ဘဝမှာ အမေက ဒိုင်းတစ်လက်ဆိုရင်
အဖေဆိုတာဟာ ဓားတစ်လက်ပဲ….
အဖေဟာ သူ့သက်တမ်းတစ်ဝက်လောက် ကမ်းမမြင်လမ်းမမြင် ရေထဲမှာရင်းပြီး ကျွန်တော်တို့ကို ကြီးပြင်းစေတယ်။ ဒါတောင် ကျွန်တော်က အမောမပြေစေခဲ့။
ကျွန်တော်ပြောပြောနေတဲ့ ဘဝဟာ အဖေရင်ဆိုင်ခဲ့တာရဲ့ ခြေဖျားမှမမှီသေး။ ဒါတောင်ကျွန်တော်က ညည်းတွားရေရွတ်ပြ။ အဖေကတော့ ရီချင်ရီနေမှာပေါ့ဗျာ။
မိန်းကလေးတွေနဲ့ပတ်သတ်ရင် စိုးရိမ်တဲ့အဖေ “ဟေ့ကောင် မင်းခုထိရည်းစားမရှိသေးဘူးလား” “မင်းအရွယ်က ငါဆိုရင်…”
စသဖြင့်အားမလိုအားမရဖြစ်ပြ..ဒါပေမယ့် ကျွန်တော့် ပထမဆုံးရည်းစားစာ ကျောင်းလွယ်အိတ်ထဲက အဖေမိတာလေဗျာ…စိတ်ချပါ ကျွန်တော်ဘုန်းကြီးတော့ မဝတ်ပါဘူး။
ကျွန်တော် လဘ္ဘက်ရည်ဆိုင်မှာ ဆေးလိပ်သောက်နေတုန်း နောက်ကအဖေရောက်လာတော့ မီးကိုကဗျာကယာငြှိမ်းလိုက်မိတယ်။ အဖေအေးအေးဆေးဆေး ပြောတဲ့စကားက “ဟေ့ကောင် သောက်ချင်ရင်သောက်၊ ဒါပေမယ့် ယောကျာ်းဆိုတာ လုပ်ရဲရင်ခံရဲရတယ်။ မင်းလည်းဆေးလိပ်ဆိုးကျိုးသိသားပဲတဲ့” ဟုတ်တယ်အဖေ..ခုချိန်ထိ ကျွန်တော်မိုက်လို့ကောင်းတုန်းဗျ။
ငယ်ငယ်တုန်းက လမ်းထဲကကောင်တွေနဲ့ ရန်ဖြစ်လို့ငိုပြီးပြန်လာတဲ့ အစ်ကိုကို အိမ်ရောက်တော့သူက ထပ်ထိုး “မှတ်ထားကွ ရန်ဖြစ်ရင် ပြန်ချ၊ ဘယ်တော့မှ ဒီအတိုင်းပြန်မလာခဲ့နဲ့တဲ့” အဲဒီကတည်းက သူငယ်တန်းတောင်မရောက်သေးတဲ့ကျွန်တော်နဲ့ သုံးတန်းရောက်နေတဲ့ အစ်ကိုကို လက်သီးထိုးနည်းနဲ့ ကရာတေးသင်ပေးတဲ့အဖေ…စာရေးတိုင်းမေးတယ်။ ရေချိုးခါနီးတိုင်း လေ့ကျင့်ခန်းလုပ် ဒိုက်ထိုးတဲ့…. အဲဒီကတည်းက လုပ်ဖြစ်တဲ့အခါလုပ် မလုပ်ဖြစ်တာကများ..ခုဆိုရင် နှစ်ချို့နေပြီပေါ့ဗျာ…
မှတ်မှတ်ရရ အစ်ကိုနဲ့ကျားပွဲမှာ ကျွန်တော်က ခဏခဏအကွက်ပြန်ရွေ့တော့ နားရင်းတီးပြီးပြောတဲ့စကား “ဟေ့ကောင် အားကစားလုပ်ရင် နိုင်ချင်ရုံသက်သက် မညစ်ပတ်ရဘူးကွတဲ့” အဲဒီကတည်းက ကျွန်တော် အကွက်ပြန်မရွေ့တတ်တော့ပါဘူးဗျာ…
သူငယ်တန်းတုန်းက အဆင့်တစ်ရရင် စက်ဘီးတစ်စီးဝယ်ပေးမယ်ဆိုလို့ ကျွန်တော် အဆင့် တစ်ဆယ်ရရင်ကောဆိုတော့ အဖေမျက်လုံးပြူးသွားသေးတယ်။ နောက်တာပါဗျာ.. ကျွန်တော် အမြဲတမ်း စက်ဘီးတစ်စီးပဲလိုချင်တာပါ။
ငါးအကောင်လိုက်ပေးမယ့်အစား ငါးဖမ်းနည်းသင်ပေးမယ့်အဖေ….ငယ်ငယ်က ကျွန်တော်ငိုရင် “ရှေးတုန်းက သူရဲကောင်းတွေလို လက်ရုံးရည် နှလုံးရည်ပြည့်ဝတဲ့ ယောက်ျားမျိုးကိုအားကျ ငါ့သား ယောက်ျားဆိုတာ ဘာပဲဖြစ်ဖြစ် ဘယ်တော့မှမျက်ရည်မကျရဘူးကွ” တဲ့…
ဓားသွေးကျောက်လို အဖေ့စကားတွေနဲ့ ကျွန်တော့်ဓားကို သတိရတိုင်းသွေးနေဆဲပါဗျာ….