Sunday, September 16, 2007

ရည်းစားစာ

သူမကို ကျွန်တော်ဖွင့်ပြောလိုက်တယ်။ ဘယ်လောက်အထိ ချစ်မိနေပြီဆိုတဲ့အကြောင်း။ ဒီနေရမှာ “အချစ်” ဆိုတာဘာလဲလို့ မမေးပါနဲ့။ တစ်ချို့မေးခွန်းတွေက အဟောင်းဆိုင်ပို့သင့်နေပါပြီ။ ဥပမာ။ ။ သဘာဝတရားက ဘာလဲ? လူဆိုတာရော? သင်ဟာ ဘယ်လိုလူစားမျိုးလဲ? စသည်ဖြင့်ပေါ့။ ဒါနဲ့ သူမက အဖြေမပေးပါဘူး။ ကျွန်တော်လိုချင်တဲ့ အဖြေမပေးဘူးဆိုပါတော့။ ခါးခါးသီးသီး အဖြေလည်း မဟုတ်ပြန်ဘူး။ သူငယ်ချင်းလိုပဲနေကြရအောင်တဲ့။ ကျွန်တော်ဟာ ငါးမျှားချိတ်မှာမိနေတဲ့ ငါးတစ်ကောင်ပါ။ ချိတ်အစွန်းထွက်နေမှန်း သိရက်သားနဲ့ ကျွန်တော့်အသားကြောင့် သူလည်း ဗိုက်ဝပါစေဆိုပြီး ကျွန်တော်လည်း ဗိုက်ဝအောင် ငါးစာကို ဟပ်ခဲ့တယ်။ သူမက ဆွဲမတင်ပါဘူး။ ဒီအတိုင်းပဲထားမှာလားလို့မေးတော့ ပြန်လွှတ်ပေးမယ်တဲ့။ ပါးဟက်က အမာရွတ်ရယ် ပါးစောင်မှာ သံချိတ်စူးတဲ့ ဒဏ်တွေကြောင့် ကျွန်တော်အသက်ရှုမဝမှာကို နောက်ပြီး ငါးတောမတိုးနိုင်မှာတွေကိုတော့ သူမလစ်လျှူရှု့နိုင်ရက်တယ်။ နောက်ပြီး သူမသာဆို ဘယ်တော့မှငါးမမျှားဘူးတဲ့။ သူများအသက်သတ်တဲ့ အကုသိုလ်အလုပ်တွေ မလုပ်ဘူးဆိုပဲ။ ကျွန်တော်ဒီမှာ ဆန့်ငင်ဆန့်ငင် ဟစိ ဟစိ ဖြစ်နေတာကိုတော့ သူမ ဂရုမစိုက်ဘူး။ အဲလို ငပေမလေးကို ခပ်ဆတ်ဆတ်လောက်ရိုက်ရရင် ဘယ်လောက်ကောင်းမလဲ။ (တကယ်တမ်းတော့ ကျွန်တော်လည်း မရိုက်ရက်ပါဘူး)

နောက်ပြီး သူမကပြောသေးတယ်။ ရီလေးရှင်းရှစ်ပ် ဆိုတာ မကောင်းဘူးတဲ့။ တစ်ယောက်က ဂရုတစိုက်ရှိပြီး နောက်တယောက်က အသစ်ရှာတာတို့ ပေါ့ပျက်ပျက်လုပ်တာတို့ဆို ခံရတယ်တဲ့။ သူမအရင်က ခံစားခဲ့ရတာတွေပေါ့။ ဘာလို့သူမက ကျွန်တော်လည်း အဲဒီလိုလုပ်မယ်လို့ ထင်နေတာလဲ မသိဘူး။ လူတစ်ယောက်ကို တိုင်းတဲ့ပေတံနဲ့ နောက်တစ်ယောက်ကိုတိုင်းတာ ဘယ်တရားပါ့မလဲ။

ဟုတ်ပါတယ်။ ကျွန်တော် လူကောင်းတစ်ယောက်မဟုတ်တာ။ ဒါပေမယ့် လူဆိုးတစ်ယောက် လူယုတ်မာတစ်ယောက်လည်း မဟုတ်ဘူး။ မိန်းကလေးတွေရဲ့ အချစ်နဲ့ကစားရတာကိုလည်း ပျော်တယ်လို့ ဘယ်တုန်းကမှ မထင်ပါဘူး။ နောက်လည်း ထင်မှာ မဟုတ်ဘူး။ ခေါက်ရိုးကျိုးအောင် တရားသေပုံသွင်းထားတဲ့ စည်းကမ်းတွေကိုင်ပြီး တိုင်ပေါ်မတက်ပြချင်တဲ့ လူမလိမ္မာတစ်ကောင်ပါ။ (ဟောဒီ လူမိုက်ဆိုတဲ့ကောင်ရဲ့ ရင်ဘတ်ထဲမှာလည်း သူမကိုချစ်တဲ့ အဖြူထည်အချစ်ရှိတယ်ဆိုတာတော့ ရိုးလွန်းလို့မပြောပြချင်တော့ပါဘူး) အခုထိလည်း လူ့မလိုင်တွေ တွေ့တိုင်း နံပြားနဲ့တို့တို့စားချင်တဲ့ကောင်ပါ။

အဲဒီကောင်ရဲ့ မယဉ်ကျေးမှုတွေထဲမှာ လိုချင်တဲ့အရာတစ်ခုကို လိုချင်တဲ့အချိန်မှာမရဘဲ နောက်မှရရင် ပေါ့ပျက်ပျက်ဖြစ်ဖြစ်သွားတတ်လို့ ပြန်ယူဖို့မကြိုးစားချင်တတ်တဲ့ ခပ်ဆိုးဆိုးဥာဉ်တစ်ခုလည်းရှိတယ်။ (အဲတော့ ဘာလုပ်ရမှာလဲ လို့မတွေးပါနဲ့) အဲဒီဖြစ်စဉ်ထဲကို ဝင်ကြည့်ပါ။ ဘယ်လောက်ခံရခက်မလဲဆိုတာ။ ဒါပေမယ့် သူမနဲ့တွေ့မှ လူမိုက်ရဲ့ ဥာဉ်ဆိုးတွေလည်း ခေါင်းမဖော်ရဲအောင်ပါပဲ။ သူမ အသံပဲကြားချင်နေတယ်။ သူမအခုအချိန် ဘယ်ရောက်လို့ ဘာလုပ်နေတယ်ဆိုတာကိုပဲ သိချင်နေတယ်။ သူမရဲ့ မျက်နှာလေးကိုပဲ မြင်ချင်နေတယ်။ သူမဆိုတဲ့ စိတ္တဇနာမ်စားတစ်ခုရဲ့ ထိန်းချုပ်မှုတစ်ခုပေါ့။

သူငယ်ချင်းတဲ့.....။ သူမ ကိုမြင်သာမြင်ရ မချစ်ရ မကြင်ရတဲ့ဘဝ။ ဆံနွယ်လေးတွေ ကိုင်တွယ်ခွင့်မရှိတဲ့ဘဝ ရှင်လျက်ငရဲပြည်မှာ တိုက်ပိတ်ခံနေရသလိုပါပဲ။ တဆစ်ဆစ်နဲ့ ကျွမ်းလောင်နေတာပေါ့။ ဒါပေမယ့်လည်း လုံးဝမတွေ့ရတာထက်စာရင် ဘာအသံမှမကြားရတာထက်စာရင် ခံသာပါသေးတယ်။ ဒီခံစားမှုအပေါ်မှာလည်း ကိုယ့်ကိုယ်ကို ပြန်သနားနေခြင်းမဟုတ်ပါ။ ကိုယ်ခံစားရတာကို ကိုယ့်ဘာသာကိုယ် ပြန်သနားနေခြင်းလောက် ရှက်စရာကောင်းတာ မရှိ။

တစ်ချို့အတွက် ရယူပိုင်ဆိုင်ခြင်းတဲံ။ ကျွန်တော့်အတွက်ကတော့ သူမပျော်အောင်ဘာလုပ်ပေးရမလဲ ဆိုတာပဲ တွေးနေမိတယ်။ မနက်မိုးသောက်ချိန်မှာ နှင်းဆီပန်းလေးတစ်ပွင့်က သူမအတွက်အပြုံးတစ်ခု ယူဆောင်ပေးနိုင်မလား။ သူမကို ချစ်တယ်ဆိုတဲ့ သူမနာမည်နဲ့ ကီးချိန်းလေးက သူမကြည့်မိတိုင်း ကြည်နူးနိုင်ပါ့မလား။ သူမပျော်အောင် ဘယ်လိုပြက်လုံးတွေထုတ်ပြီး ဟာဒယရွှင်ဆေးတိုက်ကျွေးရမလဲ။ ကျွန်တော့်ခေါင်းထဲက ဥာဏ်နီ ဥာဏ်နက်တွေလည်း ငြိမ်ငြိမ်မနေရပါဘူး။ သူမပျော်အောင် ဘယ်လိုထားရမလဲပဲ တွေးနေမိတယ်။ သူမရယ်သံတစ်ချက်ဟာ ကျွန်တော့်အသက်တစ်ရက် ပိုရှည်စေလို့ပေါ့။

သေချာတာကတော့ သူမကိုယ်တိုင် ခုံဖိနပ်မှာ ခွေးချီးသုတ်ပြီး ကျွန်တော့်ပါးကို မရိုက်မခြင်း ဇွဲကောင်းကောင်းနဲ့ ဆက်စောင့်နေဦးမှာပါ။ နောက်ပြီး အရာတိုင်းပြောင်းလဲနေတဲ့ လောကကြီးထဲမှာ ဘယ်တော့မှမပြောင်းမလဲမယ့် အချစ်တွေနဲ့ လည်း ဆက်ချစ်နေဦးမှာပေါ့။ (မှတ်ချက်။ ။ သူမကိုပြန်မပြောကြပါနဲ့ ကျွန်တော့်ဘလောခ့်မှာ ရင်ဖွင်ရုံသာဖြစ်ပါသည်။)

ပုံ

ငါးမည်ရမောင်စက်

ကြောင်တောင်တောင်တက်သူများအသင်း

ဥက္ကဋ္ဌ (မိမိဘာသာပေးသောဘွဲ့)

3 comments:

  1. ဟဲဟဲ ပြောမှာပဲ ပြောမှာပဲ ။

    ခံစားချက်အပြည့်ပဲလေ.. ဘာပဲဖြစ်ဖြစ် သူမ ခံစားနိုင်ပါစေ ။

    ReplyDelete
  2. ရည်းစားစာ ကို ကူးယူခွင့်ပြုပါခင်ဗျာ

    ReplyDelete