ကျွန်တော်မျက်စိဖွင့်ကြည့်မိသည့်အချိန်မှာ အဖြူရောင်မျက်နှာကြက်ကို ဝိုးတိုးဝါးတားတွေ့ရသည်။ အိပ်ယာနိုးနိုးခြင်း အသိစိတ်ဝင်သည့်အချိန်၌ ကျွန်တော့်ကို ကျွန်တော် သေပြီဟုထင်ထားသော်လည်း အသက်ရှိသေးသည်ကို သိရသဖြင့် ပျော်မိသည်။ သို့သော်လည်း စိုးရိမ်စိတ်က ချက်ခြင်းဝင်လာသည်။ ကျွန်တော် အိပ်ပျော်နေသည်မှာ ဘယ်နှစ်ရက်ရှိသွားပြီနည်း။ ကျွန်တော် အိပ်ပျော်နေတုန်း အတက်နေ့ကျော်လွန်ကာ သင်္ကြန်ပြီးသွားပြီလား? လက်ကောက်ဝတ်တွင်လည်း နာရီမရှိ။ အခုအချိန်တွင် အသိချင်ဆုံးအရာမှာ ရက်စွဲဖြစ်နေသည်။ အိပ်ခန်းထဲသို့ အလင်းရောင်ဝင်နေသည့်အတွက် မနက်ခင်းတစ်ခုဆိုသည်မှာတော့ သေချာနေသည်။
ကိုယ့်ကိုကိုယ် ကုန်းရုန်း၍ထသည်။ ခေါင်းထဲက နောက်ကျိကာ အုံ့ခဲနေသောကြောင့် မနေ့ညက အသောက်လွန်သွားသည်မှာတော့သေချာသည်။ သို့သော် အိပ်ပျော်နေသည်မှာ အတော်ကိုကြာနေပြီဟု ခံစားရသည်။ ရုတ်တရက်ဘာကိုမှ စဉ်းစားမရ။ လောလောဆယ်တွင် ဒီနေ့ဘာနေ့လည်းဆိုတာ သိရန် အရေးကြီးနေသည်။ ဘာတွေဖြစ်ခဲ့သလဲက အရေးမကြီး။ ကျွန်တော် မျော်လင့်တကြီးဖြင့် ပြန်လာခဲ့ရသော သင်္ကြန်ရက်များ ကုန်ဆုံးသွားပြီလား? သတိရ၍ ဘေးကိုကြည့်လိုက်တော့ အတုံးအရုံး ကုလားသေကုလားမော သေနေသော (သို့) အိပ်မောကျနေသော သူငယ်ချင်းများ။ ဘေးချင်းကပ်နေသော ကျွန်တော့်သူငယ်ချင်း ပွဲစား (နာမည်ပြောင်) ကို ထုံးစံအတိုင်း ညင်ညင်သာသာ ကန်၍နှိုးလိုက်သည်။ သို့သော် သူကမထ။ တအင်းအင်း တအဲအဲ ညည်းကာ တစ်ဘက်စောင်း၍ ပြန်အိပ်သွားသည်။
သူ့ဘေးတစ်ယောက်ကျော်တွင်အိပ်နေသော အောင်လင်းက အိပ်ယာက ငေါက်ကနဲထကာ ထထိုင်သည်။ ထုံးစံအတိုင်းဆိုလျှင် ကျွန်တော်တို့ သူငယ်ချင်းများထဲတွင် အောင်လင်းသည် အအိပ်မက်ဆုံးကောင်ဖြစ်သည်။ သို့သော်လည်း သင်္ကြန်အကြိုနေ့မှစကာ သူက အစောဆုံးနိုး၍ ကျွန်တော်တို့အားလုံးအိပ်လို့ကောင်းတုန်း မနက် ၆နာရီ မှစ၍ စောင်များကိုလှန်၍တမျိုး အသံသေးအသံကြောင်ဖြင့်အော်၍ တဖုံ နည်းမျိုးစုံဖြင့် မထမခြင်းဒုက္ခပေးသောကောင်ဖြစ်သည်။ အခုလည်း
“ဟေ့ကောင်တွေ (အေပေးတွေ) ထ ထ၊ အတက်နေ့ရောက်ပြီ ဟေ… သင်္ကြန်နောက်ဆုံးနေ့ရောက်ပြီ…ထကြဟ…မင့်အဘသင်္ကြန်ပြီးတော့မယ်”
ဟုအော်ကာ စောင်များကိုလိုက်ဆွဲသည်။ ဟူး….တော်ပါသေးသည်။ အတက်နေ့တဲ့…သင်္ကြန်တစ်ရက်ကျန်သေးသည်။ ကျွန်တော် အိပ်ပျော်နေတုန်း သင်္ကြန် မပြီးဆုံးသေး….
ပွဲစားနိုးလာသည်။ ထို့နောက်လောရှည်။ နောက်ပြီး ဗလကြီး။ တစ်ယောက်ပြီးတစ်ယောက်နိုးလာသည်။ တစ်ယောက်နိုးလာတိုင်း “ဟေ့ကောင် မင်းမနေ့ညနေက ဘာဖြစ်လဲမှတ်မိလား” ဟု မေးသည်။ ကျွန်တော်လည်း အလိုက်သင့်ခေါင်းခါပြရသည်။ ဟုတ်သည်။ ကျွန်တော် တစ်သက်နှင့်တစ်ကိုယ် အရက်သောက်သည့်သမိုင်းတွင် တစ်ခါမှ ဘလက်အောက်(လူမှန်းသူမှန်းမသိမူးခြင်း) မဖြစ်ဘူးသေး။ သူငယ်ချင်းတွေပြောပြ၍ သိရသည်။ ကျွန်တော့်ကို မဏ္ဍပ်ပေါ်က ဝိုင်းချီ၍ ချရသည်တဲ့။ နောက်ပြီး ပလက်ဖောင်းမွှေ့ယာတွင် အိပ်စက်စေကာ ကားပေါ်သို့လည်း တွဲတင်ရသည်တဲ့။ အိမ်ပြန်ရောက်သည့်အချိန်တွင်လည်း အိမ်ပေါ်သို့ လူ ၃ယောက်ခန့်ဝိုင်း၍ တွဲရသည်တဲ့။ သူငယ်ချင်း၏ အမေကလည်း ကျွန်တော်နှင့် လောရှည် အိမ်ပေါ်မတက်ခင် မူးရူးကာ ကားဂိုဒေါင်ထဲ၌ အိပ်ပျော်နေသည်ကို ဓာတ်ပုံရိုက်ထားသည်တဲ့….သွားပြီ…ရှိသမျှ သိက္ခာတွေကတော့ သင်္ကြန်ရေနှင့်အတူ မြောင်းထဲရောက်ပြီ။ သို့သော်လည်း သူတို့ပြောသမျှကို ပြုံးဖြီးဖြီးသာလုပ်ပြနေရသည်။ သို့သော် တစ်ခါမှမဖြစ်ဘူးသော လွတ်လပ်ပျော်ရွှင်သောခံစားမှု တစ်ခုတော့ ခံစားရနေသည်မှာ သေချာသည်။ မှန်သည် မှားသည်တော့ မဝေခွဲချင်တော့။
ကျွန်တော့်တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေသည်။ သို့သော်လည်း သင်္ကြန်တစ်ရက်ကျန်သေးသည်ဟူသောအသိဖြင့် ခန္ဓာကိုယ်က ဝေဒနာအကုန်လုံးပျောက်သွားကာ လူက ပြန်လည်လန်းဆန်းတက်ကြွသွားသည်။ သို့ဖြင့် ကျွန်တော်တို့အားလုံး ရေမိုးချိုး အဝတ်အစားလဲ၍ မဏ္ဍပ်သို့ထွက်လာခဲ့ကြသည်။ မဏ္ဍပ်သို့ရောက်သောအခါ တွေ့သမျှ ကောင်မလေးများက ကျွန်တော့်ကို ပြုံးစိစိဖြင့်ကြည့်ကြသည်။ လူကြီးတစ်ယောက်ကလည်း မှာတမ်းခြွေသည်။ “သား သောက်တော့သောက်၊ ခြေလွန်လက်လွန့် မသောက်နဲ့ ပျော်တာလည်းပျော်ပေါ့ကွာ…သတိလက်လွတ်မဖြစ်စေနဲ့..ကြားလား? ” ကျွန်တော့်မှာ အောင့်သက်သက်ဖြင့် တွေ့သမျှလူကိုသာ ပြုံးပြနေရသည်။
မဏ္ဍပ်တွင် ကျွန်တော်နှင့် မသိသောတစ်ချို့လူများကလည်း တစ်ယောက်ပြီးတစ်ယောက်လာနှုတ်ဆက်ကာ သူတို့လက်ထဲက ရေသန့်ဗူးထဲတွင် စပ်ထားသော အရက်များအတင်းတိုက်သည်။ သူတို့ပြောတော့ မနေ့ညနေက ကျွန်တော်က လက်ထဲတွင် အရက်ပုလင်းကိုင်ကာ တွေ့သမျှလူလိုက်တိုက်သည်တဲ့။ အဲသည့်အတွက် လက်စားချေကာ အတင်းတိုက်ကြခြင်းဖြစ်သည်။ ကျွန်တော်က ဒီနေ့သိပ်မသောက်ဟုပြောသော်လည်းမရ။ အတင်းတိုက်သည်။ အားနား၍ တစ်ငုံနှစ်ငုံသောက်လိုက်ရသည်။
တစ်ချို့ကလည်း ကျွန်တော့်ကို အင်္ကျီအတင်းချွတ်ခိုင်းသည်။ ဘာလို့လဲဆိုတော့ မနေ့ညနေ (အကြတ်နေ့ညနေ)က ကျွန်တော်က မဏ္ဍပ်တွင်ရှိသော ယောက်ျားလေးမှန်သမျှ အင်္ကျိချွတ်ရမည် မချွတ်လျှင်အခြောက်ဟုပြောကာ တွေ့သမျှလူချမ်းသာမပေးသောကြောင့် နေ့ခင်းကြောင်တောင်ကြီး ကျွန်တော့်ကို လက်စားချေနေကြခြင်းဖြစ်သည်။ ကျွန်တော်က ညနေစောင်းလျှင်ချွတ်ပါမည်ဟု ပြောမှ လက်လျှော့ကာ ထွက်သွားကြသည်။ ဟူး..အကြတ်နေ့က ကျွန်တော်ဘာတွေများထပ်လုပ်ထားပါလိမ့်…
အကြတ်နေ့က…
အကြတ်နေ့မနက်ပိုင်းက ကျွန်တော်တို့သာမန်သာဖြစ်သည်။ ရေပန်းအောက်ဝင်လိုက် ဒီဂျေတီးလုံးများအကြားမျောလွင့်လိုက် ကလိုက် စလိုက်နောက်လိုက်သာလုပ်နေသည်။ ပြဿနာက ထိုကောင်မလေးညီအစ်မနှစ်ယောက်ကစသည်။ အမှန်တော့ သူတို့နှင့်ကျွန်တော်လည်းမရင်းနှီးပါ။ သူတို့ညီအစ်မနှစ်ယောက်ထဲမှ အငယ်မကို အောင်လင်း၏ ဝသီအရ အီစီကလီရိုက်သည်။ ထိုကောင်မလေးနှင့်လည်း ဒီကောင်နှင့် ဘာကလိုတိုတိုဖြစ်နေပြီ။ သို့သော် အောင်လင်း၏ထုံးစံအတိုင်း တစ်ယောက်တည်းမထား။ အကျနေ့က ထိုကောင်မလေးနှင့်တွဲ၍ အကြတ်နေ့ကြတော့ သူမရှေ့တွင်ပင်နောက်တစ်ယောက်နှင့်တွဲသည်။ ဒါလည်းပြဿနာမဟုတ်သေး။ ဟိုကလည်း သူ့ကို ဂျင်းစိမ်းနှင့်မိဿလင်လိုသဘောထားသည်။ ထို့နေ့နေ့လည်ပိုင်း ထမင်းစားနားချိန်ကြတော့ ထိုညီအစ်မ၏ အစ်ကိုက မဏ္ဍပ်ကိုရောက်လာသည်။ ထိုအစ်ကိုနှင့် အောင်လင်းသည် ထိုကောင်မလေးကိစ္စဖြင့်ပင် သင်္ကြန်မတိုင်ခင် ဖုန်းထဲမှာကတည်းက နောင်ဂျိန်ပလေးထားသေးသည်။ သို့သော်လည်း မဏ္ဍပ်ရောက်လာသည်အထိ့ ပြဿနာမရှိသေး။ ကောင်မလေးက သူ့အစ်ကိုနှင့် အောင်လင်းကို မိတ်ဆက်ပေးကာ အားလုံးအိုကေနေသည်။
ထိုအချိန်တွင် ညီအစ်မနှစ်ယောက်ထဲမှ အစ်မက သူ့ကောင်လေးနှင့် နောက်မဏ္ဍပ် ကိုလိုက်သွားမည်ဟုပြောသည်။ အဲဒီအချိန်၌ သူ့အစ်ကို ကဘာတွေပေါက်ကွဲမှန်းမသိ ပေါက်ကွဲကာ ညီအစ်မနှစ်ယောက်တွင်အစ်မကို ပါးရိုက်သည်။ မောင်နှမကိစ္စ ဆုံးမသည်မှန်သော်လည်း မဏ္ဍပ်လူလယ်ခေါင်အများရှေ့တွင်ဖြစ်နေသည့်အတွက် ကောင်မလေးကရှက်ကာငိုသည်။ ထိုအချိန်တွင်အောင်လင်းက ထုံးစံအတိုင်းကြားဝင်ကာ သူ့အစ်ကိုကိုတောင်းပန် လူရှေ့သူရှေ့တွင် မဆုံးမသင့်ကြောင်း အိမ်ပြန်ရောက်မှဆုံးမသင့်ကြောင်း ပြောပြသည်။ သို့သော်ဟိုကမရ။ အောင်လင်းကိုပါပြဿနာရှာသည်။ အတိုချုပ်ရတော့ အောင်လင်းနှင့် ထိုလူနှင့် ငြိသည်။ လုံခြုံရေးကလည်း ကိုယ့်လူကိုထိန်းကာ အောင်လင်းကို မဏ္ဍပ်အနောက်ဘက်က ခြံထဲတွင်ထားသည်။ ကျွန်တော်လည်းရေချိန်ကိုက်နေပြီဖြစ်သည်။ ကိုယ့်သူငယ်ချင်း မဏ္ဍပ်ပေါ်ပြန်မတက်ရပဲ အောက်တွင် နေရသည့်အတွက် စိတ်မကောင်း။ အောင်လင်းမဏ္ဍပ်ပေါ်ပြန်တက်ခွင့်ရအောင် ဟိုလူကို ပြေရာပြေကြောင်း အေးအေးဆေးဆေး စကားပြောမည်ဟုဆိုကာ မဏ္ဍပ်ပေါ်ပြန်တက်လာခဲ့သည်။
သို့သော်မရ။ ကျွန်တော်ကကောင်းကောင်းမွန်မွန်ပြောသည်ကိုပင် သူကဆဲသည်။ အဲဒီမှာကျွန်တော့်
လက်သီးကလည်းသူ့မျက်နှာပေါ်သို့ ပြိုဆင်းသွားသည်။ ထို့နောက်တော့ ကျွန်တော်ကို သူငယ်ချင်းများကဝင် ဆွဲသည်။ ပွဲပြီးသွားသည်။ လုံခြုံရေးက ထိုသူကို မဏ္ဍပ်ပေါ်ကဆွဲချသွားသည်။
ထိုသို့ရန်ဖြစ်ပြီးသည့်နောက်ပိုင်းတွင်တော့ သူများ ကျွန်တော့်ကို တိုက်သမျှအရက်သောက်သည်။ ထို့နောက်လက်ထဲတွင်လည်း အရက်ရောထားသောပုလင်းကိုင်ကာ တွေ့သမျှလူကိုတိုက်သည်။ ထိုသို့ဖြင့် ညနေစောင်းတော့ ကျွန်တော် ဘလက်အောက်ဖြစ်သွားသည်။ ကျွန်တော့် အင်္ကျီများလည်းပျောက်သည်။ တစ်ကိုယ်လုံးလည်း ခြစ်ရာရှရာများဖြင့် ပြည့်နှက်နေသည်။
ညနေပိုင်းရောက်တော့ ကျွန်တော်ဘာမှမမှတ်မိတော့။ လူက မလွတ်စဘူး လွတ်သွားလေတော့သည်။
အတက်နေ့…နိဂုံး…
အတက်နေ့မနက်က ထိုညီအစ်မကို ကျွန်တော်တို့မဏ္ဍပ်ရှေ့တွင်တွေ့သည်။ အမှန်က သူတို့ညီအစ်မနှစ်ယောက်စလုံး သင်္ကြန်လေးရက်စာ ကျွန်တော်တို့မဏ္ဍပ်တွင် လက်မှတ်ဝယ်ထားပြီးသားဖြစ်သည်။ သို့သော်ထိုပြဿနာကြောင့် ကျွန်တော်တို့မဏ္ဍပ်သို့မလာတော့။ မဏ္ဍပ်ရှေကဖြတ်လျှောက်တာတောင် မော့မကြည့်တော့။ သူတို့ကြောင့်ပြဿနာဖြစ်သော်လည်း ကျွန်တော် လွန်သွားကြောင်းတောင်းပန်ချင်သော်လည်းခွင့်မရတော့။
အတက်နေ့ညနေစောင်းနေလည်း ဝင်သွားပြီဖြစ်သည်။
ကျွန်တော်အမျှော်လင့်ကြီးမျှော်လင့်ထားသော သင်္ကြန်လည်း ပြီးဆုံးသွားပြီ။ ဘာမှရေရေရာရာမရှိလှ။ ထင်သလောက်ပျော်လိုက်ရလားဆိုတော့လည်း မယ်မယ်ရရမရှိလှ။ အမှန်တော့ ကျွန်တော်တို့သည် တံလျှပ်လို စိတ်အပျော်ကိုလိုက်ရှာရင်း အပျော်အစစ်ကို ပျောက်ဆုံးနေသူများဖြစ်သည်။ သို့သော်လည်း သင်္ကြန်ဆိုသည်မှာကတော့ ဗမာပြည်တွင် နှစ်တိုင်းစည်ကားနေဦးမည်သာဖြစ်သည်။ အရက်အတုအများလည်း ရောင်းနေကြဦးမည်။ ဈေးအဆမတန်ကြီးထားသော မုန့်ပဲသရေစာကအစ အကင်ဆိုင် ဘီယာဆိုင်အဆုံး ခေါင်းရွက်ဗျတ်ထိုး သာမက ဆိုင်ကြီးကန္နားကြီးဖြင့် လမ်းဘေးဈေးသည်များလည်း နှစ်တိုင်းစီးပွားဖြစ်နေဦးမည်။ မဏ္ဍပ် စပွန်ဆာမစွတ်မပွတ်ပေး၍ သင်္ကြန်တွင်းလူသိများအောင် ကြော်ငြာချင်သော ကုမ္ပဏီများလည်း အလုပ်ဖြစ်ဦးမည်။ ဘီယာဘူးခွံကောက်သူ၊ သောက်ရေသန့်ဘူးခွံ ကောက်သူ လူမမယ်များလည်း တွက်ချေကိုက်နေဦးမည်။ မိန်းကလေးများလည်း တရားဝင်အရက်သောက်ခွင့်ရကာ မူးရူးကာ မဏ္ဍပ်ပေါ်တွင် မနက်စောစောစီးစီး အန်နေကြဦးမည်။ သိကြားမင်းလည်း လူ့ပြည်သို့နှစ်တိုင်းအလည်လာနေဦးမည်။ ခွေးပုရပိုက်နှင့်မဆံ့၍ လက်ပ်တော့ပ်ပိုက်၍ ဆင်းလာဦးမည်။ နောက်ဆုံးအနေနှင့် အဝါရောင်ခန္ဓာကိုယ်များ စွင့်ကားထားသော ရွှေဝါရောင်ပိတောက်များလည်း သင်္ကြန်ရောက်တိုင်း သစ္စာရှိစွာဖြင့်တစ်နှစ်တစ်ခေါက်တော့ အကျည်းတန်သော လူ့လောကမြင်ကွင်းများအား တပိုင်တနိုင် အလှဆင်နေဦးမည်သာဖြစ်တော့သည်။
No comments:
Post a Comment