ခုချိန်ဆို….အင်းယားလမ်းမှာလူတွေကြိတ်ကြိတ်တိုးနေတော့မည်။
ခုချိန်ဆို….သင်္ကြန်မင်းသား ဇော်ဝမ်း၏ တူးပို့သီချင်းသံတွေ မြေသင်းနံ့နှင့်အတူ လွင့်ပျံနေတော့မည်။
ခုချိန်ဆို….အင်းယားလမ်းနှင့် ပြည်လမ်းထောင့် ကတ္တရာလမ်းပေါ်တွင် မဏ္ဍပ်များမှစီးလာသောရေများက စမ်းချောင်းအသေးစားဖြစ်နေ၍ ကလေးများက ရေကူးနေကြတော့မည်။
ခုချိန်ဆို….မဏ္ဍပ်ပေါ်တွင် သူငယ်ချင်းများ ဒီဂျေ၏တီးလုံးများဖြင့် မြူးပျော်နေတော့မည်။
ခုချိန်ဆို….ပျိုပျိုအိုအို အရွယ်မရွေးလူမရွေး ယောက်ျားမိန်းမမရွေး အယုတ်အလတ်အမြတ်မရွေး အလှဆုံးကိုဝတ်၍ နေကာမျက်မှန်စွပ်ကာ မီးသက်ပိုက်ဒဏ်၊ ရေပြင်းသည့်ပိုက်မှ ထွက်လာသည့်ရေများကို အန်တုရင်း ရေပက်ခံနေရတော့မည်။
ခုချိန်ဆို….နေလောင်ခံသည့် အလှကုန် လူသုံးကုန်ကအစ စားသောက်စရာအဆုံး ဈေးကြီးနေ လိမ့်မည်။
ခုချိန်ဆို….ဘီယာဗူးခွံကောက်သော ရေသန့်ဗူးခွံကောက်သောကလေးများ ပီနံအိတ်အပြည့်ရကာ ကျောင်းမုန့်ဖိုးရတော့မည့်အတွက် ပီတိဖြစ်နေတော့မည်။
ခုချိန်ဆို….ကုသိုလ်ယူသည့်လူများကလည်း ယောဂီဝတ်စုံလေးများဖြင့် ဘုန်းကြီးကျောင်းတွင် ဥပုသ်သီလ ဆောက်တည်နေကြလိမ့်မည်။
ခုချိန်ဆို….ပိတောက်ရနံ့များက မနက်ခင်းတစ်ခုလုံးကို ဖုံးလွှမ်းနေလိမ့်မည်။
ပြီးခဲ့သည့်နှစ်တိုင်းက သင်္ကြန်ဆိုရင် ကျွန်တော်ရန်ကုန်မှာရှိသည်။
မနှစ်က….ဒီအချိန်ဆို ရွှဲရွှဲစိုနေပြီ…
မနှစ်က….ဘေးတွင် ငယ်ပေါင်းကြီးဖော်များရှိသည်။
မနှစ်က….မဏ္ဍပ်ပေါ်ကတီးလုံးများကြား ကျွန်တော်တို့အားလုံး ကွေးနေအောင် က နေကြသည်။ ရေပက်ခံသူများကလည်း မဏ္ဍပ်ရှေ့ရောက်သည်နှင့် အလှည့်ကြရင် မနွဲ့ကြစတမ်းဆိုပြီး ရေမှုန်ရေမွှားများအောက်တွင် သူထက်ငါမရော့စေရပဲ တတ်သလောက်မှတ်သလောက်ဖြင့် တီကောင်များအား ဆားနှင့်ပက်ထားသလို နွန့်နေသည်။
မနှစ်က….ဒီအချိန်ဆို မဏ္ဍပ်ပေါ်တွင် ရှက်တာကွဲသူကွဲ၍ လဲသူလဲနေပြီ။
မနှစ်က….အဆင်ပြေတာရှိသလို အဆင်မပြေသော အသေးအဖွဲများလည်းရှိသည်။
အခုတော့….ငါးရက်ကျသော ရှားရှားပါးပါးသင်္ကြန်တွင် နေနေကြ အခန်းကျဉ်းထဲတွင်ရှိသည်။ ရေမှုန်ရေမွှားများမရှိ။
အခုတော့….ခါတိုင်းကဲ့သို့ လုပ်နေကြ အလုပ်တစ်ခုရှိသည်။
အခုတော့….ခန္ဓာကိုယ်ထဲက သင်္ကြန်ပိုးများက ရွထလို့ သင်္ကြန်သီချင်းများဖွင့်ရင်း တစ်ယောက်တည်း ခိုးလိုးခုလုဖြင့် ယောင်ချာချာဖြစ်နေသည်။
အခုတော့….ကျွန်တော်လိုဘဝတူသူငယ်ချင်းများပေါင်းကာ ဘုန်းကြီးကျောင်းတွင်လုပ်သော သင်္ကြန်ကိုသွား၍ ရသေ့စိတ်ဖြေလုပ်နေရသည်။
အခုတော့….ရေပိုက်မှထွက်လာသောရေအစား ဘုန်းကြီးကျောင်းသင်္ကြန်တွင် ကလေးများပက်သောရေဖြင့် မစို့တစိုဖြစ်ရသည်။ သို့သော်လည်း ရေနှင့်ထိတော့ မြူးရသည်။
အခုတော့….မဏ္ဍပ်ပေါ်တွင်သောက်မည့်အစား လမ်းဘေးတွင် ဘဝတူသူငယ်ချင်းများဖြင့် တစ်ခွက်တစ်ဖလားချီးမြှင့်ရင်း သင်္ကြန်အကြောင်းကို စားမြုံပြန်နေရသည်။
ဘာပဲဖြစ်ဖြစ်သင်္ကြန်သည်လည်း အချိန်တန်ရင် ပြီးတော့လည်းပြီးသွားပေတော့မည်။ သို့သော် စိတ်ထဲတွင်တော့ ဒီနှစ်သည် ဘဝတစ်ကွေ့၏ သင်္ကြန်မကျရသော အမှတ်တရဖြစ်ရသည်။ နောက်နှစ်တွင်တော့ ပြန်နိုင်ပါစေကြောင်း…
နောင်နှစ်ခါလည်း ဆီးလို့ကြိုမည်…နောင်နှစ်လာပါမည်…လာပါမည်….
ဒီနှစ်လိုလည်း ဆီးလို့ကြိုမည်….နောင်နှစ်လာပါမည်….လာပါမည်….
သာယာစေကွယ်…သဒ္ဒါတွေကိုကွယ် ခွန်းဆိုလို့နေမယ်….
ပြန်ပါဦးမည်…ပြန်ဦးမည်…နှုတ်ခွန်းဆက်ပါသည်။
No comments:
Post a Comment