Sunday, February 3, 2008

အလင်းနှစ်များ၏ရာဇဝင်


ပန်းပုနတ်သားဈာန်ဝင်စား၍ အချိုးအစားကျနစွာသွန်းလုပ်ထားသော ခေါမနတ်ဘုရားမ ရုပ်ထုတွင် သူမ ဝိဥာဉ်ကိန်းအောင်းနေလေမလား? အာခေါင်ခြစ်၍ ပါးပြင်းအမောက်များထောင်ကာ မာန်ဖီနေသော တိမ်မည်းများနောက်ကွယ်တွင်ရော? နေရောင်ခြည်များဖြာကျ စီးဆင်းနေသော ပင်လယ်ရေပြင်အောက်က ကျောက်စွယ် ကျောက်ခက်များကြားတွင်ရော? အစိမ်းရောင်ခပ်ပါးပါး ဖြင့်လေယူရာယိမ်းနေသော မြက်ပျိုပင်မများကြားတွင်ရော? ရီဟားနား၏ ချိုရှရှ အသံများကြားတွင်ရော? ဖြေရှင်းရခက်သော သင်္ချာပုစ္ဆာများတွင်ရော? တဂိုး၏ ကဗျာတစ်ပုဒ်တွင်ရော? ……..? ……….? ........?


“…………”


နာမည်(သို့) ပညတ်တစ်ခုကို အော်ခေါ်ရင်း ကျွန်တော်နွမ်းလျစွာလဲကျသွားခဲ့သည်။ နာမည်ကြောင့်လူများကိုခေါ်နေရသည်လား? လူများကြောင့် အမည်နာမများမှည့်နေရသည်လား? သူကိုယ်တိုင်ရောက်နေသည့်နေရာကလည်း သဲကန္တာရတစ်ခု၏ ဗဟိုတစ်ခုတွင်လိုလို…ပင်လယ်ကမ်းစပ်က သဲသောင်ပြင်ပေါ်တွင်လို…သို့သော် သဲများက အနက်ရောင်သဲပွင့်များဖြစ်နေသည်။ ထို့အတူ ကောင်းကင်ကလည်း ပိန်းပိတ်အောင်မှောင်မဲနေလေသည်။ သေချာသည် အနက်ရောင်ပန်းချီကားတစ်ချပ်ထဲတွင် သူပိတ်မိနေလေပြီ။

“အား”


ကျွန်တော့်တွင်ကြွင်းကျန်ရစ်နေသေးသော အားအင်များကုန်သွားအောင် အော်ဟစ်ပစ်လိုက်သည်။ လူတစ်ယောက်အနက်ရောင်ပန်းချီကားတစ်ချပ်ထဲရောက်နေသည်လောက် လောကတွင် ကြောက်စရာကောင်းသော အချိန်မရှိဟု မသိစိတ်က သိနေလေသည်။


ဤသို့ဖြင့် အချိန်အကန့်အသတ်ကင်းမဲ့စွာ အနက်ရောင်အကျဉ်းထောင်ထဲတွင် ကျွန်တော် နေခဲ့ရလေသည်။ ဝမ်းဟာ၍စားတော့လည်း အမှောင်ထဲတွင် ရမ်းသမ်း၍စမ်းမိသော အနက်ရောင်တောက်တောက်သစ်သီးများ…၎င်းတို့၏အရသာများမှာလည်း တူးခါးလွန်းလှသည်။ အာသာပြေတစ်ကိုက်နှစ်ကိုက်ကိုက်၍ ပြန်ထွေးထုတ်ပစ်ရသည်။ သောက်တော့လည်း အနက်ရောင်မင်ရေကဲ့သို့ ရေများ သူ့လည်ချောင်းထဲကတဆင့် ဝမ်းဗိုက်အစာအိမ် ကလီစာများ သူ့ခန္ဓာကိုယ်အတွင်းပိုင်းများ အထိအနက်ရောင်အရည်များ စိမ့်ဝင်သွားကြသည်။ သူ့အသားအရေများလည်း တစ်ဖြည်းဖြည်းချင်းနှင့် အနက်ရောင်ပြောင်းနေလေပြီ။ သူ့တစ်ကိုယ်လုံးအား အနက်ရောင်မှော်ဆရာမတစ်ယောက်က သူမ၏ဝတ်ရုံနက်ဖြင့်လွှမ်းခြုံလိုက်လေပြီ….


ထိုဝတ်ရုံနက်ကိုခြုံရင်းဖြင့်ပင် ဘာမျှမမြင်ရသော စမ်းတဝါးဝါးခရီများလျှောက်ခဲ့သည်။ လမ်းလျှောက်ရင်း တစ်ခါတစ်လေ သွေးရူးသွေးတန်းပြေးလွှားရင်း အနက်ရောင်ကျောက်ခဲ ကျောက်ဆောင်များဖြင့် ပွန်းပဲ့ခြစ်ရှကာ ခြေထောက်နှစ်ဘက်မှ သွေးမည်းမည်းများ သဲပွင့်နက်များတွင်းသို့ စိမ့်ဝင်ပျောက်ကွယ်သွားကြလေသည်။ သို့သော်လည်းအလင်းရောင်တွေ့လိုတွေ့ငြား ဆက်လျှောက်လာခဲ့သည်။ ပြေးလွှားလာခဲ့သည်။ ထို့သို့လမ်းလျှောက်ရင်း ပြေးလွှားရင်းဖြင့် တော်တော်ခရီးရောက်နေပြီဟု ကျွန်တော်စိတ်ထဲတွင်ထင်နေသော်လည်း နဂိုရောက်ခဲ့ဘူးသောနေရာများသို့ ပြန်လည်ရောက်ရောက်လာလေသည်။ သွားပြီ အနက်ရောင်ဝင်္ကဘာထဲတွင် ကျွန်တော့်ဝိဥာဉ်ပိတ်မိနေလေပြီ….


“…………..”


ထိုနာမည်ကိုပဲ ကျွန်တော်ထပ်မံ၍ တိုးတိုးလေးညည်းတွားမိလိုက်သည်။ ချက်ချင်းဆိုသလိုပင် အနက်ရောင်ကောင်းကင်ပြင်၌ အဖြူစက်လေးတစ်စက်ပေါ်ထွက်လာကာ ကျွန်တော်ရောက်ရှိနေသော ပန်းချီကားပေါ်တွင်အုပ်ထားသော အဝတ်ကို တစ်ဘက်မှလူတစ်ယောက်က တဖြည်းဖြည်းချင်းလှန်ကြည့်လိုက်သလိုမျိုး အလင်းတစ်စနှစ်စမှ ကောင်းကင်တစ်ခုလုံး လင်းချင်းလာကာ ကျောင်းစိမ်းဝတ်စုံဖြင့်ကောင်မလေးတစ်ယောက်၏ အရိပ်တစ်ခုက ထိုအလင်းရောင်ထဲတွင် ထင်ဟပ်လာလေသည်။


“ဟင်……မြတ်” အဖြူအစိမ်းဝတ် ကျောင်းသားဘဝတုန်းက ဖြူစင်စွာ မြတ်နိုးရသော သူမဖြစ်နေလေသည်။ အနက်ရောင်ပန်းချီကားအတွင်းပိုင်းမှ လူတစ်ယောက်က သူမအားလှမ်းကြည့်နေသည်ကို သိမှသိပါလေစ။ ပါးနှစ်ဘက်တွင် ပါးကွက်ကြားလေးနှစ်ခုဖြင့် ပါးချိုင့်များပေါ်လွင်အောင် ပန်ဆင်တတ်သည့် အပြုံးတစ်ခုကိုတွေ့လိုက်ရသည်။ ထိုအချိန်တွင် သူမ၏အနောက်ဘက်မှ လူတစ်ယောက်၏ ရုပ်ပုံပေါ်လာကာ သူမ၏ပခုံးကိုလှမ်းဖက်လိုက်လေသည်။ သူမ၏ အဝတ်အစားများမှာလည်း ကျောင်းစိမ်းဝတ်စုံမှ ခေတ်စားနေသော ဖက်ရှင်ဒီဇိုင်းပုံစံသို့ပြောင်းသွားကာ ထိုလူနှင့်လက်ချင်းချိတ်၍ ထွက်သွားလေသည်။ ကျွန်တော်ငေးကြည့်နေမိသော ကောင်းကင်လည်း ရုတ်ချည်းအမှောင်ပြန်ဖုံးသွားလေသည်။



သက်ပြင်းတစ်ချက်ရှိုက်ကာ အနက်ရောင်သောင်ပြင်ပေါ်တွင် ခြေရောလက်ရောပစ်၍ ထိုင်ချလိုက်သည်။ မှောင်မည်းနေသော ကောင်းကင်ကြီးအား မှိုင်တွေတွေနှင့်ငေးကြည့်နေတုန်း အလင်းရောင်ပါးပါးလေးတစ်ဖန်ပြန်လည် သမ်းလာသည်ကို ဝမ်းမြောက်ဖွယ်တွေ့လိုက်ရလေသည်။ ဒီတစ်ကြိမ် ပန်းချီကားကို မမှိတ်မသုန်စိုက်ကြည့်နေသည်မှာ ကျက်သရေရှိသောကောက်ကြောင်းတစ်ခုဖြင့် ထာဝစဉ်ကျော့ရှင်းလှပနေတတ်သော “မ” ဖြစ်နေလေသည်။ ထုံးစံအတိုင်း သူမအလှက မဟာဟန်ဖြင့် ကဗျာဆန်လွန်းလှသည်။ ခရမ်းရင့်ရောင်ရင်ဖုံး အင်္ကျီနှင့် အနက်ရောင်ပေါ်တွင် အဖြူရောင်ပန်းပွင့်များဖြင့် ပုံဖော်ထားသော ချိတ်ထမီကို ခြေမျက်စိဖုံးအောင်ဝတ်ဆင်ထားလေသည်။ သူမ၏ အမြဲလိုလို စိုးရိမ်မကင်းတတ်သောမျက်ဝန်းများဖြင့် ကျွန်တော်အကျဉ်းချခံထားရသော ပန်းချီကားကိုစိုက်ကြည့်နေလေသည်။ ကျွန်တော်အထဲတွင်ရှိနေသည်ကို မ..သိများသိသွားပြီလား? ဖြစ်နိုင်သည်။ မ…မျက်လုံးများက အရောင်များတောက်ပလာသည်။ ထို့နောက်တစ်ဖန် ဖျော့တော့သွားပြန်ကာ သူမနှုတ်ဖျားမှ စကားသံသဲ့သဲ့ထွက်လာသည်။ “တို့တွေအသက်ကကွာလွန်းပါတယ်ကွာ…နောက်ဘဝဆိုတာရှိတယ်ဆိုရင်တော့….” ထိုအချိန်တွင်ပဲ “ဟုပ်…” ဆိုသည့်အသဲံဖြင့် ဖယောင်းတိုင်မီးကို တစ်စုံတစ်ယောက်ကမှုတ်လိုက်သလိုမျိုး ကျွန်တော့်ဝန်းကျင်တစ်ခုလုံး ပြန်လည်အမှောင်ကျသွားလေတော့သည်။


တစ်ခါတော့ကျွန်တော်ရှိနေသည့် အနက်ရောင်ပန်းချီကား၏ သစ်ပင်ပေါ်တွင် မနက်ခင်း၏ ပြာလဲ့လဲ့အလင်းတန်းတစ်ခုနှင့်အတူ အစိမ်းရောင်ငှက်ငယ်တစ်ကောင် လာရောက်ခိုနားသည်။ ထို့နောက်တွင်တော့ နှုတ်မဆက်ပဲနှင့်ပြန်လည်ထွက်ခွာသွားပြန်သည်။ အစကတည်းက အတောင်ပံပါလာခဲ့တာပဲ….တစ်ချိန်ကြရင် ပျံသန်းသွားမယ်ဆိုတာ ကျွန်တော်သိနှင့်ပြီးသားဖြစ်သည်။


ထိုသို့နှင့် အမှောင်များနှင့်ပြန်လည်နေသားကြလာခဲ့သည်။ အနက်ရောင် ခြောက်ကပ်ခြင်းများနှင့်ကခုန်တတ်လာခဲ့သည်။

အနက်ရောင် ကောင်းကင်…..

အနက်ရောင် တိမ်တိုက်များ….

အနက်ရောင် တောင်တန်း…..

အနက်ရောင် စမ်းရေစီးသံများ…

အနက်ရောင် ကျောက်ဆောင်….

အနက်ရောင် ငှက်ဆိုး….

အနက်ရောင် ပင်လယ်….

အနက်ရောင် သဲသောင်ပြင်….

အနက်ရောင် …….

အနက်……..

အ……….

…..….

….

..

မိတ်ဆွေ ကျေးဇူးပြုပြီး သင့်ရှေ့တွင်ရှိသော အနက်ရောင်ပန်းချီကားတစ်ချပ်ကို ဆွဲဆုတ်ပစ်လိုက်ပါ။

ဝထ္တ

No comments:

Post a Comment