Tuesday, December 5, 2006

ကိုစက်

အချိန်ကားနောင်လာမည့်ရာစုနှစ် တစ်ခု။ ထိုအချိန်တွင် မြို့တော်တစ်ခုတည်ရှိသည်။

ထိုမြို့တော်ကို စက်ရုပ်မြို့တော်ဟုခေါ်သည်။ ထိုမြို့တော်တွင်သန်းချီသောစက်ရုပ်များစွာ သက်မဲ့စွာလှုပ်ရှားနေထိုင်လျှက်ရှိသည်။ သူတို့ထဲမှ စက်ရုပ်တစ်ကောင်၏................

နေမင်းမှ မပြူသေး နာရီစက်သံဆူညံစွာဖြင့် ကိုစက်ရုပ်တို့၏ စက်ကာဝမ်ရပ်ကွက်က သြကာသလောက ကိုနူတ်ခွန်းဆက်လေပြီ။ နာရီမှာလည်းခေတ်နှင့် လျော်ညီစွာ တီထွင်ထားသောကြောင့် အပျင်းကြီးသောကိုစက်ရုပ်အား မထမချင်း နားဒုက္ခပေးလေသည်။ နားဒုက္ခသာမက ထိုနောက်ဆုံးပေါ်နာရီတွင် အနံထုတ်လွှတ်နိုင်သော နည်းပညာပါရှိသောကြောင့် ဘဲဥပုပ်နံ့လိုလို တမာရွက်ပြုတ်နံ့ လိုလို အနံ့ဆိုးတစ်မျိုးကလည်း ကိုစက်၏ စက်နှာခေါင်းအား ကလူ၏သို့ မြှု၏သို့လုပ်လေသည်။ အိပ်မက်ထဲတွင် စက်ရုပ်မော်ဒယ်မလေး နှင့်နှစ်ပါးသွားက ခါနီးမှ ထိုအနံ့ဆိုးကို ရသောကြောင့် ကိုစက် နာရီကိုကျိန်ဆဲရင်း မက်လက်စအိပ်မက်ကို ဆက်ရန်လုပ်လိုက်ရလေတော့သည်။ ဝါး…. ကိုစက် သန်းသည်။ သို့သော်စက်ရုပ်ပါးစပ်မှထွက်သော အသံဖြစ်သောကြောင့် ဝါးအနောက်မှပဲ့တင်ထပ်သံက တစ်မျိုးဖြစ်နေသည်။ ဝါး…ဝှက်…ဝှက်…

မနေ့ညဘက်စက်ကလပ်က အရှိန်ကမပြေသေးသောကြောင့် ကိုစက်၏ Memory ကရုတ်တရက်ဘာမှစဉ်းစားလို့မရ။ နောက်မှတစ်ဖြည်းဖြည်း Database ကိုသေသေချာချာခေါ်ကြည့်မှ ဒီနေ့ တနင်္လာနေ့လုပ်ရန်စာရင်းပေါ်လာလေသည်။ ဇက်…စက်…စက်…ဒီနေ့စက်လူကြီးတွေနဲ့ အရေးကြီးသောလပတ်အစည်းအဝေးရှိသည် မဟုတ်ပါလော။ ဘာဆိုဘာမှမပြင်ဆင်ရသေး။ ဒီနေ့မှအလုပ်ကိုအစောကြီးလာကာ ပြင်ဆင်မည်ဟု ပြီးခဲ့သောစနေနေ့ညနေက ကိုယ်ကိုယ်ကို ဆင်ခြေပေးကာ စက်ရွှေရည်ဆိုင်ကိုချီတက်ခဲ့သည် မဟုတ်ပါလော။ ကိုစက် အိပ်ယာမှ ပြူးပြဲထသည်။ စက်သွားတိုက်တံတွင်ဆေးညိုကာ ဒရောသောပါးတိုက်သည်။ သိပ်တော့ပင်ပန်းခံစရာမလို၊ လက်ကအငြိမ်ထားရုံဖြင့် စက်သွားပွတ်တံက သွားကြားကကွမ်းချိုးပါမကျန်ပြောင်အောင်တိုက်ပေးသည်။ တိုက်သည့်နှုန်းကလည်းမြန်မှမြန် ကိုစက်သွားများတောင် ကျွတ်ထွက်ကုန်မလားစိုးရိမ်ရသည်။ ထို့နောက် ရေချိုးသည်။ ရေချိုးရာမှာလည်း အပင်ပန်းခံပြီးခလုတ်နှိပ်စရာမလို။ ရေပန်းအောက်ဝင်ရပ်လိုက်သည်နှင့် အော်တို ရေထွက်ကာ ဆပ်ပြာပါတိုက်ပေးသည်။ ပါးစပ်မှရေနွေး၊ ရေအရှိန်မြုင့်ဟု အော်လိုက်သည်။ စက်ရေပန်းကလိုက်နာသည်။ လိုက်နာတာမှ ရေနွေးမီးသတ်ပိုက်နှင့်ပက်နေသလားအောင့်မေ့ရသည်။

အား….အက်…အက်….

ကိုစက်ရေချိုးပြီးအဝတ်လဲသည်။ စက်ရုပ်အိမ်စေလေးနှယ်ပေးထားသော ပဲပြုတ်ထမင်းဆီဆမ်းစားသည်။ စားသည့်အခါတွင်တော့ ကိုယ့်သွားနှင့်ကိုယ်အမြန်နှုန်းမြှင့်၍ ဝါးရသည်။ ကိုယ့်လျှာကိုယ် ကိုက်မိသည်မှာအခါခါ။ မတတ်နိုင်မြန်ဖို့အရေးကြီးသည်။ လဘ္ဘက်ရည်စက်မှဖျော်ပေးထားသော ပုံမှန်ကျစိမ့်ကို တစ်ကျိုက်လောက်သောက်ကာ လက်ဖဝါးအရွယ်ရှိ စွယ်စုံရကွန်ပြူတာလေးကှိုဆွဲ၍ ကားပျံရှိရာသို့ပြေးသည်။ တော်သေးသည် စက်အိမ်စေလေး ရေမိုးချိုးပေးထားသောကြောင့် ကားပျံက သန့်ပြီးတောက်ပြောင်နေသည်။ ကောင်လေးကိုပြီးမှ ဘောက်ဆူးအနေနှင့် Memory မြှင့်ကာသီချင်းအသစ်တွေထည့်ဖို့ disk space တိုးပေးရဦးမည်။ ကဲကားပေါ်ရောက်ပြီ၊ ရုံးကို အမြန်ဆုံး လို့ပြောလိုက်သည်နှင့် ကားကအော်တိုစက်နှိုးကာ တရှိန်ထိုးထပျံလေသည်။

ဟဲ့….အဲ့…အဲ့……

အရေးထဲမှကိုယ်လိုလူမျိုးတွေ အဲလေ စက်မျိုးတွေ ဘယ်လောက်များသည်မသိ လေထဲကလမ်းတောင်ပိတ်နေသည်။ အပေါ်ရော အောက်ရော ဘေးပတ်လည်ရော ကိုယ်လိုသူလိုအလုပ်နောက်ကျသူတွေ ပြုံနေသည်။ စက်ဘဲဥလည်းမတတ်နိုင်။ စက်မီးပွိုင့်လည်းမနိုင်။ တောက်…အောက်..အောက်…..ကိုစက် တင်းသည်။ ဆက်စောင့်နေရင်အလုပ်နောက်ကျမည်။ မတတ်နိုင် ကားကို အလုပ်ကိုလိုက်လာရန် ပြောသည်။ ကားထဲမှ ကျောပိုးဂျက် ကိုထုတ်၍ ကိုစက် အလုပ်သို့ ပုစဉ်းဖင်ကြားညုပ်သလို သုတ်ခြေပျံ လေတော့သည်။ တော်ရုံတန်ရုံဆို ကျောပိုးဂျက်ကိုမသုံး။ စက်ဆီဈေးများအလွန် ခေါင်ခိုက်နေတဲ့အချိန် လစာလေးပုံ တစ်ပုံကစက်ဆီဖိုးဖြစ်သွားတတ်သောကြောင့်ဖြစ်သည်။ အခုတော့ အမြန်နှုန်းကို ပုဂံလုံးလို မြှင့်ပြီးလမ်းမှာတွေ့သမျှကို ကျော်တက်သည်။ စကပ်တိုတို စက်ရုပ်မလေးတွေကိုလည်း ငမ်းချိန်မရှိ။ ရုံးမှ အထက်စက်ရုပ်ကြီးရဲ့ ဘူးသီးပုပ်ဖင် ဆောင့်ကန်ထားသည့်မျက်နှာကြီးကိုသာ မြင်ယောင်နေမိသည်။ သူသဘောကျ အောင်ဖားတဲ့ကောင်တွေ ကျတစ်မျိုး။ သူသဘောမတဲ့ကောင်ကျရင် အလုပ်ထဲမှာ လေလည်တာတောင် စည်းကမ်းထုတ်ပြီး ဒဏ်တပ် တတ်သူ။ ကျန်တဲ့စက်ရုပ်တွေ ရုံးနောက်ကျလို့ကတော့ လကုန်လစာထုတ်ရင်အပြည့်မရ။ သူကတော့ အချိန်မမှန်။ ဒဏ်ငွေတွေကိုစုပြီး တော်တဲ့ စက်ရုံးသူရုံးသား တွေကို ချီးမြုင့်လား။ ဝေးသေး။ သူတို့ စက်လူကြီးတွေ စက်ကာရာအိုကေ။ စက်ဘီယာစတေရှင်။ စက်ပန်းကုံးဖိုးတွေ ဖြစ်ကုန်သည်။ ဒါကြောင့်လည်း စက်ရုံးသားတွေက ဘယ်သူမှရုံှးနောက်မကျ အောင်လာသည်။ စက်လူကြီးတွေကို မသဒ္ဒါသောကြောင့် ဖြစ်သည်။ သူ့ကို ကိုစက် တစ်စက်မျှ ကြည့်မရ။ သို့သော်လည်းသူ့ဆန်ကို စား၍ သူ့ အလုပ်ကိုလုပ်နေသည်မဟုတ်ပါလော။ ကိုစက် တတ်သမျှ မှတ်သမျှ ရွတ်သည်။ စက်သိကြား ကိုလည်းမစဖို့တောင်းပန်သည်။ သက်ပြင်းတွေလည်းရှိုက်နေမိသည်။

ဝူး…ဟူး…ဟူး…


ဆက်ရန်

ကိုစက် ၂

ကိုစက် ၃