ဒီနေ့ကျွန်တော် PRကိစ္စနဲ့ စလုံး လဝက ကိုရောက်ခဲ့ပါတယ်။ ထုံးစံအတိုင်းပေါ့ တန်းစီနံပါတ်ယူ ပြီးတော့ကောင်တာနံပါတ် ၂၆ နား နောက်ဆုံးတန်းကခုံလွတ်တွေမှာ သွားထိုင်ပြီးစောင့်နေတာပေါ့။ ကျွန်တော်ထိုင်ပြီး သိပ်မကြာပါဘူး။ လူကြီးမင်းနှစ်ယောက်က အစိမ်းရောင်ဂါဝန်ကိုယ်စီနဲ့ ကျွန်တော့်ကိုလမ်းတောင်းပါတယ်။ သူတို့ကျွန်တော့်ဘေးကခုံမှာ ထိုင်မယ်ပေါ့။ ကျွန်တော်လည်းသူတို့ ဝင်သာအောင် ကိုယ်ကိုရို့ပြီးရှောင်ပေးလိုက်ပါတယ်။ ခုံကိုရောက်တာနဲ့ မထိုင်ပါဘူးဗျာ။ ထိုင်ခုံ ဖင်ထိုင်တဲ့နေရာမှာဒူးထောက် ပြီးတော့ အနောက်ဘက်ခပ်လှမ်းလှမ်းမှာ ရှိတဲ့သူတို့ အမေကို လှမ်းပြောင်ပြနေကြတာ။ ယိမ်းတိုက်ထားသလားအောင့်မေ့ရတယ်၊ နှစ်ယောက်သား ထိုင်ခုံပေါ်ဒူးလေးထောက် နောက်မှီကို ကိုင်ပြီး အတိုင်အဖောက်ညီညီနဲ့ သူတို့အမေကို “စ” နေကြတာ။ ကျွန်တော်ကလည်း အမြွှာညီအစ်မနေမှာပဲဆိုပြီး သူတို့ရဲ့နည်းမျိုးစုံ ပြောင်နည်း တွေကို စိတ်ပါပါနဲ့ကြည့်နေတာပေါ့။
သိပ်မကြာပါဘူး ပစ်မှတ်က ကျွန်တော့်ဆီရောက်လာပါတော့တယ်။ ကျွန်တော့်ကို ကြည့်ပြီးသူတို့ညီအစ်မ ခိုးခိုးခစ်ခစ် နဲ့စနေတာပေါ့။ ဘယ်ရမလဲ ကျွန်တော်ကလည်း ပြန်ပြောင်တာပေါ့။ အဲဒီတော့မှ နှစ်ယောက်စလုံး ရီကြပါတော့တယ်။ နောက်ပြီးတစ်ယောက်က စပြီးမိတ်ဆက်ပါတယ်။ သူ့နာမည်နဲ့ ဘေးကသူ့ညီမ ရဲ့နာမည်ပေါ့။ ပြီးတော့ကရားရေလွှတ် တတွတ်တွတ်နဲ့သူ ဘာကိစ္စလာတဲ့ အကြောင်းသူ့အဖေက ဟိုးအရှေ့နားမှာထိုင်စောင့်နေကြောင်း၊ အမေကတော့ သူတို့အနောက်နားမှာ စောင့်နေကြောင်း။ စုံလို့ပါဘဲဗျာ။ အငယ်မလေးကလည်း ခေသူမဟုတ်ဘူးဗျ။ စကားမပီကလာ ပီကလာနဲ့ ဝင်ဝင်ပြောသေးတာ။ သူပြောတာကတော့ ဘာလဲတော့သေချာမသိဘူးဗျ။ ရေချိုး၊ ထမင်းစား၊ ဒယ်ဒီ၊ မာမီ အဲဒါတွေပဲ ပတ်ချာလည်နေတာ။ ဒါပေမယ့်သူ ပြောတာကိုနားလည်ကြောင်း ကျွန်တော်က ခေါင်းညိတ်တော့မှ တကယ့်လူကြီး အက်တင်နဲ့ သေသေချာချာကို ရှင်းပြတော့တာ။ သူ့အစ်မကလည်း သူ့ညီမက တွေ့သမျှ အရုပ်တွေရော၊ စက္ကူကအစ ဝါးကြောင်း အဲဒါကြောင့်အိမ်မှာ ဆိုသူ့ကိုသတိထားရကြောင်းစုံလို့ပါဘဲ။ အသက်မေးကြည့်တော့မှ အကြီးမက ၅နှစ်၊ အငယ်မလေးက ၄နှစ် ဆိုပဲ။ ဒါပေမယ့်သူတို့ အက်တင် ကလူကြီးပုံဖမ်းထားတာ ဂွတီးဂွကျနဲ့ တော်တော်ချစ်ဖို့ကောင်းပါတယ်။
နောက် ကျွန်တော့် လည်ပင်းမှာ ဆွဲထားတဲ့ MP3 Player ကိုစိတ်ဝင်စားပါတော့တယ်။ အဲဒါနဲ့ကျွန်တော်လည်း သူတို့ဘာလုပ်မလဲဆိုတာသိချင်လို့ သူတို့လက်ထဲ MP3 Player ကိုထည့်လိုက်ပါတယ်။ အဲဒီတော့မှ သဘောကျတော့တာပါပဲ။ ဒါကို ကျွန်တော့် မိုဘိုင်းဖုန်းလား တဲ့ ကျွန်တော်က လည်းမိုဘိုင်းမဟုတ်ကြောင်း သီချင်းသံမြည်ကြောင်း သီချင်းဖွင့်ပြီးသူတို့နားမှာ နားကြပ်ကပ်ပေးလိုက်တော့မှ အမ်ပီသရီး ကိုလက်ထဲကကို မချတော့ပါဘူး။ နားကြပ်ကိုတစ်ယောက်တစ်ဖက် တပ်ပြီးသီချင်းနဲ့အူမြူးနေကြပါလေရော။ အစ်ကြီးမက ကြွားသေးတာဗျ။ သူတို့ကျောင်းမှာဆို ဒါမျိုးအမ်ပီသရီး ပလေယာ ၅ ခုလောက်ရှိကြောင်း ပိုလည်း အကြမ်းခံကြောင်းနဲ့ စုံနေတာပါဘဲ။ ကျွန်တော်ကလည်း သူကြွားတာကိုသဘောကျတာနဲ့ ရီချင်တာပေါ့။ အငယ်မလေးကကြတော့ သူ့အမေက သူ့ကိုဘာလို့ MP3 Player မဝယ်ပေးတာလဲတဲ့။ အဲတော့မှကျွန်တော်လည်း “ဒါပေါ့ ညီမလေးအသက်ကြီးလာရင်ဝယ်ပေးမှာပေါ”့ လို့ရှင်းပြတော့မှ ပြန်ပြီးရွှင်ရွှင်ပြပြ ဖြစ်လာတော့တယ်။
အဲဒီလိုနဲ့ ခါတိုင်းဆိုပျင်းဖို့ကောင်းအောင်စောင့်ရတဲ့ အချိန်တွေ အကုန်မြန်ပြီး ကောင်တာ ၂၆ မှာ ကျွန်တော့်အလှည့်ရောက်လာပါတော့တယ်။ ကျွန်တော်ကအလှည့်ရောက် လို့သွားရမှာဖြစ်ကြောင်းနဲ့ ကျွန်တော့်ကိုခဏစောင့်နေဖို့ သူတို့ကိုပြောပြီး ကောင်တာကိုသုတ်သုတ်သွား၊ ပြောစရာရှိတာပြောပြီး ပြန်လာတော့ ညီအစ်မနှစ်ယောက် က ကျွန်တော် အပြင်ရှေ့ခုံက ဘော်ဒါတစ်ယောက်ရပြီး နေပြီဗျ။ အဲဒါနဲ့ကျွန်တော်လည်း မိတ္တူကူး လုပ်စရာရှိတာလုပ်ပြီး သူတို့နဲ့ ပြန်စကားပြောတာပေါ့။ ထုံးစံအတိုင်းပါပဲ မပီကလာပီကလာနဲ့ သူတို့အမူအရာတွေက ဟန်မလုပ်ဘဲ ချစ်ဖို့ကောင်းပါတယ်။ နောက် သူတို့အမေ နဲ့အဖေကလာခေါ်တော့မှ ကျွန်တော့်လက်ထဲကို အမ်ပီသရီးပလေယာအပ် တာ့တာလုပ်ပြီး အစိမ်းရောင်ဂါဝန်ကိုယ်စီ နှာတံပေါ်ပေါ် မျက်ခုံးထူထူ ဝတ်ထားတဲ့ ညီအစ်မ ပြန်သွားပါတော့တယ်။ အဲဒီတော့မှ ပဲခုနကလှုပ်ရှားံနေတဲ့ ပတ်ဝန်းကျင်က သေသွားသလိုပါပဲ။ လူတွေကသူတို့ခုံ တွေမှာကိုယ်စီငြိမ်ငြိမ်လေး ထိုင်ပြီး ပျင်းဖို့ကောင်းတဲ့ အမူအရာတွေနဲ့ ရှင်လျက်သေနေကြပါတယ်။
အပြန်လမ်းမှာ ကျွန်တော်စဉ်းစားတယ်။ ကလေးတွေရဲ့ ဟန်ဆောင်ကင်း တဲ့ဖြူစင်ခြင်းနဲ့သာ တွေ့သမျှလူကို နှုတ်ဆက်ရင် ကျွန်တော်တို့နေတဲ့ကမ္ဘာ က World Without Strangers …. ဖြစ်လာနိုင်ပါကြောင်း ……