အနုပညာဆိုသည်မှာ နွားမထံမှ ညှစ်ယူရရှိသောနို့ရည်ကဲ့သို့ ဖြူပြစ်ပြစ်အရောင်နဲ့လား? ဒါမှမဟုတ် ဖြစ်ကတတ်ဆန်း ရေးဆွဲထားသော ခပ်ညံ့ညံ့ပန်းချီကား တစ်ချပ်ထဲမှ မညီမညာကောက်ကြောင်းလား? ဒါကတော့ မျောက်တစ်ကောင်ရဲ့အမြီးတွင် စုတ်တံချိတ်ပေးလိုက်ရင် ကိစ္စပြီးနိုင် ဟု သူထင်သည်။ သံစဉ်မညီမညာဖြင့် ရေးစပ်ထားသော သီချင်းတစ်ပုဒ်လား? လူတွေပြောကြသော အနုပညာ၊ သူလိုက်ရှာနေသော အနုပညာဘယ်မှာနည်း? လောက၏ ဖြစ်ရိုးဖြစ်စဉ် သဘာဝအလှတရားတစ်ခုလား? အမြဲတမ်းနူးညံ့သိမ်မွေ့နေသော ရှု့မျော်ခင်းများ၊ တောင်စဉ်တောင်တန်းများ၊ မိုနာလီဆာရဲ့အပြုံးလို ရီယယ်လစ်ဇင်အရာဝတ္တုများအကြောင်းလား?
အပိုင်းအစ ၁..
ထိုမြို့လေးတွင်ယခုလတ်တလောဖြစ်ပွားနေသော သတင်းမှာရေပန်းစားလှသည်။ ပန်းချီအနုပညာ ပြပွဲ ပြိုင်ပွဲတဲ့။ အနုပညာဆိုသောအရာမှာ အားကစားလို ယှဉ်ပြိုင်လို့ရသော ကိစ္စတစ်ရပ်လား? လူတစ်ယောက်၏ ခံစားမှု ကထွက်ပေါ်လာသော အမြင် ဘဝအတွေ့အကြုံ၊ ဘဝ၏ အစိတ်အပိုင်းဖြစ်သော လက်ရာများကို အဘယ်ကဲ့သို့သော စံများဖြင့် အမှတ်ပေးကာ ရွှေတံဆိပ်ချီးမြှင့်ကြမည်နည်း? အနိုင်၊ အရှုံးကို အဘယ်သို့သတ်မှတ်မည်နည်း? အမှန်တစ်ကယ်တော့ အနုပညာရှင်များသည် ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းကို လူ့သဘော လူ့သဘာဝ ခန္ဓာကိုယ်ထဲတွင်ပြည့်ကျပ်နေသော မကောင်းသည့် လေများပြင်ပသို့ထွက်လည်သော ဖြစ်ရိုးဖြစ်စဉ် ကိစ္စကဲ့သို့သာသဘောထားသည်။ အဓိကအရာမှာ ဖန်တီးသူ၏ စိတ်ထဲတွင်ဖြစ်ပေါ်သော တင်္ဂဂ လက်ကနဲလင်းလက်သွားသော ခံစားမှုနှင့် သူတို့ရှု့ထောင့်မှ မြင်တွေ့ရသော လောကသဘာဝကို အရှိအရှိအတိုင်း အမြင်အတိုင်း လှည့်စားမှုမရှိ ပကတိရိုးစင်းစွာတင်ပြကြနိုင်ခြင်းကိုပင် အနုပညာရှင်များပီတိဖြစ်ကြသည်။ အရောင်များကိုနိုင်နင်းသော ပန်းချီဆရာက ပန်းချီကားတစ်ချပ်ဖြင့်သော်လည်းကောင်း၊ သံစဉ်များဖြင့်မွေ့လျော်သူက သီချင်းတစ်ပုဒ်ဖြင့်လည်းကောင်း၊ ပန်းပုဆရာက သစ်သားတုံး ကြားခံနယ်တစ်ခုဖြင့်လည်းကောင်း၊ ကချေသည်က သူ၏ ပဉ္စလက် ကကြိုးများဖြင့်လည်းကောင်း၊ သူတို့ရင်ထဲတွင်ဖြစ်ပေါ်လာသော စကားလုံးများကို ပရိတ်သတ်၏ ရင်ထဲသို့အရောက်ပို့ပေးကြခြင်းပင်ဖြစ်သည်။ မည်သည့်အတိုင်းအတာအထိ သူတို့ခင်းကျင်းပြသသော ကြားခံနယ်များကို ပရိတ်သတ်က ဘာသာပြန်နိုင်သနည်း ဆိုသည့်အချက်အပေါ်တွင်မူတည်၍ အကောင်းအဆိုးကို လက်ခံသူက ခွဲခြားကြပေလိမ့်မည်။
ခက်သည်မှာ သူတို့အနုပညာ ကျောင်းဆင်းပွဲနှင့်အတူ ကျင်းပမည်ဖြစ်သော ခပ်ကြောင်ကြောင် ပန်းချီပြပွဲ၊ ပြိုင်ပွဲအတွက် သူခေါင်းစားနေခြင်းပင်ဖြစ်သည်။ ကျောင်း၏ လုပ်ရိုးလုပ်စဉ်အတိုင်း ကျောင်းဆင်းလက်မှတ်က ဒီပြိုင်ပွဲတွင်ပါဝင်သူမှရမည်ဟု ဆရာကပြောသည်။ အမှန်တစ်ကယ်တော့ “လုပ်ရိုးလုပ်စဉ်၊ သမာရိုးကျ၊ ဖြစ်ရိုးဖြစ်စဉ်” ထိုစကားလုံးများကို သူနားကြားမြင်းကပ်သည်။ သူ့အတွက်တော့ လက်မှတ်ကအရေးမကြီးပေ။ ဒီကျောင်းတက်ခဲ့သည်မှာလည်း အသက်မွေးဝမ်းကျောင်းထမင်းစား လက်မှတ်တစ်ခုလိုချင်၍မဟုတ်။ သူ့တွင်ရှိသောဗီဇတစ်ခု အဘယ်မျှထက်သန်သနည်းဟု မိမိကိုယ်ကို တိုင်းတာကာရှာဖွေချင်၍ သင်တန်းကိုတက်ရောက်ခဲ့ခြင်း ဖြစ်သည်။
သူ့ပန်းချီတန်းမှ အခန်းဖော်များက ရှု့မျော်ခင်းများအကြောင်း၊ မနက်ခင်းအရုဏ်တက်ချိန်တွင် ပွင့်ဖူးနေသော ပန်းကလေးတစ်ပွင့်အကြောင်း၊ ညနေရီရီအချိန် တောင်တန်းများတွင်မေးတင်နေသော အရောင်စုံတိမ်တိုက်များ၏ အလှတရားများအကြောင်း၊ ရေချိုးဆိပ်တစ်ခုတွင်ရေချိုးနေသော ကာယလုပ်သားများ၏ ပုံတူပန်းချီတစ်ခုအကြောင်း၊ အချိုးအစားကျနပြေပြစ်သော ပန်းချီကိုယ်ဟန်ပြအလှပြမယ် မိန်းကလေးတစ်ယောက်၏ ဝတ်လစ်စလစ် ခန္ဓာကိုယ်ပုံတူတစ်ခုအကြောင်း၊ ဆေးရောင်များဖြင့် စပ်ကာ စိတ်၏ ခံစားမှုကို ရောင်ပြန်ဟပ် ဖော်ပြသော မော်ဒန်ပန်းချီကားများအကြောင်း စသည်စသည့်အကြောင်းအရာများဖြင့် ရေးဆွဲကာပြိုင်ပွဲဝင်ကြမည်။
သူအတွက်တော့ ထိုအရာများမှာ အက်ကြောင်းထပ်နေသော အကြောင်းအရာများဟု ပင်မြင်သည်။ ဟိုးရှေးတုန်းကလူများလည်း ခံစားခဲ့ပြီးပြီ။ ထို့နောက် ထိုအရာများတွင်လည်း တစ်ကယ့်အလှအပ အစစ်ကိုသူခံစား၍မရ။ သူ့အမြင်အရ တကယ့်အလှတရားသည် ကြမ်းတမ်းသည့်ဘဝနှင့် အခက်အခဲများ ရောပြွန်းနေသော ဘဝ၏ စိတ်ဓာတ်အလှအပများတွင် ကိန်းဝပ်နေသည်ဟု ထင်သည်။ ဥပမာ။ ။ဒဿဂီရိလို ကြမ်းတမ်းသည့် ဘီလူးတစ်ကောင်၏ မယ်သီတာအပေါ်တွင်ထားရှိသော နူးညံ့သိမ်မွေ့သည့် ချစ်ခြင်းမေတ္တာလိုမျိုး၊ အဝတ်အစားတွေစုတ်ပြတ်ပေရေနေသော လမ်းမပေါ်မှ မိဘမဲ့ကလေးတစ်ယောက်က သူ့ဝမ်းအဆာခံ၍ အစာမစားပဲစုထားသောပိုက်ဆံဖြင့် လှောင်အိမ်ထဲက ငှက်တစ်ကောင်ကို ဝယ်ကာ လွှတ်ပေးနေသည့် မြင်ကွင်းပန်းချီကားမျိုး စသည့်တို့ကို စိတ်ဝင်စားသည်။ ထို့အပြင် လူတစ်ချို့ မမြင်နိုင်သော ဗီလိန်ဆန်ဆန်အလှတရားများကို လည်း စိတ်ဝင်စားသည်။ ဥပမာ။ ။ ဒုတိယကမ္ဘာစစ်တုန်းက နာဇီများနှင့်ပူးပေါင်းကာ တစ်ကိုယ်ကောင်းဆန်လွန်း၍ လူမျိုးအချင်းချင်းအပေါ်၌ ကိုယ်ကျိုးရှာလွန်းသည်ဟုနာမည်ကြီးသော၊ သူ့လူမျိုးများစွာက ရွံရှာမုန်းတီးသော၊ ဂျူးလူမျိုးသူဠေးကြီး ရှင်းဒလားက သူ့စည်းစိမ်များအကုန်ခံ၍ နာဇီတို့ထံမှတစ်ဘက်လှည့်နှင့် အသက်ခံရတော့မည့်ဆဲဆဲ ဂျူးများကိုဝယ်ကာ ရထားပေါ်တင်နေပုံ… စသည့်အကြောင်းအရာများကို သူအမိအရချယ်မှုန်းချင်သည်။
ခက်သည်မှာ ထိုပြိုင်ပွဲအတွက် သူဘယ်အကြောင်းအရာကိုရေးဆွဲရမည်ဟု သူကိုယ်တိုင်စဉ်းစား၍မရ။ ပြိုင်ပွဲဝင်ရမည့်ရက်က နီးကပ်လာပြီ။ သူပြိုင်ပွဲမှ နုတ်ထွက်ခွင့်ပြုပါရန် ဆရာ့ကိုသွားတွေ့သည်။ ဆရာက သူ့လက်ရာဒီပြိုင်ပွဲတွင် ပါဝင်မှဖြစ်မည်ဟုအတင်းအကြပ်တိုက်တွန်းသည်။ အနှစ်နှစ်အလလ သူ့အပေါ်တွင်ထားသော ဆရာ့၏စေတနာ သူဘဝတစ်ခုလုံး ပန်းချီတွင်နှစ်၍ အနစ်နာခံကာ သင်ကြားပေးခဲ့သော ဆရာ့၏ ပန်းချီပညာ ထိုအရာများကိုသူလေးစားသည်။ ထိုအရာများကြောင့်ပင် ဆရာ့စကားကို လက်မြှောက်အရှုံးပေးကာ အိမ်ပြန်လာခဲ့သည်။
သူလမ်းတစ်လျှောက်လုံးစဉ်းစားသည်။ နေကလည်းဝင်သွားပြီ။ သူပြန်လာရာလမ်းတစ်လျှောက် သူတို့မြို့ကလေး၏ မြင်ကွင်းများကလည်း အရင့်အရင့်အတိုင်းပင် မထူးခြားလှ။ ညဘက်ရောင်းသည့် ဘုံဆိုင်ကလေးထဲတွင်တော့ လူစည်ကားနေသည်။ အာခေါင်ထဲမှ ခြောက်ကပ်လာကာ သူ့လည်းတစ်ခွက်တစ်လေလောက် ဝင်သောက်ချင်သည့်စိတ်ပေါ်လာသည်။ ချောင်ကျကျ စားပွဲသို့သွားကာ တစ်ယောက်တည်းသောက်နေမိသည်။ တစ်ခွက်….ပြီးနောက်တစ်ခွက်….
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
အပိုင်းအစ ၂…
ဆိုင်ထဲမှထွက်၍ အိမ်ပြန်လာသည့်အခါတော့ သူအနည်းငယ်ရီဝေနေပြီ။ အိမ်ပြန်ရာလမ်းတစ်လျှောက် လမ်းမပေါ်တွင် ခွေးလေခွေးလွင့်များမရှိ။ ကြောင်လေကြောင်လွင့်များသာ လမ်းမီးရောင်များကျဲဖြန့်ကာပက်ဖြန်းထားသော လမ်းပေါ်တွင်ပျော်မြူးနေကြသည်။ ဒါကတော့ သူရောက်ရှိကာ နေထိုင်နေသောမြို့၏ ထူးခြားချက်ဖြစ်သည်။ ကြောင်များမှာ အရွယ်စုံဆိုဒ်စုံရှိသည်။ မွေးကင်းစ ကြောင်ပေါက်စကလေးများမှ ကြောင်အို၊ ကြောင်နာ၊ ကြောင်ဝဲထူ အစုံရှိသည်။ အရောင်အသွေးများမှာလည်း အစ၊ုံ အနက်အဖြူကွက်ကြားများ၊ အဝါရောင်များ၊ မီးခိုးရောင်များ၊ အနက်ရောင်တောက်တောက်ကြောင်စုန်းများ စသည်ဖြင့်။ ဘာအကြောင်းကြောင့်မှန်းမသိ ဒီမြို့က လူတော်တော်များများက ကြောင်ကို ရန်သူလိုသဘောထားသည်။ မချစ်တတ်ကြ။ တစ်ချို့က အလကားနေရင်း ကြောင်အမြီးကို ဖြတ်တတ်သည်။ ထို့ကြောင့် ကြောင်တော်တော်များများမှာ မြီးတိုများဖြစ်သည်။ တစ်ချို့ကြောင်ချစ်တတ်တဲ့လူများလည်းရှိပါသည်။ ဤမြို့တွင် ကြောင်များကို အစာကျွေးချင်ရင်တောင် ညဘက်လူခြေတိတ်ချိန်ကြမှ ခိုးကြောင်ခိုးဝှက်ဖြင့်ကျွေးကြရသည်။ အများစုကတော့ ကြောင်ကို ကြောက်ကြသည်။ ထို့ကြောင့် ကြောင်များ၏ဘဝမှာ အိမ်မွေးခွေးများ၏ ဘဝနှင့် စာလျှင် ဆီနှင့်ရေကဲ့သို့ကွာသည်။ လမ်းမပေါ်တွင်အိပ်၊ ကျွေးသောလူရှိလျှင်ကြုံရာစား၊ မိုးရွာရင် မြောင်းကြိုမြောင်းကြားမှာနေ၍ မိုးခို စသည်ဖြင့် လမ်းပေါ်မှာနေ၍ လမ်းပေါ်မှာသေသော လမ်းပျော်လူဆိုးများဖြစ်သည်။
သူ့အိမ်နားအရောက် လမ်းထောင့်ချိုးတစ်ခုတွင် တစ်စုံတစ်ရာထူးခြားနေသည်ဟု သတိပြုမိသည်။ မွေးကင်းစကြောင်ပေါက်စလေးကောင်ခန့်က တစ်စုံတစ်ခုကို ဝိုင်း၍ကြည့်နေကြသည်။ ထို့ဖြင့် ကြောင်လေးများအနားသို့ကပ်သွားမိသည်။ အနီးကပ်မှကြည့်သည်တွင် လသားခန့်ကြောင်ပေါက်ကလေးများဖြစ်နေသည်။ တော်ရုံအားဖြင့် လူစိမ်းသူတို့နားကို အကပ်မခံ၊ ထို့အပြင် သူတို့အရွယ်သည် မည်သည့်အခါမျှအငြိမ်မနေ၊ တစ်စုံတစ်ခုနှင့် အမြဲတမ်းလိုလို ဆော့ကစားနေတတ်သည်။ အခုတော့ သူအနားကပ်ခံသည်ကို ထွက်မပြေးသည့်အပြင် ငြိမ်ကုပ်ပေကပ်၍ ထိုအရာကိုဝိုင်းကြည့်နေကြလေသည်။ မြင်ကွင်းက သူ့အားဆွဲဆောင်သွားလေသည်။ ထို့ကြောင့်သူလည်း အိမ်ကို ပြန် ကင်းဗတ်၊ စုတ်တံ၊ ဆေးစပ်သည့်ပျဉ်ပြား၊ ဆေးဗူး စသည့် ကိရိယာတန်ဆာပလာများကို ယူ၍ ထိုနေရာသို့ပြန်လာကာ တစ်ညလုံးအလုပ်လုပ်လေတော့သည်။ မိုးစင်စင်လင်း၍ နေထွက်လာသောအခါမှ ထိုအရာကို ကောင်းမွန်စွာ မြေမြှုပ်၍ သူအိမ်ပြန်လာခဲ့သည်။ ကြောင်ကလေးများလည်း ဘယ်ရောက်သွားပြီ မသိ။
ထို့နောက် သူရက်သတ္တ်ပတ်လုံး အခန်းထဲမှအခန်းအပြင်မထွက်ပဲ ကင်းဗတ်စ်ရှေ့တွင် ပုံကြမ်းလောင်းထားသော ပန်းချီကို အချောသပ်ခြင်း အလုပ်ဆက်လုပ်သည်။ နေ့တွေညတွေလည်းမသိ၊ ထမင်းစားချိန်လည်းမရှိ။ သူ့အမြင်အာရုဏ်တွေ၊ စိတ်ခံစားမှုများလည်း ထိုနေ့ညက မြင်ကွင်းထဲတွင်သာရှိသည်။ အရမ်းအိပ်ချင်လွန်းသည့်အခါတွင်လည်း ပန်းချီကားရှေ့တွင်ပင် ခဏတစ်ဖြုတ် အိပ်စက်သည်။ အိပ်မက်ထဲတွင်လည်း ပန်းချီဆက်ဆွဲနေသည်။ ထို့ပြင်ရုတ်တရက် အိပ်မက်ကလန့်နိုး၍ ငေါက်ကနဲ့ထထိုင်ချိန်တွင်ပင် ပန်းချီကား၏မြင်ကွင်းက သူ့အာရုံငါးပါးကို ဆွဲဆောင်ခေါ်ယူသွားပြန်သည်။ ထိုအခိုက်အတန့်များတွင် စုတ်တံသည့်သူ့ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်သွားကာ စုတ်ချက်များသည် သူ့အသက်ရှုသံနရီများပင်ဖြစ်သည်။ အရမ်းမောပန်းနွမ်းနယ်လွန်းသဖြင့် စုတ်တံကိုတောင်လက်က မနိုင်တော့သော အခိုက်အတန့်များတွင် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း သူ့၏ဆွဲလက်စ ပန်းချီကိုသေသေချာချာကြည့်မိသည်။ ထိုသို့ဖြင့် နေ့နေ့ညညရေးချယ်ရင်းဖြင့်ပင် သူ့ပန်းချီကားပြီးဆုံးသွားလေပြီ။ ရေးဆွဲပြီးပြီးချင်း၌ပင် သူ့ပန်းချီကားကို သူမကြည့်ရက်တော့ပေ။ အနက်ရောင်အဝတ်စတစ်ခု လျင်မြန်စွာအုပ်မိုးပေးလိုက်ရတော့သည်။
XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX
နိဂုံး
နေသာသောနေ့တစ်နေ့တွင် ပြပွဲစတင်လေပြီ။ သူတို့မြို့ကလေး၏ နာမည်ကြီးသော အနုပညာသင်တန်းကျောင်း၏ ကျောင်းဆင်းပြပွဲ ဖြစ်သည့်အလျောက် လူအများက ဝတ်ကောင်းစားလှများဝတ်၍ စိတ်ဝင်တစားလာရောက်ကြည့်ရှု့ကြသည်။ အနုပညာအကြောင်းနကန်းတစ်လုံးမှ နားမလည်သူများကလည်း လူတတ်ကြီးများလုပ်၍ ဟိတ်ဟန်ကြီးတစ်ခွဲသားဖြင့် တွေ့သမျှမြင်သမျှ ပန်းချီကားများ၌ မှတ်ချက်များလိုက်ရေးနေသည်။ သူဠေးများ၊ လူကုံတန်များကလည်း ဖောင်းကားနေသော သားရေအိတ်များ ပိုက်၍ သူတို့ဧည့်ခန်းတွင် သို့ အိမ်တွင် အလှချိတ်ရန်အတွက် ရှုခင်းပန်းချီများ၊ နာမည်ကြီးသူတို့၏ ပုံတူပန်းချီကားများ စသည်စည်ဖြင့် “ဒီကားလေးက မဆိုးဘူး..”ဟု ဆိုကာ သေသေချာချာပင် မကြည့် ကောင်တာပေါ်သို့ ပိုက်ဆံပစ်တင်၍ ပန်းချီကားကို ဈေးထဲမှ ဟင်းရွက်ကန်စွန်းလို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်၍ ဝယ်သွားတတ်ကြသည်။ အမှန်တော့သူတို့ဝယ်ယူသွားသည်မှာ ပန်းချီဆရာ၏ ဘဝအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ပန်းချီဆရာ၏ ကြိုးစားမှု၊ ပန်းချီကားရေးဆွဲနေချိန်အတွင်း ဖြစ်ပေါ်နေသော စိတ်ခံစားမှု ပျော်ရွှင်ဝမ်းနည်းမှု၊ စိတ်ဓာတ်တက်ကြွမှု၊ စိတ်ဓာတ်ကျမှု စသည်ဖြင့် အခိုက်အတန့်ကာလ၏ သူ့ဝိဥာဉ်အစိတ်အပိုင်းတစ်ရပ်ကို ငွေပေး၍ ဝယ်ယူသွားကြခြင်းပင်ဖြစ်သည်။ ထိုမြင်ကွင်းများကို မမြင်လိုလှသဖြင့် သူ၏ ပန်းချီကားအားအုပ်ထားသည့် အဝတ်အနက်အား ခွာချပေးပြီးသည်နောက်တွင် ခန်းမ၏အဝေးဆုံးသို့ကျောခိုင်းလာခဲ့တော့သည်။
ကဲနေခဲ့ပေဦးတော့ကွာ…ပန်းချီထဲက ကြောင်လေးတွေရေ….မင်းတို့ရဲ့ ခံစားချက်တွေနဲ့လူတွေကို သတင်းစကားတစ်ခုလောက်ပေးလိုက်ကြပါ။ လူကုံတန်တွေရဲ့ ထမင်းစားခန်းထဲက နံရံပေါ်မှာနေပြီး မင်းတို့ကို ကြည့်သမျှလူတွေအားလုံးရဲ့ စိတ်တွေကစဥ့်ကလျားဖြစ်အောင် သူတို့ရဲ့ အဇ္ဈတ္တတွေကို ခြောက်လှန့်လွှတ်လိုက်စမ်းပါ။ မင်းတို့ဘဝတွေဘယ်လောက်ဆိုးနေတဲ့အကြောင်း၊ လူသားဆိုတဲ့လူတွေရဲ့ စာနာခြင်းငတ်မွတ်မှုကိုခံစားနေရပြီး အပယ်ခံတွေဖြစ်နေကြတယ်ဆိုတဲ့အကြောင်း ပန်းချီကားထဲကနေ အသံကုန် အော်ပြောကြလိုက်စမ်းပါ။
နောက်ဆက်တွဲ…
ကျွန်တော်သည် ပန်းချီဝေဖန်ရေးဆရာတစ်ယောက်ဖြစ်သည်။ ကျွန်တော်တို့မြို့လေး၏ ပန်းချီ ပန်းပုကျောင်းရှိဆရာများ၏ ဖိတ်ခေါ်ချက်အရ ကျောင်းဆင်းပန်းချီပြပွဲ၊ ပြိုင်ပွဲသို့ရောက်ရှိခဲ့သည်။ ပြပွဲခန်းမထဲရှိ ပန်းချီကားများ အရောင်အသွေးစုံလင်စွာဖြင့် အစီအရီခင်းကျင်းထားသည်မှာ ရောင်စုံကမ္ဘာတစ်ခုထဲသို့ရောက်သွားသည့်အလားခံစားရသည်။ ရှုမျှော်ခင်းပန်းချီများ၊ အရုဏ်တက်အလင်းရောင်များဖြင့် လန်းဆန်းတက်ကြွနေသော ပန်းပေါင်းစုံပန်းချီများ၊ လှေဆိပ်တွင်ဆိုက်ကပ်ထားသော သင်္ဘောများ၏ သက်ငြိမ်အလှများ၊ အချိုးအစားကျနပြေပြစ်လွန်းသော မိန်းကလေးတစ်ယောက်၏ ပုံတူပန်ချီကား၊ စသည်ဖြင့် အတော်ဆုံးပန်းချီကျောင်းသားများ၏လက်ရာဖြင့် ပြခန်းက လောက၏ သဘာဝအလှများခင်းကျင်းပြသရာ ဘုံဗိမာန်တစ်ခုဖြစ်နေသည်။ ပန်းချီဆရာများအားလုံးနီးပါးမှာလည်း သူတို့ဆွဲထားသောပန်းချီကားဘေးတွင်ရပ်၍ လာသမျှလူများအားနှုတ်ဆက်နေသည်။ သို့သော် ပန်းချီကားတစ်ချပ်မှာမှု ပိုင်ရှင်ကင်းမဲ့နေသည်။ ခန်းမပတ်လည်တွင်ရှိသော နူးညံ့သည့်အလှတရားများ၏ အလယ်ခေါင်တွင် နောက်ခံဆေးအနက်သုတ်ထားသောနံရံပေါ်မှ ထိုပန်းချီကားက ကြည့်မိသမျှလူများအားလုံး သက်ပြင်းချကာ မှင်သက်ငေးမောနေစေသည်။
ကျွန်တော်လည်း ထိုပန်းချီကားရှေ့သို့ရောက်သွားမိသည်။
ပန်းချီကားမှာ ညဥ့်နက်နက်အချိန် ရှုပ်ပွပေရေနေသော နောက်ဖေးလမ်းကြားထဲမှ လမ်းမီးရောင်မှိန်မှိန်အောက်တွင် ဖြစ်ပျက်နေသော အကြောင်းအရာကို ချယ်မှုန်းထားသည်။ ထိုပန်းချီထဲတွင်…
“ကြောင်ကလေး လေးကောင်၊ တစ်ကောင်ကို အရောင်တစ်မျိုးစီဖြင့်ဖြစ်သည်။ အဖြူအနက်ကြား၊ အဝါ၊ မီးခိုး၊ မဟူရာ အရောင်စသည်ဖြင့်”
သူတို့၏ ဗဟိုတွင် ဒဏ်ရာများဖြင့်မိန်းမောနေသော (သို့) သေနေသော ကြောင်မကြီးတစ်ကောင်၊ သူမဒဏ်ရာများမှ သွေးများက ခြောက်ကပ်ကာ အိုင်ထွန်းနေသည်။ သူမရှေ့တွင် ဘယ်အိမ်မှဝင်ခိုးလာမှန်းမသိသော အသားတစ်တုံး၊ သူမ၏ ကလေးများအား ချကြွေးထားသော်လည်း တစ်ကောင်မှမစား၊ သူမအားဝိုင်းရံ၍ ကြည့်ရှုနေကြသော မြင်ကွင်းဖြစ်သည်။ ကြောင်မကြီး၏ ဝေဒနာခံစားနေရသော်လည်း ပီတိဖြစ်နေသည့် မျက်နှာ၊ ကြောင်ကလေးတစ်ကောင်ခြင်းစီ၏ မျက်နှာတွင်ဖြစ်ပေါ်နေသော ဝမ်နည်းမှု၊ ဆာလောင်မှု၊ တုန်လှုပ်ခြောက်ချားမှု၊ အံ့သြမှု၊ ကြင်နာမှုစသည့် ခံစားမှုများကိုလည်း ပန်းချီဆရာက အမိအရ ဖမ်းမိအောင် အစွမ်းကုန်ကြိုးစား၍ ဖန်တီးထားသည်။ စုတ်ချက်များမှာကြမ်းသည်။ ညစ်ပတ်ပေရေနေသော နောက်ဖေးလမ်းကြား၊ စုတ်ချက်များကို ကြည့်ရင်းဖြင့် ရင်ထဲတွင် အော်ကလီဆန်လာကာ အနံ့အသက်ဆိုးတစ်ခု နှာခေါင်းထဲရောက်လာသလို ခံစားရသည်။ အရောင်အစပ်အဟပ်မှာ ပိုင်နိုင်လွန်းလှသည်။ ပန်းချီကားတစ်ချပ်လုံးရှိ အရောင်များကို ခပ်မှိန်မှိန်ဖြင့် ခြောက်ကပ်၍ထားသော်လည်း သွေးနှင့် အသားတုံးအား အနီရောင်အပြင်းစားသုံးထားသည်။
ထိုကားအားကျွန်တော်ကြည့်နေမိသည်မှာ အချိန်ဘယ်လောက်ကြာသွားမှန်းမသိတော့….ထိုပန်းချီကားထဲမှ ပန်းချီဆရာပေးချင်သော မက်ဆေ့ခ်ျတစ်ခုခြင်းစီကို ဘာသာပြန်ကြည့်မိသည်။ မက်ဆေ့ခ်ျတစ်ခုခြင်းဆီကို ဘာသာပြန်ရင်နားလည်သလိုရှိသော်လည်း အားလုံးခြုံကြည့်မိသည့်အခါ ဝေဝါးနေပြန်သည်။ စုတ်ချက်ကြမ်းများ အရောင်အစပ်အဟပ်များမှာကြမ်းလွန်းသည့်အတွက် သူ့ စိတ်ရေအလျဉ်အတိုင်း ရေးဆွဲထားသော မော်ဒန်ပန်းချီတစ်ချပ်လား? လောကထဲတွင်ပကတိတည်ရှိနေသော မြင်ကွင်းအစစ်တစ်ခုကို ချပြထားသည့်အတွက် ရီယယ်လစ်ဇင်လား? ဒါမှမဟုတ် သူ့အတွေးထဲတွင်ရှိသော အကြောင်းအရာတစ်ခုကို ဖန်တီးထားခြင်းလည်းဖြစ်နိုင်၍ အိုင်ဒီယယ်လစ်ဇင် ပန်းချီကားတစ်ချပ်လား? ဘယ်လိုတံဆိပ်ကပ်ရမလဲ…ကျွန်တော်မသိတော့…
ကျွန်တော်မှတ်မှတ်ရရသိ၍ မှတ်မိသည်မှာ ပန်းချီကား၏ အမည်နာမပင်ဖြစ်သည်။ ထိုကား၏
အမည်မှာ “ညစာ” ဟူ၍……
တစ်ပုဒ်လုံး ဆွဲခေါ်သွားတာပဲ..
ReplyDeleteသိပ်ကောင်းတယ် ဆရာဒီဝိုင်း
အကြိုက်ဆုံးလို့ ဆိုလို့ရတယ်..