Thursday, March 20, 2008

သတင်းများ


သံဈေး၊ ဓားဈေးတက်

ခုလတ်တလောတွင် လှေနံဓားထစ်သူဦးရေများ အဆမတန်တိုးပွားလာသည့်အတွက်

ဈေးထဲ၌ ဓားမများဈေးကောင်းကာ ပန်းပဲဖိုများတွင်လည်း နေ့မီးညမီး မပြတ် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း…

ကျန်းမာရေးနှင့်ညီညွတ်လာ

မြို့ပေါ်ရှိ လက်လုပ်လက်စားအောက်ခြေလူတန်းစားများအတွက် လောင်စာဈေးတက်ရာမှ ဘတ်စ်ကားခများ ဈေးကြီးလာရာတွင် ခြေကျင်လျောက်သူဦးရေများ တိုးပွားလာသည့်အတွက် လူများစုမှာ ကျန်းမာရေးနှင့်ညီညွတ်လာကြကြောင်း…

ရုံးသွား၊ ရုံးပြန်ချိန်များ၌လည်း လမ်းမများပေါ်တွင် ခြေကျင်လျှောက်သူများဖြင့် နေ့ဈေးပွဲတော်ကြီးများအလား ကြက်ပျံမကျ စည်ကားလျက်ရှိကြောင်း….

၂၄နာရီ မီးရရှိ

ယခုအခါတွင် ပွင့်လင်းရာသီရောက်ရှိလာရာမှအစပြု၍ ရပ်ကွက်များ၊ ကျောင်းများ၊ ဈေးများတွင် မီးလောင်မှုများဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည့်အတွက် ပြည်သူများအတွက် ၂၄ နာရီပတ်လုံး နေ့ဘက်ဆိုလည်း နေရောင်မလိုပဲ အလင်းရောင် ပိုလျှံကာရရှိ၍ ညဘက်တွင်လည်း လျှပ်စစ်မီတာခ သက်သာကာ လင်းလင်းချင်းချင်းနေထိုင်နိုင်ကြကြောင်း….

မီးလောင်သည့်နေရာတွင် အိမ်သစ်များ ဆောက်လုပ်ရေးအတွက် အဆောက်အအုံ ကန်ထရိုက်တာများ က အလုအယက် ဈေးကွက်လုကာ စီးပွားဖြစ်ထွန်းနေကြကြောင်း….

ကားဈေးများကျ

အရင်တစ်ခါက လကမ္ဘာအထိဈေးတက်သွားသော ကိုယ်ပိုင်ကားအစုတ်များ နှပ်ချေးပိတ်ကာ ပြန်လည်ရောင်းချသော အရောင်းအဝယ်ဈေးကွက်တွင်လည်း လောင်စာဈေးနှုန်းတက်ရာတွင် ဝယ်လိုအားများလည်း ကျဆင်းသွားသည့်အတွက် အရောင်းအဝယ်ထိုင်းရာမှ အစပြု၍ ကားပွဲစားများ လဘ္ဘက်ရည်ဆိုင်တွင်ထိုင်ကာ လေပစ်ကြသဖြင့် လဘ္ဘက်ရည်ဈေးနှုန်းများတက်ကာ၊ ဟံသာဝတီကားပွဲစားတန်းတစ်လျှောက် နေ့စဉ်လိုလို တံတွေးမိုးကြီးများ၊ လေကြီးများကျရောက်လျက်ရှိကြောင်း….

ရဟန္တများပေါများ

ကမ္ဘာကြီးတွင်လောင်စာများရှားပါးရာမှ အစပြု၍ လောင်စာဆီဈေးများတက်သည့်အတွက်ကြောင့် အခြေခံစားသုံးကုန်ဈေးနှုန်းများလည်းတက်ကာ လူအများသည်လည်း အစားအစာများခြိုးခြံချွေတာရာမှ ဒုက္ခစရိယာကျင့်ကြံသူဦးရေများပြားလာသည့်အတွက် ပုထုစဉ်အများအပြား မဂ်ဖိုလ် နိဗ္ဗန်သို့ ကြားကားစီးစရာမလိုပဲ လျင်မြန်စွာရောက်ရှိကုန်ကြကြောင်း…

သို့ရာတွင် ကောင်းကင်ယံ၌ ဈန်ကြွသူဦးရေများပြားလာရာမှ တစ်ယောက်နှင့်တစ်ယောက် မတော်တဆထိခိုက်မှုများတိုးပွာလာရာ သက်ဆိုင်ရာက မိုးပေါ်မီးပွိုင့်များအား တိုင်းရင်းသား အတတ်ပညာရှင်များအကူအညီဖြင့် ဝါးလုံးငြမ်းဆင်၍တစ်မျိုး လှေကားထောင်၍တဖုံ တပ်ဆင်ပေးရန်အတွက် ဆိုင်းပြင်းနေကြကြောင်း….

နို့ဆီခွက်ဂျီအက်စ်အမ်

နှစ်ကိုယ်ကြားစကားပြောလိုသူ သမီးရည်းစားများ၊ လင်မယားများအတွက်တော့ ခါတော်မှီကုမ္ပဏီမှထုတ်လုပ်ပေးထားသော သစ်ပင်အောက်တွင်သာမက အခန်းချောင်ကြိုချောင်ကြား၊ အိမ်သာထဲပါမကျန် လိုင်းမိကာစကားပြောနိုင်မည့် နို့ဆီခွက်ဂျီအက်စ်အမ်ဖုန်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း…

ထို့ပြင် ညမထွက်ရအမိန့်ကြောင့် သမီးရည်းစားများ တစ်ယောက်နှင့်တစ်ယောက်အလွမ်းသယ်ကာ တစ်ညလုံးမအိပ်ပဲ ဖုန်းပြောမှုများကြောင့် မြို့ပေါ်ဧရိယာတွင် ညဘက်၌ ဖုန်းလိုင်းများမှာ အဆက်အသွယ်အခက်အခဲ အနည်းငယ်ရှိကြောင်း…ထို့ကြောင့် သတိပေးနှိုးဆော်ချက်တွင် မအိပ်မနေရည်းစားစကားပြောသူများအား ရှာဖွေရေးအစီအစဉ်တွင် ထည့်သင့်မထည့်သင့်ကိစ္စအား သက်ဆိုင်ရာက ခေါင်းချင်းရိုက်၍တစ်မျိုး ဒူးချင်းတိုက်၍တစ်သွယ် လေးလေးနက်နက်ဆွေးနွေးနေကြကြောင်း…

ကွန်ပြူတာပညာရှင်များတိုးပွားလာ

ဒါမလုပ်နှင့်..ဟိုဟာမစားနှင့်ဆိုလျှင် လုပ်ချင်၊ စားချင်သော လူ့သဘာဝအရ သံကွန်ခြာ၁၇ ထပ် မကအုပ်၍ ကာဆီးထားသော်လည်း နည်းပညာအမျိုးမျိုးသုံးကာ ဖောက်ထွက်၍ အင်တာနက်သုံးရန် မအိပ်မနေစိတ်ရှည်လက်ရှည် ကြိုးစားနေကြသည့်အတွက် ယနေ့ခေတ်လူငယ်များအကြား ဘန်းကျော်နည်းပညာများနှင့် နောက်ဆုံးပေါ်ခိုးကြောင်ခိုးဝှက်ကွန်ပြူတာပညာရပ်များ ရေပန်းစားလျှက်ရှိကြောင်း…

သတင်းအသစ်များကိုလည်း အခါအားလျော်စွာ ဖော်ပြသွားမည်ဖြစ်ကြောင်း...

ဤအထက်ဖော်ပြပါသတင်းများကို ခိုင်လုံသော အမည်မဖော်လိုသည့် အင်တာနေရှင်နယ်အပြည်ပြည်ဆိုင်ရာပတတ်ကရောက်သတင်းဌာန၏ ပြည်တွင်းမြေအောက်သတင်းရပ်ကွက်မှဖမ်းယူရရှိပါသည်။


Saturday, March 15, 2008

စားကျက်

စားကျက်


အိမ်ပြတင်းပေါက်အပြင်ဘက်က

ငွေညှီစော်နံနေသော

ဂလိုဘယ်လိုက်ဇေးရှင်း

မြက်ခင်းလွင်ပြင်တစ်ခုမှာ

လူမျိုးရေးခွဲခြားတတ်တဲ့ဥာဉ်နဲ့

မြေခွေးအိမ်ရှင်တစ်ချို့…

ဝပ်ဆိုင်းနေတယ်…


ပလတ်စတစ်အိပ်မက်တပွေ့တပိုက်နှင့်

သားကောင်များ....

တောခြောက်ခံရသော

သားကောင်များ....

ဇာတ်တူသားစားခံနေရသော

သားကောင်များ....

လူမုဆိုးပစ်မှတ်

သားကောင်များ....


ယိုစီးခဲ့ကြတယ်

ယိုစီးနေကြတယ်

ယိုစီးနေကြဦးမယ်


ဟိုမှာ….

သားရေတမြားမြားနှင့်

လိုအပ်ခြင်းကျော့ကွင်းသစ်တွေ

လူ့မယဉ်ကျေးမှုအသစ်တွေ

ရေခဲစိမ်မျော်လင့်ခြင်းအသစ်တွေ

စောင့်လို့ကြိုနေကြလေရဲ့…


မိုးလင်းကမိုးချုပ်

ငယ်ဂုဏ်တွေကို စတေးကြ

ဦးနှောက်တွေကို စတေးကြ

လုပ်အားတွေကို စတေးကြ

အထီးကျန်ဆန်ခြင်းတွေကို စတေးကြ

လွမ်းဖျားလွမ်းနာတွေကို စတေးကြ

“အိမ်” ဆိုတဲ့စကားလုံးတွေ စတေးကြ

ဒီလိုနဲ့ တစ်နေကြရင်တော့

ထောင်ချောက်တွေနဲ့

နေသားကြလာလိမ့်မယ်…


အနောက်တောင်ထောင့်က

ရုတ်ကနဲ

တက်လာတဲ့

မြေသင်းနံ့များအတူ…

ကျွန်တော့်အိပ်မက်တွေထဲမှာတော့

“ငါတို့…မြေ” ဆိုတဲ့ရနံ့တွေ

တထောင်းထောင်းထလို့နေလေရဲ့…

Thursday, March 13, 2008

Adios - Big Bag

Drum Line

ဒါကိုကြည့်မယ်ဆိုရင်တော့ စပီကာကို အသံကျယ်ပြီးကြည့်ပါ



Sunday, March 9, 2008

ညစာ


နိဒါန်း

အနုပညာဆိုသည်မှာ နွားမထံမှ ညှစ်ယူရရှိသောနို့ရည်ကဲ့သို့ ဖြူပြစ်ပြစ်အရောင်နဲ့လား? ဒါမှမဟုတ် ဖြစ်ကတတ်ဆန်း ရေးဆွဲထားသော ခပ်ညံ့ညံ့ပန်းချီကား တစ်ချပ်ထဲမှ မညီမညာကောက်ကြောင်းလား? ဒါကတော့ မျောက်တစ်ကောင်ရဲ့အမြီးတွင် စုတ်တံချိတ်ပေးလိုက်ရင် ကိစ္စပြီးနိုင် ဟု သူထင်သည်။ သံစဉ်မညီမညာဖြင့် ရေးစပ်ထားသော သီချင်းတစ်ပုဒ်လား? လူတွေပြောကြသော အနုပညာ၊ သူလိုက်ရှာနေသော အနုပညာဘယ်မှာနည်း? လောက၏ ဖြစ်ရိုးဖြစ်စဉ် သဘာဝအလှတရားတစ်ခုလား? အမြဲတမ်းနူးညံ့သိမ်မွေ့နေသော ရှု့မျော်ခင်းများ၊ တောင်စဉ်တောင်တန်းများ၊ မိုနာလီဆာရဲ့အပြုံးလို ရီယယ်လစ်ဇင်အရာဝတ္တုများအကြောင်းလား?

အပိုင်းအစ ၁..

ထိုမြို့လေးတွင်ယခုလတ်တလောဖြစ်ပွားနေသော သတင်းမှာရေပန်းစားလှသည်။ ပန်းချီအနုပညာ ပြပွဲ ပြိုင်ပွဲတဲ့။ အနုပညာဆိုသောအရာမှာ အားကစားလို ယှဉ်ပြိုင်လို့ရသော ကိစ္စတစ်ရပ်လား? လူတစ်ယောက်၏ ခံစားမှု ကထွက်ပေါ်လာသော အမြင် ဘဝအတွေ့အကြုံ၊ ဘဝ၏ အစိတ်အပိုင်းဖြစ်သော လက်ရာများကို အဘယ်ကဲ့သို့သော စံများဖြင့် အမှတ်ပေးကာ ရွှေတံဆိပ်ချီးမြှင့်ကြမည်နည်း? အနိုင်၊ အရှုံးကို အဘယ်သို့သတ်မှတ်မည်နည်း? အမှန်တစ်ကယ်တော့ အနုပညာရှင်များသည် ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းကို လူ့သဘော လူ့သဘာဝ ခန္ဓာကိုယ်ထဲတွင်ပြည့်ကျပ်နေသော မကောင်းသည့် လေများပြင်ပသို့ထွက်လည်သော ဖြစ်ရိုးဖြစ်စဉ် ကိစ္စကဲ့သို့သာသဘောထားသည်။ အဓိကအရာမှာ ဖန်တီးသူ၏ စိတ်ထဲတွင်ဖြစ်ပေါ်သော တင်္ဂဂ လက်ကနဲလင်းလက်သွားသော ခံစားမှုနှင့် သူတို့ရှု့ထောင့်မှ မြင်တွေ့ရသော လောကသဘာဝကို အရှိအရှိအတိုင်း အမြင်အတိုင်း လှည့်စားမှုမရှိ ပကတိရိုးစင်းစွာတင်ပြကြနိုင်ခြင်းကိုပင် အနုပညာရှင်များပီတိဖြစ်ကြသည်။ အရောင်များကိုနိုင်နင်းသော ပန်းချီဆရာက ပန်းချီကားတစ်ချပ်ဖြင့်သော်လည်းကောင်း၊ သံစဉ်များဖြင့်မွေ့လျော်သူက သီချင်းတစ်ပုဒ်ဖြင့်လည်းကောင်း၊ ပန်းပုဆရာက သစ်သားတုံး ကြားခံနယ်တစ်ခုဖြင့်လည်းကောင်း၊ ကချေသည်က သူ၏ ပဉ္စလက် ကကြိုးများဖြင့်လည်းကောင်း၊ သူတို့ရင်ထဲတွင်ဖြစ်ပေါ်လာသော စကားလုံးများကို ပရိတ်သတ်၏ ရင်ထဲသို့အရောက်ပို့ပေးကြခြင်းပင်ဖြစ်သည်။ မည်သည့်အတိုင်းအတာအထိ သူတို့ခင်းကျင်းပြသသော ကြားခံနယ်များကို ပရိတ်သတ်က ဘာသာပြန်နိုင်သနည်း ဆိုသည့်အချက်အပေါ်တွင်မူတည်၍ အကောင်းအဆိုးကို လက်ခံသူက ခွဲခြားကြပေလိမ့်မည်။

ခက်သည်မှာ သူတို့အနုပညာ ကျောင်းဆင်းပွဲနှင့်အတူ ကျင်းပမည်ဖြစ်သော ခပ်ကြောင်ကြောင် ပန်းချီပြပွဲ၊ ပြိုင်ပွဲအတွက် သူခေါင်းစားနေခြင်းပင်ဖြစ်သည်။ ကျောင်း၏ လုပ်ရိုးလုပ်စဉ်အတိုင်း ကျောင်းဆင်းလက်မှတ်က ဒီပြိုင်ပွဲတွင်ပါဝင်သူမှရမည်ဟု ဆရာကပြောသည်။ အမှန်တစ်ကယ်တော့ “လုပ်ရိုးလုပ်စဉ်၊ သမာရိုးကျ၊ ဖြစ်ရိုးဖြစ်စဉ်” ထိုစကားလုံးများကို သူနားကြားမြင်းကပ်သည်။ သူ့အတွက်တော့ လက်မှတ်ကအရေးမကြီးပေ။ ဒီကျောင်းတက်ခဲ့သည်မှာလည်း အသက်မွေးဝမ်းကျောင်းထမင်းစား လက်မှတ်တစ်ခုလိုချင်၍မဟုတ်။ သူ့တွင်ရှိသောဗီဇတစ်ခု အဘယ်မျှထက်သန်သနည်းဟု မိမိကိုယ်ကို တိုင်းတာကာရှာဖွေချင်၍ သင်တန်းကိုတက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သူ့ပန်းချီတန်းမှ အခန်းဖော်များက ရှု့မျော်ခင်းများအကြောင်း၊ မနက်ခင်းအရုဏ်တက်ချိန်တွင် ပွင့်ဖူးနေသော ပန်းကလေးတစ်ပွင့်အကြောင်း၊ ညနေရီရီအချိန် တောင်တန်းများတွင်မေးတင်နေသော အရောင်စုံတိမ်တိုက်များ၏ အလှတရားများအကြောင်း၊ ရေချိုးဆိပ်တစ်ခုတွင်ရေချိုးနေသော ကာယလုပ်သားများ၏ ပုံတူပန်းချီတစ်ခုအကြောင်း၊ အချိုးအစားကျနပြေပြစ်သော ပန်းချီကိုယ်ဟန်ပြအလှပြမယ် မိန်းကလေးတစ်ယောက်၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်ပုံတူတစ်ခုအကြောင်း၊ ဆေးရောင်များဖြင့် စပ်ကာ စိတ်၏ ခံစားမှုကို ရောင်ပြန်ဟပ် ဖော်ပြသော မော်ဒန်ပန်းချီကားများအကြောင်း စသည်စသည့်အကြောင်းအရာများဖြင့် ရေးဆွဲကာပြိုင်ပွဲဝင်ကြမည်။

သူအတွက်တော့ ထိုအရာများမှာ အက်ကြောင်းထပ်နေသော အကြောင်းအရာများဟု ပင်မြင်သည်။ ဟိုးရှေးတုန်းကလူများလည်း ခံစားခဲ့ပြီးပြီ။ ထို့နောက် ထိုအရာများတွင်လည်း တစ်ကယ့်အလှအပ အစစ်ကိုသူခံစား၍မရ။ သူ့အမြင်အရ တကယ့်အလှတရားသည် ကြမ်းတမ်းသည့်ဘဝနှင့် အခက်အခဲများ ရောပြွန်းနေသော ဘဝ၏ စိတ်ဓာတ်အလှအပများတွင် ကိန်းဝပ်နေသည်ဟု ထင်သည်။ ဥပမာ။ ။ဒဿဂီရိလို ကြမ်းတမ်းသည့် ဘီလူးတစ်ကောင်၏ မယ်သီတာအပေါ်တွင်ထားရှိသော နူးညံ့သိမ်မွေ့သည့် ချစ်ခြင်းမေတ္တာလိုမျိုး၊ အဝတ်အစားတွေစုတ်ပြတ်ပေရေနေသော လမ်းမပေါ်မှ မိဘမဲ့ကလေးတစ်ယောက်က သူ့ဝမ်းအဆာခံ၍ အစာမစားပဲစုထားသောပိုက်ဆံဖြင့် လှောင်အိမ်ထဲက ငှက်တစ်ကောင်ကို ဝယ်ကာ လွှတ်ပေးနေသည့် မြင်ကွင်းပန်းချီကားမျိုး စသည့်တို့ကို စိတ်ဝင်စားသည်။ ထို့အပြင် လူတစ်ချို့ မမြင်နိုင်သော ဗီလိန်ဆန်ဆန်အလှတရားများကို လည်း စိတ်ဝင်စားသည်။ ဥပမာ။ ။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီများနှင့်ပူးပေါင်းကာ တစ်ကိုယ်ကောင်းဆန်လွန်း၍ လူမျိုးအချင်းချင်းအပေါ်၌ ကိုယ်ကျိုးရှာလွန်းသည်ဟုနာမည်ကြီးသော၊ သူ့လူမျိုးများစွာက ရွံရှာမုန်းတီးသော၊ ဂျူးလူမျိုးသူဠေးကြီး ရှင်းဒလားက သူ့စည်းစိမ်များအကုန်ခံ၍ နာဇီတို့ထံမှတစ်ဘက်လှည့်နှင့် အသက်ခံရတော့မည့်ဆဲဆဲ ဂျူးများကိုဝယ်ကာ ရထားပေါ်တင်နေပုံ… စသည့်အကြောင်းအရာများကို သူအမိအရချယ်မှုန်းချင်သည်။

ခက်သည်မှာ ထိုပြိုင်ပွဲအတွက် သူဘယ်အကြောင်းအရာကိုရေးဆွဲရမည်ဟု သူကိုယ်တိုင်စဉ်းစား၍မရ။ ပြိုင်ပွဲဝင်ရမည့်ရက်က နီးကပ်လာပြီ။ သူပြိုင်ပွဲမှ နုတ်ထွက်ခွင့်ပြုပါရန် ဆရာ့ကိုသွားတွေ့သည်။ ဆရာက သူ့လက်ရာဒီပြိုင်ပွဲတွင် ပါဝင်မှဖြစ်မည်ဟုအတင်းအကြပ်တိုက်တွန်းသည်။ အနှစ်နှစ်အလလ သူ့အပေါ်တွင်ထားသော ဆရာ့၏စေတနာ သူဘဝတစ်ခုလုံး ပန်းချီတွင်နှစ်၍ အနစ်နာခံကာ သင်ကြားပေးခဲ့သော ဆရာ့၏ ပန်းချီပညာ ထိုအရာများကိုသူလေးစားသည်။ ထိုအရာများကြောင့်ပင် ဆရာ့စကားကို လက်မြှောက်အရှုံးပေးကာ အိမ်ပြန်လာခဲ့သည်။

သူလမ်းတစ်လျှောက်လုံးစဉ်းစားသည်။ နေကလည်းဝင်သွားပြီ။ သူပြန်လာရာလမ်းတစ်လျှောက် သူတို့မြို့ကလေး၏ မြင်ကွင်းများကလည်း အရင့်အရင့်အတိုင်းပင် မထူးခြားလှ။ ညဘက်ရောင်းသည့် ဘုံဆိုင်ကလေးထဲတွင်တော့ လူစည်ကားနေသည်။ အာခေါင်ထဲမှ ခြောက်ကပ်လာကာ သူ့လည်းတစ်ခွက်တစ်လေလောက် ဝင်သောက်ချင်သည့်စိတ်ပေါ်လာသည်။ ချောင်ကျကျ စားပွဲသို့သွားကာ တစ်ယောက်တည်းသောက်နေမိသည်။ တစ်ခွက်….ပြီးနောက်တစ်ခွက်….

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

အပိုင်းအစ ၂…

ဆိုင်ထဲမှထွက်၍ အိမ်ပြန်လာသည့်အခါတော့ သူအနည်းငယ်ရီဝေနေပြီ။ အိမ်ပြန်ရာလမ်းတစ်လျှောက် လမ်းမပေါ်တွင် ခွေးလေခွေးလွင့်များမရှိ။ ကြောင်လေကြောင်လွင့်များသာ လမ်းမီးရောင်များကျဲဖြန့်ကာပက်ဖြန်းထားသော လမ်းပေါ်တွင်ပျော်မြူးနေကြသည်။ ဒါကတော့ သူရောက်ရှိကာ နေထိုင်နေသောမြို့၏ ထူးခြားချက်ဖြစ်သည်။ ကြောင်များမှာ အရွယ်စုံဆိုဒ်စုံရှိသည်။ မွေးကင်းစ ကြောင်ပေါက်စကလေးများမှ ကြောင်အို၊ ကြောင်နာ၊ ကြောင်ဝဲထူ အစုံရှိသည်။ အရောင်အသွေးများမှာလည်း အစ၊ုံ အနက်အဖြူကွက်ကြားများ၊ အဝါရောင်များ၊ မီးခိုးရောင်များ၊ အနက်ရောင်တောက်တောက်ကြောင်စုန်းများ စသည်ဖြင့်။ ဘာအကြောင်းကြောင့်မှန်းမသိ ဒီမြို့က လူတော်တော်များများက ကြောင်ကို ရန်သူလိုသဘောထားသည်။ မချစ်တတ်ကြ။ တစ်ချို့က အလကားနေရင်း ကြောင်အမြီးကို ဖြတ်တတ်သည်။ ထို့ကြောင့် ကြောင်တော်တော်များများမှာ မြီးတိုများဖြစ်သည်။ တစ်ချို့ကြောင်ချစ်တတ်တဲ့လူများလည်းရှိပါသည်။ ဤမြို့တွင် ကြောင်များကို အစာကျွေးချင်ရင်တောင် ညဘက်လူခြေတိတ်ချိန်ကြမှ ခိုးကြောင်ခိုးဝှက်ဖြင့်ကျွေးကြရသည်။ အများစုကတော့ ကြောင်ကို ကြောက်ကြသည်။ ထို့ကြောင့် ကြောင်များ၏ဘဝမှာ အိမ်မွေးခွေးများ၏ ဘဝနှင့် စာလျှင် ဆီနှင့်ရေကဲ့သို့ကွာသည်။ လမ်းမပေါ်တွင်အိပ်၊ ကျွေးသောလူရှိလျှင်ကြုံရာစား၊ မိုးရွာရင် မြောင်းကြိုမြောင်းကြားမှာနေ၍ မိုးခို စသည်ဖြင့် လမ်းပေါ်မှာနေ၍ လမ်းပေါ်မှာသေသော လမ်းပျော်လူဆိုးများဖြစ်သည်။

သူ့အိမ်နားအရောက် လမ်းထောင့်ချိုးတစ်ခုတွင် တစ်စုံတစ်ရာထူးခြားနေသည်ဟု သတိပြုမိသည်။ မွေးကင်းစကြောင်ပေါက်စလေးကောင်ခန့်က တစ်စုံတစ်ခုကို ဝိုင်း၍ကြည့်နေကြသည်။ ထို့ဖြင့် ကြောင်လေးများအနားသို့ကပ်သွားမိသည်။ အနီးကပ်မှကြည့်သည်တွင် လသားခန့်ကြောင်ပေါက်ကလေးများဖြစ်နေသည်။ တော်ရုံအားဖြင့် လူစိမ်းသူတို့နားကို အကပ်မခံ၊ ထို့အပြင် သူတို့အရွယ်သည် မည်သည့်အခါမျှအငြိမ်မနေ၊ တစ်စုံတစ်ခုနှင့် အမြဲတမ်းလိုလို ဆော့ကစားနေတတ်သည်။ အခုတော့ သူအနားကပ်ခံသည်ကို ထွက်မပြေးသည့်အပြင် ငြိမ်ကုပ်ပေကပ်၍ ထိုအရာကိုဝိုင်းကြည့်နေကြလေသည်။ မြင်ကွင်းက သူ့အားဆွဲဆောင်သွားလေသည်။ ထို့ကြောင့်သူလည်း အိမ်ကို ပြန် ကင်းဗတ်၊ စုတ်တံ၊ ဆေးစပ်သည့်ပျဉ်ပြား၊ ဆေးဗူး စသည့် ကိရိယာတန်ဆာပလာများကို ယူ၍ ထိုနေရာသို့ပြန်လာကာ တစ်ညလုံးအလုပ်လုပ်လေတော့သည်။ မိုးစင်စင်လင်း၍ နေထွက်လာသောအခါမှ ထိုအရာကို ကောင်းမွန်စွာ မြေမြှုပ်၍ သူအိမ်ပြန်လာခဲ့သည်။ ကြောင်ကလေးများလည်း ဘယ်ရောက်သွားပြီ မသိ။

ထို့နောက် သူရက်သတ္တ်ပတ်လုံး အခန်းထဲမှအခန်းအပြင်မထွက်ပဲ ကင်းဗတ်စ်ရှေ့တွင် ပုံကြမ်းလောင်းထားသော ပန်းချီကို အချောသပ်ခြင်း အလုပ်ဆက်လုပ်သည်။ နေ့တွေညတွေလည်းမသိ၊ ထမင်းစားချိန်လည်းမရှိ။ သူ့အမြင်အာရုဏ်တွေ၊ စိတ်ခံစားမှုများလည်း ထိုနေ့ညက မြင်ကွင်းထဲတွင်သာရှိသည်။ အရမ်းအိပ်ချင်လွန်းသည့်အခါတွင်လည်း ပန်းချီကားရှေ့တွင်ပင် ခဏတစ်ဖြုတ် အိပ်စက်သည်။ အိပ်မက်ထဲတွင်လည်း ပန်းချီဆက်ဆွဲနေသည်။ ထို့ပြင်ရုတ်တရက် အိပ်မက်ကလန့်နိုး၍ ငေါက်ကနဲ့ထထိုင်ချိန်တွင်ပင် ပန်းချီကား၏မြင်ကွင်းက သူ့အာရုံငါးပါးကို ဆွဲဆောင်ခေါ်ယူသွားပြန်သည်။ ထိုအခိုက်အတန့်များတွင် စုတ်တံသည့်သူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သွားကာ စုတ်ချက်များသည် သူ့အသက်ရှုသံနရီများပင်ဖြစ်သည်။ အရမ်းမောပန်းနွမ်းနယ်လွန်းသဖြင့် စုတ်တံကိုတောင်လက်က မနိုင်တော့သော အခိုက်အတန့်များတွင် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း သူ့၏ဆွဲလက်စ ပန်းချီကိုသေသေချာချာကြည့်မိသည်။ ထိုသို့ဖြင့် နေ့နေ့ညညရေးချယ်ရင်းဖြင့်ပင် သူ့ပန်းချီကားပြီးဆုံးသွားလေပြီ။ ရေးဆွဲပြီးပြီးချင်း၌ပင် သူ့ပန်းချီကားကို သူမကြည့်ရက်တော့ပေ။ အနက်ရောင်အဝတ်စတစ်ခု လျင်မြန်စွာအုပ်မိုးပေးလိုက်ရတော့သည်။

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

နိဂုံး

နေသာသောနေ့တစ်နေ့တွင် ပြပွဲစတင်လေပြီ။ သူတို့မြို့ကလေး၏ နာမည်ကြီးသော အနုပညာသင်တန်းကျောင်း၏ ကျောင်းဆင်းပြပွဲ ဖြစ်သည့်အလျောက် လူအများက ဝတ်ကောင်းစားလှများဝတ်၍ စိတ်ဝင်တစားလာရောက်ကြည့်ရှု့ကြသည်။ အနုပညာအကြောင်းနကန်းတစ်လုံးမှ နားမလည်သူများကလည်း လူတတ်ကြီးများလုပ်၍ ဟိတ်ဟန်ကြီးတစ်ခွဲသားဖြင့် တွေ့သမျှမြင်သမျှ ပန်းချီကားများ၌ မှတ်ချက်များလိုက်ရေးနေသည်။ သူဠေးများ၊ လူကုံတန်များကလည်း ဖောင်းကားနေသော သားရေအိတ်များ ပိုက်၍ သူတို့ဧည့်ခန်းတွင် သို့ အိမ်တွင် အလှချိတ်ရန်အတွက် ရှုခင်းပန်းချီများ၊ နာမည်ကြီးသူတို့၏ ပုံတူပန်းချီကားများ စသည်စည်ဖြင့် “ဒီကားလေးက မဆိုးဘူး..”ဟု ဆိုကာ သေသေချာချာပင် မကြည့် ကောင်တာပေါ်သို့ ပိုက်ဆံပစ်တင်၍ ပန်းချီကားကို ဈေးထဲမှ ဟင်းရွက်ကန်စွန်းလို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်၍ ဝယ်သွားတတ်ကြသည်။ အမှန်တော့သူတို့ဝယ်ယူသွားသည်မှာ ပန်းချီဆရာ၏ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပန်းချီဆရာ၏ ကြိုးစားမှု၊ ပန်းချီကားရေးဆွဲနေချိန်အတွင်း ဖြစ်ပေါ်နေသော စိတ်ခံစားမှု ပျော်ရွှင်ဝမ်းနည်းမှု၊ စိတ်ဓာတ်တက်ကြွမှု၊ စိတ်ဓာတ်ကျမှု စသည်ဖြင့် အခိုက်အတန့်ကာလ၏ သူ့ဝိဥာဉ်အစိတ်အပိုင်းတစ်ရပ်ကို ငွေပေး၍ ဝယ်ယူသွားကြခြင်းပင်ဖြစ်သည်။ ထိုမြင်ကွင်းများကို မမြင်လိုလှသဖြင့် သူ၏ ပန်းချီကားအားအုပ်ထားသည့် အဝတ်အနက်အား ခွာချပေးပြီးသည်နောက်တွင် ခန်းမ၏အဝေးဆုံးသို့ကျောခိုင်းလာခဲ့တော့သည်။

ကဲနေခဲ့ပေဦးတော့ကွာ…ပန်းချီထဲက ကြောင်လေးတွေရေ….မင်းတို့ရဲ့ ခံစားချက်တွေနဲ့လူတွေကို သတင်းစကားတစ်ခုလောက်ပေးလိုက်ကြပါ။ လူကုံတန်တွေရဲ့ ထမင်းစားခန်းထဲက နံရံပေါ်မှာနေပြီး မင်းတို့ကို ကြည့်သမျှလူတွေအားလုံးရဲ့ စိတ်တွေကစဥ့်ကလျားဖြစ်အောင် သူတို့ရဲ့ အဇ္ဈတ္တတွေကို ခြောက်လှန့်လွှတ်လိုက်စမ်းပါ။ မင်းတို့ဘဝတွေဘယ်လောက်ဆိုးနေတဲ့အကြောင်း၊ လူသားဆိုတဲ့လူတွေရဲ့ စာနာခြင်းငတ်မွတ်မှုကိုခံစားနေရပြီး အပယ်ခံတွေဖြစ်နေကြတယ်ဆိုတဲ့အကြောင်း ပန်းချီကားထဲကနေ အသံကုန် အော်ပြောကြလိုက်စမ်းပါ။

နောက်ဆက်တွဲ…

ကျွန်တော်သည် ပန်းချီဝေဖန်ရေးဆရာတစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့မြို့လေး၏ ပန်းချီ ပန်းပုကျောင်းရှိဆရာများ၏ ဖိတ်ခေါ်ချက်အရ ကျောင်းဆင်းပန်းချီပြပွဲ၊ ပြိုင်ပွဲသို့ရောက်ရှိခဲ့သည်။ ပြပွဲခန်းမထဲရှိ ပန်းချီကားများ အရောင်အသွေးစုံလင်စွာဖြင့် အစီအရီခင်းကျင်းထားသည်မှာ ရောင်စုံကမ္ဘာတစ်ခုထဲသို့ရောက်သွားသည့်အလားခံစားရသည်။ ရှုမျှော်ခင်းပန်းချီများ၊ အရုဏ်တက်အလင်းရောင်များဖြင့် လန်းဆန်းတက်ကြွနေသော ပန်းပေါင်းစုံပန်းချီများ၊ လှေဆိပ်တွင်ဆိုက်ကပ်ထားသော သင်္ဘောများ၏ သက်ငြိမ်အလှများ၊ အချိုးအစားကျနပြေပြစ်လွန်းသော မိန်းကလေးတစ်ယောက်၏ ပုံတူပန်ချီကား၊ စသည်ဖြင့် အတော်ဆုံးပန်းချီကျောင်းသားများ၏လက်ရာဖြင့် ပြခန်းက လောက၏ သဘာဝအလှများခင်းကျင်းပြသရာ ဘုံဗိမာန်တစ်ခုဖြစ်နေသည်။ ပန်းချီဆရာများအားလုံးနီးပါးမှာလည်း သူတို့ဆွဲထားသောပန်းချီကားဘေးတွင်ရပ်၍ လာသမျှလူများအားနှုတ်ဆက်နေသည်။ သို့သော် ပန်းချီကားတစ်ချပ်မှာမှု ပိုင်ရှင်ကင်းမဲ့နေသည်။ ခန်းမပတ်လည်တွင်ရှိသော နူးညံ့သည့်အလှတရားများ၏ အလယ်ခေါင်တွင် နောက်ခံဆေးအနက်သုတ်ထားသောနံရံပေါ်မှ ထိုပန်းချီကားက ကြည့်မိသမျှလူများအားလုံး သက်ပြင်းချကာ မှင်သက်ငေးမောနေစေသည်။

ကျွန်တော်လည်း ထိုပန်းချီကားရှေ့သို့ရောက်သွားမိသည်။

ပန်းချီကားမှာ ညဥ့်နက်နက်အချိန် ရှုပ်ပွပေရေနေသော နောက်ဖေးလမ်းကြားထဲမှ လမ်းမီးရောင်မှိန်မှိန်အောက်တွင် ဖြစ်ပျက်နေသော အကြောင်းအရာကို ချယ်မှုန်းထားသည်။ ထိုပန်းချီထဲတွင်…

“ကြောင်ကလေး လေးကောင်၊ တစ်ကောင်ကို အရောင်တစ်မျိုးစီဖြင့်ဖြစ်သည်။ အဖြူအနက်ကြား၊ အဝါ၊ မီးခိုး၊ မဟူရာ အရောင်စသည်ဖြင့်”

သူတို့၏ ဗဟိုတွင် ဒဏ်ရာများဖြင့်မိန်းမောနေသော (သို့) သေနေသော ကြောင်မကြီးတစ်ကောင်၊ သူမဒဏ်ရာများမှ သွေးများက ခြောက်ကပ်ကာ အိုင်ထွန်းနေသည်။ သူမရှေ့တွင် ဘယ်အိမ်မှဝင်ခိုးလာမှန်းမသိသော အသားတစ်တုံး၊ သူမ၏ ကလေးများအား ချကြွေးထားသော်လည်း တစ်ကောင်မှမစား၊ သူမအားဝိုင်းရံ၍ ကြည့်ရှုနေကြသော မြင်ကွင်းဖြစ်သည်။ ကြောင်မကြီး၏ ဝေဒနာခံစားနေရသော်လည်း ပီတိဖြစ်နေသည့် မျက်နှာ၊ ကြောင်ကလေးတစ်ကောင်ခြင်းစီ၏ မျက်နှာတွင်ဖြစ်ပေါ်နေသော ဝမ်နည်းမှု၊ ဆာလောင်မှု၊ တုန်လှုပ်ခြောက်ချားမှု၊ အံ့သြမှု၊ ကြင်နာမှုစသည့် ခံစားမှုများကိုလည်း ပန်းချီဆရာက အမိအရ ဖမ်းမိအောင် အစွမ်းကုန်ကြိုးစား၍ ဖန်တီးထားသည်။ စုတ်ချက်များမှာကြမ်းသည်။ ညစ်ပတ်ပေရေနေသော နောက်ဖေးလမ်းကြား၊ စုတ်ချက်များကို ကြည့်ရင်းဖြင့် ရင်ထဲတွင် အော်ကလီဆန်လာကာ အနံ့အသက်ဆိုးတစ်ခု နှာခေါင်းထဲရောက်လာသလို ခံစားရသည်။ အရောင်အစပ်အဟပ်မှာ ပိုင်နိုင်လွန်းလှသည်။ ပန်းချီကားတစ်ချပ်လုံးရှိ အရောင်များကို ခပ်မှိန်မှိန်ဖြင့် ခြောက်ကပ်၍ထားသော်လည်း သွေးနှင့် အသားတုံးအား အနီရောင်အပြင်းစားသုံးထားသည်။

ထိုကားအားကျွန်တော်ကြည့်နေမိသည်မှာ အချိန်ဘယ်လောက်ကြာသွားမှန်းမသိတော့….ထိုပန်းချီကားထဲမှ ပန်းချီဆရာပေးချင်သော မက်ဆေ့ခ်ျတစ်ခုခြင်းစီကို ဘာသာပြန်ကြည့်မိသည်။ မက်ဆေ့ခ်ျတစ်ခုခြင်းဆီကို ဘာသာပြန်ရင်နားလည်သလိုရှိသော်လည်း အားလုံးခြုံကြည့်မိသည့်အခါ ဝေဝါးနေပြန်သည်။ စုတ်ချက်ကြမ်းများ အရောင်အစပ်အဟပ်များမှာကြမ်းလွန်းသည့်အတွက် သူ့ စိတ်ရေအလျဉ်အတိုင်း ရေးဆွဲထားသော မော်ဒန်ပန်းချီတစ်ချပ်လား? လောကထဲတွင်ပကတိတည်ရှိနေသော မြင်ကွင်းအစစ်တစ်ခုကို ချပြထားသည့်အတွက် ရီယယ်လစ်ဇင်လား? ဒါမှမဟုတ် သူ့အတွေးထဲတွင်ရှိသော အကြောင်းအရာတစ်ခုကို ဖန်တီးထားခြင်းလည်းဖြစ်နိုင်၍ အိုင်ဒီယယ်လစ်ဇင် ပန်းချီကားတစ်ချပ်လား? ဘယ်လိုတံဆိပ်ကပ်ရမလဲ…ကျွန်တော်မသိတော့…

ကျွန်တော်မှတ်မှတ်ရရသိ၍ မှတ်မိသည်မှာ ပန်းချီကား၏ အမည်နာမပင်ဖြစ်သည်။ ထိုကား၏

အမည်မှာ “ညစာ” ဟူ၍……

Friday, March 7, 2008

ကျွန်တော်နှင့်သင်္ကြန်

အတက်နေ့မနက် နိဒါန်း….

ကျွန်တော်မျက်စိဖွင့်ကြည့်မိသည့်အချိန်မှာ အဖြူရောင်မျက်နှာကြက်ကို ဝိုးတိုးဝါးတားတွေ့ရသည်။ အိပ်ယာနိုးနိုးခြင်း အသိစိတ်ဝင်သည့်အချိန်၌ ကျွန်တော့်ကို ကျွန်တော် သေပြီဟုထင်ထားသော်လည်း အသက်ရှိသေးသည်ကို သိရသဖြင့် ပျော်မိသည်။ သို့သော်လည်း စိုးရိမ်စိတ်က ချက်ခြင်းဝင်လာသည်။ ကျွန်တော် အိပ်ပျော်နေသည်မှာ ဘယ်နှစ်ရက်ရှိသွားပြီနည်း။ ကျွန်တော် အိပ်ပျော်နေတုန်း အတက်နေ့ကျော်လွန်ကာ သင်္ကြန်ပြီးသွားပြီလား? လက်ကောက်ဝတ်တွင်လည်း နာရီမရှိ။ အခုအချိန်တွင် အသိချင်ဆုံးအရာမှာ ရက်စွဲဖြစ်နေသည်။ အိပ်ခန်းထဲသို့ အလင်းရောင်ဝင်နေသည့်အတွက် မနက်ခင်းတစ်ခုဆိုသည်မှာတော့ သေချာနေသည်။


ကိုယ့်ကိုကိုယ် ကုန်းရုန်း၍ထသည်။ ခေါင်းထဲက နောက်ကျိကာ အုံ့ခဲနေသောကြောင့် မနေ့ညက အသောက်လွန်သွားသည်မှာတော့သေချာသည်။ သို့သော် အိပ်ပျော်နေသည်မှာ အတော်ကိုကြာနေပြီဟု ခံစားရသည်။ ရုတ်တရက်ဘာကိုမှ စဉ်းစားမရ။ လောလောဆယ်တွင် ဒီနေ့ဘာနေ့လည်းဆိုတာ သိရန် အရေးကြီးနေသည်။ ဘာတွေဖြစ်ခဲ့သလဲက အရေးမကြီး။ ကျွန်တော် မျော်လင့်တကြီးဖြင့် ပြန်လာခဲ့ရသော သင်္ကြန်ရက်များ ကုန်ဆုံးသွားပြီလား? သတိရ၍ ဘေးကိုကြည့်လိုက်တော့ အတုံးအရုံး ကုလားသေကုလားမော သေနေသော (သို့) အိပ်မောကျနေသော သူငယ်ချင်းများ။ ဘေးချင်းကပ်နေသော ကျွန်တော့်သူငယ်ချင်း ပွဲစား (နာမည်ပြောင်) ကို ထုံးစံအတိုင်း ညင်ညင်သာသာ ကန်၍နှိုးလိုက်သည်။ သို့သော် သူကမထ။ တအင်းအင်း တအဲအဲ ညည်းကာ တစ်ဘက်စောင်း၍ ပြန်အိပ်သွားသည်။


သူ့ဘေးတစ်ယောက်ကျော်တွင်အိပ်နေသော အောင်လင်းက အိပ်ယာက ငေါက်ကနဲထကာ ထထိုင်သည်။ ထုံးစံအတိုင်းဆိုလျှင် ကျွန်တော်တို့ သူငယ်ချင်းများထဲတွင် အောင်လင်းသည် အအိပ်မက်ဆုံးကောင်ဖြစ်သည်။ သို့သော်လည်း သင်္ကြန်အကြိုနေ့မှစကာ သူက အစောဆုံးနိုး၍ ကျွန်တော်တို့အားလုံးအိပ်လို့ကောင်းတုန်း မနက် ၆နာရီ မှစ၍ စောင်များကိုလှန်၍တမျိုး အသံသေးအသံကြောင်ဖြင့်အော်၍ တဖုံ နည်းမျိုးစုံဖြင့် မထမခြင်းဒုက္ခပေးသောကောင်ဖြစ်သည်။ အခုလည်း

“ဟေ့ကောင်တွေ (အေပေးတွေ) ထ ထ၊ အတက်နေ့ရောက်ပြီ ဟေ… သင်္ကြန်နောက်ဆုံးနေ့ရောက်ပြီ…ထကြဟ…မင့်အဘသင်္ကြန်ပြီးတော့မယ်”

ဟုအော်ကာ စောင်များကိုလိုက်ဆွဲသည်။ ဟူး….တော်ပါသေးသည်။ အတက်နေ့တဲ့…သင်္ကြန်တစ်ရက်ကျန်သေးသည်။ ကျွန်တော် အိပ်ပျော်နေတုန်း သင်္ကြန် မပြီးဆုံးသေး….


ပွဲစားနိုးလာသည်။ ထို့နောက်လောရှည်။ နောက်ပြီး ဗလကြီး။ တစ်ယောက်ပြီးတစ်ယောက်နိုးလာသည်။ တစ်ယောက်နိုးလာတိုင်း “ဟေ့ကောင် မင်းမနေ့ညနေက ဘာဖြစ်လဲမှတ်မိလား” ဟု မေးသည်။ ကျွန်တော်လည်း အလိုက်သင့်ခေါင်းခါပြရသည်။ ဟုတ်သည်။ ကျွန်တော် တစ်သက်နှင့်တစ်ကိုယ် အရက်သောက်သည့်သမိုင်းတွင် တစ်ခါမှ ဘလက်အောက်(လူမှန်းသူမှန်းမသိမူးခြင်း) မဖြစ်ဘူးသေး။ သူငယ်ချင်းတွေပြောပြ၍ သိရသည်။ ကျွန်တော့်ကို မဏ္ဍပ်ပေါ်က ဝိုင်းချီ၍ ချရသည်တဲ့။ နောက်ပြီး ပလက်ဖောင်းမွှေ့ယာတွင် အိပ်စက်စေကာ ကားပေါ်သို့လည်း တွဲတင်ရသည်တဲ့။ အိမ်ပြန်ရောက်သည့်အချိန်တွင်လည်း အိမ်ပေါ်သို့ လူ ၃ယောက်ခန့်ဝိုင်း၍ တွဲရသည်တဲ့။ သူငယ်ချင်း၏ အမေကလည်း ကျွန်တော်နှင့် လောရှည် အိမ်ပေါ်မတက်ခင် မူးရူးကာ ကားဂိုဒေါင်ထဲ၌ အိပ်ပျော်နေသည်ကို ဓာတ်ပုံရိုက်ထားသည်တဲ့….သွားပြီ…ရှိသမျှ သိက္ခာတွေကတော့ သင်္ကြန်ရေနှင့်အတူ မြောင်းထဲရောက်ပြီ။ သို့သော်လည်း သူတို့ပြောသမျှကို ပြုံးဖြီးဖြီးသာလုပ်ပြနေရသည်။ သို့သော် တစ်ခါမှမဖြစ်ဘူးသော လွတ်လပ်ပျော်ရွှင်သောခံစားမှု တစ်ခုတော့ ခံစားရနေသည်မှာ သေချာသည်။ မှန်သည် မှားသည်တော့ မဝေခွဲချင်တော့။


ကျွန်တော့်တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။ သို့သော်လည်း သင်္ကြန်တစ်ရက်ကျန်သေးသည်ဟူသောအသိဖြင့် ခန္ဓာကိုယ်က ဝေဒနာအကုန်လုံးပျောက်သွားကာ လူက ပြန်လည်လန်းဆန်းတက်ကြွသွားသည်။ သို့ဖြင့် ကျွန်တော်တို့အားလုံး ရေမိုးချိုး အဝတ်အစားလဲ၍ မဏ္ဍပ်သို့ထွက်လာခဲ့ကြသည်။ မဏ္ဍပ်သို့ရောက်သောအခါ တွေ့သမျှ ကောင်မလေးများက ကျွန်တော့်ကို ပြုံးစိစိဖြင့်ကြည့်ကြသည်။ လူကြီးတစ်ယောက်ကလည်း မှာတမ်းခြွေသည်။ “သား သောက်တော့သောက်၊ ခြေလွန်လက်လွန့် မသောက်နဲ့ ပျော်တာလည်းပျော်ပေါ့ကွာ…သတိလက်လွတ်မဖြစ်စေနဲ့..ကြားလား? ” ကျွန်တော့်မှာ အောင့်သက်သက်ဖြင့် တွေ့သမျှလူကိုသာ ပြုံးပြနေရသည်။


မဏ္ဍပ်တွင် ကျွန်တော်နှင့် မသိသောတစ်ချို့လူများကလည်း တစ်ယောက်ပြီးတစ်ယောက်လာနှုတ်ဆက်ကာ သူတို့လက်ထဲက ရေသန့်ဗူးထဲတွင် စပ်ထားသော အရက်များအတင်းတိုက်သည်။ သူတို့ပြောတော့ မနေ့ညနေက ကျွန်တော်က လက်ထဲတွင် အရက်ပုလင်းကိုင်ကာ တွေ့သမျှလူလိုက်တိုက်သည်တဲ့။ အဲသည့်အတွက် လက်စားချေကာ အတင်းတိုက်ကြခြင်းဖြစ်သည်။ ကျွန်တော်က ဒီနေ့သိပ်မသောက်ဟုပြောသော်လည်းမရ။ အတင်းတိုက်သည်။ အားနား၍ တစ်ငုံနှစ်ငုံသောက်လိုက်ရသည်။


တစ်ချို့ကလည်း ကျွန်တော့်ကို အင်္ကျီအတင်းချွတ်ခိုင်းသည်။ ဘာလို့လဲဆိုတော့ မနေ့ညနေ (အကြတ်နေ့ညနေ)က ကျွန်တော်က မဏ္ဍပ်တွင်ရှိသော ယောက်ျားလေးမှန်သမျှ အင်္ကျိချွတ်ရမည် မချွတ်လျှင်အခြောက်ဟုပြောကာ တွေ့သမျှလူချမ်းသာမပေးသောကြောင့် နေ့ခင်းကြောင်တောင်ကြီး ကျွန်တော့်ကို လက်စားချေနေကြခြင်းဖြစ်သည်။ ကျွန်တော်က ညနေစောင်းလျှင်ချွတ်ပါမည်ဟု ပြောမှ လက်လျှော့ကာ ထွက်သွားကြသည်။ ဟူး..အကြတ်နေ့က ကျွန်တော်ဘာတွေများထပ်လုပ်ထားပါလိမ့်…


အကြတ်နေ့က…


အကြတ်နေ့မနက်ပိုင်းက ကျွန်တော်တို့သာမန်သာဖြစ်သည်။ ရေပန်းအောက်ဝင်လိုက် ဒီဂျေတီးလုံးများအကြားမျောလွင့်လိုက် ကလိုက် စလိုက်နောက်လိုက်သာလုပ်နေသည်။ ပြဿနာက ထိုကောင်မလေးညီအစ်မနှစ်ယောက်ကစသည်။ အမှန်တော့ သူတို့နှင့်ကျွန်တော်လည်းမရင်းနှီးပါ။ သူတို့ညီအစ်မနှစ်ယောက်ထဲမှ အငယ်မကို အောင်လင်း၏ ဝသီအရ အီစီကလီရိုက်သည်။ ထိုကောင်မလေးနှင့်လည်း ဒီကောင်နှင့် ဘာကလိုတိုတိုဖြစ်နေပြီ။ သို့သော် အောင်လင်း၏ထုံးစံအတိုင်း တစ်ယောက်တည်းမထား။ အကျနေ့က ထိုကောင်မလေးနှင့်တွဲ၍ အကြတ်နေ့ကြတော့ သူမရှေ့တွင်ပင်နောက်တစ်ယောက်နှင့်တွဲသည်။ ဒါလည်းပြဿနာမဟုတ်သေး။ ဟိုကလည်း သူ့ကို ဂျင်းစိမ်းနှင့်မိဿလင်လိုသဘောထားသည်။ ထို့နေ့နေ့လည်ပိုင်း ထမင်းစားနားချိန်ကြတော့ ထိုညီအစ်မ၏ အစ်ကိုက မဏ္ဍပ်ကိုရောက်လာသည်။ ထိုအစ်ကိုနှင့် အောင်လင်းသည် ထိုကောင်မလေးကိစ္စဖြင့်ပင် သင်္ကြန်မတိုင်ခင် ဖုန်းထဲမှာကတည်းက နောင်ဂျိန်ပလေးထားသေးသည်။ သို့သော်လည်း မဏ္ဍပ်ရောက်လာသည်အထိ့ ပြဿနာမရှိသေး။ ကောင်မလေးက သူ့အစ်ကိုနှင့် အောင်လင်းကို မိတ်ဆက်ပေးကာ အားလုံးအိုကေနေသည်။


ထိုအချိန်တွင် ညီအစ်မနှစ်ယောက်ထဲမှ အစ်မက သူ့ကောင်လေးနှင့် နောက်မဏ္ဍပ် ကိုလိုက်သွားမည်ဟုပြောသည်။ အဲဒီအချိန်၌ သူ့အစ်ကို ကဘာတွေပေါက်ကွဲမှန်းမသိ ပေါက်ကွဲကာ ညီအစ်မနှစ်ယောက်တွင်အစ်မကို ပါးရိုက်သည်။ မောင်နှမကိစ္စ ဆုံးမသည်မှန်သော်လည်း မဏ္ဍပ်လူလယ်ခေါင်အများရှေ့တွင်ဖြစ်နေသည့်အတွက် ကောင်မလေးကရှက်ကာငိုသည်။ ထိုအချိန်တွင်အောင်လင်းက ထုံးစံအတိုင်းကြားဝင်ကာ သူ့အစ်ကိုကိုတောင်းပန် လူရှေ့သူရှေ့တွင် မဆုံးမသင့်ကြောင်း အိမ်ပြန်ရောက်မှဆုံးမသင့်ကြောင်း ပြောပြသည်။ သို့သော်ဟိုကမရ။ အောင်လင်းကိုပါပြဿနာရှာသည်။ အတိုချုပ်ရတော့ အောင်လင်းနှင့် ထိုလူနှင့် ငြိသည်။ လုံခြုံရေးကလည်း ကိုယ့်လူကိုထိန်းကာ အောင်လင်းကို မဏ္ဍပ်အနောက်ဘက်က ခြံထဲတွင်ထားသည်။ ကျွန်တော်လည်းရေချိန်ကိုက်နေပြီဖြစ်သည်။ ကိုယ့်သူငယ်ချင်း မဏ္ဍပ်ပေါ်ပြန်မတက်ရပဲ အောက်တွင် နေရသည့်အတွက် စိတ်မကောင်း။ အောင်လင်းမဏ္ဍပ်ပေါ်ပြန်တက်ခွင့်ရအောင် ဟိုလူကို ပြေရာပြေကြောင်း အေးအေးဆေးဆေး စကားပြောမည်ဟုဆိုကာ မဏ္ဍပ်ပေါ်ပြန်တက်လာခဲ့သည်။


သို့သော်မရ။ ကျွန်တော်ကကောင်းကောင်းမွန်မွန်ပြောသည်ကိုပင် သူကဆဲသည်။ အဲဒီမှာကျွန်တော့်
လက်သီးကလည်းသူ့မျက်နှာပေါ်သို့ ပြိုဆင်းသွားသည်။ ထို့နောက်တော့ ကျွန်တော်ကို သူငယ်ချင်းများကဝင် ဆွဲသည်။ ပွဲပြီးသွားသည်။ လုံခြုံရေးက ထိုသူကို မဏ္ဍပ်ပေါ်ကဆွဲချသွားသည်။

ထိုသို့ရန်ဖြစ်ပြီးသည့်နောက်ပိုင်းတွင်တော့ သူများ ကျွန်တော့်ကို တိုက်သမျှအရက်သောက်သည်။ ထို့နောက်လက်ထဲတွင်လည်း အရက်ရောထားသောပုလင်းကိုင်ကာ တွေ့သမျှလူကိုတိုက်သည်။ ထိုသို့ဖြင့် ညနေစောင်းတော့ ကျွန်တော် ဘလက်အောက်ဖြစ်သွားသည်။ ကျွန်တော့် အင်္ကျီများလည်းပျောက်သည်။ တစ်ကိုယ်လုံးလည်း ခြစ်ရာရှရာများဖြင့် ပြည့်နှက်နေသည်။


ညနေပိုင်းရောက်တော့ ကျွန်တော်ဘာမှမမှတ်မိတော့။ လူက မလွတ်စဘူး လွတ်သွားလေတော့သည်။


အတက်နေ့…နိဂုံး…


အတက်နေ့မနက်က ထိုညီအစ်မကို ကျွန်တော်တို့မဏ္ဍပ်ရှေ့တွင်တွေ့သည်။ အမှန်က သူတို့ညီအစ်မနှစ်ယောက်စလုံး သင်္ကြန်လေးရက်စာ ကျွန်တော်တို့မဏ္ဍပ်တွင် လက်မှတ်ဝယ်ထားပြီးသားဖြစ်သည်။ သို့သော်ထိုပြဿနာကြောင့် ကျွန်တော်တို့မဏ္ဍပ်သို့မလာတော့။ မဏ္ဍပ်ရှေကဖြတ်လျှောက်တာတောင် မော့မကြည့်တော့။ သူတို့ကြောင့်ပြဿနာဖြစ်သော်လည်း ကျွန်တော် လွန်သွားကြောင်းတောင်းပန်ချင်သော်လည်းခွင့်မရတော့။


အတက်နေ့ညနေစောင်းနေလည်း ဝင်သွားပြီဖြစ်သည်။

ကျွန်တော်အမျှော်လင့်ကြီးမျှော်လင့်ထားသော သင်္ကြန်လည်း ပြီးဆုံးသွားပြီ။ ဘာမှရေရေရာရာမရှိလှ။ ထင်သလောက်ပျော်လိုက်ရလားဆိုတော့လည်း မယ်မယ်ရရမရှိလှ။ အမှန်တော့ ကျွန်တော်တို့သည် တံလျှပ်လို စိတ်အပျော်ကိုလိုက်ရှာရင်း အပျော်အစစ်ကို ပျောက်ဆုံးနေသူများဖြစ်သည်။ သို့သော်လည်း သင်္ကြန်ဆိုသည်မှာကတော့ ဗမာပြည်တွင် နှစ်တိုင်းစည်ကားနေဦးမည်သာဖြစ်သည်။ အရက်အတုအများလည်း ရောင်းနေကြဦးမည်။ ဈေးအဆမတန်ကြီးထားသော မုန့်ပဲသရေစာကအစ အကင်ဆိုင် ဘီယာဆိုင်အဆုံး ခေါင်းရွက်ဗျတ်ထိုး သာမက ဆိုင်ကြီးကန္နားကြီးဖြင့် လမ်းဘေးဈေးသည်များလည်း နှစ်တိုင်းစီးပွားဖြစ်နေဦးမည်။ မဏ္ဍပ် စပွန်ဆာမစွတ်မပွတ်ပေး၍ သင်္ကြန်တွင်းလူသိများအောင် ကြော်ငြာချင်သော ကုမ္ပဏီများလည်း အလုပ်ဖြစ်ဦးမည်။ ဘီယာဘူးခွံကောက်သူ၊ သောက်ရေသန့်ဘူးခွံ ကောက်သူ လူမမယ်များလည်း တွက်ချေကိုက်နေဦးမည်။ မိန်းကလေးများလည်း တရားဝင်အရက်သောက်ခွင့်ရကာ မူးရူးကာ မဏ္ဍပ်ပေါ်တွင် မနက်စောစောစီးစီး အန်နေကြဦးမည်။ သိကြားမင်းလည်း လူ့ပြည်သို့နှစ်တိုင်းအလည်လာနေဦးမည်။ ခွေးပုရပိုက်နှင့်မဆံ့၍ လက်ပ်တော့ပ်ပိုက်၍ ဆင်းလာဦးမည်။ နောက်ဆုံးအနေနှင့် အဝါရောင်ခန္ဓာကိုယ်များ စွင့်ကားထားသော ရွှေဝါရောင်ပိတောက်များလည်း သင်္ကြန်ရောက်တိုင်း သစ္စာရှိစွာဖြင့်တစ်နှစ်တစ်ခေါက်တော့ အကျည်းတန်သော လူ့လောကမြင်ကွင်းများအား တပိုင်တနိုင် အလှဆင်နေဦးမည်သာဖြစ်တော့သည်။

Thursday, March 6, 2008

နတ်ဆရာ

သူ့လက်နဲ့တင် ပန်းပွင့်တွေဖန်ဆင်း

သူ့လက်နဲ့တင် ကြယ်တံခွန်တွေ လင်းချင်းစေခဲ့တယ်….


သူ့လက်တစ်ချက် ဝှေ့ယမ်းတိုင်း

သက်တံ့တစ်စင်း မီးရှုးပေးပြန်ခဲ့...


သူပျော်ရွှင်ရင် တောင်တွေကိုရေငုပ်ခိုင်းပြီး

ပင်လယ်အော်တွေကို ပျံသန်းစေတယ်…


တစ်ခါတစ်လေတော့လည်း မုတ်သုန်ကို

သူ့မျက်ရည်မိုးတွေ ရွာချစေတယ်…


သူ့တာဝန်က

ကောင်းကင်မှာ နေမင်းဆိုတဲ့ ခပ်ညံ့ညံ့ပန်းချီကားတစ်ချပ် ရေးချယ်ဖို့ရယ်...

မန္တန်တွေရွတ်ဖတ်ရင်း အဆိပ်သင့်သစ်ပင်တွေ ပြန်လည်နိုးထဖို့ရယ်...

မြောက်ဝင်ရိုးစွန်းကို ရေခဲတိုက်ပြန်သွင်းဖို့ရယ်...

တောမီးတွေကို သူ့အစာအိမ်ထဲ မြိုချဖို့ရယ်..

လူတွေရဲ့ မစ္ဆာရိယတွေကို ပြတိုက်သွင်းပေးဖို့ရယ်....

ကလေးငယ်တွေကို လွတ်လပ်ပျော်ရွှင်စေဖို့ရယ်...

မြို့ပြရဲ့ အနိဠာရုံတွေကို စိမ်းလန်းစေဖို့ရယ်...


“သူ”ဆိုတာ…

နတ်ဆရာ သို့ ကဗျာ ဖြစ်တယ်….

Sunday, March 2, 2008

နီတိ

စိတ်ကောင်းရှိဖို့က ပထမ

စည်းကမ်းရှိဖို့က ဒုတိယ

ကျန်းမာဖို့က တတိယ

သန့်ရှင်းဖို့က စတုထ္တ

အစားအသောက်တတ်ဖို့က ပဉ္စမ

အဝတ်အစားတတ်ဖို့က ဆဠမ

အနေအထိုင်တတ်ဖို့က သတ္တမ

အသွားအလာတတ်ဖို့က အဠမ

စကားလိမ္မာဖို့က နဝမ

စာတတ်ဖို့က ဒဿမ


ဒါက ကျွန်တော်ငယ်ငယ်တုန်းက ကျောင်းမှာ ခဏခဏဆိုရတဲ့ကဗျာလေးပါ။ လူ့ဘဝထဲဝင်ကာနီး လူတွေကြားထဲသွားကာနီး ကျွန်တော်တို့ကို ပညာသင်ပေးတဲ့ကဗျာတစ်ပုဒ်ပါပဲ။

“ဒီကဗျာကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့အတွက် အတန်းစာတတ်ဖို့ ကျောင်းစာသင်ဖို့က နောက်ဆုံးရောက်နေတာကိုတွေ့ရပါမယ်။ စိတ်ကောင်းရှိဖို့က အဓိကအကျဆုံးလို့ဆိုထားပါတယ်။ လူတစ်ယောက်က အတန်းပညာမတတ်ပေမယ့်လည်း စိတ်ကောင်းရှိရင်ကြီးပွားနိုင်တယ်။ ရိုးရိုးသားသားကြိုးစားရင် ထိပ်ဆုံးရောက်နိုင်တယ်။ ပညာတွေမိုးလောက်ကြီးတတ်ပြီး စိတ်ကောင်းမရှိရင် အလကားပဲ။ လူတော်တော့ဖြစ်နိုင်တယ်။ လူကောင်းတော့ဖြစ်နိုင်မှာမဟုတ်ဘူး။ လူတော်လူကောင်းဖြစ်အောင် ကြိုးစားဖို့ကအရေးကြီးတယ်။ လူမတော် လူကောင်း နဲ့ လူတော် လူမကောင်း မှာ ပထမအရာက အဖိုးတန်သေးတယ်။ ဒုတိယအရာက သူ့အတ္တကြီးရင်ကြီးသလို ပတ်ဝန်းကျင်ကိုဒုက္ခပေးနိုင်တယ်”

တောသူတောင်သား ဆင်းရဲသားတွေပညာမတတ်ပါ။ ဒါပေမယ့်ဘဝဆိုတာကို သူတို့ရှုထောင့်ကကြည့်ပြီး စိတ်ထားကောင်းကောင်းနဲ့ ရိုးရိုးအေးအေးလုပ်ကိုင်စားသောက်တတ်ကြပါတယ်။ မြို့ပေါ်ကလူတွေ ရွာကိုအလည်လာရင်လည်း အိမ်ကရှိတဲ့ကြက်ကိုရိုက်သတ်ချက်ပြီး အသားဟင်းတစ်ခွက် ဖန်တီးပေးကာ ဧည့်ဝတ်ကျေတတ်ပါသေးတယ်။ မြို့ပေါ်မှာတော့ လူတွေက အမြဲတမ်းတစ်ခုခုကို စိုးရွံ့နေသလို တစ်ယောက်နဲ့တစ်ယောက် လမ်းတွေ့ရင်တောင် မခေါ်မပြောချင်သလို မျက်နှာပေးနဲ့…မြို့လယ်ခေါင် တောတွင်းဥပဒေသက တစ်မျိုး….တောမှာဆိုရင် မျက်နှာစိမ်း မျက်နှာကျက်မပြောနဲ့ ရွာထဲဝင်တာနဲ့ ခင်ဗျားကို ကလေးကအစ ခွေးအဆုံးတွေ့တဲ့လူတိုင်းကနှုတ်ဆက်လိမ့်မယ်…ဗမာပြည်ကိုပြန် သူငယ်ချင်းတွေစု ကားတစ်စီးနဲ့ တစ်ပြည်လုံးက နေရာအနှံ့ကိုလျှောက်သွားချင်တယ်ဗျာ…