Saturday, November 24, 2007

မြစ်ကျိုးအင်း



မိခင်ဧရာဝတီက

သန္ဓေဖျက်ချလိုက်တဲ့အခါ

“ငါ” ဆိုတာ အပယ်ခံအဖြစ်

ပေါက်ဖွားရှင်သန်လာခဲ့ရတယ်...


သွေးထဲမှာ

ငါးဆိုတဲ့ သတ္တဝါတွေ ကူးခတ်

ငါ့ကလီစာ ရေမှော်ပင်တွေကို

ကိုက်ဖြတ်စားသုံးကြရင်းပေါ့...


မိတ်ဆွေ မိုးလာရင်

ငါ့အသားအရည်တွေ စိုပြည်လို့

ရေသောက်မြစ်များ စိမ်လန်းပျော်ရွှင်ကြတယ်..


နေရောင်ပြင်းပြန်ရင်

ငါ့ခန္ဓာကိုယ်ခြောက်ခမ်း

အသက်ငွေ့ငွေ့ကို မောမောပန်းပန်း

မနားတမ်း ရှိုက်သွင်းရတယ်...


ညရောက်ရင်တော့

ငွေလမင်းက ငါ့ပါးပြင်ကို

ဆွဲငင်ရှိုက်နမ်း အသစ်တဖန်

လန်းဆန်းရပြန်တယ်...


သို့....

အသင်လူသားများ

ငါ့အသွေးတွေကို

သောက်သုံးကြပါ...

သင်တို့ ချိုးငင်ကြပါ....

အားလုံးအတွက်

နောက်ဆုံးထွက်သက်အထိ

ထာဝစဉ် ပေးဆပ်ချင်တဲ့ငါဟာ

“----------” တစ်ခုသာဖြစ်တယ်...

Friday, November 16, 2007

မြို့သစ်ခေါ်သံ

မြို့လယ်ခေါင်မှာ ရှေးဟောင်းကားဘီးရာတွေနဲ့

ပတ်ကြားအက်နေသော လမ်းမများ

အညှိတက်နေသော မှောင်ပိန်းပိန်းမီးဂျစ်ပုံးနောက်က

ပုပ်အဲ့ဟောင်နံနေသော လမ်းကြားများ

ဒါ ၅၄သန်းရဲ့ စာမျက်နှာတစ်ခုဖြစ်တယ်။


ခိုနားရာမဲ့ ခိုတွေရယ်

ဘတ်စ်ကား မီးခိုးလုံး ညနေခင်းတွေရယ်

အမှိုက်ကောက် ဗိုက်ပူနံကားလေးများရယ်

ထမင်းရည်မဝသော မွေးကင်းစတွေရယ်

ဖယောင်းတိုင်ပျပျထဲက ကျောင်းသားငယ် စာအံသံတွေရယ်

ဒါတွေက မြို့တော်ရဲ့ ကြားနေကျ မြင်နေကျ

ရီနေဆန်မဟုတ်သော ဆင်ခြေဖုံးပြဇာတ်တစ်ပုဒ်လည်း ဖြစ်ရဲ့...


အလို....

ဘုန်းကြီးကျောင်းက “အုန်းမောင်း”ခေါက်သံလား

အလိုတော်ရိတွေရဲ့ “တောက်”ခေါက်သံလား

ညကဗျာလည်း သွေးသံရဲလို့

သက်ကြီးခေါင်းချချိန်မှာ ခြောက်ချားစွာနဲ့

ပုန်းအောင်းနေကြရသော ညများစွာလည်းရှိရဲ့...


အဲဒီမြို့တော်ပါပဲ

လူရည်ချွန်ကြီးတွေ

အင်ဂျင်နီယာကြီးတွေ

ထိပ်တန်းပါရဂူတွေ

အကျော်အမော်အနုပညာရှင်တွေ

ရဲဘော်သုံးကျိပ်လို သတ္တိပြောင်သူတွေ

ဗိုလ်အောင်ဆန်းလို နိုင်ငံ့ခေါင်းဆောင်တွေ

တသီတတန်း မီးရှုးဆောင်ကြဉ်းပေးခဲ့ဘူးတယ်။


တာဝန်တွေပုခုံးပြောင်း

ငါတို့ လူငယ်တွေ ထမ်းဆောင်ရမယ့်အချိန်ရောက်ခဲ့ပေါ့

ကိုယ့်လက်ကိုသွေးရင်း မြို့ဟောင်းကိုပစ်လို့ မြို့သစ်ရဲ့ ခေါ်သံ

ငါ့တို့ရာဇဝင်ကို ဈာန်သွင်း

ရင်ခွင်တံခါးတွေ ဟင်းလင်းဖွင့်ထားကြစို့လား...

Tuesday, November 13, 2007

နထ္တိအိတ်

ကျွန်တော့်အိတ်ထဲတွင် အောက်ပါပစ္စည်းများပါရှိသည်။ ၄င်းတို့မှာ-


၁။ အသစ်ကျပ်ချွတ်မနက်ခင်းများ (ခဏခဏ နေမြင့်မှထဖြစ်သော)

၂။ သန်းဝေတတ်သည့် ဘတ်စ်ကားဂိတ် (ခဏခဏ နောက်ကျမှရောက်သော)

၃။ စက်ရုပ်လူသားများ (အလုပ်သွား....အိမ်ပြန် ရစ်သမ်ထဲတွင် လကုန်ရက်နှင့် သောကြာနေ့ကိုစောင့်မျှော်နေသော)

၎။ မေ့လို့မရခြင်းများ (လေအေးစက်မတပ်ထားသော)

၅။ ဘယ်လက်တစ်ဘက် (နာရီဝတ်ဆင် မထားသော)

၆။ ကြောင်လေးတစ်ကောင် (ခဏခဏ ဆာတတ်သော)

၇။ ပြတ်ရွေ့အလုပ်များ (တစ်ခုပြီးတစ်ခု ရွှေ့ခဲ့သော)

၈။ ဟိုးမား၏ lliad ကဗျာတစ်ပုဒ် (တစ်ခါမှ မဖတ်ဖူးသေးသော)

၉။ ဂစ်တာတစ်လုံး (မှိုတက်နေသော)

၁၀။ မျှော်လင့်ချက်တစ်ချို့ (မြေမြှုပ်ခံလိုက်ရသော)

၁၁။ အဖြူရောင်မျက်နှာကျက်တစ်ခု (ကြယ်အတုများတလက်လက်ထနေသော)

၁၂။ စားလက်စ ပဲနီစေ့များ (ရေခဲသေတ္တာထဲတွင် စည်သွပ်ထားသော)

၁၃။ ဓားတစ်လက်(အာခီးလိစ်၏ ဒေါသရည်သုတ်ထားသော)

၁၄။ ဘူးခွံတစ်ခု (အထဲတွင် ဘာမှမထည့်ထားသော)

၁၅။ ပန်းသီးတစ်လုံး (အာဒမ်နှင့် ဧဝ မစားခင်ခိုးယူလာသော)

၁၆။ အုတ်နီခဲရောင် ညနေခင်းများ (မပေါ့တပေါ်မိန်းမများ လမ်းသလားသော)

၁ရ။ ကတ္တရာလမ်းများ (ဒေါချာစိုင်းကာ ပြန်လာလေ့ရှိသော)


အစရှိသဖြင့် တစ်ဆယ့်ခုနှစ်မျိုးမက ပါဝင်ပါသည်။

တစ်ယောက်တည်း

ပလက်ဖောင်းမင်းသား

Sunday, November 11, 2007

ထွက်ပေါက်ပန်းချီ

စုတ်ချက်တွေက

ဓားသွားအဖြစ်ပြောင်းသွား

အဖြူတလက်လက် ကင်းဗတ်စ်တစ်ချပ်ပေါ်မှာ

ဟောင်းလောင်းပေါက် အလင်းစက်တွေ

မွစာကြဲခဲ့ပြီ...


လမ်းမပေါ်မှာ

ရဲ့ရင့်ရင့်အနီရောင်တွေ

အေးစက်တဲ့သံတိုင်တွေနောက်

ကြောက်ခမန်းလိလိ

လဲလျောင်းခဲ့ကြရပြီ...


လက်ညှိုးတို့ရေ သင်တို့ မကွေးခင်

ဟောင်းလောင်းပေါက် အစာအိမ်တွေရယ်

ကျည်ကာ အင်္ကျီမဝတ်နိုင်သူတွေရယ်

နာကျည်းချက်တွေအတွက်

ဦးနှောက်ကို အလုပ်ပေးကြစမ်းပါ..


ဖန်ဆင်းရှင်သာရှိတယ်ဆိုရင်

သေနတ်တွေကို ရုပ်သိမ်းခိုင်းမိမယ်...

ဓား အချင်းချင်း...

လှံ အချင်းချင်း...

ယောက်ျားပီသခြင်းပဲ ကောင်းတယ်...


ရောင့်ရဲတတ်တဲ့လူမျိုးတို့ရေ..

သင်တို့သွေးတွေ ရဲရဲနီကြောင်းလည်း

ပန်းချီကား တစ်နေရာရာမှာ

ငြိမ်းချမ်းခြင်း ဆိုတဲ့အဓိပ္ပယ်

နားမလည်တဲ့လူတွေအတွက်

မှုန်းချယ်ပြသရဦးမယ်...