တစ်ခါကအဆောင်တွင် ကျွန်တော့်ကိုယ်ပိုင်နံပါတ် သည် ၆၆၅ ဖြစ်သည်။ တစ်ည ကျွန်တော်တို့ လူစုမအိပ်ပဲနှင့် အဆောင်သစ်ဆောက်လက်စ တန်းလျားရှိ ကွမ်းယာဆိုင်သို့ ခိုးကြောင်ခိုးဝှက်ချီတက်ခဲ့ကြသည်။ ကွမ်းယာဆိုင်လေးမှာ အသစ်ဆောက်နေသော အဆောင်သစ်မှ အလုပ်သမားများအတွက် နေ့လည်နေ့ခင်းတွင်ဖွင့်လှစ်ရောင်းချခြင်းဖြစ်သည်။ သို့သော်လည်း ကျွန်တော်တို့လူစု မီးပိတ်အိပ်ချိန်တွင် မအိပ်ပဲ အဆောင်မှလစ်ကာ ခဏ ခဏ လာလေ့ရှိသောကြောင့် သဘောကောင်းသော ဆိုင်ရှင်ဦးလေးကြီးက ညပိုင်းတွင်လည်း အအိပ်ပျက်ခံကာ ဖွင့်လှစ်ပေးလေသည်။ ကျွန်တော်တို့ လူစုအတွက်တော့ မဟာအခွင့်အရေးပင်ဖြစ်သည်။ အဆောင်တွင် ဆေးလိပ်မသောက်ရ၊ ကွမ်းမစားရ၊ ဂစ်တာမတီးရ၊ ညဘက်လူ ၅ယောက်ထက်ပိုမစုရ၊ ဘာမလုပ်ရ၊ ညာမလုပ်ရ စသည့် စည်းကမ်းပေါင်းသောင်းခြောက်ထောင် ကြားထဲမှ ထိုကွမ်းယာဆိုင်လေးသည် ကျွန်တော်တို့ အားလုံး၏ ညခင်းဘက်အိုအေစစ်လေးပင်ဖြစ်သည်။
တစ်နေ့တာပင်ပန်းနွမ်းနယ်နေသမျှ ထိုဆိုင်လေးရောက်သည်နှင့် အမောပြေလေသည်။ ဆေးလိပ်သောက်ချင်သူကသောက်၊ ကွမ်းယာစားချင်သူကစား၊ လက်ဖက်သုပ်စားရင်း ရေနွေးကြမ်းနှင့် လေပေါသူကပေါ၊ ဆိုင်တွင်ချိတ်ထားသည့် မုန့်မျိုးစုံထဲမှ တစ်ထုပ်ပြီးတစ်ထုပ်စားချင်သူကစား၊ ဂစ်တာတီးချင်သူက တီး၊ ဆိုချင်သူကဆို စသည်ဖြင့် ကျွန်တော်တို့အားလုံး၏ တစ်နေ့တာ ပင်ပန်းသမျှ အပန်းဖြေလို့ရသည်။ တစ်ခါတစ်ခါ ကျွန်တော်တို့၏ ရီသံက အမှောင်ထုထဲသို့ တိုးထွက်လာတတ်သည်။ ကျွန်တော်တို့အားလုံး အမောပြေရသည့်နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ ဆိုင်ရှင်ဦးလေးကြီး၏သမီး မဝါဖြစ်သည်။ သူမသည် လှသည်။ တစ်နေ့လုပ်စာ တစ်နေ့စားရသော သူမတို့ မိသားစုတွင် အလှအပအတွက် အချိန်ပေးရန်မရှိသလို အင်အားလည်းမရှိ။ ထို့ကြောင့် မျက်နှာတွင်လည်းဘာမှ လိမ်းခြယ်လေ့မရှိ။ သို့သော်လည်း မဝါသည်လှသည်။ ပင်ပန်းနေသောမျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခုတွေ့ရခြင်းဖြင့်ပင် ကျွန်တော်တို့အတွက်တော့ မဝါသည် လမိုက်ည၏ လမင်းတစ်စင်းပင်ဖြစ်သည်။ ထိုအလင်းကြောင့်ပင် သူမကို မဝါဟုကျွန်တော်တစ်ယောက်တည်းက နာမည်ပေးထားခြင်းဖြစ်သည်။
သူမသည် နေ့ခင်းဘက်တွင် အဖေ၏ကွမ်းယာဆိုင်တစ်ပိုင်း ကုန်စုံဆိုင်ဝိုင်းကို ဦးစီးသလို ဆယ်တန်းကျောင်းသား ဂိုက်လည်းလုပ်သည်။ ညခင်းဘက်တွင် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျပန်ဘာသာသင်နေသည်။ ထို့အတူ LCCI level 3 လည်းအောင်ပြီးသားဖြစ်သည်။ စကားပြောကြည့်ခြင်းဖြင့်လည်း သူမသည် ခေသူမဟုတ်ကြောင်းကျွန်တော်သိသည်။ ထို့အတူ ကျွန်တော့်သူငယ်ချင်းအားလုံးလည်းသိသည်။ တစ်ယောက်နှင့်တစ်ယောက် ပါးစပ်မှဖွင့်ဟ မပြောကြသော်လည်း မဝါသည် နှစ်သက်ဖွယ်ကောင်းသော မိန်းကလေးတစ်ယောက်ဖြစ်မှန်း ကျွန်တော်တို့အားလုံး အတည်ပြုထားပြီးဖြစ်သည်။ ထိုသို့ဖြင့် ကျွန်တော်တို့၏ ညခင်းများစွာမှာ အိမ်ဆိုင်၏ ဝါကျင့်ကျင့်ဖယောင်းတိုင်မီးရောင်အောက်တွင် မဝါနှင့် သူ့ထက်ငါ စကားတွေဖောင်ဖွဲ့ရင်း ကုန်လွန်ခဲ့ကြသည်။
သို့သော်တစ်ညတွင် ကျွန်တော်တို့လူစုထိုကဲ့သို့ လစ်လစ်နေကြောင်းကို ကင်းသမားက အဆောင်မှုးအားသတင်းပို့သည်။ ထို့ကြောင့်မနက်တန်းစီလူစစ်ချိန်တွင် ထိုကိစ္စကိုရှေ့တန်းတင်၍ တာဝန်ခံက မလိုအပ်ပါပဲနှင့် ရင့်ရင့်သီးသီးစကားလုံးများဖြင့် ဓာတ်ပြားဟောင်းဖွင့်သည်။ ကျွန်တော်တို့လူစုလည်း သုံးပတ် အိမ်ပြန်ခွင့် အပိတ်ခံရသည်။ မလိုအပ်သော စည်းကမ်းများကို ခဏခဏ ဖောက်ဖျက်နေကြ ကျွန်တော်တို့အတွက်က ကိစ္စမရှိ။ မဝါတို့ကွမ်းယာဆိုင်ကတော့ အနှင်ခံလိုက်ရလေသည်။ ထို့အတွက် ကျွန်တော်တို့အားလုံးက သာ၍စိတ်မကောင်းဖြစ်မိသည်။ ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသော မိသားစုအတွက် ထိုအပြစ်ပေးမှုသည်လွန်လွန်းနေသည်။ ထို့အတူ တာဝန်ခံပါးစပ်မှထွက်သည့်စကားလုံးများက ကျွန်တော်တို့အားလုံးအား ခံပြင်းစေလေသည်။ သို့သော်ကျွန်တော်တို့ အားလုံး မတတ်နိုင်။
ဤသို့ဖြင့် မဝါသည် ကျွန်တော်တို့အားလုံးနှင့် တိကနဲ အစိမ်းသက်သက်ဝေးခဲ့ရသည်။ ခုချိန်ဆိုလျှင် အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ကာ အိမ်တစ်ဆောင်မီးတစ်ပြောင်ဖြင့်ဖြစ်နေလောက်မည်။ သို့မဟုတ်ပါကလည်ူး မိသားစုအတွက် ရုန်းကန်ဆဲပင်ဖြစ်ကောင်းဖြစ်မည်။ မီးတိုင်မှိန်မှိန်ကြားမှ ခပ်နွမ်းနွမ်းအပြုံးတစ်ပွင့်ကို ပန်ဆင်ရင်း စကားတွေဖောင်ဖွဲ့တတ်သည့် လမိုက်ည၏ လမင်းတစ်စင်းကို ကျွန်တော်တို့သူငယ်ချင်းအားလုံးကတော့ အလျဉ်းသင့်သလို သတိရနေဦးမည်ဖြစ်သည်။
Halo dunia!
-
Selamat datang di Situs-situs Slot Jaringan. Ini adalah artikel pertama
Anda. Edit atau hapus artikel ini, dan mulailah menulis!