Friday, May 30, 2008

လေးစားဂုဏ်ယူပါတယ်

မြန်မာနိုင်ငံသို့ နာဂစ်မုန်တိုင်းဝင်ရောက်ခဲ့သည်။ လူတိုင်းအသိပင်ဖြစ်သည်။ ပြည်သူတွေအတိဒုက္ခရောက်ကြရသည်။ ဒီကြားထဲ ကြားရသည့် သတင်းတွေကမကောင်း။ စားရမဲ့ သောက်ရမဲ့ဖြစ်နေကြသူများ၊ မိသားစုဝင်များ ပျောက်ဆုံး၍ စိတ်ကယောင်ခြောက်ခြားဖြစ်သူများ၊ ပေါလောပေါ်နေသောအရာများ၊ တန်းစီအိပ်ပျော်နေသော ကလေးငယ်များ၊ ဝါထိန်နောက်ကျိသော ရွံ့ရေများ၊ ဟောင်းလောင်းပေါက် အမိုးများ၊ မုန်တိုင်းတိုက်နေတုန်း သစ်ပင်ပေါ်တွင် ခိုကာ မုန်တိုင်းပြီးသည့်နောက် ဝတ်စရာမရှိ၍ အလောင်းဆီက ထမိန်ကောက်စွပ်ခဲ့ရသော အမေအို၊ ဆားငန်ရေဖုံးလွှမ်းကုန်သော လယ်ကွင်း၊ စပါးကျီ စသည် စသည်ဖြင့် ချရေးလို့မကုန်နိုင်သော ဒုက္ခများကို နာဂစ်ကဆောင်ယူလာခဲ့သည်။

သတင်းကြားကြားချင်း စိတ်မကောင်းဖြစ်နေရုံဖြင့်မပြီး လုပ်စရာရှိသူများကို ဖင့်နှေးမနေပဲဆောင်ရွက်သူများရှိသည်။ မဆောင်ရွက်သူတစ်ချို့လည်းရှိသည်။ အလှူငွေတွေကောက်ကြသည်။ အဝတ်အစားတွေအလှူခံသည်။ ချောင်ကြိုချောင်ကြား ကျေးရွာတွေအထိ သွားကာ မုန်တိုင်းကယ်ဆယ်ရေးတွေ တပိုင်တနိုင် ဆောင်ရွက်ကြသည်။ ထိုသူများသည် အားယားနေသူများလော? မတရားရသော ပိုက်ဆံတွေပေါများကာ နာမည်ကောင်းလိုချင်၍ လျှောက်လှူနေသူများလော ကျွေန်တော်စဉ်းစားကြည့်သည်။ မဟုတ်…ကိုယ်အလုပ်ကိုဖြတ်၍ ဒုက္ခသည်များကို ဂရုဏာသက်ကာ မအားသည့်ကြားမှ အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ကူညီနေသူများဖြစ်သည်။

ချာတိတ်တစ်ယောက်က သူ့ iPod Player ကိုရောင်းချ၍ လှူသည်။ အရင်က ဆူနာမီဒဏ်ခံခဲ့ရဘူးသော ထိုင်းနိုင်ငံရောက် ရာဘာခြံအလုပ်သမားများကလည်း သူတို့ချွေးနှဲစာထဲက လှူဒါန်းသည်။ သူတို့နည်းတူ တစ်ခြားနိုင်ငံများတွင် ဒုက္ခသုက္ခပေါင်းစုံခံကာ ပိုက်ဆံတစ်ပြားကိုမရရအောင်ရှာနေသူများကလည်း မိမိတို့၏ လုပ်အားမှရသော ချွေးနှဲစာများဖြင့် ဒုက္ခသည်များအတွက် လှူဒါန်းသည်။ မြန်မာပြည်တွင် ဒုက္ခရောက်နေသော မောင်နှမသားချင်းဒုက္ခသည်များကို ဒီအတိုင်းပစ်မထားကြောင်း အရေးကြုံက သက်လုံကောင်းသော မြန်မာလူမျိုးစိတ်ဓာတ်ကို လှစ်ပြနေသလိုပင်။

မေတစ်ယောက်ဆိုရင်လည်း သူ့အမေနေမကောင်းဖြစ်နေသည့်ကြားမှ ဒုက္ခသည်တွေကို ဦးစားပေးကာ မြစ်ဝကျွန်းပေါ်ကိုသွားရောက်ကူညီခဲ့သည်။ သူမ ပြန်ရောက်တော့ သူ့အမေ၏ အသက်ကိုပင်မမှီတော့။ သူ့အမေကလည်း နောက်ဆုံးအချိန်ဆေးသွင်းသည်ကိုပင် လက်မခံ၊ ကိုယ့်ဝေဒနာအစား ဒုက္ခသည်တွေအတွက် ပူပန်နေခဲ့သေးသည်။ သားသမီးများထဲတွင် တစ်ဦးတည်းသောသမီး တစ်ခြားနိုင်ငံမှ ခဏတစ်ဖြုတ်ပြန်ရောက်နေခိုက်၊ မိမိဝေဒနာသည်းနေချိန်၌ပင် မိမိအတ္တအစား ဒုက္ခသည်တွေဆီ သွားရောက်ခွင့်ပြုခဲ့သော အမျိုးသမီးတစ်ယောက်၏ စိတ်သဘောထားကြီးမြင့်လေးမြတ်မှုကို ကျွန်တော် လေးစားမိပါသည်။

လူတိုင်းသည် မိသားစုကို အချစ်ဆုံးဖြစ်သည်။ ရပ်ဝေးမှ ခဏတစ်ဖြုတ်အိမ်ပြန်ရောက်သူတိုင်း မိသားစု၏ အရသာကိုခံစားချင်ကြစမြဲဖြစ်သည်။ ထိုအချိန်သည် အနှစ်နှစ်အလလ စောင့်ခဲ့ရသော တန်ဖိုးရှိသောအချိန်အခိုက်အတန့်ဖြစ်သည်။ ထိုကဲ့သို့သော အချိန်အခါမျိုးမက မိခင်မကျန်းမမာဖြစ်နေ၍ အိမ်တွင်မရှိမဖြစ်နေရမည်ဖြစ်သော်လည်း မိမိ၏ တစ်မိသားစုထက် အတိဒုက္ခရောက်နေသော၊ စားရမဲ့သောက်ရမဲ့ဖြစ်နေသော၊ ဝါးအစည်းပြေနေသော တစ်ခြားမိသားစုအများအပြား အတွက် ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ တတ်အားသရွေ့ကူညီခဲ့သော စိတ်ဓာတ်ကို လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါသည်။

နာဂစ်မိုးသည် ဒုက္ခပန်းတွေကိုပွင့်စေသည်။ သို့သော်သူနှင့်အတူ မမြင်ရသော စည်းလုံးခြင်း လျှပ်စီးစွမ်းအင်တစ်ချို့ကိုလည်းယူဆောင်လာခဲ့သည်။ နာဂစ်ကြောင့် မြန်မာအချင်းချင်းပို၍ စည်းလုံးရသည်။ တစ်ဦးဒုက္ခရောက်နေပါက တစ်ခြားသူတစ်ဦးကလည်း လျှစ်လှူမရှုတတ်သော မြန်မာစိတ်ဓာတ်ကို မီးမောင်းထိုးပေးခဲ့သည်။ အခက်အခဲတစ်ခုကို အတူရင်ဆိုင်ဖြေရှင်းမည်ဆိုသော မိသားစုစိတ်ဓာတ်ကို မှတ်ကျောက်တင်ပေးခဲ့သည်။ နာဂစ်ဒုက္ခရောက်သူများ အတွက် ဒုက္ခသုက္ခပေါင်းစုံခံကာ ကူညီပေးသူများအားလုံးကိုလည်း သူတို့အားလုံးကိုယ်စားကျေးဇူးတင်ကြောင်း ကျွန်တော့် မဖြစ်ညစ်ကျယ်ဘလော့ခ်ကနေ လေးစားဂုဏ်ပြုလိုပါသည်။ မုန်တိုင်းဝင်ပြီးရင် လေပြည်တိုက်ခတ်စမြဲဖြစ်သည်။ အားလုံးအတွက် လေပြည်သုတ်ဖြူးချိန်…ထိုအချိန်သည်လည်း မဝေးတော့ပြီဖြစ်ပါကြောင်း….

လူတိုင်း ကိုယ့်သမိုင်းကိုယ်ရေးနိုင်ပါစေ…

No comments:

Post a Comment