Thursday, May 8, 2008

နာဂစ်

ဆိုင်ကလုန်း နာဂစ်သည် အိန္ဒိယသမုဒ္ဒရာ၏ မြောက်ဘက်ပိုင်းတွင် ဆိုင်ကလုန်း နီနာနောက် ဒုတိယကြောက်စရာအကောင်းဆုံး လူအသေအပြောက်အများဆုံးမုန်တိုင်းဖြစ်သည်။ ယခင် ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့ဘူးသော ဆိုင်ကလုန်းများထဲတွင် နံပါတ် ၁၂ မြောက်အပြင်းထန်းဆုံးဆိုင်ကလုန်းဖြစ်သည်။ ၂၀၀၆ ခုနှစ်ကဖြစ်ပွားခဲ့သော ဆိုင်ကလုန်းမာလ အပြီးတွင် မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာသော အကြီးဆုံး အပူပိုင်းဒေသ မုန်တိုင်းတစ်ခုဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဆိုင်ကလုန်းအသေးစား မာလဝင်လာသည်။ ဒီနှစ် နာဂစ်၊ လူတွေ တိရစ္ဆာန်တွေ၊ အတိဒုက္ခရောက်ကြရသည်။ အိုးအိမ်တွေပျောက်ကြရသည်။ စီးပွားရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံးရသည်။ စားသောက်ကုန်တွေ၊ အိမ်ဆောက်ပစ္စည်းဈေးတွေတက်ကုန်သည်။ ငတ်ပြတ်နေသော ဆီဈေးတက်၍ ဒုက္ခရောက်နေသော ပြည်သူအတွက် နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဖြစ်နေသည်။

ကျွန်တော်တို့နိုင်ငံသည် တစ်ချိန်က အာရှတွင်မျက်နှာပန်းပွင့်ခဲ့သည်။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ ကုန်းပိတ်လာအိုနိုင်ငံ၊ ဆူနာမီဖြစ်ပွားခဲ့သော အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့်စာလျှင် ကမ္ဘာပေါ်တွင် သဘာဝဘေးအန္တာရယ် ကင်းရှင်းသော နိုင်ငံအဖြစ်ဖြင့် ဘိုးဘေးများ အဆက်ဆက် အေးအေးချမ်းချမ်းနေထိုင်ခဲ့ကြသည်။ အလယ်အလတ်လမ်းစဉ် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကားသည်။ တစ်ချိန်ကရွှေရောင်လွှမ်းခဲ့သော မြို့တော်ဖြစ်သည်။

ယခုတော့.. သဘာဝဘေးအန္တာရာယ်ကို ပြည်သူလူထုအတွက် အရေးတကြီး ရှောင်တခင် ကြိုတင်အသိပေးရန်အတွက် ပျက်ကွက်ခြင်း၊ မိုးလေဝသတိုင်းတာသည့် စက်ပစ္စည်းကိရိယာ အင်အားချို့တဲ့ခြင်း၊ လမ်းပန်းဆက်သွယ်ရေးညံ့ဖျင်းခြင်း စသည့်အရင်းအမြစ်ချို့တဲ့မှုများအားလုံးပေါင်းသော အခါ လူပေါင်းများစွာ၏ အသက်အိုးအိမ် စည်းစိမ်ဖြင့် စတေးလိုက်ရပြီဖြစ်သည်။ ဒီကိစ္စ မည်သူ့တွင် တာဝန်အရှိဆုံးနည်း? အရင်းစစ်လိုက်လျှင် တိုင်းပြည်ခေါင်းဆောင်ပေါ်တွင်သာ မူတည်လေသည်။ ခေတ်မီသော မိုးလေဝသကိရိယာများမှ ဖမ်းယူရရှိသော သတင်းမှတဆင့် ကောင်းမွန်သော ဆက်သွယ်ရေး ကွန်ယက်ကို အသုံးပြုကာ ဆင်းရဲရိုးသားကြရှာသော တောင်သူလယ်သမားများ၊ တံငါသည်များ စသည့် ဒေသခံပြည်သူတွေအပေါ်တွင် ကြိုတင်အသိပေးမှု ထိထိရောက်ရောက်လုပ်ခဲ့လျှင်၊ သူတို့၏ ကိုယ်ပိုင် လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားနေမည်ဆိုလျှင် သူတို့ကိုယ်ပိုင် ကားဖြင့် တစ်နိုင်တစ်ပိုင် ကိုယ်ပိုင် ပစ္စည်းများသယ်ကာ မုန်တိုင်းလွတ်ရာသို့တိမ်းရှောင်နေနိုင်မည်ဖြစ်သည်။ အနည်းဆုံးတော့ အသေအပျောက်ဖြင့် ပျက်စီးဆုံးရှုံးမှုများ ဤမျှများပြားမည်မဟုတ်ပေ။ ယခုပြည်သူ သောင်းချီမက သေသည်။ တစ်ချို့အိမ်ထဲမှာ ထိုင်ရင်း၊ အိပ်ရင်းသေသူများအဖို့ ဘာဖြစ်သည်ဟုပင် သိချိန်မရလိုက်ပဲ အိမ်ရေထဲမျောပါကာသေဆုံးကြရပေမည်။

ပျောက်ဆုံးနေသူများအတွက်လည်း နိုင်ငံတကာအကူအညီများကို လျင်လျင်မြန်မြန် လမ်းမဖွင့်ပေးထား၊ သဘာဝဘေးအန္တာရာယ်နောက်ဆက်တွဲအဖြစ် ဝင်ရောက်လာမည့် ရောဂါဘယဆိုသည်မှာ အမြန်ဆုံးတားနိုင်လေ ကောင်းလေဖြစ်သည်။ အချိန်ဆွဲနေခြင်းဖြင့် အကျိုးရှိမည်မဟုတ်။ မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ကယ်တင်ရေးလုပ်ငန်းများကို လိုအပ်လျှင် စစ်တပ်အသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်သည်။ စစ်တပ်သည် တိုင်းပြည်ကာကွယ်ရေး၊ ပြန်လည်ပြုပြင်ရေး အတွက်ဆိုလျှင် ဒီအချိန်တွင် မှတ်ကျောက်အတင်ခံနိုင်ပါသည်။ ဆန္ဒပြသူများအား ဝါးရင်းတုတ်ဖြင့်ရိုက်တတ်ရုံ သံဆူးကြိုးခွေကာတတ်ရုံဖြင့် ပြည်သူ့အကျိုးပြုတပ်မတော်ဟု အမည်မခံသင့်ပေ။

နောင်တွင် ဤကဲ့သို့သော ဖြစ်စဉ်များမှ အတတ်နိုင်ဆုံးကာကွယ်ရန်၊ ထို့ပြင် နိုင်ငံအလယ်တွင် မျက်နှာငယ်နေသောမြန်မာလူမျိုး အဖြစ်မှ အဆင့်အတန်းမြှင့်တင်ရန်အတွက် ကျွန်တော်တို့နိုင်ငံတွင် တကယ်တော်သော တတ်သော အလုပ်လုပ်သော အစိုးရတစ်ရပ်လိုအပ်သည်။ တိုင်းပြည်စီးပွားရေး ဒီထက်မက အဆပေါင်းများစွာ ကောင်းမွန်ရန်လိုအပ်သည်။ ပြည်သူတို့အတွက် ကျန်းမာရေးအစီအစဉ်ကောင်းများရှိသင့်သည်။ အလုပ်လုပ်ကိုင်ရန် အခွင့်အလမ်းများစွာ ဖန်တီးပေးသင့်သည်။ တစ်ခြားနိုင်ငံများနှင့် အနည်းဆုံး အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပြိုင်ရင်ဘောင်တန်းနိုင်ရန် အမြဲတမ်းကြိုးစားနေသင့်သည်။ တစ်ခြားနိုင်ငံများသို့ အစည်းအဝေမက အလည်အပတ်သွားရောက်သောအခါ သူတို့နိုင်ငံက ဘာတွေဖြစ်နေပြီ၊ ငါတို့ဘာတွေလိုနေသေးလဲ ဘယ်လိုသာအောင်ကြိုးစားမလဲ အမြဲစဉ်းစားနေသင့်သည်။ ခြောက်တန်းကလေးကအစ စဉ်းစားတတ်သော အကျင့်ဖြစ်မည်။ ကျွန်တော်တို့ဘာလုပ်နေကြသနည်း?

No comments:

Post a Comment