-         အလွမ်းလေရူးများ၏ နွေဦးဂီတသံ၊
-         ပျင်းရိလေးတွဲစွာ သမ်းဝေလိုက်သော ပင်လယ်၏ အထီးကျန်အော်သံ၊
-         ရေတံခွန်၏ ဒေါသတကြီးစီးဆင်းသံ၊
-         သစ်ရွက်တို့၏ တလှပ်လှပ် လှုပ်ခတ်ရီမောသံ၊
-         အကိုင်းအခက်တို့၏ ရမ္မက်ပြင်းပြင်း ပွတ်တိုက်ပျော်မြူးသံ၊
-         တောအုပ်ပုစဉ်းများ၏ ရင်ကွဲသံ၊
-         ဆည်းဆာလုံမေပျိုများ၏ နရီချို သီချင်းဆို ရေခပ်သံ၊
-         သံသရာလှည်းဝင်ရိုးတို့၏ တအီအီ လည်ပတ်သံ၊
-         သေမင်းစေတမန်၏ ရေအိုးရိုက်ခွဲသံ၊
-         ဝတ်ကျောင်းအိုတစ်ဆောင်၏ သာယာနာပျော်ဖွယ် ဓမ္မတေးရွတ်ဆိုသံနှင့် ခေါင်းလောင်းထိုးသံ၊
-         မီးပြတိုက်၏ တည်ငြိမ်သော အသက်ရှုသံ၊
-         မုန်တိုင်း၏ စူးစူးဝါဝါး အော်ဟစ်သံများ၊
-         ဒီရေလှိုင်းတံပိုးများ၏ ဟီလာတိုက်သံများ၊
-         အတ္တနှင့်ပရ၊ သိစိတ်နှင့် မသိစိတ်တို့၏ စစ်ခရာမှုတ်သံများ၊
-         မြို့ပြ၏ တနင်္လာနံ ညည်းညူသံများ၊
-         လူ့အန္ဓ (သို့) ဦးနှောက်မဲ့သက်ရှိစက်ရုပ်များ၏ ခိုညည်းသံ၊
-         သိုးရေခြုံ ပဋိသန္ဓာရ စကားသံများ၊
-         တဖျစ်ဖျစ် နေမင်းတွန်သံ၊
-         ဥသြတစ်ကောင်၏ အပယ်ခံငိုကြွေးသံ၊
-         အစိမ်းရောင်လူရိုင်းများ၏ လူယဉ်ကျေးယဇ်ပူဇော်ပွဲ အရိုးခေါင်းဗုံတီးသံများ၊
-         မိစ္ဆာတို့၏ လိပ်ပြာဝါးမြိုသံများ၊
-         နာတာလူးပွဲတော်ရင်ခွင်မှ ဂျစ်ပဆီတို့၏ တချွင်ချွင် ကခုန်သံများ၊
-         ဖန်ခွက်ငယ်နှစ်ခု မိန်းမောစွာ တွေ့…ထိ…နမ်း…ရှုပ်သံများ၊
-         ဇက်လွတ်သွားသော ကာမဂုဏ်ထရိုဂျန်များ၏ ခွာပေါက်သံ၊ နှာမှုတ်သံများ၊
-         ဇာတ်တူသားစားသူတို့၏ အမဲလိုက်တောခြောက်သံများ၊
-         သားပျောက်အမေအိုတစ်ယောက်၏ အော်ဟစ်မြည်တမ်းသံ၊
-         ကျောမွဲလမ်းမတို့၏ နာကျည်းတောက်ခေါက်သံ၊
-         ပန်းချီကားတစ်ချပ်၏ ခြောက်ကပ်ကပ်ရင်ဖွင့်သံ၊
-         နိုင်ငံအချင်းချင်း စစ်တုရင်ကစားပွဲများကြား မနုဿမျိုးဖြုတ်သံ၊
-         အင်္ဂါဂြိုဟ်၏ သန်းခေါင်ယံ အိပ်စက်သံ စသည်ဖြင့် 
လောကပြပွဲတွင် တိုးလျှိုပေါက်ခင်းကျင်းထားသော အသံဗလံများ ကျွန်တော့်နားရွက်တံခါးများစွင့်ထားသည့်အခါ ကြားနေရပါသည်။ 
 
 
 
 

No comments:
Post a Comment