွန့်မြူးနေကြခြင်း သူရိန်နေမင်း၏ အနောက်ယွန်းယွန်းတွင် ကျဆုံးခြင်းအကြောင်းကို နှလုံးသွင်းသည်။ ရေသည်စီးဆင်းနေသလို၊ နေသည်လည်း နိစ္စဓူဝ စီးဆင်းနေသည်ပဲ။ ထို့အတူ လူများ၊ တိရစ္ဆာန်များ၊ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ တဏှာ၊ တပ်မက်မှု၊ တွယ်တာမှု၊ ပိုင်ဆိုင်လိုမှု၊ ပေးဆပ်ခြင်း စသည်စသည်ဖြင့် အရာအားလုံးသည် သဘာဝယန္တရားကြီးတစ်ခုပမာ စီးဆင်းနေကြသည်ပဲ။ ဆည်းဆာချိန်တွင် ရွှေအိုရောင်တောက်ပနေသော လယ်ခင်းများအပေါ်တွင် ဇရာဆိုသော အမှောင်အစက်အပြောက်များ တဖြည်းဖြည်းမင်းမူလာချိန်၊ တခြမ်းပဲ့လက အပြာရောင်နောက်ခံရေးရေးတွင် ခေါင်းပြူကြည့်နေချိန်၊ ရေခပ်ရာမှပြန်လာသော လုံမများရွာဝင်ချိန်၊ နွားရိုင်းသွင်းချိန်တွင်တော့ အဘိုးအိုလည်း တောင်အောက်သို့ပြန်လည်ဆင်းလာလေ့ရှိသည်။
ထို့နောက် သစ်သီး၊သစ်ဥတစ်ခုခုဖြင့် သူ၏ တစ်ယောက်တည်းသော ညစာစားပွဲကို ကျင်းပရင်း၊ တစ်ခါတစ်ရံညစာကိုရှောင်၍ ဥပုသ်ဆောက်တည်ခြင်းဖြင့် သူ၏ ဝမ်းမီးကို ငြှိမ်းသတ်လေ့ရှိသည်။ ထိုသို့စားသောက်ပြီးချိန်များ၌ ရွာအစွန်ဆုံးဘက်အခြမ်းတွင်ရှိသော သူ့တဲဆီသို့ ရောက်လာသော ကလေးများအား ကြယ်ရောင်စုံအောက်ရှိ ကွပ်ပျစ်ပေါ်တွင် ဘီလူး၊ နတ်သမီး၊ သူရဲကောင်း အစရှိသည့် ဒဏ္ဍာရီပုံပြင်များကိုပြောပြလေ့ရှိသည်။ အဘိုးအို၏ ပုံပြင်များမှာလည်း တစ်ပုဒ်နှင့်တစ်ပုဒ် ထပ်သည်ဟူ၍ မရှိပဲ စိတ်ဝင်စားစရာကောင်းသောကြောင့် ကလေးများက သဘောကျကြသည်။ ထို့အတူ ကလေးသဘာဝမေးသော မေးခွန်းများအားလည်း စိတ်ရှည်လက်ရှည်ဖြင့် ပြန်ဖြေလေ့ရှိသည်။ လသာသည့်ညများတွင်တော့ သူ့၏တယောအိုကိုထိုး၍ သီချင်းတစ်ပုဒ်ကို ညည်းဆိုနေတတ်သည်။ ထိုအချိန်တွင်တော့ အဘိုးအို၏ တယောသံနှင့်အတူ ညသည် အသက်ဝင်ကာ နုပျိုနေတတ်သည်။ သက်ကြီးခေါင်းချချိန်တွင်တော့ သူ၏ ခေါင်မလုံသော အမိုးက ကြယ်ပွင့်များကို ရေတွက်ရင်း အရာအားလုံးကိုမေ့ကာ နှစ်နှစ်ခြိုက်ချြိက်အိပ်ပျော်သွားလေတော့သည်။
No comments:
Post a Comment