Wednesday, February 13, 2008

သူရူးတစ်ယောက်၏ ညီမလေးသို့……


ညီမလေးရေ…

ခုလိုအချိန်ဆို ပျံလွှားငှက်ငယ်လေးတစ်ကောင်လိုများ လေဟုန်မှာ ပေါ့ပေါ့ပါးပါးဝဲပျံနေမလား?

လိပ်ပြာတစ်ကောင်လို ပန်းပေါင်းစုံပွင့်တဲ့ ဥယျာဉ်ထဲမှာ ပြေးလွှားဆော့ကစားနေမလား?

ဒါမှမဟုတ် နိုင်ငံခြားကချောကလက်တွေစားပြီး ပျော်နေပြီလား?

သစ်ရွက်တွေလည်း ကြွေပြီးရင်းကြွေ ဝေပြီးရင်းဝေနေပြီလေ..


ပြတင်းပေါက်ကကျလာတဲ့ နွေမိုးဆောင်းတွေကလည်း ကိုတို့ရပ်ကွက်ကပြက္ခဒိန်ပေါ်မှာ မနက်ခင်းတွေ ညနေခင်းတွေဆိုရင် ညီမလေးနာမည်အော်ခေါ်ရင်း ခဏခဏ လမ်းလျှောက်ထွက်လာကြတယ်…ကိုက ညီမလေးပြန်မရောက်သေးဘူးလို့ ဖြေရှင်းရတာအမောပဲ။


အိမ်ခေါင်းရင်းက ပိတောက်ပင်လေးတောင် သင်္ကြန်ရောက်ရင် အလှပြင်တတ်နေပြီကွ…ခုချိန်ဆို သူကလည်း ညီမလေးနဲ့အသက်အတူတူပဲလေ…

ညအိပ်ရင်ရောစောင်ခြုံရဲ့လား? ညီမလေးက အရမ်းချမ်းတတ်တယ်လေ။ အဲဒီိနိုင်ငံခြား ဆိုတဲ့နေရာမှာ အရိုးခိုက်အောင်အေးမှာပဲနော်။


အိမ်က ညီမလေးအခန်းကိုတော့ ခြေရာလက်ရာမပျက်ရအောင်ထားထားတယ်။ အခန်းထဲဝင်တိုင်း ညီမလေးအငွေ့အသက်တွေရနေတုန်းပဲပေါ့။ ဒါနဲ့ ညီမလေး အနှစ်သက်ဆုံး မစ်ကီမောက်စ် အရုပ်ကလေးကလည်း ညီမလေးကိုလွမ်းတယ်တဲ့..

ဟိုမှာ အရုပ်အသစ်တွေရောရနေပြီလား? ဒါမှမဟုတ် အခုအချိန်လောက်ဆို အပျိုမလေးတစ်ယောက်လို စိတ်ကစားတတ်နေပြီလား? အခန်းထောင့်က ညီမလေးရဲ့ တယောအိုးနဲ့ ဘိုးတံလေးတောင် ဖုန်တွေတက်လို့ပါလား? ဟောဗျ….နားထဲမှာ ညီမလေးတယောထိုးနေကြ သံစဉ်လေးတွေကြားနေရတယ်။ ညီမလေးက တယောထိုးတဲ့ နေရာမှာပါရမီပါတယ်လေ။ ကမ္ဘာပေါ်မှာ အတော်ဆုံး တယောပညာရှင်ရဲ့လက်သံတောင် ညီမလေးလက်သံလောက် ကိုယ့်နားထဲ နားးထောင်ကောင်းတော့မှာမဟုတ်ဘူး။


ဒါနဲ့အဲဒီမှာ ညဘက်ဆိုရင် အရမ်းမှောင်နေတတ်လား? မှောင်နေရင် ညီမလေးကြောက်တတ်တယ်လေ။ အခုလောက်ဆို အမှောင်ထဲမှာပဲ ကျင့်သားရနေမလား? အရမ်းပဲအားငယ်နေမလား? အစ်ကို တစ်ခါသတိရတိုင်း ညီမလေးဆီမှာ အလင်းဓာတ်လေးတစ်ခုရရင်တော့ ညီမလေး ဆယ့်နှစ်ရာသီ နွေးနွေးထွေးထွေးလင်းလင်းချင်းချင်း နေနိုင်လောက်ပါရဲ့။


ညီမလေးသောက်ခဲ့တဲ့ ဆေးဘူးတွေတောင် ကုတင်ဘေးကစားပွဲခုံလေးပေါ်မှာရှိသေးတယ်။ အဲဒီတုန်းက ညီမလေးတော်တော်စိတ်ညစ်မှာပဲနော်။ ဆေးတွေကို ချောကလက်လိုလုပ်စားရတာ။ ညီမလေးကတော့ မျက်နှာတောင်တစ်ချက်မပျက်ဘူး။ ကိုယ်ကတော့ ညီမလေးဆေးသောက်တာကိုကြည့်ပြီး ဘယ်တော့မှ မဖျားရဲတော့ဘူးကွ။ ဆေးတွေတစ်လုံးပြီးတစ်လုံးထိုးခံရတော့လည်း မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ အော်ပစ်လိုက်ပါလားညီမလေးရယ်…ငိုပစ်လိုက်ပါလား… အဲဒီတုန်းက ကိုလည်းဆရာဝန်ကိုဆွဲထိုးချင်လိုက်တာ ညီမလေးရယ်.. ကိုသာအဲဒီတုန်းက လူကြီးဖြစ်နေရင်ကောင်းမယ်။ ဆရာဝန်ဆိုတဲ့ငနဲ ညီမလေးအနားတောင်မကပ်စေရဘူး….ဒါနဲ့ အဲဒီတုန်းက ရှည်လျားနက်မှောင်နေတဲ့ ညီမလေးဆံပင်တွေလည်း တော်တော်ကျွတ်တယ်နော်။


ကို မှတ်မိသေးတယ်။ အဲဒီနေ့က ရာသီဥတုကအရမ်းသာယာနေတယ်လေ။ လေပြည်လေးတွေက ညီမလေးအခန်းထဲက ဆည်းလည်းလေးတွေကို အနမ်းလေးတွေ တဖွဖွပေးလိုပေါ့။ အခန်းထဲမှာတော့ ညီမလေးစိတ်ကြိုက် အဖြူရောင်တွေချည်းပဲ မင်းမူလို့၊ နံရံတွေပေါ်ရော ညီမလေး အိပ်ယာခင်းတွေ စောင်တွေပေါ်မှာရောပေါ့။ နောက်ပြီး ညီမလေးတစ်ကိုယ်လုံးလည်း အဲဒီနေ့က အဖြူရောင်လေးဖြစ်နေတယ်လေ။ ဒါပေမယ့် ညီမလေးမျက်နှာလေးကတော့ ထူးထူးခြားခြား ယဲ့ယဲ့လေးပြုံးလို့ရွှင်လို့ပေါ့။ ကိုလည်း ကုတင်ပေါ်မှာလှဲနေတဲ့ ညီမလေးကို ပုံပြောပြနေတုန်း မေမေက ကိုကို့ကို ဒေါ်လေးတို့အိမ်ကို သွားခိုင်းတယ်လေ။ ကိုကလည်း ညီမလေးအနားကမခွာဘူးဆိုပြီး ပေကပ်နေတော့ ဖေဖေက ကို့ကို အတင်းလာခေါ်သွားတာလေ။ ညီမလေးမှတ်မိသေးလား? အဲဒီတုန်းက ညီမလေးကို နောက်ဆုံးတွေ့လိုက်ရတာလေ။ ဒါပေမယ့် ကို့ကို လိုက်ပို့မယ့်ကား အိမ်ထဲကထွက်လာပြီး လမ်းမပေါ်ရောက်တော့ ညီမလေးအခန်းရှိတဲ့ အိမ်အပေါ်ထပ်က အလင်းတန်းကြီးတစ်ခု နေ့ခင်းကြောင်တောင်မှာ တွေ့လိုက်ရတယ်လေ။ ကို့ မျက်လုံးတွေတောင် သေသေချာချာ ပွတ်ကြည့်ရသေးတယ်။ စိတ်ထဲမှာတော့တစ်မျိုးကြီးပဲပေါ့။ ဒါပေမယ့် အလင်းတန်းက နေ့ခင်းကြောင်တောင်ကြီးတောင် ခြံဝန်းတစ်ခုလုံးလင်းလက်နေစေခဲ့တယ်လေ။

ညီမလေးသာ အဲဒီအလင်းတန်းကြီးတွေ့ရင်ပျော်မှာပဲလို့ ဝက်ဝံအရုပ်တစ်ရုပ်ကြေးလောင်းရဲတယ်။


အဲဒီလိုနဲ့ ကို့ကို ဖေဖေက ဒေါ်လေးအိမ်မှာ နှစ်လလောက်သွားထားတယ်လေ။ အဲဒီအတောအတွင်း ကိုလည်းညီမလေးကို လွမ်းလို့ အိမ်ပြန်ပြေးတာ လူကြီးတွေမိသွားလို့ အိမ်အပြင်ထွက်ခွင့် မရတော့ဘူးလေ။ အရှင်လတ်လတ်ငရဲကျနေသလိုပါပဲ။ ဒါနဲ့ ကိုဆုတောင်းတဲ့ အိမ်ပြန်ရမဲ့နေ့ကိုရောက်လာခဲ့တယ်။ ခြံထိပ်ကနေပြီး ညီမလေးနာမည်ကိုခေါ် အိမ်ပေါ်ကိုပြေးတက်တော့ ကို လှေကားရင်းမှာတောင် မှောက်ရက်လဲသေးတယ်။ ဒူးခေါင်းပြဲတာလည်း နာရကောင်းမှန်းမသိပါဘူး။ ရောက်ရောက်ခြင်း ညီမလေးမျက်နှာမြင်လိုက်ရရင် အမောပြေသွားမှာပဲဆိုပြီး ကိုပြေးတက်လာခဲ့တာ။ အခန်းထဲရောက်တော့ ညီမလေးကမရှိတော့ဘူးလေ။ မေမေကညီမလေး နိုင်ငံခြားမှာဆေးသွားကုတယ်တဲ့။ ဘယ်နိုင်ငံလည်းမေးတော့ မပြောပြဘူး။ ဟိုးအဝေးကြီးက နိုင်ငံခြားမှာတဲ့။ အဲဒီအချိန်မှာ ကိုသတိရတာတော့ မေ့မေ့မျက်လုံးတွေလည်း နီရဲနေလေရဲ့။ ကိုက တောင်ပြောလိုက်သေးတယ်လေ။ အော်…မေမေကလည်း ညီမလေးက နေကောင်းရင်ပြန်လာမှာပါလို့။ သားတို့ကို ခွဲမသွားပါဘူးလို့။


ဒါပေမယ့် ညီမလေးက နေနိုင်တယ်နော်။ အခုအချိန်ထိလည်း ပြန်မလာသေးပါလား။ စာလည်းတစ်စောင်မှမရေးဘူး။ အဲဒီနိုင်ငံက ပို့စ်ကဒ်လေးတစ်ကဒ်လောက်တော့ ပို့ပေးသင့်ပါတယ်။ ကိုတို့ လမ်းထိပ်က ပွဲတော်အိုတွေတောင် လာလိုက်ပြန်လိုက်ပဲလေ။ ဒါပေမယ့် ညီမလေးကြောက်တဲ့ ဘော်တယ်ကုလားကြီးတော့ ကိုတို့ရပ်ကွက်ထဲကို မလာတော့ပါဘူး။ ကြောင်ကြီးလည်းမလာတော့ပါဘူး။ ဒါနဲ့ ညီမလေးကိုသတိရတိုင်း ခြံထဲမှာ ပန်းတစ်ပွင့်စိုက်ထားတာ အခုဆို ဥယျဉ်ကြီးတစ်ခုဖြစ်နေပြီကွ။ ပန်းပေါင်းကိုစုံလို့။

လိပ်ပြာလေးတွေလဲ ညီမလေးပြန်အလာကိုစောင့်နေတယ်….

ကိုမွေးထားတဲ့ တီတီတာတာ ကြက်တူရွေးလေးရောပဲ….ညနေဆိုရင်ညီမလေးနာမည်ကိုသီချင်းလုပ်ပြီး ဆိုနေလေရဲ့….

မစ်ကီမောက်စ်အရုပ်ကလေးကလည်း ဆော့မယ့်သူမရှိလို့ လွမ်းနေတယ်…

ညီမလေးရဲ့ တယောလေးလည်း သူ့သခင်ပြန်အလာကိုစောင့်နေတယ်လေ….

ဖေဖေ..မေမေတို့လည်း စကားမပီကလာပီကလာလေးကို စောင့်နေတယ်…

ကို လည်း ပုံပြောဖော်လေးကို စောင့်နေတယ်….

ဘာပဲဖြစ်ဖြစ်နောက်ဆုံးတစ်နေ့ကျရင်တော့ ညီမလေးပြန်မလာလည်း ညီမလေးရှိတဲ့ တိုင်းပြည်ကို မရောက်ရောက်အောင်လာခဲ့မှာပါ…

ညီမလေးလည်း ကို့ကို စောင့်နေနော်…

2 comments:

  1. ဖတ်ရင်း စိတ်မကောင်းဘူး ...

    ReplyDelete
  2. ညီမလေး အမှောင်ကို မကြောက်တော့ပေမယ့်..
    အေးစက်စက်ညတွေမှာ မစ်ကီရုပ်လေးလာပေးမယ့် အစ်ကို့ကို မျှော်နေတယ်...။ ဒါပေမယ့် မလာပါနဲ့ဦး အစ်ကိုရယ်....။ ညီမလေးရဲ့ အိပ်ယာဝင်ပုံပြင် အဖြစ် ပြောပြဖို့ လောကကြီးအကြောင်း အများကြီးစုဆောင်းလိုက်ပါဦးနော်...။
    ညီမလေး

    ReplyDelete